အခန်း (၁၇၆)
Vol. 12 Ch. 176
သေမင်းတောင်ကြားသည် ကြမ်းတမ်းလှသော သားရဲရိုင်းတွေ ရှိသည်မဟုတ် များပြားလှသော ဆေးပင်များ ကျောက်ရိုင်းတုံးများနှင့် သလင်းအမြုတေများလည်း ရှိ၏။
ထို့ကြောင့် သေမှာမကြောက်ရွံ့သော ကျင့်ကြံသူများအား ဤနေရာသည် ဆွဲဆောင်လျက်ရှိ၏သည်။
သူတို့သည် ကျိန်းသေပေါက် တစ်ယောက်ချင်းဆီတော့ မဝင်လာရဲကြချေ။ ထို့ကြောင့် တောင်ကြားမှ စောင့်၍ အဖွဲ့လူများများရှိမှ အထဲသို့ ဝင်ကြရ၏။
သူတို့အတူတကွ အသက်ရှင်လျှက် ပြန်ထွက်လာပြီဆိုလျှင် ရရှိလာသော ပစ္စည်းဥစ္စာများအားလုံးကို ခွဲဝေ၍ ရယူနိုင်ကြသည်။
အမှန်တရားမှာတော့ အထဲသို့ ဝင်ပြီးသည့်နောက်မှာတော့ လူအနည်းငယ်သည်သာ ထို ရလာသည့် ပစ္စည်းများအား ခွဲဝေနိုင်စွမ်းရှိကြ၏။
သို့ပေမဲ့ သူတို့အားလုံး၏ စိတ်အားထက်သန်မှုကိုတော့ မရပ်တန့်နိုင်ချေ။ အချိန်တိုင်းလိုပဲ မီးထဲသို တိုးဝင်သည့် ပိုးဖလန်များကဲ့သို့ပင် တောင်ကြားထဲသို့ တိုးဝင်လေ့ရှိကြသည်။
မည်သည့် ကလန်၊ ဂိုဏ်းများမှ ကာကွယ်ပေးမည့်သူမရှိသော ကျင့်ကြံသူများသည် သူတို့ကိုယ် သူတို့သာ အားကိုးရမည်မဟုတ်လား။ ထို့ကြောင့် သူတို့သည် အရင်းအမြစ်များ ရရှိရန်အတွက် ဤကဲ့သို့သော ကြမ်းတမ်းလှသော တောရိုင်းထဲသို့ ဝင်ရောက်သွားကြသည်မှာ သာမန်ပင်ဖြစ်၏။
"ဒီမှာလူတော်တော်များတာပဲ။"
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များနှင့်အတူ တောင်ကြား၏ ရှေ့၌ ရပ်တန့်လိုက်၏။
"ဂိုဏ်းချုပ်ကျွင်း …"
ကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်၏။
"တပည့်တွေအကုန်လုံးကို ခေါ်ပြီး တောင်ကြားထဲကို ဝင်ချင်တာလား။"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။
"အမှန်ပါပဲ"
ထိုလူက ပြောလိုက်သည်။
"သေမင်းတောင်ကြားဆိုတာ ချင်းရန်နိုင်ငံရဲ့ တားမြစ်ထားတဲ့နေရာတစ်ခုပဲ။ အရမ်းအန္တရာယ်များတယ်။ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဒီလောက်လူအများကြီးနဲ့ဆိုရင် မထိန်းသိမ်းနိုင်မှာဆိုးတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "လူအရေအတွက်ကို ကြည့်စရာမလိုဘူး။လူအရည်အသွေးကိုပဲ ကြည့်ရမှာ။"
"အရည်အသွေးဟုတ်လား။"
အားလုံးသည် သူတို့၏ ခေါင်းများအား ခါယမ်းလိုက်ကြသည်။
လီချင်းယန်နှင့် သံမဏိအရိုးဂိုဏ်း၏ တစ်ချို့သော ဂိုဏ်းသား သူများသည် အားကောင်းလှသည်ကို သူတို့ သိရှိကြ၏။
