မိတ်ဆွေဟောင်း။
Vol. 4 Ch. 44
မိုးပြာမြစ်ကမ်းနံဘေးရှိ ပိုးစာပင် အောက်တွင် အစားအသောက်များ ပါရှိသော သေတ္တာတစ်လုံးနှင့် အတူ ဟွမ်ချမ့်ကျွယ် ထိုင်နေ၏။
၎င်းက လျှောက်လှမ်းလာသော စုရီကို မြင်ချိန်၌ ပြုံးရယ်သွားပြီး၊
“ အစ်ကိုစု ... မနက်စာ အတူစားရအောင် အရိုးစွပ်ပြုတ်နဲ့ ငါ့အဖေရဲ့ နှစ်ပေါင်းသုံးဆယ်ဝိုင် ယူလာတယ်။ ”
-ဟု နှုတ်ဆက်တော့၏။
“ ခဏနေဦး ... ။ ”
စုရီက ခေါင်းညိတ်လျက် ထင်ရှူးကြိုးကြာ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို စတင်လိုက် လေသည်။
ချမ့်ကျွယ်အတွက်မူ ဝိညာဉ်ကျောက်စိမ်း သခင်မလေးကဲ့သို့ အမြင်ကျယ်ခြင်း မရှိသဖြင့် ထူးထွေအံသြခြင်းမရှိ။
တစ်နာရီအကြာတွင် စုရီက ကျင့်ကြံမှုကို ရပ်နားလိုက်သည်။ နှစ်ယောက်သား အနားရှိ ကျောက်တုံးကြီးပေါ်တွင် စားသောက်ရန် ပြင်ဆင်လိုက်ကြသည်။
စုရီက ဝိုင်ကို ဦးစွာ မြည်းကြည့်၏။ ကွမ်လင်မြို့၌မူ အမှန်ပင် ကောင်းမွန်သော အရသာဖြစ်သည်။
“ အစ်ကိုစု ... မင်းငါ့ကို လမ်းပြမို့လား။ ”
ဟွမ်ချမ့်ကွယ်မှ ဝိုင်ကို ဦးစွာသောက်လျက် မေးမြန်းတော့သည်။
“ မင်းဘယ်လိုထင်လဲ ... ။ ”
စုရီက အရိုးစွပ်ပြုတ်ကို ထပ်မံ မြည်းစမ်းကြည့်ရာ အရသာရှိပြီး အဖိုးတန်သော ဆေးဘက်ဝင်အပင်များစွာ ပေါင်းထည့် ထားကြောင်း ခံစားမိ၏။
“ မထင်ဝံ့ပါဘူး ... ဒါပေမယ့် ... ။ ”
“ ကောင်းပြီ ... မင်းရဲ့ အကောင်းဆုံး ကိုယ်ခံပညာကို ပြပါ။ ”
စုရီက ခပ်လှမ်းလှမ်းသို့ လက်ညိုး ထိုးပြသည်။ ဟွမ်ချမ့်ကျွယ်မှ အသက်ပြင်းပြင်း ရှူပြီး ညွှန်ပြရာ အရပ်ထံ လှမ်းသွား၏။
သူ့စိတ် ငြိမ်သက်သွားသည်အထိ အချိန်ယူကာ လက်သီးနည်းစနစ်တစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
“ ဟိတ် ... ။ ”
ဤသည်မှာ ဟွမ်မိသားစု၏ ထူးခြားသော လက်နက်မဲ့ ကိုယ်ခံပညာ ဖြစ်သည့် သဟဇာတ ခြောက်ပါး လက်သီး ပေပင်။
စုရီက စွပ်ပြုတ်သောက်နေရာမှ ရပ်လိုက်သည်။ ထို့နောက် အံ့သြတကြီးဖြစ်သွား တော့၏။ အဆုံး၌ နဖူးကို လက်ညိုးဖြင့် ကုပ်ကာ ခေါင်းကိုက်သွားလေသည်။
“ အစ်ကိုစု၊ ... ဘယ်လိုနေလဲ ။ ”
