နှလုံးသားဟူသည်။
Vol. 4 Ch. 40
ဟွမ်ချမ့်ကျွယ်တစ်ယောက် တိတ်ဆိတ်သွားသည်။ စုရီက ခေါင်းယမ်းလျက်၊
“ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။ ”
-ဟု ဆိုလိုက်၏။
“ အစ်ကိုစု၊ စိတ်မပူပါနဲ့ ... နောက် မဖြစ်စေရပါဘူး။ ”
ထိုမြင်ကွင်းက နီပိုင်ဟွာကို သက်ပြင်းချ မိစေသည်။ မြေခွေးအိုကြီး ဟွမ်ယွင်ချုံးသည် ဉာဏ်ကောင်းချေပြီ။
ဤနည်းဖြင့် စုရီကြောင့် ဟွမ်ချမ့်ကျွယ် အနာဂါတ်မှာ တောက်ပသွားနိုင်၏။ ပြန်သွား ပြီးနောက် သူ့သားနီထန့်ကို သခင်လေးစုနှင့် ရင်းနှီးအောင်လုပ်ရန် စေခိုင်းရပေမည်။
“ သခင်လေးစု ... ဒါကို ဘယ်လို ဖြေရှင်းသင့်တယ် ထင်လဲ။ ”
နီပိုင်ဟွာက မေးမြန်းလိုက်သည်။
“ စုရီ၊ ငါမှားသွားပါတယ် ... ငါ့ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပါ ဒီနေ့ ဖြစ်ခဲ့တာ တွေကို ပြန်မပြောဘူးလို့ ကျိန်ဆိုပါ့မယ်။ ”
ဝမ်ကျိယွင်က ပါးနပ်သူ ဖြစ်လေရာ ဤအခင်းအကျင်းကို မြင်ပြီးနောက် ချက်ချင်း တောင်းပန်တော့သည်။
စုရီမှ တုန့်ပြန်ခြင်း မရှိသဖြင့် ဟွမ်ချမ့်ကျွယ်က လှမ်းတက်လာပြီး ဝမ်ကျိယွင် ကျောပြင်မှ ဓားကို အားစိုက်ထိုးသွင်း လိုက်တော့သည်။
ဓားဖျားက နှလုံးကို ဖောက်လျက် မျက်လုံးပြူးကျယ်ကာ သေဆုံးသွားခဲ့သည်။ အဆိုပါ လုပ်ရပ်သည် လူတိုင်းကို မှင်တတ် သွားစေ၏။
“ အစ်ကိုစု၊ ငါထပ်ပြီး တစ်ခုခု လုပ်မိပြန်ပြီ။ ”
ဟွမ်ချမ့်ကျွယ်မှ ကြက်သတ်မိသည့်အလား ပေါ့ပေါ့ပါးပါးပင် ပြောကြားလိုက်သည်။
“ မင်းရဲ့ မျက်နှာပေါ်က သွေးတွေကို ဆေးပြီး ပြန်လာခဲ့။ ”
“ အစ်ကိုစု ငါ ... ။ ”
ဟွမ်ချမ့်ကျွယ်က စကားအချို့ ပြောချင်သော်လည်း စုရီက လက်ကာပြလိုက် လေသည်။ သို့မှသာ ပြုံးရွှင်စွာ ထွက်ခွာသွား၏။
ဝမ်မိသားစု ဒုတိယအကြီးအကဲသားကို သတ်ခြင်းဖြင့် ဟွမ်ချမ့်ကျွယ်က သူ့သစ္စာရှိမူ ပြသသွားသည်။
ဤအရာက နီပိုင်ဟွာကို အမြင်ကျယ် စေသည်။ သူသည်သာ ဟွမ်ချမ့်ကျွယ် နေရာ၌ ရှိပါက ထိုသို့ ပြုလုပ်ရန် တုန့်ဆိုင်းနေမိ ပေမည်။
“ သခင်လေးစု ဒါက မက်မွန်ဆေးခန်းပါ ပြီးတော့ လူတော်တော်များများက ဝမ်ကျိယွင် ဝင်လာတာကို မြင်ကြပါတယ် ငါတို့ ဒီကိစ္စကို ဖုံးဖိမထားနိုင်မှာ ကြောက်မိတယ် ...
