အခန်း (၁၇၈)
Vol. 13 Ch. 178
သေမင်းတောင်ကြားထဲသို့ နောက်မှလိုက်ဝင်လာကြသော သိုင်းကျင့်ကြံသူများသည် ရှောင်ကျီတစ်ယောက် ကျက်သစ်နက်ကြီးကို လက်မှဆွဲ၍ ရိုက်သတ်လိုက်သည်ကို မြင်တော့ ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားကြသည်။
ကောင်းကင်ဘုံ ….. သိုင်းတပည့်ထိပ်ဆုံးအဆင့် သားရဲတစ်ယောက်ကို ဒီလိုပဲ ရိုက်သတ်လိုက်တာလား။
ရှောင်ကျီသည် ကျက်သစ်နက်ကြီး၏ ရင်ဘတ်ကို လက်ဗလာနှင့် ထိုးခွဲလိုက်သည်။ ပြီးနောက် နှလုံးသားနေရာတွင်ရှိသော သလင်းအမြုတေအား ဆွဲထုတ်လိုက်၏။
သာမန်ကျင့်ကြံသူများ၏ မျက်လုံးများသည် စိတ်ဝင်စားမှုများနှင့် ပြည့်နက်သွားကြသည်။
သိုင်းတပည့် ထိပ်ဆုံးအဆင့် သားရဲတစ်ကောင်၏ သလင်းအမြုတေ။ ဤအရာသည် များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်နိုင်၏။
ဟုတ်ပေသည် သို့ပေမဲ့ မည်သူကမှ ဤအရာကို လုယူရန် မစဉ်းစားကြချေ။ သူတို့ ကြိုးစားလျှင်လည်း ကျိန်းသေပေါက် ကျရှုံးမှာ သေချာ၏။
ကျွင်းချောင်ရှောင်းသည် တပည့်များကို ခေါ်၍ တောနက်ထဲသို့ တစ်လှမ်းချင်း ဝင်ရောက်သွားတော့သည်။
သူတို့ သေမင်းတောင်ကြားထဲသို့ ဝင်ရောက်သွားသည့် အချိန်မှာတော့ အထူးတာဝန်အနေနှင့် ခုနစ်ရက်တာအချိန်ကာလသည် စတင်ပြီဖြစ်၏။
သူတို့အနေနှင့် သားရဲတစ်မျိုးအား ဖြစ်နိုင်သမျှ အမြန်ဆုံးရှာဖွေမှ ဖြစ်လိမ့်မည်။
ရှပ် …. ရှပ်။
ကျွင်းချောင်ရှောင်းနှင့် တပည့်များ ထွက်ခွာသွားပြီးပြီးချင်းမှာပဲ သာမန်ကျင့်ကြံသူများ အားလုံးသည် ကျားသစ်နက်ကြီးရှိရာသို့ ရောက်ရှိလာပြီး သားရေ နှင့် အရိုးများကို ရယူကြတော့သည်။
သိုင်းတပည့်ထိပ်ဆုံးအဆင့် သားရဲတစ်ကောင်၏ သားရေသည် သာမန်မြေကမ္ဘာမီး ဝံပုလွေထက် တန်ဖိုးကြီးလှ၏။
နောက်ကျသူများသည် စိတ်ပျက်လက်ပျက် ဖြစ်သွားမိကြသည်။
"သွားကြစို့ …. နောက်ကလိုက်ကြရအောင်။"
"သံမဏိအရိုးဂိုဏ်းက အရမ်းကို အားကောင်းလွန်းတယ်။ ပစ္စည်းကောင်းတွေ ရနိုင်တယ်။ ငါတို့က အရိုးရလည်း အရိုးယူရမှာပဲ။"
အားလုံးသည် အလောတကြီးဖြင့် ခပ်လှမ်းလှမ်းမှ နေ၍ နောက်မှ လိုက်သွားကြတော့သည်။
ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် ရပ်တန့်ကာ ပြောလိုက်သည်။