စုရီက သက်ပြင်းချသည်။ ပြသမှုသည် စိတ်မသက်မသာ ဖြစ်စေပြီး သူ၏ အစားစား လိုစိတ်ပင် ကုန်ဆုံးသွား၏။
“ မင်းရဲ့ အုတ်မြစ်က မဆိုးပေမယ့် ... ကိုယ်ခံပညာ နားလည်မှု အရမ်းညံ့ဖျင်းတယ် မဟုတ်ဘူး ... လုံးဝကို ရှုပ်နေတာ။ ”
ထိုမှတ်ချက်အပေါ် ဟွမ်ချမ့်ကျွယ်မှ ရှက်ရွံ့စွာ ပြုံးလေသည်။ လက်ရှိတွင် သူသည် သွေးသန့်စင်ခြင်း ဒုတိယအဆင့်ဖြစ်၏။ ဖခင်၏ အဆိုအရ အုတ်မြစ်ခိုင်မာသည်။
သဟဇာတခြောက်ပါး လက်သီး၌မူ လုံလောက်သော ကျွမ်းကျင်မှု ရရှိထားသည်။ စုရီ ပြောသလောက် ရှုပ်ပွနေသည်မျိုး မဟုတ်ချေ။
စုရီမှ ထရပ်ပြီး လွတ်နေသော နေရာကို လျှောက်လှမ်းလျက်၊
“ ပုံစံနဲ့ ရည်ရွယ်ချက် ဆိုတာ ဘာလဲ ...။ ”
-ဟု မေးခွန်းထုတ်လိုက်၏။
“ ဆန္ဒတစ်ခုကို ပုံဖော်ချင်ရင် ... ပုံစံနဲ့ ရည်ရွယ်ချက်လိုတယ်၊ သဟာဇာတ ခြောက်ပါး လက်သီးက ...
... လက်သီးနဲ့ ဆန္ဒ၊ လက်သီးနဲ့ ချီ၊ လက်သီးနဲ့ ပြင်းအား၊ လက်သီးနဲ့ ဒူး၊ လက်သီးနဲ့ တံတောင်၊ သက်သီးနဲ့ ခြေလက် ဒါတွေကို ညီညွှတ်အောင် ကြိုးစားရမယ် ...
... ရည်ရွယ်ချက်က ပြိုင်ဘက်ကို မြှားတစ်စင်းလို အင်အားအပြည့်နဲ့ တိုက်ခိုက်ဖို့ပဲ မမေ့ပါနဲ့ ... ။ ”
ထို့နောက် စုရီမှ ကစားပြလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် တောင့်တင်းခိုင်မာပြီး မြေပြင်၌ အမြစ်တွယ်နေ၏။
သို့သော် လှုပ်ရှားမှုတိုင်းတွင် အရှိန်အဟုန်သည် တောင်ကြီးကဲ့သို့ လေးလံ ပြင်းထန်သည်။
ရပ်ကြည့်နေမိသော ဟွမ်ချမ့်ကျွယ်မှ တုန်လှုပ်သွားလေသည်။ အစ်ကိုစု ပြသမှုအရ အမှန်ပင် လက်သီးပုံစံနှင့် ရည်ရွယ်ချက်မှာ အဓိကကျနေ၏။
ဤနည်းအားဖြင့် အမာ-အပျော့တို့သည် တစ်ခုနှင့်တစ်ခု အားဖြည့်ပေးကာ ပြိုင်ဘက်ကို စိတ်ရှုပ်ထွေးစေမည်။
“ အကြိမ်တိုင်းမှာ မင်းလက်သီးက ကောင်းကင်စစ်ဗုံကို ရိုက်နှက် နေသလိုမျိုး ပြင်းထန်ပြီး ... ကောင်းကင်နဲ့မြေကြီးကြား စိတ်ဝိညာဉ်တိုင်းကို တုန်လှုပ်စေရမယ်။ ”
“ ဝုန်း ... ။ ”
လက်သီးချက်တိုင်းက ကောင်းကင်ကို လှုပ်ခါစေနိုင်သော တောင်ကြီးကဲ့သို့ ခံစားရစေ ခဲ့သည်။
ဟွမ်ချမ့်ကျွယ် အမြင်တွင် စုရီသည် ကောင်းကင်တံခါးကို တောင်တန်းနှင့် လွှဲရိုက် နေသကဲ့သို့ ခံစားရစေ၏။