... ဒါပေမယ့် စိတ်ချပါ ဒီနေ့ ဒီအဖြစ်အပျက်တွေကို ဖြေရှင်းဖို့ ငါအစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ”
နီပိုင်ဟွာက ပြတ်ပြတ်သားသား ကတိပေး လိုက်သည်။ ဝမ်ကျိယွင်၏ အဆင့်အတန်းမှာ မရိုးရှင်းချေ။
သူ့ကဲ့သို့ တပ်မှူးသည်ပင် ၎င်းကို ဖြေရှင်းလိုပါက ပြဿနာများစွာ ကြုံတွေ့ရမည် ဖြစ်သည်။
သို့သော် သူ့နောက်တွင် မြို့သခင်ဖူရှန်း ရှိချေ၏။ မြို့သခင်ဖူရှန်းနောက်၌ ကျောက်စိမ်း ဝိညာဉ် သခင်မလေး ရှိသည်။
“ ဒီလောက်ထိ ဒုက္ခယူစရာ မလိုပါဘူး ဝမ်ချောင်ချင်းမေးရင် မရဏတံခါးက ဝူရို့ချွယ် လက်ထဲ သေသွားတယ် ပြောလိုက်ပါ။ ”
“ မရဏတံခါးက ဝူရို့ချွယ် ... ။ ”
နီပိုင်ဟွာက အတွေးနက်သွားသည်။ ထိုအဖွဲ့အစည်း အကြောင်းကို သူ တစ်ခါမျှ မကြားဖူးချေ။
ထို့ကြောင့် စုရီမှ အလောင်းကောင် ကပ်ပါးပိုး မွေးမြူရေး အကြံအစည်အကြောင်း ရှင်းပြလိုက်သည်။
“ ဒါဆို ... ။ ”
“ တပ်မှူးနီ ... မြို့သခင်ဖူရှန်းကို သတင်းပို့လိုက်ပါ ကွမ်လင်မြို့မှာ အလားတူ သရဲခြောက်တဲ့ အိမ်တွေ ရှိ-မရှိ စုံစမ်းကြည့်ဖို့ လိုတယ် ...
... အခု ဝူရို့ချွယ် သေပြီဆိုတော့ ကပ်ပါးပိုးတွေကို အစာကျွေးမဲ့လူ မရှိတော့ဘူး၊ သူတို့က မြို့နေလူထုဆီ ဦးလှည့်လာမှာ ကြောက်မိတယ်။ ”
နီပိုင်ဟွာက လေးနက်သွားပြီး လက်သီးဆုပ်ကို လက်ဖဝါးဖြင့် ဖိကပ်ကာ အရိုအသေ ပေးလိုက်၏။
“ သခင်လေးစု ... မင်းရဲ့ ထောက်ထား စာနာမှုအတွက် ... ကျေးဇူးတင်ပါတယ် ဒါကို ငါတို့ရဲ့ ထိပ်တန်း ဦးစားပေးအဖြစ် သေချာပေါက် လုပ်မှာပါ။ ”
ထို့နောက် သူ့နောက်လိုက်များထံ လှည့်ကာ၊
“ အလောင်းတွေကို ရှင်းပစ်ပါ... မင်းတို့ ဘယ်လိုလုပ်ရမလဲ ငါဂရုမစိုက်ဘူး ... ဒါပေမယ့် သခင်လေးစုကို ထိခိုက်စေနိုင်တဲ့ သဲလွန်စတွေ မကျန်အောင်ဆောင်ရွက်ပါ။ ”
“ နားလည်ပါပြီ။ ”
အစောင့်တပ်သားများက အမိန့်ကို နားလည်ကြောင်း တုန့်ပြန် လိုက်ကြသည်။ သူတို့သည် မြို့စောင့်တပ်သားများအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင် ဖူးသောကြောင့် ပါးနပ်ချေပြီ။
ဟွမ်ချမ့်ကျွယ် ပြန်ရောက်လာသော အခါတွင် ခြံဝင်းတစ်ခုလုံး သန့်ရှင်းနေပြီ ဖြစ်သည်။
“ တပ်မှူးနီ ... ဒီလုပ်ငန်းစဉ်က ... မင်းတို့အတွက် ပထဆုံး မဟုတ်ခဲ့မှာကို ငါ ကြောက်မိတယ်။ ”
