အခန်း (၁၈၈)
Vol. 13 Ch. 188
လေပွေ ဝံပုလွေ၏ အမွေးများသည် ခရမ်းရောင်ဖြစ်သည်။ လေထဲတွင် လှမ်းလျှောက် ပြေးလွှားရာ၌ လေဘီးများပေါ် စီးနင်းလာသလိုမျိုး အလွန်ကြည့်ကောင်းလှသည်။
ကျွင်းချေုာင်ရှောင်းသည် ထို့ကြောင့်ပင် ဖမ်းဆီးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
အရင်တစ်ခေါက် သူဖမ်းဆီးရန် ကြိုးစားခဲ့သော ကျားသားရဲသည် အားကောင်းလွန်းသောကြောင့် ဖမ်းဆီ၍ မရနိုင်ခဲ့ချေ။ သို့ပေမဲ့ လေပွေ ဝံပုလွေမှာတော့ သိုင်းတပည့် ထိပ်ဆုံးအဆင့် နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အားအင်ကိုသာ ပိုင်ဆိုင်သည်မို့ လွယ်လွယ်ကူကူပဲ ဖမ်းဆီးနိုင်သည်။
သားကောင်ဖမ်းဘောလုံးအား ပစ်လွှတ်ပြီးချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဝံပုလွေကြီး စီး၍ သွားလာနေရသည်ကို ပင် မျက်လုံးထဲ မြင်ယောင်ပြီး စိတ်ကူးယဉ်နေမိ၏။
သို့ပေမဲ့ …..
တကယ်တန်း သားကောင်ဖမ်း ဘောလုံး ဖမ်းဆီးလာနိုင်သည်မှာ ကြမ်းတမ်းလှသော သားရဲရိုင်းကြီး မဟုတ်ဘဲ တောဝက်ကလေးဖြစ်လို့နေသည်။
ချစ်မြတ်နိုးသည့် အမူအရာဖြင့် သခင့်ဆီ ပြေးလွှားလာသော တောဝက်ကို ကြည့်ရင်း ကျွင်းချောင်ရှောင်း၏ စိတ်ကူးထဲတွင် စီးနင်းနေသော ဝံပုလွေသည် တောဝက်အဖြစ်သို့ ပြောင်းလဲသွား၏။
သူသည် ဂိုဏ်းစုဆောင်းမှတ်တစ်ရာအား အသုံးပြု၍ ဤဘောလုံးအား ယူခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား တကယ်တန်းမှာတော့ တောဝက်ကိုသာ ဖမ်းဆီးနိုင်ခဲ့လေသည်။
အု ….အု …။
တောဝက်လေးသည် ခြေပုတိုလေးများနှင့် စိတ်လှုပ်တရှား ပြေးလွှားလာ၏။
ကျွင်းချောင်ရှေုာင်းသည် သူ၏ နဂါးစိမ်း လခြမ်းဓားမော့ကြီးအား ထုတ်ယူ၍ တစ်ခါတည်း ခုတ်သတ်လိုက်ရန် စဉ်းစားလိုက်မိသည်။
“ဂိုဏ်းချုပ် .. သတိထား”
လီချင်းယန် သည် ချက်ချင်းဆိုသလိုပဲ ရှေ့သို့ တိုးလာပြီး လက်ထဲမှ အအေးဓားနှင့် ဂိုဏ်းချုပ်အား တိုက်ခိုက်လိုက်သော လေပွေ ဝံပုလွေအား ခုတ်ပိုင်းလိုက်၏။
ဝှစ် …။
လေပွေဝံပုလွေသည် အခြေအနေအား သိနေသလို အသာ ရှောင်ထွက်သွားသည်။ ချက်ချင်းဆိုသလိုပဲ လေပွေ ဝံပုလွေသည် တောဝက်ကလေး နားသို့ ရောက်ရှိသွားသည်။
တောဝက်ကလေးသည် ကြောက်လန့်တကြားဖြင့် ကျွင်းချောင်ရှောင်းအား အသနားခံသလို ကြည့်ကာ အားရပါးရ ပြေးလာနေ၏။