“အားလုံးပဲ သံမဏိအရိုးဂိုဏ်းနောက်ကနေလိုက်ပြီးတော့ ဒီလိုမျိုးလိုက်ယူနေတာက အဆင့်မရှိဘူးလို့ ထင်တယ် မဟုတ်ဘူးလား။ ဟဲ ဟဲ ဟဲ”
သိုင်းပညာရှင်တစ်ယောက်သည် ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း သံမဏိအရိုးဂိုဏ်းက အသားစားတဲ့အချိန်မှာ ကျုပ်တို့က အရိုးအရင်းလေးလိုက်ကိုက်တာ ။ ဒါတော့ကိစ္စကြီးတစ်ခု မဟုတ်ဘူးမဟုတ်လား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ခင်ဗျားတို့အနေနဲ့ အရိုးကိုက်ချင်တယ်ဆိုရင် လူတစ်ယောက်ကို ငွေတစ်ထောင်ပေးရမယ်။ဒါဆိုရင် သံမဏိအရိုးဂိုဏ်း မလိုချင်တဲ့ အရာအားလုံးကို ယူသွားနိုင်တယ်။"
"ငွေတစ်ထောင် ဟုတ်လား။"
ထိုသိုင်းပညာရှင်သည် ပြိုလဲတော့မတတ်ဖြစ်သွားသည်။ "ဂိုဏ်းချုပ်ကျွင်း … ဒါက နည်းနည်း ဈေးများလွန်းတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဈေးများတယ်ထင်ရင် ခင်ဗျား ရှေ့ကသွား။ သံမဏိအရိုးဂိုဏ်းက အနောက်ကနေလိုက်မယ်။ တစ်ယောက်ကို ငွေတစ်ထောင်ဆီပေးမယ်။ဘယ်လိုလဲ"
"ဒါ …. ဒါက"
အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။
သူတို့သည် တကယ်တမ်းအားဖြင့် သဘောတူလိုက်ချင်၏။ သို့ပေမဲ့ သူတို့တွင် လူနှစ်ဆယ်ကျော်ရှိသည်မို ငွေနှစ်သောင်းကျော် ကုန်ကျမှာဖြစ်သည်။ထို့ပြင် ရှေ့မှ ဦးဆောင်၍ သွားရန် သူတို့တွင် အရည်အချင်းလည်း မရှိပြန်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ခင်ဗျားတို့ ပိုက်ဆံလည်း မပေးချင်ဘူး။ အခြေအနေပေါ်မူတည်ပြီး အခွင့်အရေးလည်း ယူချင်သေးတယ်။ ဒီကမ္ဘာကြီးမှာ ဒီလောက်ကောင်းတဲ့ အရာဆိုတာ မရှိဘူးလေ။ ဒီတော့ နောက်ကနေလိုက်လာမယ်ဆိုရင် ကျုပ်တို့ကို ရိုင်းပြတယ်ဆိုပြီး အပြစ်မတင်နဲ့။"
တပည့်များအားလုံးသည် တစ်ကိုယ်တော် ကျင့်ကြံသူများနှင် စုဖွဲ့ထားသော အဖွဲကြီးအား ဒေါသတကြီးဖြင့် ကြည့်လိုက်ကြသည်။
သူတို့အားလုံးသည် သံမဏိအရိုးဂိုဏ်း တပည့်များ၏ တိုက်ခိုက်မှုသည် အလွန်တရာ ကြမ်းရမ်းလှသည်ကို မျက်မြင် တွေ့ကြုံပြီးပြီဖြစ်သောကြောင့် ခြေလှမ်းအနည်းငယ်နောက်သို့ ဆုတ်မိသည်အထိ တုန်လှုပ်သွား ကြသည်။
"ဂိုဏ်းချုပ်ကျွင်း ….."