မြေပြင်ရှိ သွေးကွက်များပင် မကျန်တော့သည်ကို သတိပြုမိပြီး ဟွမ်ချမ့်ကျွယ်မှ ပြောကြားလိုက်သည်။ နီပိုင်ဟွာက သူ့ကို တုန့်ပြန်ခြင်း မပြုဘဲ တပ်သားများထံလှည့်ကာ၊
“ မင်းတို့ ဘာလုပ်ရမလဲ သိလား။ ”
-ဟု မေးမြန်းလိုက်တော့သည်။
“ တပ်မှူး ... ဝိုင်သုံးခွက် သောက်ပြီး ဒီနေရာမှာ ဘာမှ မမြင်ခဲ့ကြောင်း သစ္စာဆို ... ပါးစပ်ပိတ်ထားလိုက်ပါ့မယ်။ ”
“ ကောင်းပြီ။ ”
နီပိုင်ဟွာက ထိုစကားကြောင့် ခေါင်းညိတ်လိုက်သည်။ စုရီမှ ဟွမ်ချမ့်ကျွယ်ထံ လှည့်ကြည့်ကာ၊
“ မင်းသူတို့ သောက်ဖို့အတွက် ငွေရှင်းပေးလိုက်။ ”
-ဟု မှာကြားလိုက်၏။
“ စိတ်ချပါ အစ်ကိုစု ... ငါ့အဖေက သူဌေးပါ။ ”
ထိုစဉ် ဝမ်မိသားစု ဝတ်ရုံဖြင့် လူတစ်စု ရောက်ရှိလာ၏။ ခေါင်းဆောင်မှာ ဝမ်ချောင်ချင်း ဖြစ်ချေပြီ။
သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုနှင့် လေးလံသော အငွေ့အသက်များ ပေါ်လွင်နေ ခဲ့သည်။
“ တပ်မှူးနီ ဒီမှာ ဘာဖြစ်သွားတာလဲ။ ”
ခြံဝန်းအတွင်းသို့ လှည့်ပတ် ကြည့်လိုက်သော်လည်း သူ့သားကို မမြင်သဖြင့် ပို၍ တလောတကြီးနိုင်လာ၏။
“ အစ်ကိုချောင်ချင်း ... ငါဒီကို ရောက်တဲ့အခါ အရမ်းနောက်ကျနေပြီ ... မင်းရဲ့ သားနဲ့ အစေခံတွေ အကုန်သေနေတယ်။ ”
“ ဘာ ... ။ ”
ဝမ်ချောင်ချင်း နားထဲ မိုးကြိုးပစ် ခံလိုက်ရသလို ပေပင်။
“ ဘယ်သူလဲ ... ငါ့သားကို ဘယ်သူ သတ်တာလဲ။ ”
ဒေါသတကြီးဖြင့် စုရီထံ လှမ်းကြည့်၏။ ဝမ်ကျိယွင်သည် သူအတွက် မျှော်လင့်မိသော ပထမသား ဖြစ်သည်။
ထို့ကြောင့် နှစ်ကုန်တွင် မြစ်ပြာဓား စံအိမ်ထံသို့ စေလွှတ်ရန် စီစဉ်ထားခဲ့၏။
“ စိတ်မကောင်းပါဘူး ... အစ်ကိုချောင်ချင်း ခြံထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ တာအိုသခင် တစ်ပါး ပုန်းအောင်းနေတယ် ဆိုတာကို ...
... ဘယ်သူမှ မသိလိုက်ဘူး ... သူက မင်းရဲ့သား ကျိယွင်နဲ့အဖွဲ့တွေကို သတ်ပစ်ပြီး အလောင်းပါ လက်စဖျောက်သွားတယ်။ ”
ဝမ်ချောင်ချင်း တစ်ယောက် မျက်နှာပျက်ယွင်းလာတော့သည်။ ယင်းက အဓိပ္ပါယ် မရှိချေ။
“ ဟမ့် ... ဒီလူက ငါ့သားကို သတ်ရဲလား သူကငါ့ကိုမိတ်ဆွေအဖြစ် သတ်မှတ်ဝံ့သေးလား နေဦး ... မဖြစ်နိုင်ဘူး ...
