← Chapters

နှလုံးသားဟူသည်။

Vol. 4 Ch. 40

နှလုံးသားဟူသည်။

Vol. 4 Ch. 40

ဟွမ်ချမ့်ကျွယ်တစ်ယောက် တိတ်ဆိတ်သွားသည်။ စုရီက ခေါင်းယမ်းလျက်၊

“ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။ ”

-ဟု ဆိုလိုက်၏။

“ အစ်ကိုစု၊ စိတ်မပူပါနဲ့ ... နောက် မဖြစ်စေရပါဘူး။ ”

ထိုမြင်ကွင်းက နီပိုင်ဟွာကို သက်ပြင်းချ မိစေသည်။ မြေခွေးအိုကြီး ဟွမ်ယွင်ချုံးသည် ဉာဏ်ကောင်းချေပြီ။

ဤနည်းဖြင့် စုရီကြောင့် ဟွမ်ချမ့်ကျွယ် အနာဂါတ်မှာ တောက်ပသွားနိုင်၏။ ပြန်သွား ပြီးနောက် သူ့သားနီထန့်ကို သခင်လေးစုနှင့် ရင်းနှီးအောင်လုပ်ရန် စေခိုင်းရပေမည်။

“ သခင်လေးစု ... ဒါကို ဘယ်လို ဖြေရှင်းသင့်တယ် ထင်လဲ။ ”

နီပိုင်ဟွာက မေးမြန်းလိုက်သည်။

“ စုရီ၊ ငါမှားသွားပါတယ် ... ငါ့ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပါ ဒီနေ့ ဖြစ်ခဲ့တာ တွေကို ပြန်မပြောဘူးလို့ ကျိန်ဆိုပါ့မယ်။ ”

ဝမ်ကျိယွင်က ပါးနပ်သူ ဖြစ်လေရာ ဤအခင်းအကျင်းကို မြင်ပြီးနောက် ချက်ချင်း တောင်းပန်တော့သည်။

စုရီမှ တုန့်ပြန်ခြင်း မရှိသဖြင့် ဟွမ်ချမ့်ကျွယ်က လှမ်းတက်လာပြီး ဝမ်ကျိယွင် ကျောပြင်မှ ဓားကို အားစိုက်ထိုးသွင်း လိုက်တော့သည်။

ဓားဖျားက နှလုံးကို ဖောက်လျက် မျက်လုံးပြူးကျယ်ကာ သေဆုံးသွားခဲ့သည်။ အဆိုပါ လုပ်ရပ်သည် လူတိုင်းကို မှင်တတ် သွားစေ၏။

“ အစ်ကိုစု၊ ငါထပ်ပြီး တစ်ခုခု လုပ်မိပြန်ပြီ။ ”

ဟွမ်ချမ့်ကျွယ်မှ ကြက်သတ်မိသည့်အလား ပေါ့ပေါ့ပါးပါးပင် ပြောကြားလိုက်သည်။

“ မင်းရဲ့ မျက်နှာပေါ်က သွေးတွေကို ဆေးပြီး ပြန်လာခဲ့။ ”

“ အစ်ကိုစု ငါ ... ။ ”

ဟွမ်ချမ့်ကျွယ်က စကားအချို့ ပြောချင်သော်လည်း စုရီက လက်ကာပြလိုက် လေသည်။ သို့မှသာ ပြုံးရွှင်စွာ ထွက်ခွာသွား၏။

ဝမ်မိသားစု ဒုတိယအကြီးအကဲသားကို သတ်ခြင်းဖြင့် ဟွမ်ချမ့်ကျွယ်က သူ့သစ္စာရှိမူ ပြသသွားသည်။

ဤအရာက နီပိုင်ဟွာကို အမြင်ကျယ် စေသည်။ သူသည်သာ ဟွမ်ချမ့်ကျွယ် နေရာ၌ ရှိပါက ထိုသို့ ပြုလုပ်ရန် တုန့်ဆိုင်းနေမိ ပေမည်။

“ သခင်လေးစု ဒါက မက်မွန်ဆေးခန်းပါ ပြီးတော့ လူတော်တော်များများက ဝမ်ကျိယွင် ဝင်လာတာကို မြင်ကြပါတယ် ငါတို့ ဒီကိစ္စကို ဖုံးဖိမထားနိုင်မှာ ကြောက်မိတယ် ...

