← Chapters

အခန်း (၁၉၂)

Vol. 13 Ch. 192

အခန်း (၁၉၂)

Vol. 13 Ch. 192

မီးနဂါးကြီးသည် အထူးတာဝန်နှင့် တိုက်ရိုက် ပတ်သက်နေသည်။ ထို့ကြောင့် သူ့အနေနှင့် ရှင်းပစ်မှ ဖြစ်မည်။

ရောက်ရှိလာသော အပူလှိုင်များအား စမ်းသပ်ကြည့်မည် ဆိုလျှင် ဤနဂါးကြီးသည် သားမာန်ထက် ပို၍ အားကောင်းနေမှာ သေချာသည်။ ထို့ကြောင့် တပည့်များအား လက်လွတ်စံပယ် ခေါ်သွား၍ မဖြစ်ချေ။

“ချင်းချင်း ….”

ကျွင်းချောင်ရှောင်း မေးလိုက်သည် “အဲကောင်ကြီးက ကြီးလား”

“ဂိုဏ်းချုပ် .. အရွယ်ရောက်ပြီးသား မီးနဂါးဆိုတာ လေးကျန့် လောက်မြင့်မားတယ်” လီချင်းယန် ဝင်ပြောလိုက်သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် တစ်ကျန့်သည် သုံးမီတာ ရှိသည်။ လေးကျန့် ဆိုသည်မှာ ၁၂ မီတာကို ဆိုလိုခြင်း ဖြစ်သည်။ အမြင့်ကို နှိုင်းယှဉ်ရမည် ဆိုလျှင် မီးတောက်နဂါးသည် လေးထပ် အဆောက်အဦ နှင့်ပင် တူညီနေပြီ ဖြစ်၏.။

ခန္ဓာကိုယ်ကြီးမားလေ ပို၍ အားကောင်းလေဖြစ်သည်။

“ဒါက နည်းနည်းတော့ ကြမ်းတယ်” ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်လိုက်၏။

စနစ်မှ ပြောလိုက်သည် “အဆင့်ငါး သိုင်းစစ်သူကြီး အဆင့်ကို အခြေခံရမယ် ဆိုရင် မီးနဂါးရဲ့ အားအင် က အနည်းဆုံး ဂျင် ငါးသိန်းလောက် ရှိတယ်။”

ဂျင် ငါးသိန်းဆိုသည်မှာ အနည်းဆုံး ရှိနေမည့် အားအင် ဖြစ်သည်။

ကျွင်းချောင်ရှောင်၏ နှုတ်ခမ်းတွေသည် တုန်ရင်သွား၏။

စနစ်မှ ပြောလိုက်သည် “ဒါက စဦး တွက်ချက်မှုပဲ ရှိပါသေးတယ်။ မီးဓာတ် သဘာဝကိုပါ ထည့်သွင်း စဉ်းစားမယ် ဆိုရင် လက်ခံသူအနေနဲ့ တပည့်တွေ ခေါ်ပြီး ဝင်သွားမယ်ဆိုရင် ၉၉ ရာခိုင်နှုန်း အကုန်သေမှာပဲ”

“အောင်မြင်ဖို့ တစ်ရာခိုင်နှုန်းတော့ ရှိသေးတာပဲ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။

စနစ် “……”

ငါ ဆိုလိုတာ အကုန်လုံး သေနိုင်တယ်လို့ ပြောချင်တာလေ။ ဘယ်လိုလုပ် ဒါမျိုးကျ အကောင်းဖက် က လှည့်ပြီး စဉ်းစားနိုင်ရတာလဲ။

ကျွင်းချောင်ရှောင်သည်လည်း စနစ်၏ ဆိုလိုရင်းအား နားလည်ပေသည်။ ထို့ကြောင့် သူ့ ဂုတ်ပိုးကို ပွတ်သပ်ကာ မီးတောက်နဂါးအား မည်သို့အနိုင်ယူရမည် ဆိုသည်ကို ဦးနှောက်အရေပျော်မတတ် စဉ်းစားလိုက်သည်။

“ကျိုးဟုန် .. မင်း ဒီကောင်ကြီးကို သတ်နိုင်ဖို့ ယုံကြည်ချက်ရှိလား”

“မရှိပါဘူး” ကျိုးဟုန် တိုက်ရိုက်ပဲ ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။

