မထိုက်တန်ဘူး။
Vol. 4 Ch. 46
ဧည့်သည်ဆိုသည်မှာ နီထန့် ဖြစ်သည်။ ထိုလူငယ်သည် ရဲရင့်ပြီး ကျေးဇူးတရားအပေါ် နားလည်၏။
၎င်းက သူ့ကို မြင်သည်နှင့် ပြုံးပြကာ ထရပ်လာသည်။
“ အစ်ကိုစု၊ ငါ့အဖေက မင်းကို ဖိတ်စာလာပို့ခိုင်းလိုက်တယ် ... ငါ့အဖေကို မြို့သခင်ဖူရှန်းက ပေးခိုင်းလိုက်တာ ... နဂါးတံခါးဧည်ခံပွဲတက်ဖို့တဲ့ ... ။ ”
စုရီကအံ့သြသွား၏။
“ ကောင်းပြီ ... ငါလက်ခံလိုက်မယ် ... ဧည့်ခံပွဲတက်ဖြစ်မလား မတတ်ဖြစ်ဖူးလားတော့ ငါလည်း မသိသေးဘူး။ ”
“ အဆင်ပြေပါတယ် ... အစ်ကိုစု၊ နောက်တစ်ခု ရှိသေးတယ် မနေ့ညက ကပ်ပါး မွေးမြူရေးခြံ နှစ်ခြံရဲ့ သဲလွန်စ ရှာတွေ့ပြီး ...
... ဖျက်ဆီးနိုင်ခဲ့တယ်၊ နောက်ထပ်လည်း ရှာဖွေပြီး ဖျက်ဆီးပစ်မှာမို့ မစိုးရိမ်ဖို့ ... ပြောခိုင်း လိုက်တယ်။ ”
ထို့နောက် ပြောစရာ စကား ကုန်သွားသော်လည်း နီထန့်က တုန့်ဆိုင်းစွာဖြင့်၊
“ အစ်ကိုစု၊ ငါ့အဖေက မင်းနောက်လိုက်ပြီး သင်ယူဖို့ မှာကြားလိုက်ပါတယ် အင်မော်တယ် စံအိမ်မှာ ငါရဲ့ရိုင်းပျမှုအတွက် ခွင့်လွှတ် ပေးဖို့လည်း တောင်းပန်ပါတယ်။ ”
-ဟု တိုးညှင်းစွာ ပြောကြားလာ၏။
“ ဘယ်လောက်တောင် သောကများလိုက်လဲ။ ”
စုရီက ညည်းတွားလိုက်သည်။ နီထန့် စကားများမှတဆင့် ဖခင်တစ်ဦး၏ မေတ္တာ တရားကို မြင်နိုင်ပေ၏။
ထို့ကြောင့် သူ့အဖေ စုဟုန်လီကို သတိရလာပြီး အမုန်းတရားများ ပေါက်ပွားလာ တော့သည်။
ဤဥပါဒါန်သည် အလွန် နက်ရှိုင်း၏။ နှလုံးသားအတွင်း အမြစ်တွယ်နေပြီ ဖြစ်သည်။ ၎င်းကို အမြန်ဖြေရှင်း ရပေမည်။ မဟုတ်သော် နှလုံးသား မတည်မငြိမ်ကာ ကျင့်ကြံမှု လမ်း၌ အခက်တွေ့နိုင်၏။
အတွေးများဖြင့် နီထန့်ထံ ကြည့်မိသည်။ ဝမ်ကျိယွင် သေဆုံးခြင်းအတွက် ၎င်း၏အဖေမှ ဖြေရှင်းပေးခဲ့၏။
ထို့ကြောင့် နီထန့်ကို စောင့်ရှောက်ရန် ထိုက်တန်မှု ရှိ၊မရှိ စဉ်းစားနေမိသည်။
“ ငါ ... ။ ”
သို့သော် နီထန့်မှ တုန့်ဆိုင်းနေပြီး အဆုံးတွင် အံကြိတ်လျက်၊
“ ငါ ... အဖေ့ရဲ့ အစီအစဉ်အတိုင်း မသွားချင်ဘူး ... ငါအသက်က ငယ်သေးတယ် တစ်စုံတစ်ယောက်အပေါ် မီခိုတာ ငါ့ပုံစံ မဟုတ်ဘူး အတားအဆီးတွေ ရှိရင်တောင် ကိုယ်တိုင် ချိုးဖြတ်ချင်တယ်။ ”
