အခန်း (၁၇၇)
Vol. 12 Ch. 177
များပြားလှသော မြေကမ္ဘာမီးဝံပုလွေများသည် ဘေးနှစ်ဖက်နှစ်ချက်ဆီမှ ဝင်ရောက်လာကြသည်။
သို့ပေမဲ့ သူတို့အားလုံးသည် သံမဏိအရိုးဂိုဏ်းတပည့်များနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့ အကုန်လုံး သတ်ဖြတ်ခံလိုက်ရသည်။
မိနစ်ပိုင်းအတွင်းမှာပဲ များပြားလှသော မြေကမ္ဘာမီးဝံပုလွေအလောင်းများသည် လမ်းပေါ်တွင် ပြန့်ကျဲသွား၏။
သာမန်ကျင့်ကြံသူများ အားလုံးသည် နောက်ကွယ်မှ ကြည့်ရှု၍ ဆွံ့အနေမိကြသည်။
သံမဏိအရိုးဂိုဏ်းသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
မြေကမ္ဘာမီးဝံပုလွေများသည် ခုန်၍ တိုက်ခိုက်လိုက်သည်ဆိုသည်နှင့် တစ်ခါတည်း သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိသွားကြသည် ဆိုသည်ကို သူတို့ လက်တွေ့မြင်လိုက်ရ၏။
"အာ ဝူးး"
ဝံပုလွေအော်သံတစ်ခု ထပ်မံပေါ်ထွက်လာပြီး မြေကမ္ဘာမီးဝံပုလွေများသည် ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်ရာမှ ရပ်တန့်လိုက်ကြသည်။
ပြီးနောက် သူတို့သည် တောင်နံရံပေါ်သို တက်၍ ပါးစပ်ကြီးများကို ဟကာ မီးစိတ်ဝိညာဉ်များ စုစည်းပြီး ပစ်လွှတ်တိုက်ခိုက်ရန် စတင်ပြင်ဆင်လိုက်ကြ၏။
အောက်ဘက်တွင်ရှိသော လူများအားလုံးသည် အလွန်တရာ အားကောင်းလှသည်ကို သိရှိသောကြောင့် သူတိုသည် အနီးကပ် တိုက်ခိုက်မှုကို မပြုလုပ်ကြတော့ပေ။
အဝေးမှနေ၍ မီးလုံးများနှင့် ပစ်လွှတ်တိုက်ခိုက်ရန် နည်းလမ်းကိုသာ ရွေးချယ်လိုက်ကြသည်။ အလွန်တရာ သင့်မြတ်လှသော နည်းလမ်းဟုလည်း ဆိုရမည်။
"မီးတောက်များကြားထဲတွင် မြေကမ္ဘာမီးဝံပုလွေတွေ တပြိုင်နက်ထဲ မီးတွေမှုတ်ပြီး တိုက်ခိုက်ရင်တော့ ရှောင်ဖို့ မလွယ်ဘူး။သံမဏိအရိုးဂိုဏ်းကတော့ သွားပြီပဲ။"
အားလုံးသည် တောင်ကြားဝင်ပေါက်လမ်းနားထိ အလောတကြီးဖြင့် နောက်ဆုတ်လိုက်ကြ၏။ သို့ပေမဲ့ သူတို့သည် ချက်ချင်းထွက်ခွာမသွားပေ။ သံမဏိအရိုးဂိုဏ်း ဘာဖြစ်ပြီး ကျန်ခဲ့မည်ဆိုသည်ကို သိချင်နေမိသေး၏။
"ဘန်း … ဘန်း"
ထိုအချိန်မှာပဲ မြေကမ္ဘာမီးဝံပုလွေ တစ်ဒါဇင်ခန့်သည် တပြိုင်နက်ထဲဆိုသလို သူတို့၏ စိတ်ဝိညာဉ်မီးလုံးများနှင့် ပစ်လွှတ်တိုက်ခိုက်လိုက်ကြသည်။
ခြစ်ခြစ်တောက်ပူလောင်နေသော မီးလုံးကြီးများသည် ထူထဲလှသော မြူများကိုပင် ပျောက်ကွယ်သွားစေ၏။
သံမဏိအရိုးဂိုဏ်းတပည့်များသည် သူတို့၏ဒိုင်းကာကိုမြှောက်၍ တိုက်ခိုက်မှုကို တားဆီးလိုက်ကြသည်။ သို့ပေမဲ့ သူတို့သည် အကာအကွယ် အစီအရင်အား အသက်မသွင်းကြပေ။ သလင်းအမြုတေဆီမှ စွမ်းအင်များကို အလဟဿ မဖြုန်းတီးရန် ဂိုဏ်းချုပ်က မှာကြားထားခဲ့သည် မဟုတ်လား။
"..."
