သင်ပေးရမလား။
Vol. 4 Ch. 37
များမကြာမီမှာပင် အစေခံများနှင့်အတူ လက်နက်သခင်များ အားလုံး စုရုံးရောက်ရှိလာ တော့၏။
ငယ်ရွယ်သော လူစိမ်းတစ်ယောက်သည် အကြီးအကဲဝမ်ကို သူ့အတွက် မီးထိန်းပေးရန် တောင်းဆိုဝံ့သည်လော။
“ အကြီးအကဲဝမ် စိတ်လျှော့ပါ ... သူက ငယ်ရွယ်ပြီး အသိဉာဏ်ကင်းမဲ့တဲ့အတွက် ဒါကို အလေးအနက် မထားတာ မြင်သာပါတယ်။ ”
အဖိုးအိုတစ်ဦးက အကြီးအကဲဝမ်ကို ဖြောင်းဖျနှစ်သိမ့်လိုက်သည်။ အကြီးအကဲဝမ်မှ ခေါင်းရမ်းပြလျက်၊
“ ဟေ့ ... မင်းနာမည်က စုဘယ်သူ မြန်မြန်လုပ် မင်းငါတို့ကို အမြင်ကျယ်စေအောင် ဘာလုပ်ပြမှာလဲ။ ”
-ဟု ဟစ်အော်လိုက်၏။
ထို့နောက် မီးဖိုအနား ချဉ်းကပ်သွားကာ မီးညှပ်ဖြင့် ကျောက်မီးသွေးများ ကောက်ထည့် လိုက်လေသည်။
ကျန်ပန်းပဲသခင်များက ပြုံးရယ်လျက် စောင့်ကြည့်နေကြ၏။ ဝမ်တျန်းရန်၏ ဒေါသကို သူတို့ အသိဆုံး ဖြစ်သည်။
“ လူငယ်လေး ... မင်းက သခင်လေးဟွမ်ရဲ့ သူငယ်ချင်းမို့လို့ ငါတို့ဓားတစ်လက် လုပ်ပေးနိုင် ပါတယ် အကြီးအကဲဝမ်ကို မြန်မြန်တောင်းပန် လိုက်ပါ ... သူနဲ့ မပြိုင်ချင်စမ်းပါနဲ့။ ”
“ ငါသူနဲ့ ပြိုင်ဖို့လာတာ မဟုတ်ဘူး ... ငါ့အတွက်ဓားကို ငါကိုယ်တိုင် လုပ်နိုင်တယ် မီးထိန်းသမားပဲ လိုတာ။ ”
စုရီ၏ တုန့်ပြန်စကားကြောင့် လူတိုင်း တိတ်ဆိတ် သွားတော့သည်။ စုရီမှ မီးဖိုအနားသို့ လျှောက်လှမ်းလျက် သူ့ဘေးရှိ ကြေးနီ စားပွဲကြီးထံ လှည့်ကြည့်၏။
“ ငါမှာထားတဲ့ ပစ္စည်းတွေ ဒီမှာတင်လိုက်။ ”
ထို့နောက် လက်နက်သခင်များမှ မျက်မှောင်ကြုတ်လျက် အစေခံများထံ အချက်ပြလိုက်သည်။
အလုပ်သင် ပန်းပဲဆရာ တစ်ယောက်က ဟွမ်ချမ့်ကျွယ်ဘက် လှည့်ကြည့်ပြီး၊
“ သခင်လေးဟွမ် ... သူက ဘယ်သူလဲ ငယ်ရွယ်မောက်မာပြီး ဒေါသ အရမ်းကြီးတယ်။ ”
-ဟု မေးမြန်းလိုက်သည်။
ဟွမ်ချမ့်ကျွယ်မှ စိတ်မချမ်းမသာဖြင့်၊
“ အဓိပ္ပါယ်မဲ့တဲ့ မေးခွန်းတွေ မမေးနဲ့ စောင့်ကြည့် ... သူ့စကားအတိုင်း လုပ်ပြမလား လုပ်မပြနိုင်ဘူးလား သိလိမ့်မယ်။”
