← Chapters

အခန်း (၁၇၁)

Vol. 12 Ch. 171

အခန်း (၁၇၁)

Vol. 12 Ch. 171

လီရန်မြို့ရှိ သတင်းများအားလံးကို ဖြန့်ဝေသူမှာ ကျွင်းချောင်ရှောင်း၏ အမိန့်အတိုင်း ဆောင်ရွက်ကြသည့် မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များ ဖြစ်သည်။

ပိုင်မိသားစု နှင် ရှောင်မိသားစု တို့ တွေ့ဆုံချိန်တွင် မီးမတောက်တောက်အောင် နောက်ကွယ်မှ မီးထိုးပေးသူများမှာလည်း မိုးဆွေဟောခန်းမှ ပင် ဖြစ်လေသည်။

ရှောင်မိသားစု၏ ဝင်ငွေလမ်းကြောင်းများအား ဖြတ်တောက်ပြီးနောက် နေရာတိုင်းတွင် ရန်သူများရှိနေကြောင်း ဖန်တီးခြင်းသည် ကျွင်းချောင်ရှောင်း၏ အကြံအစည်ပင် ဖြစ်တော့၏။

တာဝန်အတိုင်း ပြုမူဆောင်ရွက်ပြီးနောက် လီလိုရှု တွေးလိုက်မိသည် “ဂိုဏ်းချုပ်က တကယ့်ကို မိစ္ဆာပဲ”

သူမ သည် ကြုံတွေ့ရသော ရန်သူများအားရိုးရိုးရှင်းရှင်း ဖြင့် ရှင်းလင်းပစ်သည့် အလုပ်ကို သာ လုပ်ခဲ့သည်။

ဂိုဏ်းချုပ်ကဲ့သို့ နည်းလမ်းပေါင်းများစွာဖြင့် ဒုက္ခပေးသောအလုပ်ကို မလုပ်တတ်ချေ။ လုပ်နိုင်မည်လည်း မထင်ချေ။

သူမသာ အရင်တုန်းက အပြင်ဘက်သို့ ထွက်မလာဘဲ မိုးဆွေအဆောက်အဦထဲတွင် နောက်လိုက်နောက်ပါများနှင့် ပုန်းအောင်နေမည် ဆိုပါက ဂိုဏ်းချုပ် ထိုကဲ့သို့ ဒုက္ခပေးမလား မသိနိုင်ပေ။

ဂိုဏ်းချုပ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် နတ်ဆိုးတစ်ပါးပင် ဖြစ်တော့သည်။

“ရှောင်မိသားစုကို ဒုက္ခပေးတာ ရပ်ကြစို့။ သူတို့ကို ဆက်ပြီး စောင့်ပဲကြည့်ထား” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

“နောက်ထပ် ပစ်မှတ်က ဘယ်သူလဲ” လီလိုရှု မေးလိုက်သည်။

ကျွင်းချောင်ရှောင်း လက်ကို ဆန့်တန်းကာ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း က တလောကလုံးကို ရန်သူ လုပ်ထားတာ မဟုတ်ဘူးလေ။ ဘယ်လိုလုပ် နောက်ထပ် ပစ်မှတ်ရှိမှာလဲ”

သူသည် နာမည် မကျော်ကြားချင်ပေ။ လူရှိန်အောင် သူများအား ဒုက္ခပေးသည့် လုပ်ရပ်မျိုးလည်း ပြုလုပ်မည့်သူမျိုး မဟုတ်ချေ။

သူ့အား ပြဿနာမရှာပါက သူ့အနေနှင့် တပည့်များနှင့် အတူတူ ငြိမ်ငြိမ်သက်သက်ဖြင့် ဂိုဏ်းဖွံ့ဖြိုး တိုးတက်ရေး ၊တပည့်များပိုမိုအားကောင်းရေးကိုသာ အေးအေးဆေးဆေး ဆက်လက် ပြုလုပ်နေလိမ့်မည်။

