မျက်နှာနှစ်ဖက်။
Vol. 4 Ch. 45
နီဟောင်။ ဤလူသည် စုရီ ပြင်ပတပည့်ကြီးဖြစ်ချိန်၌ အရှေ့ဘက်ခြံဝင်း၏ တပည့်ကြီးဖြစ်သည်။
“ ဟုတ်တယ် ငါတို့ ပြန်တွေ့ကြပြီ ... တခြားကိစ္စ မရှိဘူးဆိုရင် မင်းတို့ ပြန်နိုင်ပြီ။ ”
စုရီက ပြတ်ပြတ်သားသား မောင်းထုတ်သည်။ နန်းရင်မှ အံ့သြသွား၏။ ထို့နောက် နီဟောင်ဘက်လှည့်ကာ၊
“ အစ်ကိုနီ တောင်းပန်ပါတယ် ... ငါအစ်ကိုစုနဲ့ နှစ်ယောက်တည်း စကားပြော ချင်ပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ကောင်းပြီ ... သိပ်မကြာစေနဲ့ ဦးလေးကျောက်က လီစံအိမ်မှာ ငါတို့ကို စောင့်နေတယ်။ ”
နီဟောင်က ခေါင်းညိတ်လျက် စုရီကို လုံးဝလျစ်လျူရှုကာ လှည့်ထွက်သွားတော့၏။
“ လင်ရွယ် ... အထဲဝင်ပြီး ငါ့ကိုစောင့်နေ။ ”
ဝမ်လင်ရွယ်က တင်းကြပ်သော အငွေ့အသက်ကို ခံစားမိသဖြင့် ခေါင်းငုံ့သွား လေသည်။
“ ငါမလာခဲ့ရင် နင်ဒီလောက် ပြောင်းလဲသွားမယ် ဆိုတာ ငါဘယ်တော့မှ သိမှာ မဟုတ်ဘူး။ ”
နှစ်ယောက်တည်းကျန်ရစ်သည့် အချိန်၌ နန်းရင်အသွင်မှာ ခြားနားသော လူတစ်ယောက် အဖြစ် ပြောင်းလဲသွား၏။
ကျိုးနွံခြင်း၊ နူးညံ့သိမ်မွေ့ခြင်း နေရာ၌ မာနနှင့် အထင်အမြင်သေးမှုများသာ အစားထိုး လာသည်။
စုရီက တုန့်ပြန်ခြင်း မရှိချေ။ ဤအမျိုးသမီးသည် သူ့အနားတွင် သုံနှစ်ခန့် လိုက်ပါခဲ့သူ ဖြစ်သည်။
“ တစ်ချိန်က ပြင်ပတပည့်ကြီးက မောက်မာပြီး ငါ့ရဲ့ တန်ဖိုးကို လျစ်လျူရှုခဲ့တယ် အခုတော့ ကွမ်လင်မှာ အသုံးမကျတဲ့ သမက် အဖြစ် နစ်မြုပ်သွားရပြီ ...
... စိတ်မကောင်း စရာပဲ ... ငါ့ရဲ့ သုံးနှစ်တာအချိန်ကို အမှိုက်တစ်စပေါ်မှာ ဖြုန်းတီးမိခဲ့တယ် ... ။ ”
သို့တိုင် စုရီမှ ပေါက်ကွဲခြင်း မရှိဘဲ ငြိမ်သက်နေသေးကြောင်း သတိထားမိကာ နန်းရင်မှ ဒေါသထွက်လာ၏။ အဆုံးတွင် အံကြိတ်လျက်၊
“ ဒါပေမယ့် အဆင်ပြေပါတယ် ... အခု နင်အစား နောက်တစ်ယောက် ရှာတွေ့ခဲ့တယ်၊ အစ်ကိုနီဟောင်ရဲ့ ...
... အရှေ့ဘက်ခြံဝင်း တပည့်ကြီးဆိုတဲ့ ရာထူးက ငါ့ကို အတွင်းတပည့် ဖြစ်ခွင့်ရခဲ့တယ် နင့်အတွက်တော့ စိတ်မကောင်းပါဘူး စုရီ။ ”
-ဟု ပြောကြားလိုက်တော့သည်။
စုရီက ဂရုမစိုက်ဘဲ၊
“ အခု ဒီစကားတွေ ပြောဖို့ လာတာလား၊ စိတ်မကောင်းစရာပဲ ... မင်းရဲ့ စီနီယာ အစ်ကိုနီ ကံဆိုးတယ် ...
-ဟု တုန့်ပြန် ပြောကြားလိုက်၏။
နန်းရင်မှ မျက်ခုံးပင့်ကာပြုံးသည်။
“ စုရီ၊ နင့်ခန္ဓာကိုယ်က အမှိုက် ဖြစ်သွားပေမယ့် ... ဦးနှောက်က အသုံးဝင်နေ တုန်းပဲ။ ”
ထိုမှတ်ချက်ကို စုရီက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“ နောက်ထပ် ဉာဏ်ကောင်းတာ ရှိသေးတယ် ... မင်းနည်းလမ်းက မင်းအတွက် အန္တရာယ်ရှိတယ် ...
