အောင်မြင်ခြင်း ဓားသုတ္တန်။
Vol. 4 Ch. 42
ဟွမ်မိသားစု စံအိမ်တော်။
မိသားစု ကျက်သရေဆောင် ခန်းမကြီးထဲတွင် ဟွမ်ယွင်ချုံးနှင့် ဟွမ်ချမ့်ကျွယ် ထိုင်နေ၏။
“ ဟား ဟား ဟား ... ။ ”
အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် ဟွမ်ယွင်ချုံးမှ အော်ဟစ် ရယ်မောလိုက်သည်။ ထို့နောက် ဟွမ်ချမ့်ကျွယ် ပခုံးကို ပုတ်ကာ၊
“ မင်းလုပ်နိုင်ပြီ ... တကယ်တော့ သခင်လေးစုက သူ့ကိုယ်သူ ဖုံးကွယ်ထားတဲ့ လူငယ်လေးပဲ ... တစ်နေ့ ကောင်းကင်ပေါ် တက်သွားလိမ့်မယ် ... မင်းလည်း သူနဲ့အတူ ထင်ရှားလာလိမ့်မယ်။ ”
“ အဖေ၊ အဲဒီလောက်ထိ ကျွန်တော် မစဉ်းစားမိသေးပါဘူး ... သူ့နောက်လိုက်တဲ့ အချိန်မှာ အမြင်ကျယ် စေတာတော့ အမှန်ပါပဲ။”
အစ်ကိုစု၏ ဆေးပညာ အောင်မြင်မှုများသည် သမားတော်ဝူကို ခေါင်းငုံ့စေခဲ့သည်။
လက်နက် သွန်းလုပ်ရာ၌လည်း အကြီးအကဲဝမ်သည်ပင် တုန်လှုပ်သွားရပြီး တစ္ဆေများဖမ်းလည်း ဖမ်းနိုင်သည်။
“ ဝမ်ကျိယွင် သေဆုံးမှုအတွက် ... မင်းစိတ်ပူနေစရာ မလိုပါဘူး ... နီပိုင်ဟွာနဲ့ မြို့သခင်ဖူရှန်းက ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်ပေးပါလိမ့်မယ် ...
... ဆန့်ကျင်ဘက်အနေနဲ့ မရဏတံခါး ပြဿနာက ဝမ်မိသားစု ခေါင်းဆောင်တွေကို မျက်ခုံးလှုပ်စေမှာ အမှန်ပဲ။ ”
ဟွမ်ယွင်ချုံးက ပြုံးကာ မှတ်ချက် ပေးလိုက်သည်။
“ အဖေ ... မရဏ တံခါးက ဘယ်လိုဂိုဏ်းမျိုးလဲ။ ”
ဟွမ်ချမ့်ကျွယ်သည် ဤအင်အားစုကို မကြားဖူးချေ။
“ မရဏတံခါးဆိုတာ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက မဟာကျိုးရဲ့ ထိပ်တန်း ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ ... သူတို့ရဲ့ တပည့်တွေက နေရာအနှံ့မှာ ရှိနေတယ် ...
... ဒါပေမယ့် ကောင်းတဲ့ အရာတော့ မဟုတ်ဘူး၊ အပြစ်မဲ့ပြည်သူတွေကို အသုံးပြုပြီး ရွံရှာဖွယ် နည်းလမ်းတွေနဲ့ ကျင့်ကြံကြတယ် ...