သာမန်ကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်ရင်သွားကြ၏။
အစ်ကို …. အစ်ကိုကြီးတို့ ဒါက မီးစွမ်းအင်တွေလေ။ သံမဏိဒိုင်းကာကို မြှောက်ပြီး တိုက်ခိုက်မှုကို ကာကွယ်တယ်ဆိုတော့ ဒီလောက် ခြစ်ခြစ်တောက်ပူနေတဲ့ အပူက မင်းတို့ကို လာပြီးဟပ်မှာပဲ။ဘာထူးမှာတုန်း။
"ဘန်း ဘန်း ဘန်း"
ထိုအချိန်မှာတော့ လေးဖက်လေးတန်ဆီမှ ရောက်ရှိလာကြသော မီးလုံးများသည် သံမဏိဒိုင်းကာများနှင့် ထိခိုက်မိသွား၏။
သို့ပေမဲ့ မီးများအားလုံးသည် ဒိုင်းကာနှင့်ထိမိချိန်မှာတော့ မီးပန်းများကဲ့သို့ ပြန်ကန်၍ ပျောက်ကွယ်သွားတော့သည်။
သံမဏိဒိုင်းကာကို ကိုင်ဆောင်ထားကြသော တပည့်များတို့သည် တည်နေရာမှာတင် မြဲမြဲရပ်လျက် ခုခံထားကြ၏။ သူတို့၏မျက်နှာပေါ်တွင်တော့ အထင်အမြင်သေးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်လျက်ရှိကြသည်။
"အာ ဝူးး"
နောက်ထပ် ဝံပုလွေအော်သံတစ်ခု ထွက်ပေါ်လာ၏။
"ဟူး ဟူး"
မြေကမ္ဘာမီးဝံပုလွေများသည် အမိန့်ကို လက်ခံရရှိလိုက်ပုံပေါ်၏။
သူတို့၏ပါးစပ်များကို ဟ၍ မီးစွမ်းအင်များနှင့် ထပ်မံပစ်လွှတ် တိုက်ခိုက်လိုက်ကြသည်။
ကံဆိုးစွာနှင့် ဒုတိယမြောက် မီးလုံးများသည် အရင်ကထက် ပိုမိုအားကောင်းလှသည် ဆိုသော်လည်း သံမဏိဒိုင်းကာသည် ထိုအရာများအား အလုံးစုံကာကွယ်ထားနိုင်၏။
တပည့်များသည် တည်နေရာမှာပဲ မြဲမြဲရပ်လျက်ရှိသေး၏။
အပူ ဟုတ်လား။
သံမဏိဒိုင်းကာက ဒီလောက်ကို ဂရုတောင် မစိုက်ဘူး။
"ဘန်း …. ဘန်း"
ဝံပုလွေများသည် တိုက်ခိုက်မှု မအောင်မြင်သော်လည်း သူတို့၏ မီးလုံးများနှင့် ဆက်လက်၍ တိုက်ခိုက်လျက်ရှိသေး၏။
မီးစွမ်းအင်လုံးများသည် မိုးရွာချသကဲ့သို့ များပြားစွာဖြင့် သူတို့ဆီသို့ ဆင်းသက်လာနေ၏။ သံမဏိအရိုးဂိုဏ်းတပည့်များသည် တူတူစုဝေး၍ တိုက်ခိုက်မှုများ အားလုံးကို တားဆီးထားကြသည်။