... ဒါပေမယ့် စိတ်ချပါ ဒီနေ့ ဒီအဖြစ်အပျက်တွေကို ဖြေရှင်းဖို့ ငါအစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ”

နီပိုင်ဟွာက ပြတ်ပြတ်သားသား ကတိပေး လိုက်သည်။ ဝမ်ကျိယွင်၏ အဆင့်အတန်းမှာ မရိုးရှင်းချေ။

သူ့ကဲ့သို့ တပ်မှူးသည်ပင် ၎င်းကို ဖြေရှင်းလိုပါက ပြဿနာများစွာ ကြုံတွေ့ရမည် ဖြစ်သည်။

သို့သော် သူ့နောက်တွင် မြို့သခင်ဖူရှန်း ရှိချေ၏။ မြို့သခင်ဖူရှန်းနောက်၌ ကျောက်စိမ်း ဝိညာဉ် သခင်မလေး ရှိသည်။

“ ဒီလောက်ထိ ဒုက္ခယူစရာ မလိုပါဘူး ဝမ်ချောင်ချင်းမေးရင် မရဏတံခါးက ဝူရို့ချွယ် လက်ထဲ သေသွားတယ် ပြောလိုက်ပါ။ ”

“ မရဏတံခါးက ဝူရို့ချွယ် ... ။ ”

နီပိုင်ဟွာက အတွေးနက်သွားသည်။ ထိုအဖွဲ့အစည်း အကြောင်းကို သူ တစ်ခါမျှ မကြားဖူးချေ။

ထို့ကြောင့် စုရီမှ အလောင်းကောင် ကပ်ပါးပိုး မွေးမြူရေး အကြံအစည်အကြောင်း ရှင်းပြလိုက်သည်။

“ ဒါဆို ... ။ ”

“ တပ်မှူးနီ ... မြို့သခင်ဖူရှန်းကို သတင်းပို့လိုက်ပါ ကွမ်လင်မြို့မှာ အလားတူ သရဲခြောက်တဲ့ အိမ်တွေ ရှိ-မရှိ စုံစမ်းကြည့်ဖို့ လိုတယ် ...

... အခု ဝူရို့ချွယ် သေပြီဆိုတော့ ကပ်ပါးပိုးတွေကို အစာကျွေးမဲ့လူ မရှိတော့ဘူး၊ သူတို့က မြို့နေလူထုဆီ ဦးလှည့်လာမှာ ကြောက်မိတယ်။ ”

နီပိုင်ဟွာက လေးနက်သွားပြီး လက်သီးဆုပ်ကို လက်ဖဝါးဖြင့် ဖိကပ်ကာ အရိုအသေ ပေးလိုက်၏။

“ သခင်လေးစု ... မင်းရဲ့ ထောက်ထား စာနာမှုအတွက် ... ကျေးဇူးတင်ပါတယ် ဒါကို ငါတို့ရဲ့ ထိပ်တန်း ဦးစားပေးအဖြစ် သေချာပေါက် လုပ်မှာပါ။ ”

ထို့နောက် သူ့နောက်လိုက်များထံ လှည့်ကာ၊

“ အလောင်းတွေကို ရှင်းပစ်ပါ... မင်းတို့ ဘယ်လိုလုပ်ရမလဲ ငါဂရုမစိုက်ဘူး ... ဒါပေမယ့် သခင်​​လေးစုကို ထိခိုက်စေနိုင်တဲ့ သဲလွန်စတွေ မကျန်​အောင်ဆောင်ရွက်ပါ။ ”

“ နားလည်ပါပြီ။ ”

အစောင့်တပ်သားများက အမိန့်ကို နားလည်ကြောင်း တုန့်ပြန် လိုက်ကြသည်။ သူတို့သည် မြို့စောင့်တပ်သားများအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင် ဖူးသောကြောင့် ပါးနပ်ချေပြီ။