ဘာမှလုပ်စရာမရှိလျှင် တပည့်များနှင့် အတူတူ သီချင်းဆိုပြီး ကခုန်မည်။ ကျင်ကြံရတာ များလို့ စိတ်ပင်ပန်းလွန်းလျှင် ခရီးလေးလာလေးထွက်၍ ဘာဘီကျူ့စားလိုက်မည်။

သို့ပေမဲ့ အစစ်အမှန်တရားသည် ကြောက်မက်ဖွယ်ရာကောင်းကြောင်း ကျွင်းချောင်ရှောင်း နားလည်မိသည်။ ဤလောကကြီးတွင် အားကောင်းအောင် ပြုလုပ်နိုင်မှသာ မည်သူမှ ရန်မစ၊ ပြဿနာမရှာရဲမည် ဖြစ်သည်။

လီလိုရှု ပြုံးကာ ပြောလိုက်သည် “ဟောင်ချီဂိုဏ်း ကို ထည့်မတွက်တော့ဘူးလား”

“မထည့်ဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မဟာမိတ် ခေါင်းဆောင်ချင် က ကြီးကြီးမားမား ခံလိုက်ရတာ။ဒီတော့ ရန်ငြိုးထားလိမ့်မယ်။ တစ်နေ့မှာ သူ ပေါ်လာမှာပဲ”

“ဒီတော့ ဂိုဏ်းချုပ် ရဲ့ အကြံက …..”

“ဘာမှမရှိဘူး။ သူတို့ လာရင် ရင်ဆိုင်မယ်”

ချင်ဟောင်ရန်သည် သူ့အား မုန်းတီးနေသည်။ ကျွင်းချေင်ရှောင်းသည် အဆင့်ခြောက် ဂိုဏ်းတစ်ခုအား ဖျက်ဆီးခဲ့သည့်အတွက် မောက်မာပြီး ဘဝင်မြင့်သွားခြင်း မဟုတ်ပေ။

ရန်သူက မလှုပ်လျှင ်သူသည် လှုပ်မည် မဟုတ်ပေ။

ရန်သူက လှုပ်ရှားလာလျှင်တော့ သူ့အနေနှင့် အုတ်ကျစ်ခဲ နှင့် ထုရပေလိမ့်မည်။

များပြားလှသော အတင်းတွေ၊ အဖျင်းတွေနှင့် သတင်းတွေကြောင့် ရှောင်မိသားစု နှင့် တခြားမိသားစု တွေကြား ပဋိပက္ခများသည် ပိုမို၍ တင်မာလာသည်။ နောက်ဆုံးမှာတော့ မြို့တော်ဝန် ကိုယ်တိုင် မိသားစုများအား ဆင့်ခေါ်ပြီး ဆုံးမ စကားဆိုခဲ့ရ၏။

တခြားဂိုဏ်းများသည် လိုက်နာပြီး စည်းကမ်းရှိရန် ကတိစကားဆိုကြသည် ဆိုသော်လည်း စိတ်ထဲတွင် ရှောင်မိသားစု အားတော့ မကျေနပ်ကြချေ။ သို့ပေမဲ့ အနာဂတ်တွင် ကိစ္စကြီးတစ်ခုခု ထပေါ်လာပါက ချက်ချင်း မီးထတောက်မှာ သေချာသည်။

သူတို့အနေနှင့် ရှောင်ကလန်ကို ဖျက်ဆီး၍မရချေ။ ထို့ကြောင့် ဤကဲ့သို့သော အတားအဆီးမျိုး ထားထားရမည် ဖြစ်သည်။

ဤအရာမှသည် ကျွင်းချောင်ရှောင်း၏ အစစ်အမှန် ရည်မှန်းချက် ဖြစ်တော့၏။

လက်ရှိအခြေအနေကို သုံးသပ်ရမည် ဆိုလျှင် သူ အောင်မြင်သည်ဟု ဆိုရမည်။ ထို့ကြောင့် မိုးဆွေဟောခန်း အဖွဲ့ဝင်များအား ပြန်ခေါ်ပြီး အဝေးမှ စောင့်ကြည့်ရန်သာ ခိုင်းစေခဲ့ခြင်း ဖြစ်သည်။