... နောက်ဆုံးတော့ မဟာကျိုးရဲ့ တော်ဝင်မိသားစုက လျှို့ဝှက်နဂါးဂိုဏ်းကို အကူအညီတောင်းပြီး ချေမှုန်းပစ်လိုက်ရတယ် အခုချိန်မှာ သူတို့အကြောင်း လူနည်းစုသာ သိကြတော့တယ်။ ”
ဟွမ်ယွင်ချုံးမှ ရှင်းပြလေသည်။ ထိုစဉ်အချိန်ကို မရဏတံခါး သုတ်သင်ခြင်း ကာလအဖြစ် လူသိများ၏။
“ အခု သခင်လေးစု ရှာတွေခဲ့တဲ့ ... ဝူရို့ချွယ်က ကျန်ခဲ့တဲ့ အစွယ်အပွားတွေထဲက တစ်ယောက်ပဲ ... နှစ်တွေတစ်လျှောက် သူတို့က ကြွက်တွေလို ရှင်သန်ကြရတယ်။ ”
ထို့နောက် လေးနက်သော အသွင့်ဖြင့်၊
“ ဝမ်ချောင်ချင်းက ဝူရို့ချွယ်အကြောင်း သိနေတာ နှစ်အတော်ကြာနေပြီဆိုတော့ သူတို့ အတွက် ကောင်းတဲ့ အကျိုးဆက်မဟုတ်ဘူး ... ကွမ်လင်ရဲ့ ဘုံရန်သူဖြစ်သွားနိုင်တယ်။ ”
ဟွမ်ချမ့်ကျွယ်က မျက်လုံးများ တောက်ပလာပြီး လက်နှစ်ဖက်ကို ပွတ်သပ်ကာ သက်သာရာရ သွားတော့သည်။ သူ့အဖေသည် အစ်ကိုစုနောက် လိုက်ရန်သာ ပြောပြီး လူသတ်ရန် မညွှန်ကြားခဲ့ချေ။
ထို့ကြောင့် ဝမ်သခင်လေး တစ်ပါးကို သတ်ခြင်းဖြင့် အပိုဒုက္ခများ ယူဆောင်မိမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
“ အဖေ၊ ဦးလေးဖူရှန်း ဒီအကြောင်းကို သိသွားတဲ့အခါ ဝမ်မိသားစုကို သင်ခန်းစာပေးဖို့ အခွင့်အရေးကို ဆုပ်ကိုင်မှာလား။ ”
ထိုမေးခွန်းအတွက် ဟွမ်ယွင်ချုံးက အနည်းငယ် တွေးတောသွားသည်။
“ အရင်ကဆိုရင်တော့ ဒါက ဝမ်မိသားစုအတွက် မကောင်းနိုင်ဘူး ... ။ ”
“ အခုရော ... ။ ”
“ အခုကတော့ မဟာသခင် တစ်ပါးရဲ့ တပည့်မ ရှိနေတဲ့အတွက် မျက်နှာသာ ရနိုင် ပါတယ်။ ”
ဟွမ်ယွင်ချုံး အမြင်တွင် ကျူးကုချင်း၏ တည်ရှိမှုသည် ဝမ်မိသားစုကို ထိရန် နှစ်ခါပြန် စဉ်းစားရပေမည်။
မဟာသခင်တပည့်ဟူသည့် ဘွဲ့သည် မြို့သခင်ဖူရှန်း အတွက်ပင် လေးလံလွန်းချေ၏။ ယင်းမှာ အမှန်ပေပင်။
ထိုအချိန်တွင် နီပိုင်ဟွာ သတင်းကို နားထောင်ပြီးနောက် မြို့သခင်ဖူရှန်းခမျာ မျက်နှာ ပြောင်းလဲသွား၏။
ဝမ်မိသားစုသည် မရဏတံခါးဖြင့် ချိတ်ဆက်ဝံ့သည်လော။ မြို့သခင်တစ်ယောက် အပေါ် လျစ်လျူရှုလွန်းချေပြီ။