ဟွမ်ချမ့်ကျွယ် ပြန်ရောက်လာသော အခါတွင် ခြံဝင်းတစ်ခုလုံး သန့်ရှင်းနေပြီ ဖြစ်သည်။

“ တပ်မှူးနီ ... ဒီလုပ်ငန်းစဉ်က ... မင်းတို့အတွက် ပထဆုံး မဟုတ်ခဲ့မှာကို ငါ ကြောက်မိတယ်။ ”

မြေပြင်ရှိ သွေးကွက်များပင် မကျန်တော့သည်ကို သတိပြုမိပြီး ဟွမ်ချမ့်ကျွယ်မှ ပြောကြားလိုက်သည်။ နီပိုင်ဟွာက သူ့ကို တုန့်ပြန်ခြင်း မပြုဘဲ တပ်သားများထံလှည့်ကာ၊

“ မင်းတို့ ဘာလုပ်ရမလဲ သိလား။ ”

-ဟု မေးမြန်းလိုက်တော့သည်။

“ တပ်မှူး ... ဝိုင်သုံးခွက် သောက်ပြီး ဒီနေရာမှာ ဘာမှ မမြင်ခဲ့ကြောင်း သစ္စာဆို ... ပါးစပ်ပိတ်ထားလိုက်ပါ့မယ်။ ”

“ ကောင်းပြီ။ ”

နီပိုင်ဟွာက ထိုစကားကြောင့် ခေါင်းညိတ်လိုက်သည်။ စုရီမှ ဟွမ်ချမ့်ကျွယ်ထံ လှည့်ကြည့်ကာ၊

“ မင်းသူတို့ သောက်ဖို့အတွက် ငွေရှင်းပေးလိုက်။ ”

-ဟု မှာကြားလိုက်၏။

“ စိတ်ချပါ အစ်ကိုစု ... ငါ့အဖေက သူဌေးပါ။ ”

ထိုစဉ် ဝမ်မိသားစု ဝတ်ရုံဖြင့် လူတစ်စု ရောက်ရှိလာ၏။ ခေါင်းဆောင်မှာ ဝမ်ချောင်ချင်း ဖြစ်ချေပြီ။

သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုနှင့် လေးလံသော အငွေ့အသက်များ ပေါ်လွင်နေ ခဲ့သည်။

“ တပ်မှူးနီ ဒီမှာ ဘာဖြစ်သွားတာလဲ။ ”

ခြံဝန်းအတွင်းသို့ လှည့်ပတ် ကြည့်လိုက်သော်လည်း သူ့သားကို မမြင်သဖြင့် ပို၍ တလောတကြီးနိုင်လာ၏။

“ အစ်ကိုချောင်ချင်း ... ငါဒီကို ရောက်တဲ့အခါ အရမ်းနောက်ကျနေပြီ ... မင်းရဲ့ သားနဲ့ အစေခံတွေ အကုန်သေနေတယ်။ ”

“ ဘာ ... ။ ”

ဝမ်ချောင်ချင်း နားထဲ မိုးကြိုးပစ် ခံလိုက်ရသလို ပေပင်။

“ ဘယ်သူလဲ ... ငါ့သားကို ဘယ်သူ သတ်တာလဲ။ ”

ဒေါသတကြီးဖြင့် စုရီထံ လှမ်းကြည့်၏။ ဝမ်ကျိယွင်သည် သူအတွက် မျှော်လင့်မိသော ပထမသား ဖြစ်သည်။

ထို့ကြောင့် နှစ်ကုန်တွင် မြစ်ပြာဓား စံအိမ်ထံသို့ စေလွှတ်ရန် စီစဉ်ထားခဲ့၏။

“ စိတ်မကောင်းပါဘူး ... အစ်ကိုချောင်ချင်း ခြံထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ တာအိုသခင် တစ်ပါး ပုန်းအောင်းနေတယ် ဆိုတာကို ...

... ဘယ်သူမှ မသိလိုက်ဘူး ... သူက မင်းရဲ့သား ကျိယွင်နဲ့အဖွဲ့တွေကို သတ်ပစ်ပြီး အလောင်းပါ လက်စဖျောက်သွားတယ်။ ”

ဝမ်ချောင်ချင်း တစ်ယောက် မျက်နှာပျက်ယွင်းလာတော့သည်။ ယင်းက အဓိပ္ပါယ် မရှိချေ။

“ ဟမ့် ... ဒီလူက ငါ့သားကို သတ်ရဲလား သူကငါ့ကိုမိတ်ဆွေအဖြစ် သတ်မှတ်ဝံ့သေးလား နေဦး ... မဖြစ်နိုင်ဘူး ...

