အခန်း (၁၈၂)
Vol. 13 Ch. 182
ကြက်သွေးရောင် မီးဝံပုလွေနှစ်ရာကျော်တို့တွင် တစ်ချို့သည် ဦးခေါင်းများ ပိုင်းဖြတ်ခံထားရပြီး တစ်ချို့သည် ဝမ်းဗိုက်မှ ပိုင်းဖြတ်ခံထားရသည်။
သွေးများသည် မြေပြင်တစ်ခုလုံးတွင် ရဲရဲနီလျက်ရှိပြီး မြင်နေရသည့်မြင်ကွင်းသည် သားသတ်ရုံထဲသို့ ရောက်ရှိနေသလိုပင် ဖြစ်၏။
အလောင်းများပေါ်တွင် ထိုင်လျက်ရှိသော သံမဏိအရိုးဂိုဏ်းသားများသည် သူတို့အား သွားစေ့ပြီး ပြုပြလိုက်ချိန်မှာတော့ သားသတ်ရုံထဲမှ သားသတ်သမားများဟုပင် သူတို့ ခံစားလိုက်မိကြသည်။
မဟုတ်သေးပေ။ ဤလူငယ်များအားလုံးသည် ငရဲပြည်မှ နတ်ဆိုးများနှင့်ပင် ဆင်တူကြ၏။
သူတို့ရှေ့မှ မြင်ကွင်းကို မြင်ပြီးသည့်နောက် တစ်ကိုယ်တော်ကျင့်ကြံသူများ အားလုံးသည် ကြောက်လန့်တကြားဖြင့် နောက်ဆုတ်လိုက်မိကြသည်။
သူတို့၏ ကျောကုန်းတစ်လျှောက်လုံးတွင် ဇောချွေးများ ပျံ့သွားကြသည်။
သိုင်းပညာရှင်တစ်ယောက်အနေနှင့် အဘယ့်ကြောင့် ဤမျှ ကြောက်ရွံ့ရသနည်း။
သာမန် နွား ၊ သိုး စသည့် အလောင်းများဆိုလျှင် သူတို့အတွက် မထူးခြားလှပေ။ သို့ပေမဲ့ ယခုမြင်နေရသော အလောင်းများအားလုံးသည် အဆင့်ခုနှစ် ကြက်သွေးရောင် မီးဝံပုလွေ သရဲများဖြစ်၏။
ထိုသတ္တဝါများသည် အဆင့်ခုနစ် သိုင်းတပည့်အဆင့်နှင့် နှိင်းယှဉ်၍ ရသည်။
ထို့အပြင် ကြက်သွေးရောင် မီးဝံပုလွေအုပ်ကြီးတစ်အုပ်လုံးသည် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်၏။ တိုက်ခိုက်လိုက်ကြသူများမှာ သံမဏိအရိုးဂိုဏ်း နှစ်ဆယ်ကျော်တို့သာ ရှိကြ၏။
ဤကိစ္စသည် သူတို့၏ မျက်စိနှင့် မမြင်လိုက်လျှင်တောင်မှ တွေးကြည့်လိုက်ရုံဖြင့် အံ့အားသင့် ထိတ်လန့်စရာ ကိစ္စ တစ်ခုဖြစ်မှန်း သိသာလှ၏။
အထူးသဖြင့် ကြက်သွေးရောင် မီးဝံပုလွေ၏ အလောင်းကို ခြေတင်ထားသော ကျွင်းချောင်ရှောင်းကို မြင်လိုက်ရချိန်မှာတော့ သူတို့၏ နှလုံးသားများသည် တုန်ခါသွားကြသည်။ "ဒါ အိမ်မက်တစ်ခုများလား။"
အားလုံး၏ ကြောင်အအအမူအယာကို မြင်တော့ ကျွင်းချောင်ရှောင်း ခေါင်းခါယမ်းကာ ပြောလိုက်မိ၏။
"ခုနတုန်းက ပြောလိုက်တဲ့ဟာကို မကြားရဘူးထင်တယ်။"