သူတို့၏ဒိုင်းကာများသည် တစ်ခုနှင့် တစ်ခုနှင့် ချိတ်ဆက်ထားကြပြီး ပြည့်စုံ၍ တောင့်တင်းလှသော အကာအကွယ်တစ်ခုကို ဖန်တီးထားကြ၏။
"ဝူးး"
ဝံပုလွေအော်သံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
ကျွင်းချောင်ရှောင်းသည် စိတ်တိုသွား၏။ ထို့ကြောင့် ပြောလိုက်သည်။ "ရှောင်ကျီ … အဲ့ကောင်ကို သွားပြီးသတ်စမ်း။"
ရှောင်ကျီသည် သူ၏စနိုက်ပါရိုင်ဖယ်အား ထုတ်ပြီး ကိုင်လိုက်၏။
ပြီးနောက် ဒိုင်းပေါ်တွင်တင်၍ ရှစ်ဆမှန်ဘီလူးမှတစ်ဆင့် တောင်ပေါ်၌ အူလျက်ရှိသော မြေကမ္ဘာမီးဝံပုလွေအား ချိန်၍ သေနတ်မောင်းခလုတ်အား ဆွဲလိုက်တော့သည်။
"ဝှစ်"
အသံတိတ်ပြောင်းဝ တပ်ဆင်ထားသောကြောင့် အသံမထွက်ပေါ်ပေ။ သို့ပေမဲ့ ပြောင်းဝဆီမှ ထွက်ပေါ်လာသော အလင်းတန်းသည် မြေကမ္ဘာမီးဝံပုလွေ၏ ဦးခေါင်းအား တိုက်ရိုက်ထိမှန်သွားသည်ကို အထင်းသား မြင်လိုက်ရ၏။
အူသံသည် ရုတ်တရက်ဆိုသလိုပဲ ရပ်တန့်သွားသည်။
"ဘုန်း"
မြေကမ္ဘာမီးဝံပုလွေသည် တောင်ပေါ်မှ ပြုတ်ကျလာ၏။
ပြီးနောက် သံမဏိအရိုးဂိုဏ်းတပည့်များသည် ထိုပြုတ်ကျလာသော မြေကမ္ဘာမီးဝံပုလွေအား ဒိုင်းကာဖြင့် ခါရိုက်ချလိုက်ကြ၏။
ထိုဝံပုလွေ၏ အရွယ်အစားသည် တစ်ခြားသော ဝံပုလွေများထက် အဆမတန် ပိုမိုကြီးမားလှသည်။
"ကောင်းကင်ဘုံ … မြေကမ္ဘာမီးဝံပုလွေ မင်းက ဒီလိုပဲ သေသွားတာလား။"
"သံမဏိအရိုးဂိုဏ်းရဲ့ လက်နက်ပုန်းက တကယ့်ကို အားကောင်းတာပဲ။"
အားလုံးဆွံ့အလျက်ရှိသည်။ သံမဏိအရိုးဂိုဏ်း၏ လက်နက်ပုန်း သည် ချင်းယန်နိုင်ငံတွင် အလွန်တရာ ကျော်ကြားလှ၏။
ဤဂိုဏ်း၏ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သော လက်နက်ပုန်းသည် သိုင်းပညာရှင်များကြားတွင် အလွန်တရာ လူပြောများသောကိစ္စ ဖြစ်လို့ကျန်ခဲ့သည်။
အမိန့်ပေးလျက်ရှိသော မြေကမ္ဘာမီးဝံပုလွေအား သတ်ဖြတ်ပြီးသည့်နောက်မှာတော့ မြေကမ္ဘာမီးဝံပုလွေ တစ်ဒါဇင်ကျော်တို့သည် ရူးသွပ်သွားသလို ဖြစ်သွားကြ၏။