သေပေ့စေကွာ .. ငါက သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ကွ… မင်းလို ဝက်ကို ဘယ်လိုလုပ် လိုချင်မှာလဲ။
ကျွင်းချောင်ရှောင်း အသာပင် ရပ်ကြည့်နေမိသည်။ လေပွေဝံပုလွေ လက်ချက်ဖြင့် စောစောစီးစီး တောဝက် သေသွာတော့လည်း အဆင်ပြေတာပင်။
ဤနှုန်းအတိုင်းပြေးနေသည် ဆိုမှတော့ ကျိန်းသေပေါက် လေပွေ ဝံပုလွေ လက်ချက်နှင့် သေဆုံးပေလိမ့်မည်။
ဘန်း …။
နောက်ဆုံးမှာတော့ သေနတ်သံ တစ်ချက် ထွက်ပေါ်လာသည်ကို အားလုံး ကြားလိုက်ရ၏။
တောဝက်လေးဆီသို့ ဦးတည်ပြေးလွှားသွားသော လေပွေ ဝံပုလွေသည် ဦးခေါင်းအား ပစ်ခတ်ခြင်း ခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် လွင့်စင်သွားပြီး အဝေးတစ်နေရာရှိ ကျောက်တုံးကြီးနှင့် သွားရောက် ရိုက်မိတော့သည်။
ကျွင်းချောင်ရှောင်း၏ လက်ထဲရှိ ကန္တရလင်းယုန် ဆီမှ အဖြူရောင် အငွေ့တွေ ထွက်ပေါ်လာတော့သည်။ သူ တီးတိုးရေရွတ်လိုက်သည် “ငါ့ရဲ့ ပဋိညာဉ် သားရဲလေ။ သေခြင်း၊ ရှင်ခြင်းကို ငါပဲ ဆုံးဖြတ်မယ်”
“အု … အု”
တောဝက်ကလေးသည် သူ၏ ခြေပုတိုလေးများဖြင့် သခင့်ဆီသို့ ပြေးလာပြီး သခင်၏ ခြေထောက်ကြား ရောက်ရှိလာသည်။ မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်လျက်ရှိ၏။
သူ တောဝက်လေးအား သေနတ်ဖြင့် ချိန်လိုက်သည်။ ပြီးနောက် ခံစားချက် မဲ့စွာ ပြောလိုက်သည် “ကောင်ကလေး .. မင်းရဲ့တည်ရှိမှုက ဒီက သခင်ကြီးကို အရှက်ရစေတယ်။ ကိုယ့်လမ်းကိုယ်သွားတာ ကောင်းမယ်”
“အု …..” တောဝက်ကလေးသည် သူ၏ ပေါင်ကို ပွတ်သပ်လျက် ဆော့ကစားနေသည်။ သူ့သခင်သည် သူ့အား သတ်ပစ်တော့မှာ ဖြစ်ကြောင်း လုံးလုံးမသိရှိချေ။
အာဝူး ..။
လေပွေ ဝံပုလွေ နောက်ထပ် နှစ်ကောင် ရောက်ရှိလာသည်။
ထိုသတ္တဝါတို့၏ မျက်နှာများသည် ရက်စက် ကြမ်းကြုတ်လှပြီး လက်များ၏ ထိပ်တွင် ချွန်မြနေသော လက်သည်းများက တဖွေးဖွေးနှင့် ကြောက်မက်ဖွယ်ရာကောင်းလွန်းနေ၏။
ကျွင်းချောင်ရှောင်းသည် လက်ထဲရှိ ကန္တာရလင်းယုန်အား မြှောက်လိုက်သည်။ သို့ပေမဲ့ သူ သေနတ်မောင်းကို မဆွဲရသေးခင်မှာပဲ တောဝက်ကလေးသည် အသာခေါင်းလှည့်လာ၏။ ပြီးနောက် သူ၏ သွားများဖြင့် မာန်ဖီသလို ပြူမူကာ ဝင်ရောက်လာသော လေပွေ ဝံပုလွေများအား ဟိန်းဟောက်လိုက်သည်။
အု .. အု ။
ကျွင်းချောင်ရှောင်း “……….”