သူ ဘာပြောလိုက်သနည်း။ ထပ်မံ၍ အရိုးနှင့် သားရေများကို လိုချင်သည်ဆိုလျှင် ငွေတစ်ထောင် ထပ်ပေးရမည်ဆိုသည်။
"ကျုပ်ပေးမယ်။"
ကျင့်ကြံသူတစ်ယောက်သည် အလောတကြီးဖြင့် သူ၏ငွေစများကို ထုတ်ယူကာ ပေးလိုက်၏။
သံမဏိအရိုးဂိုဏ်းတပည့်များ အကုန်လုံးသည် အသတ်ခံလိုက်ရသည်ဟု သူထင်ထားခဲ့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သတ်ခံလိုက်ရသည်မှာ ကြက်သွေးရောင် မီးဝံပုလွေများ ဖြစ်လို့နေ၏။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် အားကောင်းလှကြောင်း သူ သိရှိသွားသည်။
ထိုသူများ၏နောက်မှ လိုက်ပါသွားမည်ဆိုလျှင် အကျိုးကျေးဇူးအများကြီး ရရှိနိုင်၏။
ထိုသို့ တွေးမိသော တစ်ခြားသူများ အားလုံးသည်လည်း ရှေ့သို့ အလုအယက်ဖြင့် ရောက်ရှိလာပြီး ငွေသားများကို ကမ်းပေးလိုက်ကြ၏။
ဤနေရာတွင် ကြက်သွေးရောင် မီးဝံပုလွေအလောင်များ အများအပြားရှိနေသည်။ သားရေများကို ခွာ၍ ရောင်းလျှင်ပင် ဈေးကောင်းကောင်း ရနိုင်သည် မဟုတ်လော။
ပို၍ အရေးကြီးသည်မှာ သူတို့သည် သံမဏိအရိုးဂိုဏ်းသားများ၏ နောက်မှ လိုက်၍ တောနက်ထဲသွားလျှင် အချို့သော ဆေးပင်များ ကျောက်ရိုင်းများအားလုံးကို ရရှိနိုင်သေး၏။
ဤသို့နှင့်ပင် ကျွင်းချောင်ရှောင်းသည် ငွေ သုံးသောင်းအား ထပ်မံရရှိလိုက်သည်။
ပိုက်ဆံပေးပြီးသည့်နောက်မှာတော့ သာမန်သိုင်းပညာရှင်များသည် သူတို့၏ တစ်လက်လက်တောက်ပနေသော မျက်လုံးများဖြင့် ကြက်သွေးရောင် မီးဝံပုလွေအလောင်းများအား စိုက်ကြည့်လိုက်ကြ၏။
သူတို့သည် အရိုးနှင့် သားရေများကို ရယူရန် ပြင်ဆင်ထားလိုက်ကြသည်။
"တပည့်တို့ နားထောင်ကြ။"
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ သလင်း အမြုတေ တွေကို ယူပြီးသွားရင် သားရေ နဲ့ အရိုးတွေ ၊ ပြီးတော့ တန်ဖိုးရှိတဲ့ အရာတွေအားလုံးကို ယူလိုက်ကြ။”
ဟမ်။
ထိုစကားကို ကြားတော့ သာမန်ကျင့်ကြံသူ သုံးဆယ်ကျော်တို့သည် ဆွံ့အသွားမိကြသည်။
ဝှစ် …. ဝှစ်။
သံမဏိအရိုးဂိုဏ်း တပည့်များအားလုံးသည် စတင်၍ လှုပ်ရှားလိုက်ကြသည်။