“ မြို့သခင် ... ဝမ်မိသားစုကို အရေးယူမလား။ ”
နီပိုင်ဟွာမှ မေးခွန်းထုတ်လိုက်သည်။ ဖူရှန်းကခေါင်းရမ်းပြီး၊
“ အချိန်မဟုတ်သေးဘူး။ ”
-ဟု တုန့်ပြန်လာ၏။
ဝူရို့ချွယ် သေဆုံးသွားသဖြင့် သတ်သေ မရှိတော့ချေ။ အရေးကြီးသည်မှာ သခင်လေးစု သဘောထား ဖြစ်သည်။
“ သခင်လေး ဘာပြောလဲ။ ”
“ ဘာမှ မပြောပါဘူး မြို့သခင်။ ”
“ ကောင်းပြီ ... နောက်ထပ် ကပ်ပါးပိုး မွေးမြူရေးခြံ ရှိ-မရှိရှာပါ ... ရသမျှ သတင်းတွေ သခင်လေးစုထံ ဝေမျှပေးလိုက် ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
နီပိုင်ဟွာမှ ခေါင်းညိတ်လိုက်သည်။
“ နေဦး ... နောက်တစ်ခု ရှိသေးတယ်။ ”
မြို့သခင်ဖူရှန်းခမျာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရလာပြီး ရွှေဖောင်းကြွ ဖိတ်စာတစ်စောင်ထုတ်ယူ ပေး၏။
“ ဒါက နဂါးတံခါး ဧည်ခံပွဲ ဖိတ်စာပဲ သခင်လေးဆီ ပေးလိုက်ပါ။ ”
“ မြို့သခင် ... ငါတို့သခင်လေးရဲ့ ... အဆင့်အတန်းအရ ဒီလိုပွဲမျိုးမှာ ပါဝင်စေချင် တာမျိုးက ... မသင့်လျော်ဘူး ထင်ပါတယ်။ ”
နီပိုင်ဟွာက တွန့်ဆုတ်စွာဖြင့် သူ့အမြင်ကို ပြောကြားလိုက်သည်။ မြို့သခင်ဖူရှန်းမှ ရယ်၏။
“ ဟား ဟား ဟား ... သခင်လေးကို ဝင်ပြိုင်ခိုင်းတယ်လို့ မင်းကို ဘယ်သူပြောလဲ ငါ သခင်လေးကို ဧည့်သည်အဖြစ် ဖိတ်ကြား လိုက်တာပါ။ ”
“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”
နီပိုင်ဟွာမှ မျက်ခုံးပင့်လိုက်သည်။ မြို့သခင်ဖူရှန်းသည် စုရီနှင့် သူ့ဆက်ဆံရေး တိုးလာစေရန် ဤပွဲကို ပေါင်းကူးအဖြစ် အသုံးပြုချင်နေပုံပေပင်။
ရုတ်တရက် အစောင့်တစ်ယောက် ဝင်ရောက်လာပြီး၊
“ မြို့သခင်၊ ဝမ်မိသားစုခေါင်းဆောင်နဲ့ ဒုတိယအကြီးအကဲ ဝမ်ချောင်ချင်းက တွေ့ခွင့် တောင်းလာပါတယ်။ ”
-ဟု သတင်းပို့သည်။
“ ခေါ်လာခဲ့ ... ။ ”
မြို့သခင်ဖူရှန်းက မျက်မှောက်ကြုတ်လျက် အမိန့်ပေးလိုက်သည်။
“ တပ်မှုးနီ ... သူတို့ ဘာလာလုပ်တယ် ထင်လဲ။ ”
“ မရဏတံခါးနဲ့ ပတ်သတ်မှု မှန်သမျှ ထုတ်ဖော်ပြောပြီး ဒီကနေ ရုန်းထွက်ချင်နေတာ ဖြစ်ပါလိမ့်မယ်။ ”