တောဝက်လေးသည် သခင်ကို ကာကွယ်ပေးခြင်းဖြစ်သည်။ သို့ပေမဲ့ တောဝက်လေး၏ ဟိန်းဟောက်လိုက်သံကို ကြားရတော့ ကျွင်းချောင်ရှောင်း အလုံးစုံ ဆွံ့အသွားမိ၏။
ချီးတဲ့မှ .. မင်း အော်သံက ကြောင်တောင် မကြောက်လောက်ဘူး။
အာ ဝူး …။
လေပွေ ဝံပုလွေ နှစ်ကောင်တို့သည် အရှိန်ကို မြင့်တင်လိုက်ကြသည်။ သူတို့ ခြေထောက်အောက် ရှိ လေဘီးလို ပုံရိပ်ယောင်မှာလည်း ပိုမို မြန်ဆန်လာ၏။ ခန္ဓာကိုယ်များသည် အလင်းတန်းများကဲ့သို့ပင် မြန်ဆန်လာတော့၏။
ကျွင်းချောင်ရှောင်း တောဝက်ကလေးအား ကန်ထုတ်ရန် ပြင်လိုက်ချိန်မှာတော့ တောဝက်ကလေး၏ ပါးစပ်သည် ဟလာပြန်သည်။
ချီးတဲ့မှ .. လုပ်ပြန်ပြီ။
“ဝေါင်း ….”
နားကွဲလောက်စရာ ဟိန်းသံကြီးထွက်ပေါ်လာသည်။
ဟိန်းသံနှင့် အနီးဆုံးမှာ ရှိနေသော ကျွင်းချောင်ရှောင်းသည် လိပ်ပြာလွင့်မတတ်ပင် ဖြစ်မိသွား၏။ သူသည် မျက်လုံးအပြူးသား ၊ ပါးစပ် အဟောင်းသားနှင့်ဖြစ်နေတော့၏။
ကောင်းကင်ဘုံ … ဒါက ဝက်အော်သံမှ မဟုတ်တာ။
တိုက်ခိုက်ရန် ပြင်ဆင်နေသော လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသူများအားလုံးသည်လည်း မျက်လုံးအပြူးသား ဖြင့် ဖြစ်သွားကြသည်။
အဘယ့်ကြောင့် ဆိုသော် စောန က ထွက်ပေါ်လာသော အော်သံကြောင့် သူတို့ကို တိုက်ခိုက်ရန် ပြေးဝင်လာကြသော လေပွေ ဝံပုလွေများအားလုံးသည် မြေပေါ် လဲကျ၍ သတိလစ်နေသောကြောင့် ပင်ဖြစ်၏။
ဝံပုလွေများအား အားရပါးရ သတ်ဖြတ်ရန် ပြေးလာကြခြင်း ဖြစ်သည်။ သို့ပေမဲ့ အော်သံကို ကြားလိုက်ချိန်မှာတော့ ကြောက်ရွံလွန်းသောကြောင့် တစ်ခါတည်း သတိပါလစ်သွားကြသည်။ အံ့အားသင့်စရာကောင်းလွန်းလှသည်။
ပို၍ အံ့အားသင့်စရာ ရှိနေသေး၏။
လေပွေဝံပုလွေများ သတိလစ်အောင် အော်လိုက်သောသူ ဖြစ်ပြီး ထိုသူမှာ တောဝက်လေး ဖြစ်လို့နေသည်။
အားလုံသည် တပြိုက်နက်တည်း ထိုအကောင်လေးအား ကြည့်ရှုလိုက်ကြသည်။ ဂိုဏ်းချုပ်ရှေ့တွင် ရပ်နေသော ထိုအကောင်လေး၏ ခန္ဓာကိုယ်ပေါ်တွင် ပုံရိပ်ယောင်လိုအရိပ်အယောင်များ ဖြစ်တည်လာပြီး ဆန်းကြယ်လှသော သတ္တဝါလေး တစ်ကောင် အဖြစ် ဖြစ်ပေါ်နေစေသည်။