အချိန်တိုအတွင်းမှာပဲ ကြက်သွေးရောင် မီးဝံပုလွေနှစ်ရာကျော်တို့၏ သားရေများကို စုတ်ယူလိုက်ကြ၏
နောက်ဆုံးမှာတော့ အသားတုံးကြီးသာလျှင် ကျန်ရှိတော့သည်။
ဤအရာအားလည်း ပိုက်ဆံဖြင့် ရောင်းချနိုင်၏။
သို့ပေမဲ့ ဤအသား၏ အရည်အသွေးသည် သာမန်အသားတို့၏ အရည်အသွေးထက် အနည်းငယ် ကောင်းမွန်ရုံသာ ရှိသည်။ ဈေးအနည်းငယ်တော့ ပိုရနိုင်ပေလိမ့်မည်။
သိုလှောင်လက်စွပ်၏ သိုလှောင်နိုင်သော ပမာဏဆိုသည်မှာ အကန့်အသတ်ရှိ၏။ ထို့ကြောင့် သူတို့အနေနဲ့ ဒီအသားကြီးများကို ယူဆောင်၍ သူတို့၏ သိုလှောင်လက်စွပ် ပြည့်သွားမည်ကို မလိုလားကြချေ။
"အားလုံးပဲ။"
ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင် ပုံထားကြသော အသားများကို လက်ညိုးထိုးကာ ပြောလိုက်၏။
"ကျုပ်တို့က အသားစားရတာ ပျင်းလာပြီ။ ဒါကြောင့် သားရေပြောင်းယူတော့မယ်။ခင်ဗျားတို့ကတော့ အသားစားပေါ့။"
ပြောပြီးသည့်နောက် သူသည် သူ၏တပည့်များနှင့် အတူ ရှေ့သို့ တိုးသွားကြသည်။
ဟူး။
အေးစက်သည့် လေပြင်းတစ်ချက်တိုက်ခိုက်လိုက်ချိန်မှာတော့ သာမန်ကျင့်ကြံသူ သုံးဆယ်ကျော်တို့၏ စိတ်ထဲတွင် အေးခနဲ ဖြစ်သွားမိ၏။
သူတို့အနေနှင့် ငွေနှစ်ထောင်အား သံမဏိအရိုးဂိုဏ်းသို့ ပေးခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ လောလောဆယ်တွင် သူတို့အနေနှင့် မမြတ်ရုံမက ရှုံးပင်နေသေးသည်။
"ဂိုဏ်းချုပ် … သူတို့ကို ဝံပုလွေအသားတွေနဲ့ ထားခဲ့တာ မရက်စက်လွန်းဘူးလား။" အသာလမ်းလျှောက်လာပြီးနောက် လီချင်းယန်သည် တီးတိုးမေးလိုက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သူတို့က အနောက်ကလိုက်လာပြီး လိုချင်တာလေးတွေ ရွေးပြီး အခန့်သား ယူချင်တာလေ။။ လောကကြီးမှာ ဒီလောက်ကောင်းတဲ့အရာဆိုတာ ဘယ်လိုလုပ်ရှိမှာတုန်း။"
ပထမတုန်းက သူသည် ဤသတ္တဝါများ၏ သားရေအား ဂရုမစိုက်ချေ။ ထို့အပြင် ဤအရာကို ပိုက်ဆံဖြင့် ရောင်းချသည်ဆိုလျှင်တောင်မှ အနည်းငယ်သာ ရရှိပေလိမ့်မည်။
သို့ပေမဲ့ ကျားသစ်နက်ကြီးကို သတ်ဖြတ်ပြီးနောက် သာမန်ကျင့်ကြံသူတစ်ယောက်သည် လောဘတကြီးဖြင့် ကျားသစ်နက်ကြီး၏ အရေခွံကို နွှာယူသွားခဲ့၏။