သူ့ထက် အဆင့် တစ်၊ နှစ် လောက် မြင့်သည် ဆိုလျှင် သူ ယုံကြည်ချက် ရှိနိုင်သေးသည်။ သို့ပေမဲ့ သိုင်းစစ်သူကြီး အဆင့်ငါးနှင့် နှိုင်းယှဉ် ရနိုင်သော မီးတောက်နဂါးအား အနိုင်ယူဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ တွေ့လျှင် ပြေးရန် တစ်လမ်းသာ ရှိ၏။

အကြွင်းမဲ့ အားအင်ရှေ့မှာတော့ အဆင့်ကွားခြားမှုသည် သိသာနေသည်။

ကျိုးဟုန် ပြောလိုက်သည် “ဂိုဏ်းချုပ် … ကျွန်တော့်ကို လင်းကျန့်ဓားသိုင်း နားလည်စေဖို့ အချိန်ခဏပေး ။ ဒင်းကို သတ်ပစ်နိုင်တယ်”

“ဘယ်လောက်ကြာမှာလဲ”

“အနည်းဆုံ တစ်လပါ”

“……”

ကျွင်းချောင်ရှောင်း မေးမိသည့် ကိုယ့်ပါးစပ်ကို ပိတ်ရိုက်ချင်စိတ်ပင် ပေါက်မိသွား၏။

ကြည့်ရတာ … ။ ကျွင်းချောင်ရှောင်း တွေးလိုက်သည်။ ငါ နဂါးစိမ်းလခြမ်းဓားမော့ကို ထုတ်သုံးမှ ဖြစ်မယ်ထင်တယ်။

စနစ်မှ ပြောလိုက်သည် “ဟောင်ချီ ဂိုဏ်းကနေ ပြန်လာပြီးကတည်းက လက်ခံသူရဲ့ အဆင့်က တိုးတက်လာတာ မရှိဘူး။ ဒီတော့ အဆင့်တိုးတက်ခြင်း အဆောင်ကို ချိုးဖျက်ပြီး နဂါးစိမ်း လခြမ်းဓားမော့ကို အသက်သွင်းမယ် ဆိုရင်တောင်မှ ရန်သူ့အနား ကပ်နိုင်မှာ မဟုတ်ဘူး”

ချီးတဲ့မှ …။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါဆို စည်းဓားမော့ကို သုံးမယ်”

ထိုအရာသည် သူ၏ နောက်ဆုံး ဝှက်ဖဲဖြစ်သည်။

ထို့အပြင် သူ့တွင် စည်းဖွင့်ခြင်းအဆောင် နှစ်ခုတောင် ရှိနေ၏။

အထူးတာဝန်ပြည့်စုံစေရန် အတွက် သူသည် ရှိသမျှ အားလုံးကို ထုတ်သုံးကာ အသုံးပြုရတော့မှာ ဖြစ်သည်။

စနစ်မှ သဘောတူလိုက်၏ “ဖြစ်တယ်”

“ဂိုဏ်းချုပ်”

လုချင်းချင်း ပြောလိုက်သည် “ကျွန်မကို ကျင့်ကြံဖို့ တစ်ရက် အချိန်ပေးပါ။ ရေခဲကိုးလွှာ စည်းခတ်ခြင်း လက်ဝါးကို အသုံးပြုပြီး မီးတောက်နဂါးကို စည်းခတ်နိုင်တယ်”

ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားသည်။

အဆင့်ငါး သားရဲကြီးကို စည်းခတ်နိုင်ရန် နတ်ဘုရားအဆင့် သိုင်းနည်းစနစ်အား တစ်ရက်အတွင်း ကျင့်ကြံမှာလား။

ဒါ က ဟာသတစ်ခုလိုပင်။

လုချင်းချင်း၏ အမူအရာကို သေချာကြည့်လိုက်တော့ သူမ သည် စနောက်နေခြင်း မဟုတ်ကြောင်း ကျွင်းချောင်ရှောင်း နားလည်သွားမိသည်။ သူမ သည် လေးလေးနက်နက် ပြောနေခြင်း ဖြစ်၏။

“ဂိုဏ်းချုပ်”

ကျိုးဟုန် ပြောလိုက်သည် “မီးနဂါးကြီး မလှုပ်တော့ဘူး ဆိုရင် သူ့ကို ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ချက်ရှိတယ်”

တစ်ချိန်လုံး ငြိမ်သက်နေသော ရီရှင်းချန် က ပြောလိုက်သည် “မီးနဂါးက မီးဓာတ်အမျိုးအစား သားရဲပဲ။ ရေခဲ နည်းစနစ် နဲ့ စည်းခတ်လိုက်မယ် ဆိုရင် သတ်ဖို့ အချိန်ကောင်းဖြစ်သွားမယ်”