မြို့သခင် ဖူရှန်းက ခေါင်းညိတ်၏။
“ မှန်တယ် ... ဒီကိစ္စအပြင် ဝူရို့ချွယ်ကို အရေးယူဖို့ တောင်းဆိုလာလိမ့်မယ်၊ ဝမ်ကျိယွင် သေဆုံးမှုအတွက် လွှတ်ထားမယ် မထင်ဘူး။ ”
***
ထိုနေ့ညတွင် မြို့စောင့်တပ်သားများနှင့် ဝမ်မိသားစု အစောင့်များစွာသည် ကွမ်လင်မြို့ အတွင်း၌ ခြေရှုပ်နေခဲ့၏။
ယင်းကြောင့် တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့ပြီး လူတိုင်း၏ အာရုံစိုက်မှု ခံခဲ့ရသည်။ စုရီသာလျှင် ထိုဖြစ်စဉ်များကို လျစ်လျူရှု ထားနိုင်ခဲ့၏။
ထင်ရှူးကြိုးကြာ နည်းစနစ်ကို လေ့ကျင့်ပြီးနောက် မရဏအစွယ်ဖြင့် ဓားရေး တစ်ရပ် လေ့ကျင့်မိသည်။
အရပ်ရှည်ရှည် ပိန်ပိန်ဖြင့် ဖြူစင်သော ရုပ်သဏ္ဍာန်သည် အင်မော်တယ်တစ်ပါးကဲ့သို့ ထင်မှားစေ၏။
“ ဝှစ် ... ။ ”
မရဏအစွယ်သည် လေနှင့်အတူ ရွေ့လျားသွားသည်။ ကြယ်ရောင်များဖြာလျက် ဓားကိုယ်ထည် ဖျပ်ဖျပ်ခတ်နေ၏။
ထို့နောက်တွင် နူးညံ့သော လရောင် အောက်တွင် ဝင်းပနေသော နေမင်းကြီးကဲ့သို့ ဓားအလင်းများ စုစည်းလာပြန်သည်။
“ ရွှပ် ... ရွှပ် ... ။ ”
ကြည့်နေဆဲမှာပင် ဓားအရိပ်များ အတု-အစစ် ခွဲရခက်လာ၏။
ဤသည်မှာ ‘အောင်နိုင်ခြင်း ဓားသုတ္တန်’ ဖြစ်သည်။ သူရဲကောင်းနှလုံးသား ပိုင်ဆိုင်ထား ပါက အောင်ပွဲသည် လက်တစ်ကမ်းတွင် ရှိ၏။
ဓားသုတ္တန်၏ အနှစ်သာရသည် လေပြေကဲ့သို့ အထိန်းအကွပ်မရှိ၊ အတားအဆီး မရှိ၊ လွတ်လွတ်လပ်လပ် ရွေ့လျားခြင်းပေပင်။
၎င်းတွင် လှုပ်ရှားမှု ခြောက်ခု ရှိသည်။ ကြယ်တာရာဆွဲငင်ခြင်း၊ နေ-လဓား၊ တောင်မြစ် ဓား၊ အနန္တဓား၊ အဆုံးမဲ့ ပိတ်လှောင်ခြင်းနှင့် သွေဖည်မှုဆယ်ပါး စသည်တို့ ဖြစ်သည်။
ထိုစဉ်က ကြယ်တာရာ ဆွဲငင်ခြင်းကို အသုံးပြုကာ အလောင်းကပ်ပါးပိုးကောင်ပေါင်း တစ်ရာခန့်အပေါ် တစ်ချက်တည်း သုတ်သင်ခဲ့ဖူး၏။
ဤသည်မှာ စုရွှမ်ကြွယ်ဘဝ၌ ဖန်တီးထားသော အထက်ရှဆုံး ဓားရေးများထဲမှ တစ်ရပ်ဖြစ်ချေပြီ။
အဖျက်စွမ်းအားနှင့် နက်နဲမှုတို့သည် ထိုစဉ်က ဧကရာဇ်များပင် ဖြေရှင်းနိုင်သော အဆင့်မျိုး မဟုတ်ချေ။