ထို့ကြောင့် လူတိုင်းက မေးခွန်းထုတ်ရန် မကြိုးစားတော့ဘဲ အသေးစိတ် စောင့်ကြည့်ကြ တော့သည်။
စုရီအတွက်မူ သေမျိုးအဆင့် လက်နက်မျှသာ ဖြစ်သဖြင့် ၎င်းတို့ တွေးထင်နေ သကဲ့သို့ စိန်ခေါ်မှုမျိုး မခံစားရချေ။
ပထမဦးစွာ သံရည်အိုးထဲသို့ ပါဝင်ပစ္စည်း ခြောက်မျိုးခန့် ပစ်ထည့်လိုက်သည်။ ထို့နောက် အကြီးအကဲဝမ်ဘက် လှည့်ကာ၊
“ ငါမပြောမချင်း မီးအရှိန်ကို မြင့်ပါ။ ”
-ဟု မှာကြားတော့၏။
သူ့လေသံနှင့် ထိုအမူအရာကြောင့် ဟွမ်ချမ့်ကျွယ်ပင် မျက်လုံးပြူး သွားမိလေသည်။ သူ့အစ်ကိုစုသည် အမှန်ပင် ကြီးစိုးနေ၏။
အကြီးအကဲဝမ် အတွက်မူ ဆိုဖွယ် မရှိတော့ချေ။ ဒေါသကြောင့် အသားဆတ်ဆတ် တုန်ကာ အံကြိတ်ထားတော့၏။
အပူချိန်တိုးစေရန် ကျောက်မီးသွေးနှင့် အခြားသော လောင်စာများကို အဆက်မပြတ် လောင်းထည့်သည်။
စုရီက ယန်ကြေးနီမှုန့်ကို သံရည်ကြိုအိုးထဲ လောင်းထည့်ကာ၊
“ ဆယ့်ငါးမိနစ်ကြာအောင် ဒီအပူရှိန်ကို ထိန်းထား။ ”
-ဟု မှာကြားလိုက်ပြန်၏။
အကြီးအကဲဝမ်မှ စကားတစ်ခွန်းမျှ မဆိုချေ။ သူပြောသမျှ လုပ်ဆောင်ပေး၏။ ထိုအချင်းအရာ သည်ပင် ဟွမ်ချမ့်ကျွယ်နှင့် ပန်းပဲသခင်များကို ပို၍ ထိတ်လန့်လာစေသည်။
“ မီးနည်းနည်းလျော့ ... ။ ”
“ ဆက်ထိန်းထား ... ။ ”
ထို့နောက်တွင် စုရီက ပါဝင်ပစ္စည်းများကို လောင်းထည့်လျက် အပူရှိန်ကို အလျော့အတင်း လုပ်ခိုင်းသည့် အသံများသာ ထွက်ပေါ် နေတော့သည်။
လုပ်ငန်းစဉ်တစ်လျှောက်တွင် အကြီးအကဲဝမ်သည် အမှန်တကယ်ပင် စုရီ၏ မီးဆွဲသမား ဖြစ်လာခဲ့သည်။
ဟွမ်ချမ့်ကျွယ်မှ နဖူးမှ ချွေးကိုသုတ်ကာ ဆုတောင်းနေမိ၏။ အစ်ကိုစုဓားသည် ဓားကြမ်း ပေါ်ရုံဖြင့် အခြေအနေကို ဖြေရှင်းနိုင်မည်။
မဟုတ်သော် ၎င်း၏ လက်ရှိအပြုအမူနှင့် အကြီးအကဲဝမ် ဒေါသကြောင့် ပန်းပဲရုံတစ်ခုလုံး ပေါက်ကွဲသွားနိုင်၏။
“ နည်းနည်း မီးထပ်တင် ... ။ ”
“ မလုံလောက်ဘူး ... ထပ်တင်။ ”
“ ထပ်တင် ... ။ ”
“ မီးရဲ့အနှစ်သာရကို သိရဲ့လား ... ထပ်တင်စမ်း ... ။ ”
အကြီးအကဲဝမ်၏ အမူအရာမှာ ပို၍ ဆိုးရွားလာသည်။ တစ်နာရီ ကုန်လွန်ပြီးနောက် ဖားဖိုမှ ထွက်လာသော အပူလှိုင်းများဖြင့် ပန်းပဲရုံတစ်ခုလုံး ပွက်ပွက်ဆူနေ၏။