သိုင်းပညာရှင် တစ်ယောက်က ပြောလိုက်သည်။ "ကျုပ်တို့ ငွေတစ်ထောင်ပေးပါ့မယ်။ဒါပေမဲ့ ဘာတစ်ခုမှ ဆက်ပြီး မရှာတော့ဘဲနဲ့ ကျုပ်တို့ကို အရူးလုပ်မှာတော့ မဟုတ်ဘူးမို့လား"
ကျွင်းချောင်ရှောင်း ထူးမခြားနားသလို ပြောလိုက်သည်။ "ဒီလိုမျိုး မရှိဘူး။ဒါပေမဲ့ ခင်ဗျားတို့ရမယ့်အရာကတော့ ကံတရားပေါ်မူတည်နေတာပဲ။"
"ဒါဆိုရင် ကျုပ်တို့ ပေးပါ့မယ်။"
ကျားသစ်နက်၏ သားရေ ကို ရရှိကြသော ငါးယောက်တစ်ဖွဲ့သိုင်းပညာရှင်များသည် ငွေငါးထောင်အား လှမ်း၍ ပေးလိုက်ကြသည်။
သူတို့သည် အစောကြီးကတည်းက အကျိုးကျေးဇူးများကို ရရှိနှင့်ပြီးသား မဟုတ်လား။
သံမဏိအရိုးဂိုဏ်းနောက်သို့ လိုက်ရခြင်းမှာ လောင်းကစား လုပ်ရခြင်းနှင့် ဆင်တူသည်။ ငွေတစ်ထောင်ပေးရခြင်းသည်က လောင်းကြေးဟုပင် သတ်မှတ်နိုင်၏။
သာမန်ကျင့်ကြံသူ နှစ်ဆယ်ကျော်တို့သည်လည်း အစ ပထမပိုင်းမှာတုန်းက အနည်းငယ် တွန့်ဆုတ်လျက်ရှိသည်။
သို့ပေမဲ့ တစ်ခြားသူများ ပိုက်ဆံထုတ်ပေးနေသည်ကို မြင်တော့ သူတို့သည်လည်း ငွေတစ်ထောင်ချင်းစီအား ထုတ်၍ ပေးလိုက်ကြသည်။
ငွေသုံးသောင်းကျော်အား အိပ်ကပ်ထဲသို့ ထည့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အားလုံးကို သတိပေးလိုက်၏။ "မှတ်ထားဖို့က ခင်ဗျားတို့အနေနဲ့ သံမဏိအရိုးဂိုဏ်းမလိုချင်တဲ့ဟာကိုပဲ ယူရမယ်။မယူသင့်တဲ့အရာကို ယူတယ်ဆိုရင် ဆိုးရွားတဲ့ ကံကြမ္မာကို ရင်ဆိုင်ရလိမ့်မယ်။"
"စိတ်ချပါ ဂိုဏ်းချုပ်ကျွင်း။ ကျုပ်တို့က မယူသင့်တဲ့အရာကို လုံးဝမယူပါဘူ။"
အားလုံးသည် ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်ကြသည်။
အာ … ဝူး။
ရုတ်တရက်ဆိုသလိုပဲ နောက်ထပ် ဝံပုလွေအော်သံတစ်ခု ထွက်ပေါ်လာ၏။
သူတို့၏ ရှေ့ရှိ မြူများ ဖုံးလွမ်းလျက်ရှိသော မြူတောထဲမှာတော့ ကြက်သွေးရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးလာသည်။
ကြည့်ရသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ဤဝံပုလွေသည် မြေကမ္ဘာမီး ဝံပုလွေထက် အဆမတန် ပို၍ ကြီးမားလှသည်။ ဝံပုလွေသည် ကြက်သွေးရောင်ကဲ့သို့ဖြစ်ပြီး ကြက်သွေးရောင်မီးများသည် ခန္ဓာကိုယ်တွင် တောက်လောင်လျက်ရှိသည်။
သူ၏ မျက်လုံးများသည် နီရဲလျက်ရှိနေ၏။
"မဟုတ်သေးဘူး … ဒါ …. ဒါက ကြက်သွေးရောင် မီးဝံပုလွေ အုပ်ကြီးပဲ။"
သာမန်ကျင့်ကြံသူများသည် ကြောက်လန့်မှုကြောင့် မျက်နှာများပင် ဖြူဖျော့သွားကြသည်။