... အမှန်ဆို တစ်ညလုံး အိပ်နေတဲ့ ဒီအသုံးမကျတဲ့စုရီကို မသတ်ပဲ ဘာလို့ ငါ့သား ဖြစ်ရတာလဲ။ ”
ရုတ်တရက် ဒေါသကြောင့် စကားများ အစွန်းထွက်ကုန်၏။ နီပိုင်ဟွာက အံ့အားသင့် သွားကာ၊
“ အစ်ကိုချောင်ချင်း ... မင်းပြောနေတာ တာအိုသခင်ဝူရို့ချွယ် အကြောင်းမဟုတ်လား ဒါဆိုမင်းက သူနဲ့ သိနေတာလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ငါ ... ငါ ... ။ ”
ဝမ်ချောင်ချင်းခဗျာ သတိဝင်လာပြီး စကားထစ်သွား၏။ ရုတ်တရက် အစောင့်များက သူ့ကို ဝိုင်းရံလာလေသည်။
“ ဝမ်ချောင်ချင်း မင်းရဲ့ဝမ်မိသားစုက ကွမ်လင်မြို့မှာ ... ဒီလိုယုတ်မာတဲ့ ပြစ်မှုမျိုး ကျူးလွန်ဝံ့သလား ... ။ ”
နီပိုင်ဟွာက ဒေါသဖြင့် အော်ဟစ် လိုက်တော့၏။ ဝမ်ချောင်ချင်းခမျာ သတိပြန်ဝင် လာပြီး ချက်ချင်း ရှင်းပြရန် ကြိုးစားလေသည်။
“ တပ်မှူးနီ ... အထင်မလွဲပါနဲ့ ... ငါသာ အဲဒီတာအိုသခင်နဲ့ အတူတူဆိုရင် ... ငါ့သားကို သူဘာလို့ သတ်မှာလဲ။ ”
“ မင်းငါနဲ့အတူ မြို့သခင်စံအိမ်ကို အလည်လိုက်လာပြီးတော့ ဒီစကားတွေပြောပါ အပြစ်မရှိတာ သေချာရင် သဘာဝအတိုင်း ပြန်ခွင့်ပြုပါလိမ့်မယ်။ ”
ဤသည်မှာ ဖမ်းဆီးခြင်းနှင့် မခြားချေ။ ဝမ်ချောင်ချင်းတစ်ယောက် ချက်ချင်းအေးခဲလာ ပြီးနောက် ထိတ်လန့်သွားသည်။
နီပိုင်ဟွာက သူ့လက်အောက် ငယ်သားများထံ လက်ပြကာ၊
“ သွား ... အစ်ကိုချောင်ချင်းကို မြို့သခင်စံအိမ်ဆီ လမ်းပြပေးလိုက် ... ။ ”
-ဟု အမိန့် ပေးလိုက်တော့၏။
တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည့် ဟွမ်ချမ့်ကျွယ်က တပ်မှူးနီကို ချီးကျူးနေမိ လေသည်။
တစ်စုံတစ်ယောက်တွင် လုံလောက်သောခွန်အားမျိုး ရှိနေပါက ချိန်ခွင် လျှာကို ပြောင်းလဲနိုင်ကြောင်း သက်သေပြ နေခဲ့၏။
ဤကမ္ဘာကြီးတွင် လူသားများ၏ နှလုံးသားဟူသည် နတ်ဆိုးများထက်ပင် ပို၍ ကြောက်စရာ ကောင်းသည်။
ဝမ်မိသားစု ဒုတိယအကြီးအကဲ၏ ဘဝသည် တပ်မှူးနီ၏ စကားအချို့၌ ဆုံးခန်းတိုင် လုနီးပါး ဖြစ်လာခဲ့ရချေပြီ။
***