... ကျွမ်းကျင်သူ တစ်ယောက်ကိုသာ နာကြည်းအောင်လုပ်မိရင် မင်းဘဝအဆုံးသတ် ကောင်းနိုင်မှာ မဟုတ်ဘူး။ ”
အိုး ... စုရီ ... ငါက လူမိုက်လား ... မြစ်ပြာဓားစံအိမ်တစ်ခုလုံးက ငါ့ကို ရိုးသားသိမ်မွေ့တဲ့ မိန်းကလေး အဖြစ် သိမြင်ထားတယ် ... မင်းပြောသလို ဖြစ်လာစရာ အကြောင်းမရှိပါဘူး။
သူ့စကားကြောင့် နန်းရင်အသွင်က ပီဘိနူးညံသိမ်မွေ့ပြီး နှစ်လိုဖွယ် ကောင်းသော အမျိုးသမီးအသွင် ပြောင်းသွားတော့၏။
“ ခစ် ခစ် ခစ် ... ဘယ်လိုလဲ ... အခု ငါကသနားစရာ ကောင်းတဲ့ ကောင်မလေးနဲ့ တူတယ် မဟုတ်လား။ ”
“ မိန်းမပျက် ... ။ ”
“ အိုး ... အစ်ကိုစု ... အရမ်းရိုင်းတာပဲ။ ”
“ ညီမလေး နောက်ကျနေပြီ သွားရအောင်။”
ရုတ်တရက် နီဟောင် အသံက ခြံပြင်မှ ထွက်ပေါ်လာသဖြင့် နန်းယင်က ရှက်ရွံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကြင်နာသည့်အသွင်မျိုး ခံယူကာ၊
“ စုရီ၊ ငါတို့က မတူညီတဲ့ ကမ္ဘာနှစ်ခုကပဲ ... နင့်အတွက် ခါးသီးစရာ ကောင်းပေမယ့် ... ဒါကို နင်လက်ခံရမယ် ...
... ကံကောင်းပြီး အနာဂတ်မှာ နင်ပြန်လာနိုင်ရင်တောင် ငါက နင်ဘယ်တော့မှ မရောက်နိုင်တဲ့ အမြင့်မျိုးမှာ ရှိနေလိမ့်မယ် ...
... ခစ်ခစ်ခစ် ဒီနေ့ ငါ့အကြောင်းတွေ ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့ မဟုတ်ရင် နင့်ကို ငါဘာလုပ်မိမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ ...
... နင့်လို အသုံးမကျတဲ့ သမက်က ငါ့ကို မိန်းမပျက်လို့ ခေါ်ခဲ့တာသိသွားရင် လူတွေက ငါ့အစားဒေါသထွက်ပြီး ဝိုင်းရိုက်လိမ့်မယ် သတိထားပါ။ ”
-ဟု မှာကြားတော့သည်။
စုရီက တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ နန်းရင်တို့နှစ်ဦး ထွက်ခွာသွားချိန်၌ ဝမ်လင်ရွယ် ရောက်ရှိလာသည်။
“ မင်း နားထောင်နေတာလား။ ”
စုရီက လှည့်မေးလိုက်သည်။ ခေါင်းညိတ်လျက် ဝမ်လင်ရွယ် အမူအရာက မကျေမနပ် ဖြစ်လာပြီး၊
“ ရှင်းရှင်းလင်းလင်း မကြားပေမယ့် ... ဘဝမှာ အဲဒီမိန်းမလောက် ရွံစရာကောင်းတာ တစ်ခါမှ မတွေ့ဖူးဘူး ...