ကြည့်ရှုသူများမှာ ရေချိုးထားသလို ချွေးများဖြင့် ဖုံးလွှမ်းကုန်သည်။ သူတို့ကိုယ်တိုင် သံရည်အိုးထဲ ရောက်နေသကဲ့သို့ ခံစားလာ ရ၏။ သို့တိုင်မည်သူမျှ ထွက်ခွာရန် ဆန္ဒမရှိချေ။
ဖားဖိုကို ဆွဲနေသော အကြီးအကဲ ဝမ်တျန်းရန်မှာ အဆိုးဆုံးပေပင်။ အရေပြားများ ကြက်သွေးရောင် ပြောင်းကုန်၏။
သူ့အတွက် ကန့်သတ်ချက် ရောက်လုနီးပြီ ဖြစ်သည်။ ထိုအချိန်၌ စုရီမှ ခရမ်း-ရွှေလက်စွပ် ထုတ်ယူပြီး ပစ်ထည့်လိုက်၏။
“ ဝုန်း ... ။ ”
သံရည်ပူများ ထတောက်ကာ မီးလျှံများ အခန်းအပြည့် လျှံကျလာသည်။ လက်စွပ်သည် မြင်သာသောအဟုန်ဖြင့် အရည်ပျော်သွား၏။
“ ဆက်ထိန်းထား ... လုံးဝ မလျော့စေနဲ့။ ”
အကြီးအကဲဝမ်တစ်ယောက် သည်းမခံနိုင်တော့ချေ။ သို့တိုင် စုရီက မီးကို ထိန်းထားရန် အချက်ပြနေပြီး သံရည်အိုးကို စောင့်ကြည့်နေသည်။ နာရီဝက်အကြာတွင် နှင်းခဲရေကို လောင်းထည့်လိုက်တော့၏။
“ ရှဲ ... ။ ”
သံရည်အိုး တစ်ခုလုံး ပွက်ပွက်ဆူ သွားသည်။ ဤသည်မှာ လောင်ကျွမ်းနေသော အရည်ကို ရုတ်တရက် ငြိမ်းသတ်ခြင်းဖြင့် စွမ်းအင်အပေါ်ဖမ်းယူခြင်း မည်၏။
များမကြာမီ ပန်းပဲရုံတစ်ခုလုံး မြူခိုးများဖြင့် ပြည့်နှက်လာတော့သည်။ လူတိုင်း အနည်းငယ် ဆုတ်ခွာလိုက်ကြ၏။
“ ဟမ့် ... ။ ”
အကြီးအကဲဝမ်က လှောင်ပြောင် လိုသော်လည်း မောပန်းနေသဖြင့် မရယ်နိုင်ချေ။ နှာခေါင်းရှုတ်သံသာ ပေးနိုင်ခဲ့၏။
“ ဓားတစ်လက် မဖြစ်ခင်မှာ ... မီးငြိမ်း လိုက်တာလား ... ဘယ်လို ရယ်စရာကောင်းတဲ့ နည်းပညာလဲ ... ငါတစ်ခါမှ မမြင်ဖူးဘူး။ ”
ရပ်ကြည့်နေသူများထဲမှ အကြီးအကဲဝမ် ကဲ့သို့ကျွမ်းကျင်သော လက်နက်သခင်တစ်ဦးမှ သုံးသပ်စကား ဆိုလိုက်သည်။
လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။ သူတို့အားလုံးသည် တစ်နှစ်ပတ်လုံး ဓားများ သွန်းလုပ်နေသူများ ဖြစ်သည်။
အမှန်ပင် ဤသဘောတရားမှ ခွဲထွက်နေသော နည်းလမ်းမျိုးကို မမြင်ဖူး ကြချေ။