-ဟု ပြောကြားလာတော့၏။
ဤတစ်ကြိမ်၌ နီထန့်၏ အသက်ရှူသံမှာ ပြင်းပျလာသည်။ သူ့စကားများကို သူ့နှလုံးက ဂုဏ်ပြုနေခြင်း ဖြစ်၏။
လူငယ်များသည် မြင့်မားသော ရည်မှန်းချက်များ ရှိရမည်မှာ သဘာဝ ပေပင်။ မျိုးဆက်ဟောင်းများသည် လျစ်လျူရှုခြင်းဖြင့် တိုက်ပွဲဝင်ဆန္ဒများ ဆုံးရှုံးကုန်တတ်၏။
သမိုင်းတွင် ရဲရင့်သော ပုဂ္ဂိုလ်တိုင်း လူငယ်များသာဖြစ်၏။ စုရီက သက်ပြင်းချကာ အဝေးကို ငေးသည်။
နီထန့်၏ ငယ်ရွယ်နုပျိုမှုသည် အတိတ်ဘဝစုရွှမ်ကြွယ်၏ လူငယ်ဘဝအပေါ် ပြန်သတိရလာစေသည်။
ထိုစဉ်က အပြာရောင် ဝတ်ရုံကို အချိန်ပြည့်ဆင်မြန်းလျက် ဓားတစ်လက်ကိုင် ဆွဲပြီး လောကအနှံ့ ခရီးနှင်ခဲ့သည်။
အလှတရားများ၊ ဝိုင်များ၊ ရတနာများ၊ သခင်ငယ်များ၊ ရန်ပွဲများ စသည့် ကာမဂုဏ်များ အပေါ် အပြည့်အ၀ခံစား၏။
အတွေးထဲ နစ်မျောနေသော စုရီအသွင်ကြောင့် နီထန့်က မျက်ခုံးပင့်မိသည်။ တစ်ဖက်လူသည် ရွယ်တူဖြစ်သို့သော်လည်း တစ်စုံတစ်ရာကို လွမ်းဆွတ်ပြနေ၏။
“ မင်းရဲ့တာအိုကို ငါလေးစားတယ် ... ဆယ်နှစ်အတွင်း မင်းတို့တွေ မဖြေရှင်းနိုင်တဲ့ ပြဿနာမျိုး ရှိလာရင် ... ငါ့ဆီလာပါ သုံးကြိမ် ကူညီပေးမယ်။ ”
ထို့နောက် စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက် ပညာရှိတစ်ပါးကဲ့သို့ လှည့်ထွက် သွားတော့သည်။
“ စာငှက်နှင့် ငန်းတစ်ကောင် ကြားတွင် ရာထူးဟူ၍ မရှိချေ။ ဖျင်ကြမ်းအင်္ကျီနှင့် ဝိုင်တစ်ခွက်ကို သောက်နေသော်လည်း တိမ်ယံထက်ကို ထိုးဖောက်နေသောထင်ရှူးပင်နှင့်တူသည်။
လူတိုင်းသည် လူငယ်များ ဖြစ်၏။ ကောင်းကင်ကိုထိုးဖောက်ကာ ထိပ်ဆုံးသို့ တက်ရပေမည်။
စုရီပျောက်ကွယ်သွားသောအခါ နီထန့် သတိဝင်လာသည်။ အဆုံးတွင် သူ့အဖေအတွက် စကားလက်ဆောင်အချို့ ပြန်ယူလာနိုင်ပြီ ဖြစ်၏။
***
လီစံအိမ်၊ မိသားစု ခန်းမ။
“ အစ်ကိုကျောက် ... ဒီနှစ် နဂါးတံခါး ဧည့်ခံပွဲကို ... မင်းနဲ့အတူ တက်ခွင့်ရတဲ့အတွက် ဂုဏ်ယူစရာပါပဲ ဒါက မရေမတွက်နိုင်တဲ့ မျက်လုံးတွေကို စွဲဆောင်နိုင်မှာ ...