သိုင်းအင်ပါယာသည် သိုင်းအင်ပါယာသာ ဖြစ်သည်။ သူ့တွင် တိုက်ခိုက်ခြင်းနှင့်ပတ်သက်သော အတွေ့အကြုံများသည် အလွန်ပေါကြွယ်လှ၏။

ကျွင်းချောင်ရှောင်း တွေးလိုက်သည်။ အထူးတာဝန် အချိန်ကာလ က နှစ်ရက် ကျန်သေးတယ်။ သူတို့ကို စမ်းကြည့်ခိုင်းရမယ်။ အလုပ်မဖြစ်ဘူးဆိုမှ ငါ စည်းဓားမော့ကို ထုတ်မယ်။

စည်းဖွင့်ခြင်း အဆောင်သည် အလွန်တရာ တန်ဖိုးကြီးလှသည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် သူ ချွေတာထားချင်မိ၏။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်း ဆုံးဖြတ်လိုက်သည် “မနက်ဖြန် ဒီအချိန်မှာ ငါတို့ အထဲဝင်ပြီး မီးနဂါးကို သတ်မယ်။”

အဝေးတစ်နေရာတွင် ရပ်တန့်ကာ အခြေအနေ ကြည့်နေကြသော သာမာန်ကျင့်ကြံသူများသည် ထိုစကားကို ကြားတော့ မျက်လုံးပြူးသွားကြ၏။

သံအဏိ အရိုးဂိုဏ်းသည် ထူးခြားလှချေသည်။ အဆင့်ငါး သားရဲကြီးကိုပင် ဘာအကြောင်းပြချက်မှ မရှိဘဲ သွား၍ သတ်ဖြတ်ချင်နေကြသည်။

“အစ်ကိုရှန့် … နောက်ဆုတ်ကြရအောင်”

“သံမဏိအရိုးဂိုဏ်းက မီးနဂါးကိုသာ မနိုင်ရင် အပြင်ကို အဲကောင်ကြီး ထွက်လာမှာပဲ။ ဒါဆို ကျုပ်တို့ပါ သေကုန်မယ်”

“မီးဓာတ်အမျိုးအစား သတ္တဝါတွေ ဒေါသထွက်ရင် သေမင်းတောင်ကြားတစ်ဝက်လောက်တောင် ပြာကျသွားနိုင်တယ်။”

သာမာန်ကျင့်ကြံသူ တော်တော်များများသည် နောက်ဆုတ်၍ ပြန်သွားချင်မိကြသည်။

ထို့အပြင် လွန်ခဲ့သော ရက်အတွင်း သူတို့ သံမဏိအရိုးဂိုဏ်းနောက်မှ ပစ္စည်းတွေ လိုက်ကောက်ရင်း အကျိုးအမြတ် တော်တော်ရရှိပြီးဖြစ်နေသည်။ ထို့ကြောင့် အသက်ကို ရင်း၍ ဆက်လိုက်စရာ မလိုပေ။

“သွားကြစို့ .. နောက်ဆုတ်ကြမယ်”

သာမာန်ကျင့်ကြံသူတို့၏ အဖွဲ့များထဲမှ ခေါင်းဆောင်တစ်ယောက်သည် လက်သီးဆုပ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း …. ကျုပ်တို့ အရင်သွားနှင့်ပါတော့မယ်။ မီးနဂါးကြီးကို အနိုင်ရပါစေလို့ တောင်းဆုပြုပါတယ်။”

ထိုအရာသည် တောင်းဆုတစ်ခု ဖြစ်သည်ဆိုသော်လည်း သံမဏိအရိုးဂိုဏ်းအတွက် သူတို့ နောက်ဆုံးအကြိမ် တောင်းဆုပြုပေးခြင်း ဖြစ်သည်ဟု တွက်ချက်ထားမိကြသည်။ အဆင်ငါး သားရဲကြီးအား အနိုင်ယူရန် ဆိုသည်မှာ အဆင့်ခြောက် သိုင်းစစ်သူကြီးအဆင့်သာ ပြုလုပ်နိုင်မည် မဟုတ်လော။

ဂိုဏ်းချုပ်ကျွင်းသည် သိုင်းတပည့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်နေသည်။

“ဂိုဏ်းချုပ်ကျွင်း .. ကျုပ်တို့အရင်သွားနှင့်ပါတော့မယ်”