ကြည့်နေဆဲမှာပင် ပွက်ပွက်ဆူနေသည့် အရည်များက လျော့ကျသွာပြီး အနည်းငယ် ငြိမ်သက်သွားတော့၏။
သို့တိုင် အရည်များက အနည်းငယ် ဆူပွက်နေသေးသည်။ စုရီက သံညှပ်တစ်ခုကို ကောက်ကိုင်ကာ ထိုအရည်ထဲ ထိုးမွှေ၏။
သံရည်ကြိုအိုး အောက်ခြေတွင် ဓားသန္ဓေသားသည် ခရမ်းရောင်ဖျော့ဖျော့ အဆင်းများဖြင့် ငြိမ်သက်နေခဲ့သည်။
“ ပုံသဏ္ဍာန် မဆိုးဘူး။ ”
ပန်းပဲသခင် တစ်ယောက်က ချောင်းကြည့်ပြီးနောက် အံ့အားသင့် သွားသည်။ သို့သော် ဤသည်မှာ သန္ဓေသား အဆင့်မျှသာ ရှိသေးသည်။
သန့်စင်မည့် လုပ်ငန်းစဉ်များအပေါ် ခံနိုင်ရည် ရှိ-မရှိ မသိသေးချေ။ သို့သော် ဤမျှ ညံဖျင်းသော ပါဝင်ပစ္စည်း အရည်အသွေးဖြင့် ကောင်းမွန်သော လက်နက်တစ်ခု မရနိုင်ဟု ပြောဝံ့ပေသည်။
စုရီက ဓားပုံကြမ်းကို ပေတုံးပေါ် တင်လိုက်ကာ ညာလက်ဖြင့် ပေါင်တူကြီးကို ကိုင်လျက် ထုနှက်တော့၏။
“ ကလန် ... ကလန် ... ကလန် ... ။ ”
မီးပွားများ ပြန့်ကျဲကုန်သည်။ ပဲတင်သံသည် ပန်းပဲသခင်များ နားစည်ကို ပြင်းစွာ ရိုက်ခတ်နေ ခဲ့၏။
ပေါင်တူကြီးက တစ်ဖက်လူငယ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု အလား ပေါ့ပါး သွက်လက်နေကာ ဆင်းသက်ချိန်တိုင်း မီးပွားများ ပွင့်လာခဲ့သည်။
“ ဒါက ဘယ်လိုနည်းစနစ်လဲ ... အဲဒါကို နားထောင်စမ်း အသက်ရှူတဲ့ ကြိမ်နှုန်းအတိုင်း နရီ မိနေတယ် ... ဓားရဲ့ပဲ့တင်သံက စွမ်းအင် တစ်ခုခုကို ချိတ်ဆက်နေသလိုလိုပဲ။ ”
ပန်းပဲသခင် တစ်ယောက်မှ ချက်ချင်း သတိထားမိကာ အံ့ဩတကြီး အော်ဟစ်သည်။ ကျန်လူများသည်လည်း ၎င်းကို လိုက်ပါ ခံစားမိ၏။
မဆုတ်မနစ် တိုက်ပွဲဝင်လိုသော ဆန္ဒနှင့် ကြမ်းကြုတ် ထက်ရှမှုကို ဝိုးတဝါး မြင်ယောင် လာစေသည်။
တဖြည်းဖြည်းဖြင့် ဓားပုံကြမ်းမှာ ကျုံ့ဝင်သွားပြီး ပို၍ ကျစ်လျစ် သိပ်သည်းသွား တော့၏။
“ ဒီကောင်လေး ... ။ ”
အဆုံးတွင် ပန်းပဲသခင်များ အားလုံး စိတ်လှုပ်ရှား လာတော့သည်။ ဤအဆင့်သည် အရေးအကြီးဆုံး ဖြစ်ချေ၏။
လိုအပ်သော သိပ်သည်းမှုမျိုး မရခင် ထုရိုက်မှုကြောင့် ပျက်စီးနိုင်ပေမည်။ အစောပိုင်း အခြေအနေ၌ သူတို့သည် ဓားကို ပျက်စီးစေလို၏။