“ဘောလုံးကိုပေး.. ဒီဘက်ကို မျှောထိုးပေးလိုက်တော့”

လေ့ကျင့်ရေးခန်းမထဲမှာတော့ စုရှောင်မို ၊ လီဖေး နှင့် တခြားသူများသည် သူတို့၏ ဂျုနီယာညီလေးများနှင့် အတူ ဘောလုံးကန်လျက် ရှိကြသည်။

အထူးလေ့ကျင့်ခန်းများ ပြုလုပ်ရန် မလိုသေးချိန်တွင် သူ၏ တပည့်များ စိတ်အပန်းဖြေနိုင်ရန် ဘောလုံးကစားခြင်း အား သူ မိတ်ဆက်ပေးခဲ့သည်။ ဤကစားနည်းသည် ခန္ဓာကိုယ်အား ကြံ့ခိုင်စေရုံသာ မက လျှင်မြန်ဖြတ်လပ်မှု ရှိရန်လည်း အထောက်အကူ ပြုသည် မဟုတ်လား။

ဝှစ် …။

လီဖေးသည် ကွင်းလယ်မှ ကန်တင်လိုက်သည်။ ဘောလုံးသည် လေအဟုန်နှင့်အတူ ပြေးထွက်လာပြီး ကျွင်းချောင်ရှောင်း၏ မျက်နှာဆီသို့ တိုးဝင်လာသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ လက်တစ်ဖက်ကို မြှောက်ကာ ဘောလုံးအား ဖမ်းဆီးလိုက်၏။

“လာခဲ့ကြ …”

ကျွင်းချောင်ရှောင်းသည် အားမာန်အပြည့်နှင့် လေ့ကျင့်ရေးကွင်းပြင်ဆီသို့ လျှောက်ဝင်လိုက်သည် “မင်းတို့နဲ့ခဏ ဆော့ရမယ်”

“………”

စုရှောင်မို နှင့် တခြားသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။

ဂိုဏ်းချုပ်၏ အားအင်အရဆိုလျှင် အားသာ မထိန်းထားနိုင်ပါက သူတို့အားလုံး လီထျန်းထျန်းလို သွေးအန်ရပေလိမ့်မည်။

“အိုက်ယား …”

လီယုဟွာသည် ရုတ်တရက် ဆိုသလိုပဲ သူ၏ ဝမ်းဗိုက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည် “နာလိုက်တာ .. နာလိုက်တာ.. အိမ်သာသွားမှ ဖြစ်တော့မယ်”

ပြောပြီး အသာ နောက်ဆုတ်၍ ထွက်ပြေးရန် ပြင်နေစဉ်မှာပဲ ဘောလုံးသည် သူ့မျက်နှာအား လာမှန်သည်။ ပြီးနောက် ဂိုဏ်းချုပ် ပြောလိုက်သော စကားသည် သူ၏ နားထဲသို့ ဝင်လာ၏ “ယုဟွာ .. ဂိုးသွားစောင့်”

“ဟုတ်ကဲ့ …”

လီယုဟွာသည် ခေါင်းကို ကုတ်ပြီး အနောက်ဘက်ဆီသို့ သွားရန်ပြင်လိုက်သည်။

ကျွင်းချောင်ရှောင်း လှမ်းပြောလိုက်သည် “ငါ့ ဂိုးမဟုတ်ဘူး။ တစ်ဖက်ဂိုးကို ပြောတာ”

“အမ် ….”

…….

“စမယ်။”

တိုက်စစ်မှုးတစ်ယောက် အနေနှင့် ကျွင်းချောင်ရှောင်းသည် သူ၏ အစွမ်းတွေကို အစွမ်းကုန် ထုတ်ဖော်လျှက်ရှိသည်။ သူသည် သန်းတစ်ရာတန် ကစားသမား ဖြစ်သော အန်တိုနီ ကဲ့သို့ပင် ၃၆၀ ဒီဂရီ ထောက်ချွန် ပုံစံမျိုးပင် လုပ်လိုက်သည်။ ပြီးနောက် ညာခြေ ဖြင့် ဂိုးထဲ လှမ်းကန်လိုက်တော့၏။