ထိုအချိန်ကတည်းက သူတွေးခဲ့မိသည်။ တစ်ကောင်တည်းက ကိစ္စမရှိဘူးဆိုပေမယ့် အများကြီးဆိုရင် ပိုက်ဆံအများကြီး ရနိုင်သည် မဟုတ်လား။
ထို့အပြင် သေမင်းတောင်ကြားသည် ကြမ်းတမ်းလှသော သားရဲရိုင်းများနှင့် ပြည့်နက်နေ၏။
သူ့တွင် ဟောင်ချီ ဂိုဏ်းနှင့် အိုက်မိသားစု ခေါင်းဆောင်ဆီမှ ရရှိထားသော ပိုက်ဆံ သန်းနှစ်ဆယ်လောက်ရှိနေ ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုအရာအား ချမ်းသာသည်ဟု မထင်မှတ်သေးချေ။ အခွင့်အရေးရမည်ဆိုလျှင် ပိုက်ဆံရှာဖွေချင်သေး၏။ ဤအခွင့်အရေးအား သူ လက်မလွှတ်နိုင်ချေ။
သေချာစဉ်းစားပြီးသည့်နောက် သူသည် သာမန်ကျင့်ကြံသူများဆီမှ ပိုက်ဆံတောင်းရန် ဆုံးဖြတ်လိုက်မိ၏။
ကျားသစ်နက်ကြီး၏ သားရေအပါအဝင် တစ်ခြားသောပစ္စည်းများ၏ စုစုပေါင်းတန်ကြေးသည် ငွေတစ်ထောင် ထက်တော့ နည်းသေး၏။
လူတစ်ယောက်လျှင် တစ်ထောင်တောင်းထားသည်ဆိုသောကြောင့် သူ့ဘက်ကပင်မြတ်လျှက် ရှိသည်။
ထို့အပြင် ဤလူများအားလုံးသည် ကြက်သွေးရောင် ဝံပုလွေများ ရောက်ရှိလာချိန်တုန်းက သူတို့အား ထား၍ ထွက်ပြေးသွားခဲ့သူများဖြစ်၏။ ယခု အကုန်လုံးသေဆုံးမှ ပြန်လည်ရောက်ရှိလာကာ အကျိုးအမြတ် အား ရယူချင်နေသူများလည်း ဖြစ်ကြသည်။။
ဆီ ၊ ဆား အစုံဖြင့် ဖြည်စားရုံ ဆိုသည့် ကိစ္စသည် အစစ်အမှန်လောကကြီးတွင် မရှိပေ။
သူတို့အနေဖြင့် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးကြသည် မဟုတ်။ အဘယ့်ကြောင့် အားလုံး၏ အသက်ကိုစတေးကာ ရှေ့မှ လမ်းဖွင့်သွားပြီး တစ်ခြားသူများ၏ အကျိုးအမြတ် ရရှိအောင် ဆောင်ရွက်နေရမည်နည်း။
သူတို့ရှေ့ကို ဆက်သွားလိုက်ကြ၏။
မီတာရာချီ ဆက်လက်လျှောက်သွားလိုက်ပြီးသည့်နောက် မည်သည့်သားရဲ၏ တိုက်ခိုက်မှုကိုမှ သူတို့ မခံရချေ။ သို့ပေမဲ့ ဆေးပင်တော်တော်များများကိုတော့ မြင်ခဲ့ရသည်။
သို့ပေမဲ့ အဝင်နားတွင် ပေါက်နေသော ဆေးပင်များဖြစ်သောကြောင့် ဆေးပင်များ၏ အရည်အသွေးသည် နိမ့်ကျလှ၏။
သို့ပေမဲ့ အနောက်မှ လိုက်လာသော သာမန်ကျင့်ကြံသူသည် စိတ်ဓာတ်တက်ကြွ သွားကြသည်။ သူတို့တွေ ယူဆောင်နိုင်ပြီ မဟုတ်လား.