“ ဒါ ... ငါ့ဟွမ်မိသားစုရဲ့ ... ပုံသဏ္ဍာန်နှင့်ရည်ရွယ်ချက် ခြောက်ပါး ပေါင်းစည်းခြင်း လက်သီးလား။ ”
ဤသည်မှာ သဟဇာတ ခြောက်ပါး လက်သီး၏ အဓိပ္ပါယ်အမှန် ဖြစ်၏။ ထိတ်လန့် စရာ ပေပင်။ အဆုံးတွင် စုရီက ရပ်နားပြီး အနားရောက်လာသည်အထိ မှင်တတ် နေခဲ့သည်။
“ နားလည်ပြီလား ... ။ ”
“ အစ်ကိုစု၊ ငါ ... နည်းနည်းပဲ နားလည်နိုင်တယ် အနှစ်သာရကို ဖမ်းလို့မရ နိုင်းပါဘူး ... ။ ”
ဟွမ်ချမ့်ကျွယ်၏ အရည်အချင်းသည် ချင်းဝမ်ထက်နိမ့်ပါးချေပြီ။ စုရီက ပိုးစာကိုင်းကို ချိုးကာ မြေပေါ်၌ စာရေးပြလိုက်၏။
“ ဒါက မင်းအတွက် ... အခုပဲ ငါဖန်တီးပေးလိုက်ရတဲ့ ကျင့်ကြံမှုနည်းစနစ်ပဲ အကောင်းဆုံး မဟုတ်ပေမယ့် သဟဇာတ ခြောက်ပါး လက်သီးအတွက် ...
... သင့်လျော်တယ် ဒီနေ့ကစပြီး ... မနက်တိုင်း ဒီနေရာမှာ လာကျင့်ကြံပါ လက်သီး နည်းစနစ်ကိုတော့ ငါလမ်းပြပေးမယ် ...
... ဒါပေမယ့် ခုနှစ်ရက်ပြည့်လို့မှ လက်သီးနည်းစနစ်ကို ဖမ်းဆုပ်နိုင်ခြင်း မရှိရင် မင်းလာစရာ မလိုတော့ဘူး ...
... ဒါက မင်းမှာ ... ငါ့နောက်လိုက် အဖြစ် ခံယူဖို့ကံမပါဘူး ... အခု ဒီမှာနေပြီး လေ့ကျင့်ပါ ... ငါသွားနှင့်မယ်။ ”
ထိုသို့ပြောပြီးနောက် စုရီက လှည့်ထွက် သွားတော့သည်။ ဟွမ်ချမ့်ကျွယ်မှ လက်သီးကို တင်းတင်းဆုပ်ကာ ကျန်ရစ်ခဲ့၏။
“ အစ်ကိုစု ... စိတ်ချပါ ... ဒါကိုမှ ငါနားမလည်ရင် မင်းရဲ့ အစေခံဖြစ်ဖို့ အရည် အချင်းတောင် မရှိတာ ငါသိပါတယ်။ ”
ဤကမ္ဘာကြီးတွင် လူသားတိုင်းသည် ထက်မြက်သော ညာဏ်ပညာဖြင့် မွေးဖွားခြင်း မရှိကြချေ။ အထူးသဖြင့် ဝိညာဉ်စွမ်းအင် နည်းပါးသော ကွမ်လင်တွင် ဖြစ်၏။
ထို့ကြောင့် စုရီသည် ဟွမ်ချမ့်ကျွယ်အပေါ် အများကြီး မမျှော်လင့်သင့်ကြောင်း နားလည်မိ ခဲ့သည်။
သို့တိုင် ယခင်ဘဝက ထူးခြားသော ဉာဏ်ကြီးရှင်များသာ မြင်ခဲ့ဖူးသဖြင့် ဤသို့ တင်းကြပ်စွာ တောင်းဆိုမိခြင်း ဖြစ်ချေ၏။
အတွေးများစွာဖြင့် ဆေးခန်းအတွင်း လှမ်းဝင်လိုက်သောအခါ ဘဏ္ဍာစိုး ဟူချွမ့်က အလျင်အမြန် ပြေးလာပြီး၊
“ ဆရာစု မိန်းကလေးလင်ရွယ်က ... ဧည့်သည်နှစ်ယောက် ခေါ်လာပြီး အဝါရောင် စံအိမ်မှာ စောင့်နေပါတယ်။