ဝှစ် ….။

ဘောလုံးသည် အားအင်အပြည့်နှင့် ဂိုးဆီသို့ ဦးတည်သွားတော့သည်။

ဂိုးစောင့်နေသော လီယုဟွာသည် ဂိုးအား ကာကွယ်ရန် အစီအစဉ် မရှိချေ။ ချက်ချင်းလှည့်ကာ ရှောင်တိမ်းလိုက်သည်။

ဘုန်း..။

သို့ပေမဲ့ကံမကောင်းလှချေ။ ဘောလုံးသည် သူ့အားတည့်တည့်ပင် လာရောက်ထိမှန်လေ၏။

လီယုဟွာသည် ဘောလုံးနှင့်အတူ ဂိုးပိုက်ထဲသို့ ဝင်ရောက်သွားတော့သည်။

ကျွင်းချောင်ရှောင်းသည် ဒေါက်တာရပ်ဖို့ကဲ့သို့ ဦးခေါင်းအား လက်ညိုးနှင့်ထိုးကာ အောင်ပွဲခံလိုက်၏။

သို့ပေမဲ့ သူ၏ အသင်းဖော်များကတော့ လိုက်ပါ၍ အောင်ပွဲမခံချေ။ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ခါရင်း နေရာမှာတင် တွေတွေကြီး ရပ်နေကြသည်။

ဂိုဏ်းချုပ် .. ဒါ တစ်ကိုယ်တော် ရှိုးပွဲ လို့ ထင်နေတာလား။

……..

ကစားပွဲက ဆက်လက် ကစားနေသည်။

ကျွင်းချောင်ရှောင်းသည် ရော်နယ်ဒို ကဲ့သို့ လိမ်ခေါက်ပြီး တစ်ဖက် နောက်တန်းအားကျော်ဖြတ်လိုက်သည်။ ပြီးနောက် ကန်လိုက်၏။

ဂိုးသမားဖြစ်သော လီယုဟွာသည် တာဝန်တစ်ခုတည်း ရှိသည်။ ဂိုးမဝင်အောင် ပြုလုပ်ရန် ဖြစ်၏။ သို့ပေမဲ့ တကယ်တန်းမှာတော့ ဘောလုံးမမှန်စေဖို့ ထွက်ပြေး ရှောင်တိမ်းလျက် ရှိနေသည်။

ကံဆိုးစွာဖြင့် တစ်ခါမှ မလွတ်မြောက်ချေ။

ခုနှစ်ဂိုးသွင်းပြီးနောက်မှာတော့ တပည့်များသည် ဂိုးပိုက်ထဲသို့ ဘောလုံးနှင့် အတူတူ ဝင်ဝင်သွားသည့် လီယုဟွာ အား သနားသလို ကြည့်မိနေကြသည်။

ဂိုဏ်းချုပ် ဘောလုံးကန်တာလား။ လူသတ်နေသလား။

“ဟေး ….”

ကျွင်းချောင်ရှောင်း အော်ဟစ်လိုက်သည် “အရူးလို ရပ်မနေကြနဲ့။ အတူတူ ကစားရအောင် လာကြ။”

စုရှောင်မိုတို့သည် ငိုချင်စိတ်ပါ ပေါက်သွားမိကြ၏။

ဂိုဏ်းချုပ်သည် ခုနှစ်ဂိုးသွင်းပြီးပြီဆိုပေမဲ့ သူတို့အား တစ်ချက်ကလေးမှ ဘောလုံးမပေးသေးချေ။ ဘောလုံးမထိဘဲ ဘယ်လိုလုပ် ကစားရမလဲ။

ဝှစ် ..။

ကျွင်းချောင်ရှောင်းသည် စုရှောင်မို ဆီသို့ ဘောလုံး ကမ်းပေးလိုက်သည်။ စုရှောင်မိုသည် တစ်ဖက် ကစားသမားများအား လိမ်ခေါက်ပြီး လီယုဟွာအား ကန်ကျောက်လိုက်ပြန်သည်။