သို့ပေမဲ့ တစ်ခြားတပည့်များအနေနှင့် ကိုယ်သေတွင်း ကိုယ်တူးချင်သည် ဆိုလျှင်သာ အထဲဝင်သွားရန် ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် အသေးစိတ်ရှင်းပြမနေပေ။
ပြီးတော့ သူတို့သည် သန်မာ အားကောင်းကြောင်း သူ၏တပည့်များအား သိုင်းကွက်ခင်း၍ အားအင်ပြသ ရမည့်ကိစ္စလည်း မဟုတ်ချေ။
ထို့ကြောင့် ပြောလိုက်သည်။ "တပည့်တို့ … ငါ့နောက်က လိုက်ပြီး တောင်ကြားထဲဝင်ကြစို့။"
ပြီးနောက် သူသည် သေမင်းတောင်ကြားထဲသို့ လျှောက်လှမ်းဝင်သွား၏။
သံမဏိအရိုးဂိုဏ်း၏ တပည့်နှစ်ဆယ့်ငါးယောက်လုံးသည် ညီညီညာညာ၊ စီစီရီရီနှင့်ပင် စောင့်ကြည့်နေကြသော မျက်လုံးများအောက်တွင် သေမင်းတောင်ကြားထဲ၌ လျှောက်ဝင်သွားကြတော့သည်။
"သိုင်းဆရာတစ်ယောက်တောင် မပါဘူး။သူတို့က ကိုယ့်သေတွင်းကို သွားတူးကြတာပဲ။"
"လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ခေါင်းဆောင်ချင် က ဒီမှာ တပည့်တွေခေါ်ပြီး လေ့ကျင့်ဖို့ လာခဲ့သေးတယ်။ ပြန်ထွက်လာတဲ့အချိန်မှာတော့ လူဆယ်ယောက်ကျော် သေခဲ့တယ်။"
"ဂိုဏ်းချုပ်ကျွင်းက ဟောင်ချီဂိုဏ်းကို နိုင်ပြီးပြီဆိုတော့ ချင်းယန်နိုင်ငံမှာ သူ လုပ်ချင်တာ လုပ်လို့ရပြီလို့ ထင်နေပုံပေါ်တယ်။သူက ငယ်သေးတယ်လေ။ဒါ့ကြောင့် ကြီးကြီးမားမား ဆုံးရှုံးပြီးတဲ့နောက်မှ ကိုယ့်အခြေအနေကိုယ် သိမှာ။"
"အားလုံး သေဆုံးပြီး ပြန်မထွက်လာနိုင်မယ့် အခြေအနေဖြစ်သွားမှာတောင် ဆိုးရတယ်။"
အားလုံးသည် တီးတိုး ဆွေးနွေးနေကြသည်။
"သူတို့ရှေ့ကသွားနေတုန်း ကျုပ်တို့ နောက်ကနေ လိုက်ပြီးတော့ အပိုအလို ရတာလေးတွေ ယူကြရအောင်။ အခြေအနေမကောင်းဘူးဆိုရင် ကျုပ်တို့ ချက်ချင်းပဲ လှည့်ပြန်ပြေးလို့ရတာပဲ။"
"ဟုတ်တယ် … ဟုတ်တယ်။"
များပြားလှသော အဖွဲ့လေး ငယ်လေးများသည် အခွင့်အရေးကောင်းကြီးဟု မှတ်ယူလိုက်ကြသည်။ ထို့ကြောင့် သူတို့သည် သေမင်းတောင်ကြားထဲသို့ လိုက်ဝင်လိုက်ကြ၏။
တစ်ခြားသောလူများမှာတော့ ရပ်၍ ကျန်ခဲ့ကြသည်။ သူတို့သည် သံမဏိအရိုးဂိုဏ်းနှင့် လိုက်၍ မဝင်သွားကြချေ။
အဘယ့်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်း၏ လုပ်ဆောင်ချက်များကို သူတို့ အယုံအကြည် မရှိသောကြောင့် ဖြစ်၏။ အခွင့်အရေး မရ၍ ထွက်ပြေးရန် အချိန်မရလိုက်သည့် အခြေအနေမျိုးဖြစ်သွားနိုင်သည်မဟုတ်လား။