စနစ်မှ ပြောလိုက်သည် “ဒါက ဝိညာဉ်သားရဲ နေမယ်”
“ဝိညာဉ်သားရဲဟုတ်လား။” ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်
စနစ်မှ ရှင်းပြလိုက်၏ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့သားရဲတွေကို သားရိုင်း ၊ စိတ်ဝိညာဉ်သားရဲ ၊ နတ်သားရဲ ဆိုပြီး ခွဲခြားထားတယ်။ အခြားနောက်တစ်မျိုး အဖြစ် သီးခြားရှိသေးတာက ဝိညာဉ်သားရဲပဲ။ ဝိညာဉ်သားရဲတွေရဲ့ ပုံပန်းသွင်ပြင်က တခြာသားရဲတွေနဲ့ တူတူပဲဆိုပေမဲ့ သူတို့ရဲ့ အားကောင်းလှတဲ့ ဝိညာဉ်စွမ်းအင်တွေကို စုစည်းပြီး အထူးစွမ်းရည် တစ်ခုကို ထုတ်ဖော်နိုင်ကြတယ်။ ဒါကြောင့်လည်း ဝိညာဉ်သားရဲလို့ ခေါ်တာပေါ့။ စောန က တောဝက်လေးရဲ့ ကိုယ်ပေါ်က ပုံရိပ်ယောင်တွေက ဝိညာဉ်စွမ်းအင်တွေပဲ။ဒါက ဝိညာဉ်သားရဲ သေချာတယ်”
ရှင်းပြချက်ကို နားထောင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း သူ၏ သေနတ်ကို ပြန်သိမ်းလိုက်သည်။ ပြီးနောက် ငါ အစောကတည်းက သိပါတယ်ဆိုသော လေသံဖြင့် ပြန်ပြောလိုက်၏ “ဒီလောက် အန္တရာယ်များတဲ့တော ထဲမှာအသက်ရှင်နေတဲ့ အကောင်လေးက သာမာန်မဟုတ်ဘူးလို့ ငါ အစောကတည်က ထင်တယ်။”
စနစ် ဆွံ့အသွား၏။
စောနတုန်းက ဂိုဏ်းချုပ်ကို အရှက်ရစေတဲ့ သတ္တဝါဆိုပြီး ပြောခဲ့တာ ဘယ်သူလဲ။
ဘယ်သူက သောက်ကျိုးနည်း သေနတ်နဲ့ ပစ်သတ်ဖို့ လုပ်ခဲ့တာလဲ။
လက်ခံသူ .. ဒီထက် ပိုပြီး မျက်နှာပြောင်မတိုက်သင့်ဘူး။
ဝှစ် ..။
ကိုယ်ပေါ်ရှိ ပုံရိပ်ယောင် လိုအရာများ ပျောက်ကွယ်သွားပြီးနောက် တောဝက်ကလေးသည် မျက်လုံးတွေ ချာချာလည်ကာ ကျွင်းချောင်ရှောင်း၏ ခြေထောက်ကြားသို့လဲကျသွားတော့သည်။
အခြေအနေကို ကြည့်ရသည်မှာ စောနက အော်လိုက်သောကြောင့် အားတွေ ကုန်ခမ်းသွားပုံပေါ်၏။
သားကောင်ဖမ်း ဘောလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ထိုက်ချိ လို ပုံသဏ္ဍာန်တွေ ဖြစ်တည်လာပြီး တောဝက်ကလေးအား လွှမ်းခြုံ၍ သိမ်းဆည်းသွားတော့သည်။
“ဘယ်လို ဖြစ်သွားတာလဲ”
သာမာန်ကျင့်ကြံသူများသည် အံ့အားသင့်မိနေကြသည်။