-ဟု သတင်းပို့လာ၏။
အဝါရောင်စံအိမ်ဟူသည် စုရီတည်းခိုနေထိုင်သည့် မက်မွန်ဆေးခန်း နောက်မှ ခြံဝင်းအမည် ဖြစ်သည်။
စုရီက ခေါင်းညိတ်ပြကာ မက်မွန်ဆေးခန်းတံခါးကို ဖွင့်ပြီး အဝါရောင် စံအိမ်ထံ ဦးတည်လိုက်တော့၏။
ခြံတံခါးကို တွန်းဖွင့်လိုက်သောအခါ ဇီးပင်အောက်တွင် ရပ်လျက် လူသုံးယောက် စကားပြောနေသည်ကို မြင်လိုက်ရသည်။
ဝမ်လင်ရွယ်က ရေညှိစိမ်းဝတ်စုံဖြင့် အနက်ရောင် ဆံပင်များကို မြင့်မြင့် ချည်နှောင် ထား၏။
“ ကျွီ ... ။ ”
ဤကောင်မလေးနှင့် မတွေ့ရသည်မှာ (၇)ရက်ခန့်ရှိပြီ ဖြစ်သည်။ ခြံတံခါးဖွင့်သံကြောင့် လူတိုင်း လှည့်ကြည့်လာသည်။
“ အစ်ကိုစု ပြန်လာပြီ။”
ဝမ်လင်ရွယ်မှ ဝမ်းသာအားရ နှုတ်ဆက်၏။ စုရီက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သို့သော် ကျန်နှစ်ယောက်ထံ လှည့်ကြည့်ချိန်၌ အပြုံးများ ရှိမနေတော့ချေ။
“ အစ်ကိုစု ... ။ ”
ဦးစွာ လင်ရွယ်ဘေးမှ အမျိုးသမီးက သနားကြင်နာပြီး ရှုပ်ထွေးသော အကြည့်ဖြင့် နှုတ်ဆက်လာခဲ့သည်။
သူမ မျက်ဝန်းများတွင် လွမ်းဆွေးမှုနှင့် ဝမ်းနည်းမှု အရိပ်အယောင်များ အမှတ်မထင် ပေါ်လာ၏။ ကျန်တစ်ယောက်မှာ အမျိုးသား တစ်ယောက် ဖြစ်သည်။
“ မင်း ဘာလာလုပ်တာလဲ။ ”
စုရီက တည်ငြိမ်စွာ မေးလိုက်သည်။ မှတ်ဉာဏ်အတွင်း ၎င်းနှင့် ပတ်သက်သည့် အမှတ်တရများ ပြန်ပေါ်လာ၏။
တစ်ချိန်က သူနှင့် အရင်းနှီးဆုံးသော ဆက်ဆံရေးရှိခဲ့ဖူးသည့် တစ်ဦးတည်းသော ပြင်ပတပည့် ပေပင်။
နူးညံ့သိမ်မွေ့ပြီး အလွန်နှိမ့်ချသော ကိုယ်ရည်ကိုယ်သွေးမျိုးရှိကာ သူ့ကို မြတ်နိုး နေသူ ဖြစ်၏။
သို့သော် လွန်ခဲ့သော တစ်နှစ်က သူ့ကျင့်ကြံမှု ရုတ်ချည်း ပျောက်ကွယ်သွားချိန်၌ သူမသည်လည်း အနားမှ ပျောက်ကွယ် သွားခဲ့သည်။
“ နန်းရင်တို့ ခရီးကြမ်းနှင်နေတုန်း ... လမ်းကြုံလို့ ကွမ်လင်မြို့ကို ဝင်လာခဲ့တာ ဒါနဲ့ပဲ အစ်ကိုစု သတင်းကြားပြီး လိုက်လာတာပါ။ ”
“ ဂျူနီယာ ညီလေးစု ... မတွေ့တာ ကြာပြီနော်။ ”
နန်းရင်ဘေးမှ လူငယ်က စုရီကို ခေါင်းညိတ်ကာ နှုတ်ဆက်သည်။ မျက်ဝန်းများ အတွင်း အထင်သေးသော အရိပ်အမြွက်ကို ဖုံးကွယ်ရန် ဆန္ဒမရှိခဲ့ချေ။
***