အတော်ကြာတော့ သာမာန်ကျင့်ကြံသူ သုံးဆယ်ထဲမှ တစ်ဝက်ကျော်တို့သည် အရင်ဆုံး ထွက်ခွာသွားကြသည်။

ကျန်ရှိနေသေးသော ဆယ်ယောက်ဘက် လှည့်ကာ ကျွင်းချောင်ရှောင်း မေးလိုက်သည် “ခင်ဗျားတို့က ဘာလို့ မသွားသေးတာလဲ”

မျက်နှာလေးထောင့်နှင့် သက်လတ်ပိုင်းလူ က လေးလေးနက်နက် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းကြောင့်သာ မဟုတ်ရင် ကျုပ်တို့တွေ သေမင်းတောင်ကြားရဲ့ ဒီလို အတွင်းပိုင်းဆီ ဝင်လာနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီမှာနေပြီး ဂိုဏ်းချုပ်ကျွင်းကို ကူညီပါ့မယ်လို့ ဆုံးဖြတ်ထားတယ်”

“ဟုတ်တယ်”

“ဟုတ်ပါတယ်”

သူ့ဘေးနားရှိ သိုင်းပညာရှင်များကလည်း ပြောလိုက်ကြသည် “ကျုပ်တို့ ဒီမှာနေပြီး ဂိုဏ်းချုပ်ကျွင်းကို ကူညီမယ်”

တစ်ချို့က အလောင်းအစားကဲ့သို့ သဘောထား၍ ဂိုဏ်းချုပ်ကျွင်းနောက် လိုက်လာကြသည် ဆိုသော်လည်း တစ်ချို့မှာတော့ ဂိုဏ်းချုပ်ကျွင်းအား အစစ်အမှန် ကျေးဇူးတင်လျက်ရှိကြသည်။ မီးနဂါးကြီးကို သတ်ဖြတ်နိုင်ပါက သူတို့ပါ အကျိုးအမြတ် ကြီးကြီးမားမား ရရှိနိုင်၏။

“မလိုဘူး”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ခင်ဗျားတို့ အားလုံး ဒီမှာပဲ ကျန်ခဲ့ကြ”

“……..”

အားလုံး၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားကြသည်။

သံမဏိအရိုးဂိုဏ်းသည် သူတို့အား အထင်သေးနေသည်လား။ သူတို့အား ဘောင်ဝင်တန်းဝင် ကျင့်ကြံသူများအဖြစ် မသတ်မှတ်ကြဘူးလား။

မဟုတ်ပေ။

ကျွင်းချောင်ရှောင်းအနေနှင့်လည်း စိတ်ပူစရာရှိနေသည်။ တခြားကျင့်ကြံသူများသာ နဂါးကြီးအား သတ်ဖြတ်လိုက်ပါက သူ၏ အထူးတာဝန် ပြည့်ဝရန် မဖြစ်တော့ချေ။

မီးနဂါးကြီးသေခါနီး အခြေအနေ ရောက်နေပြီဆိုမှ တခြားသော ကျင့်ကြံသူတစ်ယောက်ယောက်က အလိုက်ကန်းဆိုး မသိဘဲ နောက်ဆုံးပိတ် အသက်ကို နှုတ်ယူသွားမည် ဆိုရင် သူ ကြိုးစားထားသမျှ အကုန်လုံး သဲထဲရေသွန် ဖြစ်ကုန်ပေလိမ့်မည်။

ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်လာမည်ကို ကာကွယ်သည့် အနေဖြင့် အားလုံးအား လိုက်မလာစေရန် တားဆီးထားမှ ဖြစ်မည်။

“အားလုံးပဲ” သူ လှိုဏ်ခေါင်းကြီးအား လက်ညိုးထိုးပြလိုက်သည် “အထဲကို ဝင်မလာပါနဲ့။ ခွင့်ပြုချက် မရှိဘဲ ဝင်လာရင် ကျုပ်အဆိုးမဆိုနဲ့နော်”

သူတို့သည် ကောင်းမွန်သည့် စိတ်အခံဖြင့် ကူညီရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သံမဏိအရိုးဂိုဏ်း၏ ခြိမ်းခြောက်မှုကိုသာ ခံနေရ၏။

စိတ်တိုလွယ်သော တစ်ချို့သော ကျင့်ကြံသူများသည် ဒေါသတကြီးဖြင့် လှည့်ထွက်သွားကြတော့သည်။