... သူမမှာ အဲဒီလိုမကောင်းတဲ့ ရည်ရွယ်ချက်မျိုး ရှိလာရင် သူ့ကို ခေါ်လာမိမှာ မဟုတ်ဘူး။”
-ဟု ပြန်ဖြေ၏။
စုရီက ဝမ်လင်ရွယ် ဆံပင်များကို ဖွကာ၊
“ ထားလိုက်ပါ ... အခု မင်းအကြောင်းပြောရအောင် ဟမ့် ... ခြင်ဆီ သန့်စင်ခြင်း ရောက်နေပြီလား။ ”
-ဟု အံ့သြတကြီး ပြောကြားလိုက်သည်။
ဤအရှိန်သည် ယုံနိုင်စရာ မရှိချေ။
“ မှန်တယ် အစ်ကိုစု သင်ပေးခဲ့တဲ့ ဒီနည်းစနစ်က အံ့သြစရာ ကောင်းပါတယ် ... ငါ့ကို ပြန်ပြီး မွေးဖွားလိုက်သလိုပဲ။ ”
“ ကျင့်ကြံမှု လမ်းမှာ အလျင်မလိုနဲ့ ... မင်းရဲ့အုတ်မြစ်ကို တည်ငြိမ်အောင်ထားပြီး စိတ်ရှည်ပါ။ ”
“ ဟုတ်ကဲ့ ... လင်ရွယ် မှတ်ထားပါ့မယ်။ ”
ဝမ်လင်ရွယ်မှ လေးလေးနက်နက် ခေါင်းညိတ်သည်။
“ ဒါနဲ့ ... ဘာကိစ္စလာတာလဲ ... နဂါးတံခါးဧည့်ခံပွဲကို တတ်ဖို့ စီစဉ် နေတာလား။ ”
စုရီက မေးသည်။ လင်ရွယ်မှ ခေါင်းယမ်းလျက် သူ့အကြည့်ကို ရှောင်လိုက်၏။
“ အစ်ကိုစု ... တကယ်တော့ ဒီနေ့ ငါမင်းကို ပြောစရာရှိလို့ လာခဲ့တာ။”
“ ပြောပါ။ ”
“ဒုတိယဦးလေးက ... ငါနဲ့ အမေ့ကို ကောင်းကင်မူလအကယ်ဒမီဆီ လိုက်ပို့ပေး လိမ့်မယ် ... အစ်ကိုစုကို ငါခေါ်ချင်ပေမယ့် သူတို့က လက်မခံကြဘူး ... ။ ”
“ နားလည်ပြီ ... စိတ်ထဲမထားနဲ့။ ”
စုရီက ခေါင်းညိတ်ကာ ပြုံးသည်။
“ အစ်ကိုစု ငါ့အစ်မကို ပြောချင်တာ တစ်ခုခုရှိလား ... စာတစ်စောင် ဖြစ်ဖြစ်ပေါ့။ ”
“ မရှိဘူး။ ”
သို့သော် ထိုစကားကို မပြောဖြစ်ဘဲ လင်ရွယ်ထံ ပြန်ကြည့်သည်။ ဤကလေးမသည် သူမအစ်မနှင့် သူ့ကြားပြေလည်စေချင်ပုံရ၏။
ပွင့်ပွင့်လင်းလင်း ဝန်ခံရပါမူ သူနှင့် ဝမ်လင်ကျောက်တို့သည် သူစိမ်းများ ဖြစ်သည်။ စုမိသားစု အမိန့်ကြောင့်သာ ဝမ်ဘိုးဘေးမှ လက်ထပ်ပေးခြင်း ဖြစ်ချေ၏။
“ ကောင်းပြီ ... ။ ”
စုရီက အိမ်ထဲ လျှောက်လှမ်းသွားပြီး စာတစ်စောင်ရေးကာ ချိပ်ပိတ်ပေးလိုက်သည်။ သို့မှသာ ဝမ်လင်ရွယ်က ဝမ်းသာအားရဖြင့် စာအိတ်ကို ယူလေသည်။
“ မင်းအစ်မကို ငါသင်ပေးခဲ့တဲ့ နည်းစနစ်အကြောင်း မသိစေနဲ့။ ”
စုရီက အလေးအနက် မှာကြားလိုက်၏။
“ စိတ်မပူပါနဲ့ အစ်ကိုစု ... ဒါက ငါတို့နှစ်ယောက်ပဲသိတဲ့ လျှို့ဝှက်ချက်ပဲ ဘယ်သူ့ကိုမှ မပြောပါဘူး။ ”
ထို့နောက် ဝမ်လင်ရွယ်မှ လက်ပြပြီး ထွက်ခွာသွားတော့သည်။ စုရီတစ်ယောက်သာ အတွေးနက်လျက် ကျန်ရစ်၏။
ဝမ်ချောင်ကျင်းသည် နဂါးတံခါးဧည့်ခံပွဲကို စွန့်လွှတ်လိုက်ပုံရသည်။ ကွမ်လင်၌ မဟာသခင် အဆင့် ကျွမ်းကျင်သူ တစ်ပါးကို နောက်ခံအဖြစ် ရရှိခြင်းဖြင့် အလားအလာကောင်းကို ပိုင်ဆိုင်နိုင်ပေမည်။
တစ်ဖက်တွင် သူ့ဇနီးအမည်ခံ အမျိုးသမီးသည် မည်သို့ တွေးနေသည်ကို အကြမ်းဖျင်း သိမြင်နိုင်၏။
သူမသည် အိမ်ထောင်ရေးကို ဖျက်သိမ်းလိုသောကြောင့် ပိုမိုသန်မာအောင် ကြိုးစားနေခြင်းပေပင်။
ပွင့်ပွင့်လင်းလင်း ဆိုရပါမူ သူသည်လည်း ဤအိမ်ထောင်ရေးကို ဖျက်သိမ်းရန် တကယ်ပင် ဆန္ဒရှိသည်။
ထို့ကြောင့် ဝမ်လင်ကျောက်၏ ကြိုးစားမှုအပေါ် အသိအမှတ်ပြု၏။ သူမသာ ဤနည်းဖြင့် အောင်မြင်စွာ ဖျက်သိမ်းနိုင်သော် သူ့အတွက် အချိန်ကုန် သက်သာပေမည်။
“ ဆရာစု ... ဒီမှာ ဧည့်သည် ရောက်နေတယ်။ ”
ရုတ်တရက် အသံနှင့်အတူ ဘဏ္ဍာစိုးဟူချွမ်က ခြံတံခါးဖွင့်ပြီး လှမ်းဝင်လာ တော့သည်။
***