← Chapters

ကျွမ်းကျင်မှုလေးပါ။

Vol. 4 Ch. 47

ကျွမ်းကျင်မှုလေးပါ။

Vol. 4 Ch. 47

ပိုးစာပင်အောက်တွင် ဟွမ်ယွင်ချုံးနှင့် ဟွမ်ချမ့်ကျွယ်တို့ သားအဖ ရပ်စောင့်နေခဲ့သည်။ ဟွမ်ယွင်ချုံးက စုရီကို မြင်သောအခါ ပြုံးရွှင်စွာ ချက်ချင်းလှမ်းတက်လာပြီး၊

“ ဆရာစု ... မနေ့က မင်းငါ့သားကို ကျင့်ကြံမှု နည်းစနစ်တစ်ခု သင်ပေးတဲ့အတွက် ဝမ်းသာရပါတယ် ... ဒါကြောင့် ကျေးဇူးတင် စကားပြောကြားဖို့ ...

... ဒီကို လူကိုယ်တိုင် လာခဲ့တာပါ အနှောက်အယှက် ဖြစ်သွားရင် တောင်းပန် ပါတယ်။ ”

-ဟု လေးနက်စွာ ဦးညွှတ်တော့၏။

စုရီက တိတ်ဆိတ်နေသည်။ မနေ့က သူ ဖန်တီးခဲ့သည့် စွမ်းအင်ကျင့်ကြံမှုနည်းစနစ်သည် အဆင့်မြင့်ခြင်း မရှိချေ။

သို့သော် သဟဇာတခြောက်ပါး လက်သီးနှင့် အလိုက်ဖက်ဆုံး ဖြစ်သဖြင့် ဟွမ်ယွင်ချုံးအတွက် ကြီးစွာသော ကံကောင်းမှု ပေပင်။

“ ကောင်းပြီ ... တခြားဘာမှ မရှိရင် ကျေးဇူးပြုပြီး ဆက်လုပ်ပါ။ ”

စုရီအသွင်က နွေးထွေးမှုမရှိသောလည်း ဟွမ်ယွင်ချုံးမှ စိတ်မဆိုးချေ။ ခေါင်းညိတ်လျက် လမ်းဖယ်ပေးလိုက်၏။

စုရီက ပိုးစာပင်အောက် လျှောက်လှမ်းသွားကာ ထင်ရှူးကြိုးကြာ နည်းစနစ်ကို လေ့ကျင့်တော့သည်။

သူ့လက်ဟန် ပြောင်းလဲသွားတိုင်း ဝိညာဉ်စွမ်းအင်များက တဟုန်ထိုး စီးဝင်လာ၏။ ထိုမြင်ကွင်းကို ငေးကြည့်လျက် ဟွမ်ယွင်ချုံး၏ အပြုံးများ ပို၍ တောက်ပလာသည်။

သူ့သားထံမှ သတင်း ပြန်ကြားချိန်၌ မည်မျှ ပျော်ရွှင်ခဲ့ရသည်ကို သူသာ အသိဆုံး ဖြစ်သည်။ ဆရာစုပေးခဲ့သော နည်းစနစ်သည် သူ့မိသားစု အတွက် အဆင့်သစ်သို့ ရောက်ရှိစေနိုင်၏။

မဟာကျိုးတွင် အစွမ်းထက်သော စွမ်းအင်ကျင့်ကြံမှု နည်းစနစ်တစ်ခုဟူသည် မျိုးနွယ်စုတစ်ခု၏ ကံကြမ္မာပေပင်။

“ ချမ့်ကျွယ် ... မနေ့က ငါမှာကြားထားတာတွေ မမေ့နဲ့ ... ကြိုးစားပါ ဆရာစု စိတ်မပျက်အောင်နေ ။ ”

အဆုံးတွင် အသက်ပြင်းပြင်းရှူလျက် သူ့သားပုခုံးကို ပုတ်ပြီး တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေသော စုရီထံ လှမ်းကြည့်ပြီး အရိုအသေပေးလိုက်၏။