... အမှန်ဆို တစ်ညလုံး အိပ်နေတဲ့ ဒီအသုံးမကျတဲ့စုရီကို မသတ်ပဲ ဘာလို့ ငါ့သား ဖြစ်ရတာလဲ။ ”

ရုတ်တရက် ဒေါသကြောင့် စကားများ အစွန်းထွက်ကုန်၏။ နီပိုင်ဟွာက အံ့အားသင့် သွားကာ၊

“ အစ်ကိုချောင်ချင်း ... မင်းပြောနေတာ တာအိုသခင်ဝူရို့ချွယ် အကြောင်းမဟုတ်လား ဒါဆိုမင်းက သူနဲ့ သိနေတာလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ငါ ... ငါ ... ။ ”

ဝမ်ချောင်ချင်းခဗျာ ​သတိဝင်လာပြီး စကားထစ်သွား၏။ ရုတ်တရက် အစောင့်များက သူ့ကို ဝိုင်းရံလာလေသည်။

“ ဝမ်ချောင်​ချင်း မင်းရဲ့ဝမ်မိသားစုက ကွမ်လင်မြို့မှာ ... ဒီလိုယုတ်မာတဲ့ ပြစ်မှုမျိုး ကျူးလွန်ဝံ့သလား ... ။ ”

နီပိုင်ဟွာက ဒေါသဖြင့် အော်ဟစ် လိုက်တော့၏။ ဝမ်ချောင်ချင်းခမျာ သတိပြန်ဝင် လာပြီး ချက်ချင်း ရှင်းပြရန် ကြိုးစားလေသည်။

“ တပ်မှူးနီ ... အထင်မလွဲပါနဲ့ ... ငါသာ အဲဒီတာအိုသခင်နဲ့ အတူတူဆိုရင် ... ငါ့သားကို သူဘာလို့ သတ်မှာလဲ။ ”

“ မင်းငါနဲ့အတူ မြို့သခင်စံအိမ်ကို အလည်လိုက်လာပြီးတော့ ဒီစကားတွေပြောပါ အပြစ်မရှိတာ သေချာရင် သဘာဝအတိုင်း ပြန်ခွင့်ပြုပါလိမ့်မယ်။ ”

ဤသည်မှာ ဖမ်းဆီးခြင်းနှင့် မခြားချေ။ ဝမ်ချောင်ချင်းတစ်ယောက် ချက်ချင်းအေးခဲလာ ပြီးနောက် ထိတ်လန့်သွားသည်။

နီပိုင်ဟွာက သူ့လက်အောက် ငယ်သားများထံ လက်ပြကာ၊

“ သွား ... အစ်ကိုချောင်ချင်းကို မြို့သခင်စံအိမ်ဆီ လမ်းပြပေးလိုက် ... ။ ”

-ဟု အမိန့် ပေးလိုက်တော့၏။

တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည့် ဟွမ်ချမ့်ကျွယ်က တပ်မှူးနီကို ချီးကျူးနေမိ လေသည်။

တစ်စုံတစ်ယောက်တွင် လုံလောက်သောခွန်အားမျိုး ရှိနေပါက ချိန်ခွင် လျှာကို ပြောင်းလဲနိုင်ကြောင်း သက်သေပြ နေခဲ့၏။

ဤကမ္ဘာကြီးတွင် လူသားများ၏ နှလုံးသားဟူသည် နတ်ဆိုးများထက်ပင် ပို၍ ကြောက်စရာ​ ကောင်းသည်။

ဝမ်မိသားစု ဒုတိယအကြီးအကဲ၏ ဘဝသည် တပ်မှူးနီ၏ စကားအချို့၌ ဆုံးခန်းတိုင် လုနီးပါး ဖြစ်လာခဲ့ရချေပြီ။

***

All Chapters