သူတို့အနေနှင့် အသက်ကိုရင်း၍ လောင်းကစားလုပ်ရသည့်ကိစ္စမျိုးကို ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်ချေ။
သေမင်းတောင်ကြား၏ အဝင်ဝမှာဝောာ့ အလွန်ကျဉ်မြောင်းလှသော လမ်းလေးတစ်ခုရှိပြီး ဆက်လက်ဝင်ရောက်သွားချိန်မှာတော့ လျိုမြောင်တစ်ခုဆီသို့ ဦးတည်ရာလမ်းကြောင်း ပေါ်လာတော့သည်။
တည်နေရာတစ်ခုလုံးသည် အနီရောင် သွေးမြေများနှင့် ဖုံးလွှမ်းလျက်ရှိပြီး လေပြင်းများတိုက်ခိုက်ကာ ချမ်းတုန်သည့် တိုက်ခတ်ချက်များကို ခံစားရစေသည်။
ကျွင်းချောင်ရှောင်း သူ၏လက်ကို မြှောက်ကာ လှမ်းဝင်လိုက်၏။
ရှောင်ကျီနှင့် လီယုဟွာတို့ကလည်း ရှေ့သို့လျှောက်လိုက်ကြ၏။ ပြီးနောက် ဂိုဏ်းချုပ်၏ ရှေ့၌ ရပ်ကာ သံမဏိဒိုင်းကာများကို ထုတ်ယူကာ ရှေ့မှ ကာကွယ်ထားလိုက်သည်။
အလယ်အလတ်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော တပည့်ဆယ်ယောက်တို့သည်လည်း ဘေးတစ်ဖက်တစ်ချက်ဆီမှ တန်းဆီပြီး သူတို့၏ ဒိုင်းကာများအား ထုတ်ယူ၍ ကာထားလိုက်ကြသည်။
နောက်မှ လိုက်ပါလာကြသော ကျင့်ကြံသူများသည် ခေါင်းကို ခါယမ်းလိုက်ကြ၏။
သူတို့သည် သံမဏိအရိုးဂိုဏ်းသားများ ကိုင်ထားသော ဒိုင်းကာများကို မြင်လိုက်ချိန်မှာတော့ ခေါင်းတစ်ခါခါနှင့် ဖြစ်သွားခဲ့ကြသည်။
တောင်ကြားထဲမှာရှိသော သားရဲများသည် အလွန်တရာ ကြမ်းတမ်းရက်စက်ကြ၏။ ထိုကဲ့သို့သော ဒိုင်းကာမျိုးနှင့် မည်ကဲ့သို့ ကာကွယ်တိုက်ခိုက်ရမည်နည်း။ အချိန်ရောက်လာလျှင် ဤအရာများသည် ကလေးကစားစရာ အရုပ်များလိုပင် ဖြစ်သွားပေလိမ့်မည်။
"အာဝူး။"
ရုတ်တရက်ဆိုသလိုပဲ ဝံပုလွေ၏ အော်သံများသည် လျှိုမြောင်ကြီးတစ်ဖက်ဆီမှ ထွက်ပေါ်လာကြသည်။
ပြီးနောက် များပြားလှသော မြေကမ္ဘာမီး ဝံပုလွေတို့သည် ပေါ်ပေါက်လာတော့သည်။
"အိုး …သွားပြီ။ ဒါ မြေကမ္ဘာမီး ဝံပုလွေအုပ်ကြီးပဲ။သူတို့က ဒီနေရာမှာ ရှိနေကြမှာ မဟုတ်ဘူးလေ။"
များပြားလှသော ကျင့်ကြံသူများသည် ချက်ချင်းဆိုသလိုပဲ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကြပြီး နောက်သို့ ဆုတ်ခွာလိုက်ကြတော့သည်။
ဖြစ်နိုင်မည်ဆိုလျှင် သူတို့သည် ဤနေရာမှ အပြင်ဘက်ဆီသို့ ထွက်ပြေးရန် စဉ်းစားလိုက်မိကြ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူတို့အနေနှင့် လွတ်မြောက်ရန် မသေချာလှတော့ချေ။