သူတို့သည် ဆက်လက်၍ မီးများကို မမှုတ်ထုတ်ကြတော့ပေ။ ခြေလက်များကို အသုံးပြု၍ ရုတ်တရက်ဆိုသလိုပဲ အသေခံ၍ အနီးကပ် တိုက်ခိုက်လာကြတော့သည်။
"မင်းတို့ရဲ့ဒိုင်းကာတွေကို ဖယ်ပြီးတော့ သတ်တော့။"
ကျွင်းချောင်ရှောင်း တည်ငြိမ်စွာ ပြောလိုက်၏။
"ရွှီ … ရွှီ "
သံမဏိအရိုးဂိုဏ်းတပည့်များသည် ဒိုင်းကာများကို နောက်ကျောဘက်ဆီသို့ ပို့လွှတ်လိုက်ပြီး သူတို့၏စိတ်ဝိညာဉ်စွမ်းအင်များကို လက်သီးဆီသို့ ပို့လွှတ်၍ သူတို့ဆီလာရောက် တိုက်ခိုက်လျက်ရှိသော မြေကမ္ဘာမီးဝံပုလွေများအား ပြန်လည်တိုက်ခိုက်တော့သည်။
"ဘန်း …. ဘန်း"
ရှေ့ဆုံးတန်းမှာ ရှိနေသော လီယုဟွာသည် ပထမဦးဆုံး ရှေ့သို့တိုးသွား၏။
ပြီးနောက် ပေါက်ကွဲလက်သီး နည်းစနစ်ကို အသုံးပြု၍ ဘယ်ညာလက်သီးများနှင့် တိုက်ရိုက်ဆိုသလိုပဲ မြေကမ္ဘာမီးဝံပုလွေနှစ်ကောင်၏ ဦးခေါင်းများကို ထိုးခွဲလိုက်တော့သည်။
အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော တပည့်ဆယ်ယောက်တို့သည် မည်သည့်လက်နက်မှ မရှိကြသော်လည်း လက်ဗလာနှင့်ပင် မြေကမ္ဘာမီးဝံပုလွေ၏ဦးခေါင်းများအား နှစ်ခြမ်းဆွဲဖြဲလျက်ရှိသည်။
ထို့အပြင် တကယ်တန်း ပြောရမည်ဆိုလျှင် သားရဲများ၏ အားအကောင်းဆုံးနှင့် အမာကျောဆုံးနေရာသည် ဦးခေါင်းပင်ဖြစ်၏။ ထိုသို့သော ဦးခေါင်းကိုပင် သံမဏိအရိုးဂိုဏ်းတပည့်များသည် ထိုးခွဲပြီး ဆွဲဖြဲလျက်ရှိနေ၏။
ခဏလောက် ကြာပြီးသည့်နောက်မှာ နေရာတစ်ခုလုံးတွင် ဦးနှောက်အပိုင်းအစများနှင့် ပျံ့နှံ့လျက်ရှိသည်။ အလွန်တရာ သွေးပျက်ဖွယ်ရာကောင်းသော မြင်ကွင်းပင်။
"ေဝေါ့"
လင်းယွမ်ရွှယ်သည် သူမ၏စီနီယာအစ်ကိုများ ၏ လက်ချက်ဖြင့် မြေကမ္ဘာမီးဝံပုလွေများ၏ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ၊ ဦးနှောက်ခွံများ ပြန့်ကျဲနေသည်ကို မြင်ရချိန်မှာတော့ မည်သို့မှ မနေနိုင်တော့ချေ။
ထို့ကြောင့် ပါးစပ်ကိုဟ၍ အန်လျက်ရှိ၏။
"..."