... သေချာပါတယ် ... နောက်ဆုံးတော့၊ မင်းရဲ့အဆင့်အတန်းက မြို့သခင်ဖူရှန်းတောင် လေးလေးစားစား ဆက်ဆံရလိမ့်မယ်။ ”
လီတျန်းဟန်မှ သူ့ရှေ့မှ မီးခိုးရောင် မုတ်ဆိတ်နှင့်အမျိုးသားတစ်ဦးကို လေးစားစွာ မြှောက်ပင့် ပြောကြားလိုက်သည်။
ထိုအမျိုးသား အမည်မှာ ကျောက်ဟိုင်ချွင်းဖြစ်၏။ ၎င်းမှ လက်ရမ်းပြပြီး၊
“ ငါတို့က ဖြတ်သွားရင်းနဲ့ ... ဒီသတင်းကြောင့် ကွမ်လင်ကို လှည့်ဝင်လာ ခဲ့တာပါ ... ကွမ်လင်နဲ့ တိမ်တံခွန်မြို့က လူငယ်တွေရဲ့ အရည်အချင်းကို မြင်ခွင့်ရတဲ့ ဝမ်းသာစရာပါပဲ။”
-ဟု တုန့်ပြန် ပြောကြားလိုက်သည်။
သူ့ပါးသိုင်းမွေးနှင့် ဆံပင်များပင် မီးခိုးရောင်ဖြစ်နေပြီး ရိုးရှင်းသော ၀တ်ရုံကို ဝတ်ဆင်ထား၏။
“ ဟား ဟား ဟား ... အစ်ကိုကျောက်၊ မြစ်ပြာဓားစံအိမ်ရဲ့ တောင်ပြာဓား အကြီးအကဲ တစ်ဦးဖြစ်တဲ့ မင်းနာမည်က ...
... တိမ်မြစ်စီရင်စု တစ်ခုလုံးကို လှုပ်ခတ်နိုင်ပါတယ် ဓားတာအိုအရဆိုရင် မဟာသခင်တောင် မင်းကို မယှဉ်နိုင်ပါဘူး။ ”
ဤသည်မှာ အချည်းနှီးသက်သက် မြှောက်ပင့်ခြင်း မဟုတ်ချေ။ မြစ်ပြာဓားစံအိမ်၌ အကြီးအကဲ(၁၂)ဦးရှိရာတွင် ကျောက်ဟိုင်ချွင်း အနေဖြင့် အဆင့်(၄)ဖြစ်၏။
များမကြာခင် မဟာသခင်အဆင့်သို့ တတ်လှမ်းနိုင်တော့မည်ဟုလည်း ထင်ကြေးပေး ထားကြသည်။ တောင်ပြာဓား ကျောက်ဟိုင်ချွင်း ဟူသော အမည်ကို တိမ်မြစ်စီရင်စုတစ်ခုလုံး သိရှိထားချေ၏။
“ မဟာသခင် အဆင့်လား ... ။ ”
ကျောက်ဟိုင်ချွင်း၏ အကြည့်များ အနည်းငယ် မှေးစင်းသွားကာ သက်ပြင်းချ လိုက်သည်။
“ အဲဒါက ရောက်ဖို့ ခက်ပါတယ် ... ချီသန့်စင်ခြင်းအထွတ်အထိပ်မှာ ငါတွယ်ကပ် နေတာ (၁၉)နှစ်ရှိပြီ ... မဟာသခင်အဆင့်ရဲ့ တံခါးဝကိုတောင် မထိတွေ့သေးဘူး။ ”
ထိုစဉ် လူရိပ်နှစ်ရိပ် ခန်းမထဲဝင်လာ၏။ ဤသည်မှာ နီဟောင်နှင့် နန်းရင်တို့ ဖြစ်သည်။ ကျောက်ဟိုင်ချွင်းမှ မော့ကြည့်ပြီး၊
“ မင်းတို့ စုရီဆီသွားတာ မဟုတ်လား ဘယ်လိုနေလဲ။ ”
-ဟု အာရုံပြောင်းသွား၏။
“ ဟုတ်ကဲ့ အစ်ကိုစုအတွက် စိတ်မကောင်းစရာပါပဲ သိုင်းဦးလေး ... ။ ”
ကျောက်ဟိုင်ချွင်း အမူအရာ ရှုပ်ထွေးသွားပြီး၊
“ အဲဒီကောင်လေးစုရီက ဓားတာအိုမှာ မယုံနိုင်ဖွယ် အရည်အချင်းရှိတယ် တစ်ချိန်က သူ့ရဲ့စွမ်းဆောင်ရည်က နီဟောင်ထက် မနိမ့်ကျဘူး ...