မြေကမ္ဘာမီး ဝံပုလွေများသည် အဆင့်နိမ့် ဝံပုလွေသရဲရိုင်းများ ဖြစ်ပြီး ကြက်သွေးရောင် မီးဝံပုလွေမှာတော့ အဆင့်မြင့် ဝံပုလွေမျိုး ဖြစ်၏။ သူတို့၏ အားအင်အဆင့်သည် အနည်းဆုံး အဆင့်ခြောက်တွင် ရှိနေကြ၏။
ပြောရမည်ဆိုလျှင် လက်ရှိပေါ်လာသော ကြက်သွေးရောင် မီးဝံပုလွေများသည် မြေကမ္ဘာမီး ဝံပုလွေထက် အဆမတန် အားကောင်းလှသည်။
ထို့အပြင် မြေကမ္ဘာမီးဝံပုလွေတိုထက်ပင် မီးကိုပို၍ သုံးစွဲနိုင်စွမ်းရှိသည်။ သူတို့ ဒေါသထွက်လာသည့်အခါ မီးညွှန့် ၊ မီးလှိုင်းများဖြင့် ပစ်လွှတ်၍ တိုက်ခိုက်နိုင်၏။
“သွားပြီ ….သွားပြီ။”
"အစောကတည်းက ဒီလိုကိစ္စမျိုး ဖြစ်မယ်မှန်း သိရင် ငွေတစ်ထောင်ကို မပေးခဲ့ပါဘူး။"
သာမန်ကျင့်ကြံသူများသည် အရိုးကိုက်ရန်ပင် မစဉ်းစားနိုင်တော့ချေ။ သူတို့သည် ချက်ချင်းဆိုသလိုပဲ သေမင်းတောင်ကြားလမ်း၏ ဝင်ပေါက်ဆီသို့ ပြန်လှည့်ကာ ပြေးတော့သည်။
ဤအတောအတွင်း တစ်ချက်ကလေးမှ လှည့်မကြည့်ကြပေ။ နောက်ကျသည့်ခြေထောက်သစ္စာဖောက်ဟု သဘောထားကာ ထိုသူများအားလုံးသည် အလျင်အမြန်နှင့် ထွက်ပြေးသွားကြ၏။
"သူတို့ ဒီလိုပဲ ထွက်ပြေးသွားကြတာလား။"
ကျွင်းချောင်ရှောင်း ခေါင်းကုတ်ကာ ပြောလိုက်သည်။ "ငါနေရင်းထိုင်ရင်းနဲ့ ငွေသုံးသောင်းလောက် ရလိုက်တာပေါ့။"
တပည့်များ အားလုံးသည်လည်း ဆွံအလျက်ရှိသည်။
လီချင်းယန်ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဒီမှာ အနည်းဆုံး ကြက်သွေးရောင် မီးဝံပုလွေ ငါးဆယ်လောက်ရှိမယ်နဲ့တူတယ်။ သူတို့ရဲ့အားအင်အဆင့်က သိုင်းတပည့် အဆင့်ခြောက် ထက် ဘယ်လိုမှ အားမနည်းဘူး။ဒါက နည်းနည်းတော့ကြမ်းတယ်။"
“ဒါဆိုရင် မင်း ဘာကို စောင့်နေတာလဲ။"
ကျွင်းချောင်ရှောင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။ "လွယ်လွယ်ကူကူ ခုခံပြီး ပြန်တိုက်ခိုက်ဖို့ ကောင်းတဲ့နေရာကို ရှာကြ။"
ဝှစ် ….. ရွှစ်။
တပည့်များအားလုံးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ ပြီးနောက် တောင်တစ်ခု၏ နေရာနားဆီသို့ မြန်မြန်ဆန်ဆန်ပဲ ပြေးသွားပြီး နေရာယူလိုက်ကြသည်။
ဝူး။
သူတို့ ခုခံမှု ပြုလုပ်ရန် ပြင်ဆင်နေတုန်းမှာပဲ ကြမ်းတမ်းလှသော အော်သံကြီးတစ်ခုသည် အပြင်ဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာ၏။