အဝေးတစ်နေရာမှ ကြည့်ရှုလျက်ရှိကြသော ကြည့်ရှုသူများအားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြ၏။
သံမဏိအရိုးဂိုဏ်းသားများ ကိုင်ဆောင်လာသော သံမဏိဒိုင်းကာ၏ အရည်အသွေးသည် သာမန်ဟု သူတို့ထင်ထားခဲ့သော်လည်း တကယ်တမ်းမှာတော့ မြေကမ္ဘာမီးဝံပုလွေများ၏ မီးတောက် တိုက်ခိုက်မှုများကိုပင် ခုခံနိုင်စွမ်းရှိနေသည်။
အလွန်တရာအားကောင်းလှသည်ကို သူတို့မျက်မြင်တွေ့လိုက်ကြပြီ ဖြစ်၏။
ဆယ်မိနစ်လောက်ကြာပြီးနောက်မှာတော့ မြေကမ္ဘာမီးဝံပုလွေများ အားလုံးသည် သံမဏိအရိုးဂိုဏ်း တပည့်များ၏ ရှေ့၌ သေဆုံးသွားကြ၏။
မူလက ကျဉ်းမြောင်းလှသော လမ်းကျဉ်းတစ်ခုလုံးတွင် မြေကမ္ဘာမီးဝံပုလွေများ၏ အလောင်းများနှင့် ပြည့်နှက်လျက်ရှိသည်။
သွေးများသည် ချောင်းလိုပင် စီးဆင်းလျက် ရှိပြီး လေထုတစ်ခုလုံးသည်လည်း ညှီစိုစိုအနံ့များနှင့် ပြည့်နေတော့၏။
"သလင်းအမြုတေကို ထုတ်ယူလိုက်။" ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်၏။
"ကောင်းပါပြီ။"
တပည့်များသည် စတင်၍ လှုပ်ရှားလိုက်ကြ၏။
သူတို့သည် မြေကမ္ဘာမီးဝံပုလွေ၏ ခန္ဓာကိုယ်ကို ခွဲယူ၍ သလင်းအမြုတေများအား တစ်ခုပြီးတစ်ခု လိုက်လံ၍ ထုတ်ယူကြတော့သည်။
စုစုပေါင်းအားဖြင့် သူတို့သည် သလင်းအမြုတေ ငါးဆယ်ခန့်ကို ရရှိခဲ့ကြ၏။
အဝေးမှလှမ်း၍ ပုန်းအောင်းကြည့်ရှုနေကြသော သာမန်ကျင့်ကြံသူများ အားလုံးသည် မနာလိုသည့် မျက်လုံးများ ကြည့်မိလိုက်ကြသည်။
သလင်းအမြုတေ တစ်ခုချင်းစီတိုင်းသည် ပိုက်ဆံပင်ဖြစ်၏။
စုရှောင်မိုသည် မြေကမ္ဘာမီးဝံပုလွေ၏ သလင်းအမြုတေကို ကိုင်၍ပြုံးကာပြောလိုက်သည်။ "ဒါက မဆိုးဘူး။"
ကျွင်းချောင်ရှောင်းသည် ထိုအရာကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်၏။ ပြီးနောက် လက်ဖျောက်တီးကာ ပြောလိုက်သည်။ "ရှေ့ကိုသွားကြစို့။"
သူတို့သည် စိတ်လှုပ်ရှားသော မျက်လုံးများနှင့်အတူ ဂိုဏ်းချုပ်၏နောက်မှ လိုက်ပါသွားကြသည်။
သူတို့သည် မြေကမ္ဘာမီးဝံပုလွေနှင့် ရင်ဆိုင်ရချိန်တွင် အလွန်ပင် ကြောက်လန့်ခဲ့ရ၏။ သို့ပေမဲ့ တိုက်ပွဲဖြစ်ပြီးသည့်နောက်မှာတော့ သူတို့၏သွေးသည် ဆူပွက်လျက်ရှိသည်။