ကံမကောင်းစွာဖြင့် ကျင့်ကြံမှု နည်းပါးသောကြောင့် လက်ရှိအချိန်၌ ထိုမျှသော အနှစ်သာရကို ထုတ်မပြနိုင်ဖြစ်နေ၏။
ကျင့်ကြံမှု လောကတွင် သိုင်းနည်းစနစ်များကို အောက်ပါအခြေခံ စံနှုန်းများအတိုင်း ပိုင်းခြားထားသည်။
နိယာမများသည် တာအိုထက် နိမ့်ပါး၏။ မှော်ပညာတွင် မှော်သည် ပထမ ဖြစ်လာခဲ့ပြီး ပညာသည် ဒုတိယ ဖြစ်သည်။
သို့သော် မှော်တာအိုတွင် တာအိုသည် မှော်ထက် သာလွန်ပြန်၏။ ဤသည်မှာ အခြေခံ သဘောတရားပေပင်။
သိုင်းတာအို နယ်ပယ်ရှိ အဆင့် လေးဆင့်တွင် အသုံးပြုရသော သိုင်းပညာသည် သေမျိုးအဆင့်မျှသာ ဖြစ်သည်။
အဆုံးတွင် ၎င်းတို့သည် သိုင်းပညာရပ် သို့မဟုတ် သိုင်းနည်းစနစ် စသည်တို့ ဖြစ်၏။ နည်းစနစ်များကို စွမ်းအားအလိုက် အဆင့် သတ်မှတ်ထား၏။
အဝါရောင်၊ နက်နဲ၊ မြေကြီးနှင့် ကောင်းကင်ဟူ၍ လေးမျိုး ခွဲခြားထားသည်။ အဝါရောင်အဆင့်သည် အနိမ့်ဆုံး ဖြစ်ကာ ကောင်းကင်သည် အမြင့်ဆုံးဖြစ်၏။
အဆင့်တိုင်းတွင် အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့် ဟူ၍ ထပ်မံ ခွဲခြားထားပြန်သည်။
ပုံမှန်အားဖြင့် သွေးသန့်စင်ခြင်း အဆင့် လေးဆင့်သည် အဝါရောင်ပညာရပ်လေ့ကျင့်က အကောင်းဆုံး ပေပင်။
ချီသန့်စင်ခြင်း၊ မဟာသခင်နှင့် ပြီးပြည့်စုံခြင်းအဆင့် တို့သည် နက်နဲ၊ မြေကြီး၊ ကောင်းကင် စသည်တို့ကို သင်ယူသင့်၏။
ဆိုလိုသည်မှာ ပညာရပ်တစ်ခုကို သင်ယူရာတွင် ထိုသူ၏ ကျင့်ကြံမှုနယ်ပယ်ဖြင့် ကိုက်ညီရပေမည်။ အမြင့်ဆုံး သိုင်းပညာရပ်များ လေ့ကျင့်တိုင်း အကောင်းဆုံး မဟုတ်ချေ။
သို့သော် ထိုသတ်မှတ်ချက်ကို ကျော်ဖြတ်ကာ ကျင့်ကြံနိုင်သော ထိပ်တန်း ပါရမီရှင် အနည်းငယ်လည်း ရှိချေ၏။
ဥပမာ အောင်နိုင်ခြင်း ဓားသုတ္တန်ကို သိုင်းပညာအုပ်စုအတွင်း ထည့်သွင်းထားခဲ့သော် ငြားလည်း အကဲဖြတ်ရမည်ဆိုက အဆင့်နိမ့် နည်းစနစ်များထက် သာလွန်ချေ၏။
***
ဤနေရာ၌ မှော်တာအိုဟူသည် ရူရ်နှင့် အဓိပ္ပါယ်တူသည်။ ထူးခြားသော စွမ်းအင်များကို စာလုံးပေါင်း အက္ခရာများဖြင့် ဆင့်ခေါ်ခြင်း အဖြစ် သတ်မှတ်နိုင်၏။
***