တိုက်ခိုက်ရန် ပြင်ဆင်နေကြသော ကြက်သွေးရောင်မီး ဝံပုလွေ အားလုံးသည် အော်သံကြီးကို ကြားလိုက်ချိန်မှာတော့ သူတို့၏ ကြက်သွေးရောင် တောက်ပနေသော မျက်လုံးများတွင် ကြောက်လန့်သည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။ ပြီးနောက် သူတို့၏ ပြေးလွှားလာသော ခြေလှမ်းများသည်လည်း နှေးကွေးသွားကြသည်။
ဝှစ်။
တောင်နံရံ၏ အဆုံးနားမှာတော့ အနားယူလျက်ရှိသော ဝံပုလွေကြီးတစ်ကောင်သည် နိုးထလာတော့၏။
ထိုသတ္တဝါကြီးသည် မတ်တပ်ရပ်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်မှာ ငါးမီတာခန့်ရှည်လျားပြီး ကြီးမားလှသော ဘီလူးကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။
“ဒုတိယအဆင့် တောင်နက်ဝက်ဝံ။” လီချင်းယန် အံ့အားသင့်မိသွား၏။
ဒုတိယအဆင့် တောင်နက် ဝက်ဝံဆိုသည်မှာ သိုင်းဆရာဒုတိယအဆင့်နှင့် တူညီသော အစွမ်းရှိသည်ဟု ဆိုလို၏။
တစ်ဖက် သတ္တဝါ ၏ ခန္ဓာကိုယ်နှင့် အရှိန်အဝါအားအင်ကို ကြည့်လိုက်မည်ဆိုလျှင် အမှန်တကယ် ကြောက်မက်ဖွယ်ရာကောင်းလှသော သားရဲကြီးဖြစ်ကြောင်း သိနိုင်သည်။
"သေစမ်း။"
ကျွင်းချောင်ရှောင်းသည် ကန္တာရလင်းယုန် အား ထုတ်ယူ၍ သတ္တဝါအား ပစ်ခတ်ရန် ပြင်ဆင်လိုက်၏။
ထိုအချိန်မှာပဲ ရီရှင်းချန်သည် ကျောက်နံရံပေါ် ခြေထောက်ခုန်၍ လေထဲသို့ တက်သွားလိုက်၏။ သူ၏ ဓားကိုင်ထားသော လက်များသည် ရုတ်တရက်ဆိုသလိုပဲ လှုပ်ရှားသွားသည်။
ဝှစ် …ရွှစ် …. ဝှစ် ….. ရွှစ်။
ရုတ်တရက်ဆိုသလိုပဲ ဓားချီလှိုင်းများထွက်ပေါ်လာပြီး တောင်နက်ဝံပုလွေ၏ ရင်ဘက်ပေါ်သို့ ဓားအရိပ်များ ကျဆင်းသွားတော့သည်။
ကျိုးဟုန်သည် အံ့အားသင့်မိသွားသည်။ "အသက်တစ်ရှိက်အတွင်း ဓားချက်သုံးဆယ်။"
ရီရှင်းချန်သည် နောက်ဆုံးအကြိမ်တုန်းက အသက်တစ်ရှိက်စာအတွင်း ဓားချက်နှစ်ဆယ့်လေးချက်ကို ထုတ်ဖော်နိုင်ခဲ့သူဖြစ်၏။ ယခုအချိန်မှာတော့ သူသည် ဓားချက်သုံးဆယ်အား ထုတ်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ ကြည့်ရသည်မှာ လင်းကျန့်ဓားသိုင်းနှင့် ပတ်သက်၍ ပိုမို၍ နားလည်လာခဲ့ပုံပင်။
ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သော ကျိုးဟုန်သည် ဓားအား နားလည်အောင် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။
တစ်လလောက် ကျင့်ကြံပြီးသည့်နောက် မှာတော့ သူသည် ဓားချက် နှစ်ဆယ့်ငါးချက်မှ နှစ်ဆယ့်သုံးချက်အထိ ထုတ်ဖော်နိုင်ခဲ့သည်။ ထိုသို့ နှစ်ချက်သာ တိုးသွားသည်ကို အထင်သေး၍ မဖြစ်ချေ။