မြေကမ္ဘာမီးဝံပုလွေသည် တစ်ရာကျော်ခန့်ဖြစ်၏။ ထို့ကြောင့် သူတို့အား ပစ်မှတ်ထား တိုက်ခိုက်တော့မည် ဖြစ်တာကြောင့် လွတ်မြောက်နိုင်ရန် ခက်ခဲလှ၏။
ဤကဲ့သို့သာ စောစောကတည်းကသိလျှင် တောင်ကြားထဲသို့ လှမ်းဝင်မလာခဲ့ချေ။ ယခုအချိန်မှာတော့ သူတို့သည် သေမည့်အလှည့်မှ စစ်ထဲလိုက်ဆိုသလို အခြေအနေ ဖြစ်နေ၏။
သာမန်ကျင့်ကြံသူများ အားလုံးသည် ရုတ်တရက်ဆိုသလိုပဲ နောင်တရမိသွားကြသည်။
သို့ပေမဲ့ သူတို့ ကံကောင်းသည်မှာ မြေကမ္ဘာမီး ဝံပုလွေများသည် ထွက်လာသည်နှင့် သူတို့၏ အေးစက်သည့် မျက်လုံးများဖြင့် သံမဏိအရိုးဂိုဏ်းအဖွဲ့ဝင်များအား စိုက်ကြည့်နေကြသည်။
ထိုသိုသာ သံမဏိအရိုးဂိုဏ်းတပည့်များကို အာရုံစိုက်ကြမည်ဆိုလျှင် သူတို့အနေနှင့် လွတ်မြောက်နိုင်မည့် အခွင့်အရေး ရှိလိမ့်မည်။
အာဝူး။
ဝံပုလွေအော်သံတစ်ခု ထပ်မံထွက်ပေါ်လာ၏။
မြေကမ္ဘာမီးဝံပုလွေတစ်ရာကျော်တို့သည် အမိန့်တစ်ခုကို ရလိုက်သည့်အလားပင် သူတို့၏ ခြေထောက်များကို မြှောက်၍ ချက်ချင်းဆိုသလိုပဲ ရှေ့သို့ လှမ်းတက်လိုက်ကြ၏။
ကျွင်းချောင်ရှောင်းသည် ပြုံး၍ လက်ကို မြှောက်လိုက်၏။
ကလန် ကလန်။
ရီရှင်းချန်နှင့် တစ်ခြားသော အတွင်းစည်းတပည့်များသည် သူတို့၏ အအေးဓားများကို ထုတ်ယူလိုက်ကြသည်။
လက်နက်များ မရရှိသေးသော အပြင်စည်း တပည့်များအားလုံးသည် ဒိုင်းကာများကို မြှောက်၍ အကာအကွယ်ပုံစံမျိုး ဖန်တီးထားကြ၏။
အာဝူး။
သိုင်းတပည့်ဒုတိယအဆင့်နှင့် ညီမျှသော မြေကမ္ဘာမီးဝံပုလွေ တစ်ကောင်သည် ရှေ့ဆုံးမှ ဦးတည်ပြီး ဝင်ရောက်လာ၏။
သို့ပေမဲ့ ဘန်းဟူသော အသံနှင့်အတူ သူ၏ ဦးခေါင်းသည် ပေါက်ကွဲသွားတော့သည်။
"ကောင်လေးတို့"
ကျွင်းချောင်ရှောင်းသည် သူ၏ ကန္တာရ လင်းယုန် အား သိမ်းပြီး ပြောလိုက်၏။ “ငါတို့ရဲ့ အစစ်အမှန် စွမ်းရည်ကို ပြဖို့ အချိန်ရောက်ပြီ။”
ဝှစ်။
မြေကမ္ဘာမီး ဝံပုလွေတစ်ကောင်သည် သူ၏ ထက်ရှလာသော လက်သည်းများဖြင့် ကျွင်းချောင်ရှောင်းဆီသို့ ခုန်ဝင်လာတော့သည်။
ဝှစ်။
ဓားအလင်းတစ်ခု ဖြတ်သန်းသွားပြီးနောက် မြေကမ္ဘာမီးဝံပုလွေ၏ဦးခေါင်းသည် ခန္ဓာကိုယ်နှင့် ဆက်စပ်မှု ကင်းမဲ့သွားတော့သည်။
လီချင်းယန်သည် ဓားကို ကိုင်၍ ဂိုဏ်းချုပ်၏ရှေ့၌ မတ်မတ်ရပ်လျက်ရှိသည်။ သူ၏မျက်လုံးများသည်လည်း အေးစက်လျက်ရှိ၏။
ဝှီ။