စောနက တောဝက်ကလေးသည် လေပွေဝံပုလွေများအားလုံး သတိလစ် မေ့မျောအောင် အော်ဟစ်ခဲ့သည်။ ထိုအရာကပင် ကြောက်မက်ဖို့ ကောင်းနေပြီမဟုတ်လား။ အခု ရုတ်တရက်ကြီး ပျောက်သွားပြန်သည်။ ထူးဆန်း အံ့အားသင့်ဖို့ကောင်းသလို ယုံကြည်နိုင်ဖွယ်လည်း မရှိချေ။
ကျွင်းချောင်ရှောင်းသည် သားကောင်ဖမ်း ဘောလုံးအား ကောက်ယူပြီး သူ၏ သိစိတ်ကို ပို့လွှတ်ကြည့်လိုက်သည်။ ဘောလုံးထဲရှိ လွတ်မြောက် တည်နေရာလေးတစ်ခုထဲမှာတော့ တောဝက်ကလေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက်ရှိနေသည်။
“ဂိုဏ်းချုပ် …”
လီချင်းယန် သတိဝင်လာသည် “ဒီလေပွေ ဝံပုလွေတွေကို ဘာလုပ်ရမလဲ”
ဟုတ်ပေသည်။ ဖမ်းရမည် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် လီချင်းယန်၏ အမေးကို ပြန်မဖြေသေးဘဲ စနစ်အား မြန်မြန်ဖွင့်၍ သားကောင်ဖမ်း ဘောလုံးနောက်တစ်လုံး ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ သို့ပေမဲ့ စတိုးထဲတွင်တော့ အဖြူကွက်ကြီးသာ ကျန်ရှိတော့သည်။ ဝယ်ယူရရှိနိုင်သည့် ပမာဏသည် တစ် သာ ရှိသည်။
တစ်လလျှင် တစ်လုံးမဟုတ်ချေ။ တစ်သက်လုံးကို တစ်လုံးသာ ဖြစ်တော့၏။
ထိုစာများကို မြင်တော့ ကျွင်းချောင်ရှောင်း သူ၏ ဆံပင်များအား ဆွဲကာ အော်လိုက်တော့သည် “အကုန်လုံးကို သတ်”
ရွှစ် …. ရွှစ်..။
လီချင်းယန် နှင့် တခြားတပည့်များ အားလုံးတို့သည် လေပွေဝံပုလွေ ဆယ့်နှစ်ကောင်အား သတ်ဖြတ်ကာ အရေခွံစုတ် ၊ အရိုးနှင့် သလင်းအမြူတေများ ထုတ်ယူလိုက်ကြသည်။
“ဒင် .. လေပွေ ဝံပုလွေ အား သတ်ဖြတ်ခြင်း ၁၃ / ၁၀၀”
အမဲလိုက်ရရှိသော သားကောင်အရေအတွက် တိုးပွားလာသော်လည်း ကျွင်းချောင်ရှောင်း မပျော်ရွှင်ပေ။ သူ့အနေနှင့် သားကောင်ဖမ်း ဘောလုံးကို ထပ်မံ ဝယ်ယူ၍ မရတော့ချေ။
သူ၏ ကျား၊ ကျားသစ် ၊ ဝံပုလွေ ၊ ခြင်္သေ့ စီးချင်သော ဆန္ဒများ အားလုံး ပျက်သုန်းသွားခဲ့ပြီဖြစ်သည်။
“အဆင်ပြေါတယ်။”
စနစ်မှ နှစ်သိမ့်လိုက်သည် “ဒီကောင်လေး ကြီးလာရင် လက်ခံသူ စီးလို့ရတာပဲ။ ဝက်စီးတာကလည် ကြည့်ကောင်းနိုင်ပါတယ်”
“တော်စမ်း”
…..