ကျွင်းချောင်ရှောင်း နှင့် တပည့်များသည် ခြေချိတ်ထိုင်၍ အနားယူကာ သူတို့၏ အကောင်းဆုံး အခြေအနေကို ရရှိရန် အားဖြည့်လျက်ရှိသည်။

လုချင်းချင်းသည်သန့်ရှင်းသော နေရာတစ်ခုတွင် ထိုင်ကာ ရေခဲကိုးလွှာစည်း လက်ဝါး နည်းစနစ်အား နက်နက်နဲနဲ နားလည်စေရန် ကြိုးစားလိုက်သည်။ သူမ ၏ ကိုယ်ပေါ်တွင် အအေးမှုန်များ ဖြစ်တည်လာ၏။

ရီရှင်းချန် အံ့အားသင့်သွားသည် “ဒီမိန်းမ ဆီမှာ ရေခဲဓာတ် ခန္ဓာကိုယ် ရှိနေတာပဲ”

ထိုကဲ့သို့ အထူးခန္ဓာကိုယ် မရှိဘဲနှင့် အထူးနည်းစနစ် များအား မြန်မြန်ဆန်ဆန် နားလည်အောင် ကျင့်ကြံ၍ မရချေ။

အထူးခန္ဓာကိုယ်ဆိုသည်မှာ သက်ဆိုင်ရာ ဓာတ်သဘာဝ ပိုင်ဆိုင်သူ ထက်ပင် ပို၍ အားကောင်းသေး၏။ ကျွင်းချောင်ရှောင်းကို ဥပမာပြုရမည် ဆိုလျှင် မီးဓာတ်အမျိုးအစား သပ်ရပ်မီးအား ပိုင်ဆိုင်သည် ဆိုသော်လည်း မီးဓာတ် ခန္ဓာကိုယ် ကို ပိုင်ဆိုင်သည်မဟုတ်ချေ။ ထို့ကြောင့် မီးဓာတ်ခန္ဓာကိုယ် ပိုင်ဆိုင်သူများလောက် မီးဓာတ်နည်းစနစ် ကို နားလည်နိုင်ရန် မဖြစ်နိုင်။ ဤသဘောပင်။

ရီရှင်းချန် တွေးလိုက်သည်။ မနေ့တုန်းက ဂိုဏ်းချုပ် သူမ ကို ပေးခဲ့တဲ့ နည်းစနစ် က အဆင့်နိမ့် နည်းစနစ် တစ်ခု မဟုတ်နိုင်ဘူး။ မနက်ဖြန်မှ နည်းစနစ်ကို နားလည်အောင် ပြုလုပ်ပြီး မီးနဂါးကို စည်းခတ်နိုင်တယ်ဆိုရင် သူမ က သာမာန်ထက်ပိုတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်တာ သေချာပြီ။

သူ စဉ်းစားတာကို ရပ်တန့်ပြီး ထိုက်ရွှမ်ကျမ်းအား နားလည်အောင် ကြိုးစားလိုက်တော့သည်။

မနက်ဖြန် တိုက်ပွဲသည် ကြမ်းတမ်းမည် ဖြစ်သည်။ သူ့အနေနှင့် ဘေးမှ ထိုင်ကြည့်နေ၍ မဖြစ်ချေ။ ထို့ကြောင့် လေးလေးနက်နက် ပြင်ဆင်ထားမှ ဖြစ်မည်။

လီချင်းယန် နှင့် တခြားသူများသည် မနက်ဖြန်၌ ကြီးမားလှသော တိုက်ပွဲကြီးကို ရင်ဆိုင်ရမှာ ဖြစ်ကြောင်း နားလည်ကြသည်မို့ သူတို့၏ အခြေအနေအား အကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြသည်။

ရှောင်ကျီသည် မကျင့်ကြံပေ။ ကင်းသာ စောင့်လျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ အဆင့် တိုးတက်မလာအောင် ပိတ်ပင်ခံထားရသည်မို့ ကျင့်ကြံနေ၍လည်း ဘာမှ မထူးခြားပေ။ သူသည် လုချင်းချင်းနှင့်မနီးမဝေးတွင် ထိုင်ပြီး သူမကို စောင့်ရှောက်နေလိုက်သည်။ ထိုအခိုက်မှာပဲ စတိုးအား ဖွင့်ကာ ကြည့်လိုက်မိသည်။

မီးနဂါးကြီးအား သတ်ဖြတ်နိုင်ရန် ပစ္စည်းကောင်းအနည်းငယ်လောက် ရလျှင် တော်တော်အဆင်ပြေလိမ့်မည်။

All Chapters