"ဒီလို ညံ့တဲ့ဆေးပင်တွေက အရမ်းကြီး တန်ဖိုးကြီးတာ မဟုတ်ပါဘူးကွာ။ ဒါပေမဲ့ ဒါတွေအကုန်လုံးကို ယူသွား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ခင်ဗျားတို့ အကုန်လုံးက ကျန်တဲ့ဟာကိုပဲ ယူမယ်လို့ စဉ်းစားထားတာမဟုတ်လား။ အဲ့တော့ ကျန်တဲ့ဟာကိုပဲ ယူကြပါ။"
အားလုံးငြိမ်သက်သွားကြသည်။ ကြည့်ရသည်မှာ ကျန်သည့်ပစ္စည်းများကို ယူရန်ပင် မလွယ်ကူလှချေ။
ထိုအချိန်မှာတော့ အရှေ့မှ လမ်းဖွင့်ကာ သွားလာနေသော ရှောင်ကျီသည် ရုတ်တရက်ရပ်သွားသည်။ ပြီးနောက် သူသည် ခန္ဓာကိုယ်ကို ကုန်း၍ မြေပြင်ပေါ်မှ တုန်ခါမှုကို သိရှိနိုင်ရန် မြေပြင်နှင့် ခေါင်းကပ်၍ နားဖြင့် သေချာ နားထောင်လိုက်၏။
ပြီးနောက် ပြောလိုက်သည်။ "အရှေ့မှာ အကောင်ကြီးကြီးတစ်ကောင် လာနေပြီ။"
ဤအရာသည် သူ ရီရှင်းချန်နှင့်အတူ တောနက်ထဲသို့ သွားလာခဲ့စဉ်က သင်ယူခဲ့ရသော စွမ်းရည်တစ်ခု ဖြစ်၏။ ယခုအချိန်မှာတော့ သူသည် ထိုအရာကို အလွန်အမင်း ကျွမ်းကျင်စွာအသုံးပြုနေနိုင်ပြီဖြစ်သည်။
သို့ပေမဲ့ ဘေးတစ်ဖက် တွင် ရပ်လျက်ရှိသော စုချောင်မို၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ရင်နေ၏ ပြီးနောက် အရှေ့ဘက်သို့ လက်ညိုးထိုးကာ ပြောလိုက်သည်။ "ဂျူနီယာညီလေးရှောင် …. မင်း မျက်လုံးနဲ့ လှမ်းကြည့်ရင် မြင်ရတဲ့အရာကို ဘာလို့ ကုန်းပြီး နားနဲ့ နားထောင်နေတာလဲ။"
“ဟမ်…..”
ရှောင်ကျီသည် အသာခေါင်းမော့၍ လှမ်းကြည့်လိုက်မိသည်။ တောနက်၏ထိပ်ဝမှာတော့ အမဲရောင် အရိပ်ကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။
ထို သတ္တဝါကြီး လျှောက်လှမ်းလာသောကြောင့် မြေပြင်တွင်ရှိသော ကျောက်တုံးများ ၊ သစ်ကိုင်းများ အားလုံး တုန်ခါကုန်ကြသည်။
ဝေါင်း။
ရုတ်တရက်ဆိုသလိုပဲ နားကွဲလောက်စရာ အသံကြီးတစ်ခု ပေါ်ထွက်လာ၏။
ထိုအရိပ်ကြီး၏ လက်ထဲတွင်ရှိသော သစ်ပင်ကြီးသည် ထက်ပိုင်းကျိုးသွား၏။ ပြီးနောက် ရင်ဘတ်ကြီးကို တစ်ဘုန်းဘုန်းနှင့် ထု၍ အညိုရောင် ဒေါမာန်အပြည့် လျှောက်လာသည်။
ဤအကောင်ကြီးသည် အညိုရောင် လူဝံကြီး တစ်ကောင်ဖြစ်ပြီး ၎င်း၏ အရပ်အမြင့်သည် တောင်နက်ဝံပုလွေကြီးနှင့်ပင် နှိုင်းယှဉ်၍ ရလောက်အောင် မြင့်မားလှ၏။
ရီရှင်းချန် တီးတိုးပြောလိုက်သည်။ "အဆင့်ငါးအလယ်အလတ်အဆင့် လူဝံကြီးပဲ။"
"လူဝံ …. ဟုတ်လား။"
ကျွင်းချောင်ရှောင်း ပျော်သွား၏။
သူ၏ အထူးတာဝန်ထဲတွင် သားရဲလေးမျိုးကို သတ်ဖြတ်ရန် လိုအပ်ပြီး ထိုလေးမျိုးထဲတွင် လူဝံအမျိုးအစားတစ်မျိုးလည်း ပါဝင်နေ၏။ တောင်ကြားထဲသို့ ဝင်ဝင်ချင်းမှာပဲ သူတိုပစ်မှတ်ထားသောသားရဲကို တွေ့သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။
ဝေါင်း။
လူဝံကြီးသည် အော်ဟစ်လိုက်၏။