... ဒါပေမယ့် ကောင်းကင်က အရည်အချင်းရှိတဲ့ လူတွေကို မနာလိုတာ သဘာဝပါပဲ ... ဒီလိုနဲ့ပဲ သူ့ခရီးက မစခင်တည်းက ဆုံးသွားရပြီ။ ”
“ ဦးလေးကျောက် ဒါတွေအားလုံးက အတိတ်ပါပဲ အစ်ကိုစုအတွက် စိတ်ပူမနေပါနဲ့ သူက သာမန်လူတစ်ယောက် ဖြစ်သွားပေမယ့် ဝမ်မိသားစုသမက် အဆင့်အတန်းနဲ့ အဆင်ပြေပါလိမ့်မယ်။ ”
နန်းရင်က နှစ်သိမ့်ပေးလိုက်သည်။
“ အဲဒါကြောင့် ငါသူ့ဆီ မသွားတာ ... မဟုတ်ရင် သူ့အတွက် နာကျင်စရာကောင်းတဲ့ အမှတ်တရတွေကို ပေးသလို ဖြစ်လိမ့်မယ်။ ”
ကျောက်ဟိုင်ချွင်းမှ သက်ပြင်းချကာ ပြောကြားလိုက်သည်။ နီဟောင်က စကားဝိုင်း အပေါ် စိတ်မဝင်စားဘဲ လီတျန်းဟန်ထံ လှမ်းကြည့်ပြီး၊
“ ဦးလေးလီ ... ဂျူနီယာညီလေး မိုယွင်ကို မတွေ့ပါလား။ ”
-ဟု မေးမြန်းတော့၏။
လီတျန်းဟန်က ပြုံးသည်။
“ စိတ်မကောင်း စရာပါပဲ ... မင်းရဲ့ ညီလေးမိုယွင်က မနေ့က တိမ်မြစ်စီရင်စု မြို့တော်ဆီ ခရီးထွက်သွားပြီ။ ”
“ အင်း ... ဒါက အဓိပ္ပာယ်ရှိတယ် ... ညီလေးမိုယွင်ရဲ့ ကျင့်ကြံမှုအရ နဂါးတံခါးက စိတ်ဝင်စားစရာ မရှိပါဘူး။ ”
သူတို့စကားဝိုင်းကို ကျောက်ဟိုင်ချွင်းမှ စိတ်ဝင်စားသွားသည်။
“ ဟမ့် ... ကောင်လေးမိုယွင်လား ... အဲဒီကလေးက တကယ့်ကို တာအိုမှာ ထူးချွန် ပါပေတယ် ... တစ်နှစ်အတွင်း ချီသန့်စင်ခြင်း အဆင့်ကို ဖြတ်ကျော်သွားမှာ ငါကြောက်မိတယ်။ ”
“ ဟား ဟား ဟား အစ်ကိုကျောက် ... မင်းကချဲ့ကားနေတာပဲ။ ”
လီတျန်းဟန်က ကျေနပ်စွာဖြင့် ရယ်မောတော့သည်။
“ သိုင်းဦးလေး အစ်ကိုနီလည်း ... ညံဖျင်းတဲ့လူ မဟုတ်ပါဘူး ဒါပေမယ့် ဘာလို့ မင်းကချီးမွမ်းရတာလဲ ... ဒါက ဘက်လိုက် လွန်းတယ် မထင်ဘူးလား။ ”
“ ဟား ... ဟား ... ဟား ... ။ ”
နန်းရင်၏ အလိုမကျဟန် စကားက ကျောက်ဟိုင်ချွင်းကို ကူကယ်ရာမဲ့သွားစေခဲ့၏။ လီတျန်းဟန်မှ ရယ်မောလျက်၊
“ မင်းရဲ့ အစ်ကိုနီက ... ရှားပါးတဲ့ ပါရမီရှင်တစ်ပါးပဲ နဂါးတစ်ကောင်လို ပျံသန်း နိုင်တယ် ဒီအတွက် ပြောနေစရာ မလိုပါဘူး ... ပြောစရာ ရှိတာက စုရီ။”
-ဟု ဝင်ပြောလာသည်။
“ စုရီ ... ဘာဖြစ်လို့လဲ။ ”
ကျောက်ဟိုင်ချွင်းမှ မျက်ခုံးပင့်ကာ မေးလိုက်သည်။ ဤမေးခွန်းကို စောင့်နေသော လီတျန်းဟန်မှ ပြုံး၏။
“ အစ်ကိုကျောက် မင်းမေ့နေတာလား ... သူ့ဇနီးလင်ကျောက်က မဟာသခင်ကျူးကုချင်း တပည့်ဖြစ်လာတော့မယ်လို့ သတင်းကြီး နေတယ် ....