ယခုမူ ဤဓား၏ နရီကိုက်နေသော ပဲ့တင်သံ၏ ကြားပြီးနောက် အောင်မြင်စေလို ခဲ့ပြန်သည်။ ၎င်းသည်သာ ဓားဖြစ်လာပါက မည်မျှထက်ရှမည်ကို သိချင်လာ၏။
အသက်အောင့်လျက် စုရီနှင့်အတူ ပေါင်တူကို စိတ်ထဲမှ မြှောက်ကာ ထုရိုက်နေမိ ကြလေသည်။ လက်ရှိအချိန်၌ စုရီထက်ပင် ပို၍ စိတ်လှုပ်ရှားကုန်၏။
“ ကလန် ... ။ ”
“ ကလန် ... ။ ”
အဆုံးတွင် ပေါင်တူ ရပ်သွား၏။ အရှည်နှစ်ပေခုနစ်လက်မနှင့် ဗျက်သုံးလက်မ ကျယ်သော ဓားတစ်လက် ဖြစ်တည်လာသည်။
“ ရွှပ် ... ။ ”
ကိုယ်ထည်မှာ အနက်မှောင်သော အသွေးရှိ၏။ လေထဲသို့ လွှဲခုတ်လိုက်သည်နှင့် ခရမ်းရောင်အလင်းအချို့ ဖြတ်ပြေးသွားသည်။
“ ဒါ ... ။ ”
ပန်းပဲသခင်များ အားလုံး အသက်ရှူရန် မေ့လျော့သွားချေပြီ။ ဤသည်မှာ ဝိညာဉ်အဆင့် ဓားတစ်လက် ဖြစ်၏။
“ ထန် ... ။ ”
ကြည့်ရုံဖြင့် နှလုံးသား တစ်ခုလုံး အေးစိမ့်သွားစေသည်။ စုရီက ဓားသွားကို လက်ဖြင့် တောက်ကြည့်လိုက်ရာ တဆက်ဆက် တုန်ခါလျက် မြည်သံပေးတော့၏။
၎င်းသည် ဝိညာဉ်အဆင့် မဟုတ်ခဲ့ချေ။ သို့သော်လည်း ခရမ်းရွှေကို ပေါင်းထည့်ခြင်းဖြင့် ဝိညာဉ်ပိုင်ဆိုင်မည့် အရိပ်အယောင်အချို့ ပြသလာသည်။
သာမန် ဓားများထက် သာလွန် ကောင်းမွန်ပြီး သေမျိုးအဆင့်နှင့် ဝိညာဉ်အဆင့် ကြားတွင်ရှိ၏။
“ မင်း …. ဘယ်လို လုပ်လိုက်တာလဲ။ ”
အကြီးအကဲဝမ်တစ်ယောက် သည်းမခံနိုင်တော့ဘဲ မေးမြန်းလိုက်လေသည်။ အဆုံးတွင် သူ့မျက်ဝန်းများအတွင်၌ ရှုံးနိမ့်မှု၊ ရူးသွပ်မှုနှင့် မယုံနိုင်မှုများ ထင်ဟပ်နေ၏။
“ စိတ်ဝင်စားလို့လား ... ငါသင်ပေးလို့ရတယ်။ ”
စုရီက ရိုးရိုးရှင်းရှင်း တုန့်ပြန်လိုက်၏။ အကြီးအကဲဝမ်ခမျာ တုန်ရီလျက် အသက်မဲ့သွား လေသည်။
အချိန်အတော်ကြာ တွေဝေနေပြီးနောက် အဆုံးတွင် ခေါင်းငိုက်စိုက် ကျသွားတော့သည်။ ထို့နောက် အံကြိတ်လျက် ရှက်ရွံ့စွာဖြင့်၊
“ သခင်လေးစု ... သခင်လေးရဲ့ နည်းလမ်းတွေက ... ထက်မြက်လွန်းပါတယ် ဒီအဖိုးကြီးဝမ်မှာ သင်ယူဖို့ အရည်အချင်း မရှိတော့ပါဘူး။ ”
-ဟု ဝန်ခံလိုက်လေသည်။
***