သံမဏိအရိုးဂိုဏ်းကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ ဤတပည့်များအားလုံးသည် ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့ရ၏။ ယနေ့မှာတော့ သူတို့အားလုံးသည် သေမင်းတောင်ကြားလမ်းသို့ ရောက်ရှိလာပြီး လေ့ကျင့်ရင်း အစွမ်းပြနိုင်ကြပြီ ဖြစ်၏။
သူတို့၏အားအင်အဆင့်ကို သက်သေပြရန် အချိန်ကောင်းပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်း တပည့်များနှင့် ထွက်ခွာပြီးသည့်နောက်မှာတော့ အစောကတည်းက နောက်ဆုတ်ထွက်ပြေးရန် ပြင်ဆင်နေကြသော သာမန်ကျင့်ကြံသူများအားလုံးသည် သတ္တိမွေး၍ နောက်မှလိုက်ပါလာကြလေသည်။
သူတို့သည် မြေကမ္ဘာမီးဝံပုလွေအလောင်းများ ပြန့်ကျဲရာမြေပြင်ဆီကို ရောက်ချိန်မှာတော့ အလုံးစုံတုန်လှုပ်မိသွား၏။
မြေကမ္ဘာမီးဝံပုလွေတစ်ရာကျော်တို့သည် သိုင်းတပည့်အဆင့်နှင့် ညီမျှသော အားအင်အဆင့်ကို ပိုင်ဆိုင်သူများဖြစ်ကြ၏။ သို့ပေမဲ့ ထိုကဲ့သို့သော ဝံပုလွေများအားလုံးသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
သာမန်ကျင့်ကြံသူများတို့သည် သူတို့၏ဓားမြောင်များကို ထုတ်ယူ၍ ဝံပုလွေ၏ အရိုးနှင့် သားရေများကို ထုတ်ယူကြတော့သည်။
တန်ဖိုးကြီးပစ္စည်းများဖြစ်သော သလင်းအမြုတေနှင့် မြေကမ္ဘာမီးဝံပုလွေဘုရင်၏ အလောင်းအား သံမဏိအရိုးဂိုဏ်းတပည့်များ ယူဆောင်သွားကြသည်ဆိုသော်လည်း ဤအရေခွံများအား ဈေးကွက်ထဲတွင် ရောင်းစား၍ ရနိုင်ပြီး သူတို့အနေနှင့် ပိုက်ဆံအနည်းငယ်တော့ ရရှိနိုင်၏။
ပြောနေစရာပင်မလိုချေ။ သတ္တိမွေးကာ သံမဏိအရိုးဂိုဏ်းနောက်သို့ လိုက်ပါကြည့်ရှုကြသော ကျင့်ကြံသူများတို့သည် အကျိုးကျေးဇူးအချို့ကို ရရှိနေကြပြီဖြစ်၏။
အနည်းဆုံးအနေနှင့် သံမဏိအရိုးဂိုဏ်းတပည့်များ အသားစားရလျှင် သူတို့သည် အရိုးကိုက်ရမည်ဖြစ်၏။
တောင်ကြားလမ်းသည် အလွန်တရာ မရှည်လျားလှချေ။
ကျွင်းချောင်ရှောင်းသည် တပည့်များကို ဦးဆောင်၍မြန်မြန်ဆန်ဆန်ပဲ ရှေ့မှ သွားနေ၏။
ပြီးနောက် သူတို့၏မြင်ကွင်းထဲမှာတော့မြူတွေနဲ့ အုပ်ဆိုင်းလျက်ရှိသော တောနက်ကြီးတစ်ခု ပေါ်လာတော့သည်။
"ဝေါင်း"
ရံဖန်ရံခါဆိုသလို သားရဲရိုင်းများ၏ အော်ဟစ်သံကို သူတို့ကြားနေရ၏။
သူတို့၏ခြေထောက်အောက်ရှိ မြေပြင်တစ်ခုလုံးသည် နီနီရဲနေပြီး သွေးစသွေးနများနှင့် ပြည့်နှက်လျက်ရှိသည်။