ပြီးနောက် သူ့ဘေးနားတွင်ရှိသော သစ်ပင်ကြီးတစ်ပင်အား အမြစ်မှ ဆွဲနှုတ်လိုက်သည်။
နောက်မှလိုက်ပါကြသော သာမန်ကျင့်ကြံသူများသည် နောက်သို့ အလောတကြီး ဆုတ်ခွာသွားကြ၏။ သို့ပေမဲ့ သူတို့သည် တောင်ကြားထဲမှ တိုက်ရိုက်ထွက်ခွာ မသွားကြချေ။
ကြက်သွေးရောင်မီးဝံပုလွေအားပင် သုတ်သင်ခဲ့သည်ဆိုသောကြောင့် သံမဏိအရိုးဂိုဏ်းပေါ်တွင် သူတို့သည် ယုံကြည်မှု အတော်ရှိနေသည်ဟု ဆိုရမည်။
"ချင်းယန် … ရှောင်ကျီ … ရှောင်မို။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီကောင်ကြီးကို မင်းတို့သုံးယောက် ရှင်းလိုက်ကြ။"
"ကောင်းပါပြီ။"
"ကျွန်မ လုပ်မယ်။"
လုချင်းချင်းသည် ဆန်းကျယ်လှသော ခြေလှမ်းကွက်ကို ထုတ်သုံးကာ ရှေ့သို့ လှမ်းတက်လာသည်။ သူမ၏ ကျောက်စိမ်းရောင်လက်များသည် လေထဲသို့ လွင့်တက်လာ၏။
အေးစက်သော စိတ်ဝိညာဉ်စွမ်းအင်များသည် လေထဲ၌ ဖြစ်တည်လာသည်။ ပြီးနောက် အားလုံး၏ မျက်စိအောက်မှာ ပဲ လေထုထဲတွင် ရေခဲများ စုစည်းလာသည်။
"ရေခဲဓာတ်စင်။"
ရီရှင်းချန် အံ့အားသင့်မိသွားသည်။
အနောက်မှာ ကြည့်နေကြသော သာမန်ကျင့်ကြံသူများအားလုံးသည် မျက်လုံး ပြူးသွားမိ၏။
သံမဏိအရိုးဂိုဏ်း၏တပည့် အမျိုးသမီးတစ်ယောက်သည် လေထုထဲမှာပင် ရေခဲများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဓာတ်သဘာဝ တစ်ထောင်ကျော်ရှိသည်ဆိုသော်လည်း ရေခဲဓာတ်စင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းနိုင်သည် ဆိုသည်မှာ အလွန်အမင်း ရှားပါးလှ၏။
ဤအရာသည် တစ်သောင်းတွင်တစ်ယောက်သာတွေ့ရသော ဓားကျင့်ကြံသူတစ်ယောက်ကဲ့သို့ပင် ဖြစ်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သူက အမြဲတမ်း အေးစက်စက် ဖြစ်နေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ။ရေခဲဓာတ်စင်ကို ပိုင်ဆိုင်တဲ့ သိုင်းပညာရှင် တစ်ယောက်ပဲ။"
နတ်သမီးတစ်ပါးသို့ လှပသည့် လုချင်းချင်းသည် လေထဲသို့ ခုန်တက်လိုက်၏။ သူမသည် ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်များအား အသာလက်ပိုက်ပြီး အော်လိုက်၏။ "ရေခဲစူး"
ဟူး … ဟူး
အေးစက်သည့်လေများသည် သူမ၏ နောက်တွင် အစိုင်အခဲတစ်ခုအဖြစ် ဖြစ်တည်လာပြီး ရေခဲစူးချောင်းများအဖြစ်သို့ ပြောင်းလဲဖြစ်တည်လာ၏။
အားလုံးသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားကြသည်။
ရွှီ။
ရေခဲစူးချောင်းများအားလုံးသည် အရှေ့သို့ အရှိန်နှင့် ထိုးခွင်းကာ ထွက်ခွာသွားတော့သည်။
လူဝံ့ကြီးသည် လက်မြှောက်၍ ရှောင်ချိန်ပင် မရတော့ချေ။
ရေခဲစူးချွန်များအားလုံးသည် ဓားကဲ့သိုပင် သူ၏ ဝမ်းဗိုက်အား ထိုးဖောက် ထွက်ခွာသွားတော့သည်။
ဟူး။
အားလုံးသော သူများတို့သည် သက်ပြင်းရှည်ကြီး ချမိသွားကြ၏။