သားကောင်ဖမ်းဘောလုံးသည် တောဝက်ကလေးကို သာ ဖမ်းဆီးနိုင်ခဲ့သည် ဆိုပေမဲ့ ထိုသတ္တဝါလေးသည် သန္ဓေပြောင်းသားရဲ ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း စိတ်သက်သာရာတော့ ရမိသည်။
ဖူး ..။
သူ သက်ပြင်းရှည်ကြီးချကာ ရှေ့ရှိ လှိုဏ်ခေါင်းအား ကြည့်ကာ တီးတိုးပြောလိုက်သည် “ရှေ့မှာက လေပွေ ဝံပုလွေတွေရဲ့ စားကျက် တည်နေရာ ဖြစ်မယ်”
“ရှိပါတယ်”
“အထဲဝင်ပြီး မြှားခေါ်ခဲ့”
“အမ် …”
“သွား”
“ကောင်းပါပြီ”
စုရှောင်မို လှံကို ကိုင်ကာ အတွင်းသို့ ပြေးဝင်သွား၏။
ဤအတောအတွင်းမှာပဲ ကျွင်းချောင်ရှောင်း အားလုံးအား သတိပေးလိုက်သည် “လေပွေ ဝံပုလွေတွေက အရမ်းမြန်တယ်။ ဒီတော့ သေချာ ဂရုစိုက်ကြ”
“ကောင်းပါပြီ”
အားလုံး သတိအပြည့်နှင့် ရှိနေကြသည်။
ခဏလောက်ကြာတော့ စုရှောင်မိုသည် လှိုဏ်ခေါင်းထဲမှ ပြေးထွက်လာသည်။
အာ ဝူး ..။
သူ၏ အနောက်တွင်တော့ လေပွေ ဝံပုလွေ ဆယ်ကောင်ကျော်တို့သည် လေကဲ့သို့ပင် အလွန်လျှင်မြန်သောနှုန်းနှင့် လိုက်လာကြသည်။
ဤတစ်ကြိမ် စုရှောင်မိုအား သွားရောက် မြှားခေါ်စေခြင်းမှာ မြန်ဆန်သောကြောင့်ဖြစ်သည်။ ရှောင်ကျီ နှင့် လီယုဟွာတို့သည် စုရှောင်မို လောက် မမြန်ကြချေ။
ကျွင်းချောင်ရှောင်း အေးစက်စက် အော်ဟစ်လိုက်သည် “အားလုံးကို သတ်”
ရွှီး …။
လုချင်းချင်းသည် လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ လက်ဆယ်ချောင်းအား မြောက်၍ စည်းသင်္ကေတ တစ်ခု ဖန်တီးလိုက်သည်။ “အေးခဲလွင်ပြင်”
ဟူး..ဟူး..။
လေအေးများ တိုက်ခိုက်လာပြီး လေအေးများ ဖြတ်သန်သွားလာရာ နေရာတစ်ခုလုံးတွင် ရေခဲလွှာများဖြစ်တည် သွား၏။
“အိုက်ရား …. အမလေးဗျာ ….” အရှိန်နှင့် ပြေးလာသော စုရှောင်မိုသည် သူ၏ ရှေ့မြေမျက်နှာပြင်တစ်ခုလုံး ရေခဲဖြစ်သွားသောကြောင့် ခြေဟန်ချက်ကိုမထိန်းနိုင်တော့ပေ။ တစ်ကိုယ်လုံး မောက်ရက်လဲကျပြီး ကျောက်တုံးကြီးတစ်တုံးဆီ အရှိန်နှင့် သွားတိုက်တော့သည်။