နေရာအနှံ့မှာတော့ လူသားများ၏အရိုးပုံများ၊ သားရဲများ၏အရိုးပုံများသည် ပြန့်ကျဲလျက်ရှိနေပြီး ထူးဆန်းသည့် အငွေ့အသက်များ ဖြစ်ပေါ်လျက်ရှိသည်။ ခြောက်ခြားဖွယ်ရာ ကောင်းသော တည်နေရာတစ်ခုမှန်း ထင်ရှားလှ၏။
ဤနေရာသည် တားမြစ်တည်နေရာဖြစ်သော သေမင်းတောင်ကြားလမ်း၏ မြင်ကွင်း အစစ်အမှန် ပင် ဖြစ်ပေတော့သည်။
ကျွင်းချောင်ရှောင်း လေးလေးနက်နက်ပြောလိုက်၏။ "ဒီတစ်ကြိမ်မှာအားလုံးပဲ အလေးအနက်ထားကြ။သတိအပြည့်ရှိကြပါ။"
"ကောင်းပါပြီ။"
တပည့်များအားလုံးသည် တစ်ယောက် နှင့် တစ်ယောက် အနည်းငယ်လှမ်းသည့်နေရာတွင်နေ၍ ဂိုဏ်းချုပ်ကို ဗဟိုပြုကာ အကာအကွယ်အစီအရင်တစ်ခုကဲ့သို့ ဖန်တီး နေရာယူထားကြ၏။
"ဝှစ်"
ထိုအချိန်မှာပဲ အမည်းရောင်အလင်းတန်းတစ်ခုသည် အမှောင်ထဲမှ လှစ်ခနဲပြေးထွက်လာပြီး သူတို့၏လမ်းအား ပိတ်ထားတော့သည်။
အမည်းရောင်အမွေးများနှင့် ကြီးမားလှသော ကျားသစ်နက်ကြီးတစ်ကောင်ပင် ဖြစ်တော့သည်။
"ဂိုဏ်းချုပ်"
လီချင်းယန် တီးတိုးပြောလိုက်သည်။ "ဒါက ကျားသစ်နက်ကြီးပဲ။"
"ဝေါင်း"
ကျားသစ်နက်ကြီးသည် ဟိန်းလိုက်ပြီးသည့်နောက် ရုတ်တရက် ရှေ့သို့လှမ်းတက်လာသည်။ သူ၏ ရှေ့ ခြေသည်းများအားလုံးသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းလွန်းလှပြီး တစ်စုံတစ်ခုအား တစ်စစီဖြစ်အောင် ဆွဲဆုပ်နိုင်သော အားအင်များနှင့် ပြည့်နှက်နေ၏။
"သွေား"
"ဟုတ်ကဲ့ပါ။"
ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်သွားပြီး ကျားသစ်နက်ကြီးရှေ့လက်နှစ်ဖက်အား လှမ်းဆွဲကာ မြေပေါ်သို့ကိုင်၍ ရိုက်ချလိုက်တော့သည်။
"ဝေါင်း"
ကျားသစ်နက်ကြီးသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
သို့ပေမဲ့ သူ၏ ရှေ့လက်နှစ်ချောင်းသည် ဖမ်းဆုပ်ခံလိုက်ရပြီဖြစ်သောကြောင့် မည်သို့မှ ပြန်၍ မရုန်းထွက်နိုင်တော့ပေ။
ဤသို့သော ပုံစံနှင့်ပဲ ကျားသစ်နက်ကြီးသည် မြေပေါ်တွင်အညှာတာမဲ့စွာဖြင့် ရိုက်သတ်ခြင်း ခံလိုက်ရတော့သည်။
"ဘန်း ဘန်း ဘန်း"
ခဏလောက် ကြာပြီးသည့်နောက်မှာတော့ သိုင်းတပည့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ ရနိုင်သော ကျားသစ်နက်ကြီးသည် မထနိုင်တော့ချေ။
ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရင်လျက်ရှိပြီး မကြာခင်မှာပင် အသက်ပျောက်ကာ သေဆုံးသွားတော့ သည်။