တစ်ခြားသော ဓားကျင့်ကြံသူများဆိုလျှင် ထိုသို့ ဓားချက်နှစ်ချက်တိုးရန်အတွက် လအနည်းငယ်၊ နှစ်အနည်းငယ် သို့မဟုတ် ဘဝတစ်သက်တာလုံး ကြိုးစားရပေလိမ့်မည်။
ဆွစ်။
ရီရှင်းချန်သည် ကြည့်ကောင်းလှစွာဖြင့် မြေပြင်ပေါ်သို့ ခုန်ဆင်းလာခဲ့သည်။
"ကောင်းကင်ဘုံ ……. စီနီယာအစ်ကိုရီရဲ့ ဓားချက်က အရမ်း မြန်တာပဲ။"
အပြင်စည်းတပည့်များသည် တစ်ယောက်တစ်ပေါက် ထအော်လိုက်မိကြသည်။
မကြာခင်မှာပဲ သူတို့၏ အမူအရာသည် အေးခဲသွားကြသည်။
အဘယ့်ကြောင့်ဆိုသော် ဓားအရိပ်များ ပေါ်ပေါက်ပြီးသည့်နောက်မှာတော့ တောင်နက်ဝံပုလွေကြီးသည် ဘာမှ မဖြစ်သလိုပင် သူ၏ လက်များကို မြှောက်၍ ရီရှင်းချန်အား ထုနှက်ရန် ပြင်ဆင်လိုက်၏။
"စီနီယာ အစ်ကိုကြီး သတိထား။"
အားလုံးက အလန့်တကြားဖြင့် အော်ဟစ်လိုက်ကြသည်။
ထိုအချိန်မှာပဲ ရီရှင်းချန်သည် ကြည့်ကောင်းလှစွာဖြင့် သူ၏ ဓားအား ဓားအိမ်ထဲသို့ ဟန်ပါပါနှင့် ပြန်ထည့်လိုက်တော့သည်။
တပြိုင်နက်တည်းမှာပဲ တောင်နက်ဝံပုလွေ၏ ရင်ဘတ်ပေါ်တွင် နက်နဲလှသော ဓားချက် သုံးဆယ်တိတိ ပေါ်ပေါက်လာ၏။
ဇွက် …. ဇွက်။
သွေးများသည် ထိုဒဏ်ရာဆီမှ ထွက်ပေါ်လာပြီး တောင်နက်ဝံပုလွေကြီးသည် သူ၏ ခန္ဓာကိုယ် နှင့် အသိစိတ် ကြား ဆက်သွယ်မှု ပျက်ဆီးသွားတော့သည်။
သူ၏ ခန္ဓာကိုယ်ရှိ အားအင်တို့သည် ရုတ်တရက် ဆုံးရှုံးသွားခဲ့သောကြောင့် အသိစိတ် ပျောက်ကွယ် သွား၏။ သူ၏ တောင်ကဲ့သို့ မြင့်မားလှသော ခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ လဲကျလာတော့သည်။
ရီရှင်းချန် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"သာမန်သတ္တဝါလေးပဲ။"
"စီနီယာအစ်ကိုရီ …. သတိထား။"
ရီရှင်းချန် သည် သူ၏အပေါ်ကောင်းကင်တစ်ခုလုံး မဲမှောင်သွားသလို ခံစားမိလိုက်သည်။
အပေါ်သို့ မော့ကြည့်လိုက်ချိန်မှာတော့ သူပြောလိုက်သော သာမန်သားရဲကြီးသည် အသတ်ခံလိုက်ရချိန် မှာတော့ အနောက်ဘက်သို့ လန်မကျသွားဘဲ သူရှိရာ အရှေ့ဘက်သို့ ပြုတ်ကျလာသည်ကို မြင်လိုက်ရ၏။
ဓားအား ဓားအိမ်ထဲသို့ ထည့်ပြီး ဟန်ရေးပြလျက်ရှိသော ရီရှင်းချန်သည် သတိကင်းလွတ်နေသောကြောင့် ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေတွင် မရှောင်တိမ်းနိုင်တော့ပေ။
ရုတ်တရက်ဆိုသလိုပဲ သူသည် တောင်နက်ဝက်ဝံကြီး၏ ခန္ဓာကိုယ်အောက်သို့ ရောက်ရှိသွားတော့သည်။
ညအင်ပါယာ ……….
ဒီနေ့ ကံမကောင်းပါလား။