စုချောင်မိုသည် ရှေ့သို့ လှမ်းတက်လိုက်သည်။
ပြီးနောက် ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါမှာတော့ မြေကမ္ဘာမီး ဝံပုလွေတစ်ကောင်၏ ဦးခေါင်းသည် ခုတ်ပိုင်းခံလိုက်ရ၏။
သူသည် ပထမတစ်ကြိမ် ဂိုဏ်းတာဝန် ထမ်းဆောင်ချိန်တုန်းက မရီဒန်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူသာ ဖြစ်သောကြောင့် မတိုက်ခိုက်ရဘဲ ရှောင်တိမ်း၍သာနေခဲ့ရသည်။ ယခုအချိန်မှာတော့ သူသည် အားကောင်းလှသော မြေကမ္ဘာမီး ဝံပုလွေကို ရင်ဆိုင်ယုံသာမက လွယ်လွယ်ကူကူပင် သတ်ဖြတ်နိုင်စွမ်းရှိနေပြီဖြစ်သည်။
ဤအရာသည် သူ၏အားအင် တိုးတက်လာခြင်း၏ အကောင်းဆုံး သက်သေပင် ဖြစ်တော့၏။
ထျန်းချီ လီဖေးနှင့် တစ်ခြားသောသူများသည်လည်း စတင်၍ တိုက်ခိုက်လိုက်ကြတော့သည်။
ကျဉ်းမြောင်းလှသော လမ်းကြားထဲမှာတော့ ဓားအလင်းတန်းများသည် ပျားပန်းခတ်မျှ ရှုပ်ထွေးလျက်ရှိ၏။
ရွှီ …. ရွှီ။
တစ်ကောင်ပြီးတစ်ကောင် မြေကမ္ဘာဝံပုလွေများသည် သတ်ဖြတ်ခံနေရသည်။
ကျောက်နံရံများပေါ်တွင် သွေးများ ပျံ့နှံ့လျက်ရှိပြီး သွေးညှီနံ့များသည် လှိုင်ခနဲတက်လာ၏။
အနောက်ဘက်သို့ ထွက်ပြေးရန် ကြံနေကြသော ကျင့်ကြံသူများသည် သံမဏိအရိုးဂိုဏ်းတပည့်များ မြေကမ္ဘာမီးဝံပုလွေများအား ဟင်းသီးဟင်းရွက်ကဲ့များသို ခုတ်ပိုင်းသတ်ဖြတ်နေသည်ကို မြင်တော့ ဆွံ့အ နေမိကြ၏။
"စီနီယာအစ်ကို .. သတိထား။"
ထိုအချိန်မှာပဲ လီယုဟွာသည် သူ၏ ဒိုင်းကို မြှောက်၍ ရှေ့သို့ လှမ်းတက်လာ၏။
စုချောင်မိုအား တိုက်ခိုက်ရန် ဝင်လာသော မြေကမ္ဘာမီးဝံပုလွေအား သံမဏိဒိုင်းကာနှင့် ရိုက်ချလိုက်၏။
ဘုန်း။
မြေကမ္ဘာမီးဝံပုလွေသည် ကျောက်နံရံနှင့် တိုက်မိပြီး မြေပေါ်တွင် တဆတ်ဆတ် တုန်ခါရင်း သေဆုံးတော့သည်။
"ကောင်းကင်ဘုံ … ဒါ ဘယ်လောက်ထိ ကြမ်းတဲ့ အားအင်လဲ။ မြေကမ္ဘာမီးဝံပုလွေကိုတောင်မှ ခန္ဓာကိုယ်ချင်းတိုက်ပြီးတော့ သတ်နိုင်တယ် ဟုတ်လား။"
အားလုံး အံ့အားသင့်သွားမိကြ၏။
ဘုန်း။
နောက်ထပ် ထိပ်တိုက်တွေ့မှုအသံတစ်ခု ထွက်ပေါ်လာ၏။
လှမ်းကြည့်လိုက်ချိန်မှာတော့ ရှောင်ကျီသည် သူ၏ဒိုင်းအားမြှောက်၍ မြေကမ္ဘာမီးဝံသုံးကောင်အား အဝေးသို လွင့်စင်သွားအောင် တိုက်လိုက်ကြ၏။
အားလုံး၏ မျက်လုံးများသည် မျက်လုံးအိမ်များကျွတ်ထွက်သွားမတတ်ပင် ဖြစ်နေကြသည်။