အချိန်အတော်ကြာပြီးသည့်နောက် လီယုဟွာ သည် ဂိုးပိုက်ထဲတွင် ခြေကားယား ၊ လက်ကားယား နှင့် ဖြစ်နေပြီ ဖြစ်သည်။ သူ၏ ပါးစပ်ထဲမှ အမြုပ်တွေပင် ထွက်လာသည် “ငါ့ကို ကယ်လို့ရပါ့အုန်းမလား”

ဘုတ် .. နောက်ဆုံးမှာတော့ မြေပေါ်လဲကျပြီး မေ့မျောသွားတော့သည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းခါယမ်းပြီး ပြောလိုက်၏ “သူ့ ခန္ဓာကိုယ်အားအင်က တော်တော်ပျော့တာပဲ။ ပိုပြီး ကြမ်းတဲ့ လေ့ကျင့်ခန်းတွေလိုအပ်နေပြီ”

ဂိုဏ်းချုပ် ပျင်းလွန်း၍ ဘောလုံးလာကန်သည်ဟု ထင်နေသည်လား။ လုံးဝမဟုတ်ပေ။ လီယုဟွာအား ရှောင်ကျီ ကဲ့သို့ ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်ဖြစ်အောင် ဖန်တီးချင်၍ ဖြစ်သည်။

“ရှောင်ကျီ”

ကျွင်းချောင်ရှောင်း အော်လိုက်သည် “ဒီကလေးရဲ့ ခန္ဓာကိုယ်က ပျော့တယ်။ ခပ်ပြင်းပြင်းလေး လေ့ကျင့်ပေး”

“ကောင်းပါပြီ”

ဘောပွဲလာကြည့်နေသော ရှောင်ကျီ က ပြောလိုက်သည်။

“စုရှောင်မို ဒီနေ့ကစပြီး ဘောပွဲကို နေ့တိုင်းကန်မယ်။ လီယုဟွာ နေ့တိုင်းဂိုးစောင့်လိမ့်မယ်။”

“ကောင်းပါပြီ”

အရာအားလုံး စီစဉ်ပြီးသည့်နောက် သူသည် လေ့ကျင့်ရေးခန်းမဆီသို့ သွားလိုက်သည်။

လင်းကျန်ဟိုင် ၊ စွေ့ပုကျန့် နှင့် တခြားသော တပည့်များသည် လှေကားရင်းတွင်ထိုင်ကာ မျှော်လင့်ချက်မဲ့သော မျက်နှာနှင့် ရှိနေကြ၏။

ဤအရာမှာ သာမာန်သာဖြစ်သည်။

သံမဏိအရိုးဂိုဏ်းထဲ ဝင်လာသည့်သူတိုင်းသည် အစပိုင်တွင် ထိုကဲ့သို့သော ငရဲခန်းအတွေ့အကြုံမျိုးကို ခံစားရတတ်သည်။ ထိုအချိန်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေပင် ပေါက်မိကြသည်မှာ သဘာဝ ဖြစ်၏။

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည် “ဘယ်လို ခံစားရလဲ”

စွေ့ပုကျန့် ခေါင်းကို မနည်းကြိုးစားမော့လိုက်သည်။ သူသည် အောက်နှုတ်ခမ်းအား တင်းတင်းကိုက်ထားပြီး မျက်လုံးအိမ်ထဲမှ ပဲစေ့အရွယ် မျက်ရည်တွေ ကျဆင်းနေ၏။ သူ ငိုလိုက်သည် “ဂိုဏ်းချုပ် .. အိမ်ကို လွမ်းတယ်’

“ဒါက မင်းတို့ရဲ့ အိမ်ပဲ” ဘေးတစ်ဖက်တွင် ရှိနေသော ရီရှင်းချန်က ပြောလိုက်သည်။

“……..”

တပည့်သစ်များအားလုံးသည် ဝမ်းနည်းပက်လက်ဖြင့် အော်ငိုကြတော့၏။ သူတို့၏ စိတ်ထဲမှာတော့ “ဂိုဏ်းချုပ် က မိစ္ဆာကြီး” ဟုပင် အော်ဟစ်လျက်ရှိသည်။

All Chapters