... ဒါကြောင့် ကောင်းကင် အကယ်ဒမီ အသိုင်းအဝိုင်းရဲ့ လူငယ်သူရဲကောင်းတွေက သူမခင်ပွန်းကို ဖြေရှင်းဖို့ စုံစမ်းနေကြပြီ ...
... ဒါကြောင့် စုရီအတွက် နေ့ရက်တွေက ချောမွေ့တော့မယ် မထင်ဘူး ... ဝမ်မိသားစု ကိုယ်တိုင်တောင် ဒီကိစ္စအပေါ် အာရုံစိုက် ကုန်ကြပြီ။ ”
ကျောက်ဟိုင်ချွင်း၏ မျက်ဝန်းများ မှေးစင်းလျက် တိတ်ဆိတ်သွား၏။ စုရီအပေါ် စာနာမိသော်လည်း မဟာသခင်တစ်ပါးကို ဆန့်ကျင်ရန် သူသည်လည်း ဆန္ဒမရှိချေ။
“ ဒါကတော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူး .... တစ်စုံတစ်ဦးကို အပြစ်တင်ချင်တယ်ဆိုရင် သူ့ကိုယ်သူသာ အပြစ်တင်ရမယ် သူက ဝမ်လင်ကျောက်လို မိန်းကလေးနဲ့ မထိုက်တန်ဘူး။ ”
နီဟောင်က ဝင်ရောက် မှတ်ချက် ပေးလိုက်၏။ ထိုစကားကြောင့် လီတျန်းဟန်မှ ပြုံးလေသည်။
“ သခင်လေးနီ ... မင်းက ရဲရင့်ရိုးသားလွန်းပါတယ်။ ”
ဤနည်းဖြင့် စုရီသည် လူတိုင်းအမြင်၌ လူယုတ်မာ ဖြစ်လာပေမည်။ သို့မှသာ သူ့သား မိုယွင်အတွက် နာမည်ကောင်း ရနိုင်၏။
“ လုံလောက်ပါပြီ။ ”
ကျောက်ဟိုင်ချွင်းသာလျှင် စုရီအပေါ် သုံးသပ်ချက်ကို အနည်းငယ် အလိုမကျဖြစ်မိ၏။ သို့သော် တုန့်ပြန်ရန် နည်းလမ်းမရှိသဖြင့် သည်းခံလိုက်ရသည်။
နောက်နေ့မနက်တွင် ဝမ်ချောင်ကျင်း ၊ဝမ်ချောင်တုံ၊ ချင်းချင်းနှင့် ဝမ်လင်ရွယ်တို့က ကောင်းကင်မူလအကယ်ဒမီသို့ ထွက်ခွာသွားတော့၏။
အဆုံးတွင် စုရီကို ခေါ်ဆောင်ရန် ဝမ်လင်ရွယ်မှ လွဲပြီး မည်သူမျှ သတိမရကြချေ။ ထိုအချိန်တွင် စုရီက ပိုးစာပင်ထံ ဦးတည် နေခဲ့သည်။
ပိုးစာပင်အောက်တွင် လူနှစ်ယောက် စောင့်ဆိုင်းနေသည်ကို အဝေးမှ လှမ်းမြင်နိုင် ချေ၏။
***