ခုခံကာကွယ်ရာတွင် အသုံးပြုရသော သံမဏိဒိုင်းကာကို အသုံးပြု၍ မြေကမ္ဘာမီးဝံပုလွေများကို သတ်ဖြတ်လျက်ရှိ၏။
"သူက ရှောင်ကျီပဲ။ သူဒီလောက် အားအင်ကောင်းတာ အံ့အားသင့်စရာ မဟုတ်ဘူး။သူက ချင်းယန်နိုင်ငံ သိုင်းပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့သူပဲ။"
အားလုံးက စိတ်သက်သာရာ ရမိသွားကြသည်။
သို့ပေမဲ့ လက်နက်မဲ့ ဖြစ်နေကြသော သံမဏိအရိုးဂိုဏ်းသားတို့သည် သူတို့၏ ဒိုင်းကာများကို မြှောက်ကိုင်ပြီး ဝင်ရောက်လာကြသော မြေကမ္ဘာမီး ဝံပုလွေကိုထိပ်တိုက်တိုက်ခိုက်နေသည်ကို မြင်တော့ အားလုံးသည် အံ့ဩမိသွားကြပြန်၏။
"ဒီကောင်တွေက ဘာကောင်တွေတုန်းဟ။"
"ကြည့်ဦး ဟိုမိန်းကလေးက ကြောက်လန့်နေပုံပဲ။"
တစ်စုံတစ်ယောက်သည် လင်းယွမ်ရွှယ်အား သတိပြုမိလိုက်ကြသည်။
သူမသည် ဒိုင်းကာကို ကိုင်ဆောင်ထားသည် ဆိုသော်လည်း သူမ၏ လက်များသည် တုန်ယင်နေလျက်ရှိ၏။
ဟုတ်ပေသည်။ များပြားလှသော မြေကမ္ဘာမီး ဝံပုလွေနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ ထိုသို့ ကြောက်လန့်နေသည်မှာ သာမန်ပင်ဖြစ်သည်။
အာဝူး။
ထိုအချိန်မှာပဲ မြေကမ္ဘာမီးဝံပုလွေသည် အောက်သို့ ခုန်ဆင်းလာပြီး လီယွမ်ရွှယ်အား ပစ်မှတ်ထားလိုက်၏။
"ဆိုးတာပဲ။"
“သူမရဲ့ ရောင်းရင်းတပည့်တွေ အကုန်လုံးကလည်း မကူညီနိုင်ဘူး။ ဒီမိန်းကလေး ကံဆိုးတာပဲ။”
အားလုံးခန့်မှန်းနေတုန်းမှာပဲ လင်းယွမ်ရွှယ်သည် မြေကမ္ဘာမီးဝံပုလွေ၏ တိုက်ခိုက်မှုကို သတိပြုမိသွား၏။
ထို့ကြောင့် သူမမျက်လုံးကို စုံလုံးမိတ်ကာ သူမ၏ ဒိုင်းကာဖြင့် ရှေ့သို့ ရိုက်ချလိုက်၏။
“အား…..”
“ဘန်း…”
လင်းယွမ်ရွှယ်၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လှ၏။
ထို့ကြောင့် မြေကမ္ဘာမီးဝံပုလွေသည်အခြားတစ်ဖက်နှင့် ရိုက်မိပြီး အောက်သို့ ပြတ်ကျသွားတော့သည်။
“အား ……”
“ဘန်း ဘန်း ဘန်း။”
သူမသည် မျက်လုံး မျက်လုံးအား စုံလုံးမိတ်၍ သူမ၏ ဒိုင်းကာနှင့် ထိုမြေကမ္ဘာမီး ဝံပုလွေအား မသေမချင်း ရိုက်သတ်နေ၏
မကြာခင်မှာပဲ ထိုမြေကမ္ဘာမီး ဝံပုလွေ၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားတော့သည်။
ဤမိန်းကလေး သေဆုံးတော့မည်ဟု ထင်မှတ်ကာ ကြည့်ရှုနေကြသော ကျင့်ကြံသူများ အားလုံးသည် ပါးစပ်အဟောင်းသားဖြင့် ဖြစ်နေကြ၏။
"ဒီမိန်းကလေးက ပိုပြီးတော့တောင် ကြမ်းနေတာပဲ။ အညှာအတာမဲ့လိုက်တာ"