ထို့နောက် တိတ်ဆိတ် နောက်ပြန်ဆုတ်ကာ လှည့်ထွက်သွားလေသည်။ ဤအပြုအမူကြောင့် ဟွမ်ချမ့်ကျွယ်မှ ခေါင်းကုပ်လိုက်၏။

ယမန်နေ့က အစ်ကိုစုပေးခဲ့သည့် ကျင့်ကြံမှုနည်းစနစ်သည် ဟွမ်မိသားစုအတွက် ကြီးစွာသော ကံကြမ္မာပေပင်။ ကြီးမြတ် လွန်းချေ၏။

ထို့ကြောင့် ဟွမ်မိသားစု၏ မျိုးဆက်တိုင်းသည် ထိုကြင်နာမှုကို အမှတ်ရ နေရမည်ဟု အလေးအနက် မှာကြားထားသည်။

တာအိုသခင်များအနားရှိ ခွေးနှင့် ကြောင်များပင် ကောင်းကင်ဘုံသို့ တက်ရောက် နိုင်သည်ဟူသော ဆိုရိုးစကားမှာ အမှန်ဖြစ်နေပုံရ၏။

များမကြာခင် စုရီတစ်ယောက် မျက်လုံးများပြန်ဖွင့်ကာ ကျင့်ကြံမှု ရပ်နားလိုက် လေသည်။ ဟွမ်ချမ့်ကျွယ်က ရိုသေလေးစား စွာဖြင့် လျှောက်လှမ်း သွားမိ၏။

ထို့နောက် ရေနွေးပူပူဖြင့် နံနက်စာကို ပြင်ဆင်​ပေးလိုက်သည်။ စွပ်ပြုတ်ပန်းကန်နှင့် ဆေးဘက်ဝင် ပေါင်းခံရည်က လေထဲ သင်းပျံ့နေသည်။

“ အစ်ကိုစု .. ငါတို့ရဲ့ ဘဏ္ဍာစိုးက မင်းအတွက် တစ်နေ့တစ်ကြိမ် ဝိညာဉ်ရေးဆေး တစ်ခွက် ပြင်ဆင်ပေးမယ် ... ။ ”

-ဟု ဆိုလိုက်သည်။

သည့်နောက် အိတ်တစ်လုံးထုတ်ယူကာ၊

“ ဒီထဲမှာ ... ဝိညာဉ်ကျောက်တုံး ငါးဆယ်ပါတယ် ... ဒါကို မင်းငြင်းလို့မရဘူး အစ်ကိုစု ... မဟုတ်ရင် ငါ့ကို ငါ့အဖေက တံခါးဝကနေ ကန်ထုတ်လိမ့်မယ်။ ”

စုရီက အံ့အားသင့်သွားသည်။ ဤပမာဏသည် နည်းပါးခြင်း မရှိလှချေ။ ဝိညာဉ်ကျောက်တုံး မဆိုနှင့် ​ဆေးပေါင်း တစ်ခွက်သည်ပင် ရှားပါးပြီး အဖိုးတန်သော ဝိညာဉ်ရေးဆေးပင်များ ပါရှိသည်။

ဝိညာဉ်ကျောက်တုံးများ အတွက်မူ ငွေကြေးရှိသော်မှ ဝယ်မရသည့် အရင်းအမြစ် ဖြစ်၏။

ကွမ်လင်မြို့၏ မဟာမိသားစုသုံးစု ပေါင်းလျှင်ပင် ဝိညာဉ်ကျောက်တုံး (၃၀၀) အောက်၌သာ ရှိပေမည်။

ဟွမ်ယွင်ချုံးသည် ကောင်းမွန်သော ကျင့်ကြံမှုနည်းစနစ်တစ်ခု မည်မျှ အဖိုးတန် နိုင်ကြောင်း နားလည်ထားချေ၏။

စုရီတစ်ယောက် မနက်စာ စားသောက်နေချိန်တွင် ဟမ်ချမ့်ကျွယ်က သဟဇာတ ခြောက်ပါးလက်သီးကို လေ့ကျင့်ပြသည်။

လေ့ကျင့်မှုပြီးသောအခါ စုရီက အားနည်းချက်များကို ထောက်ပြ​​ပေး၏။ အဆုံးတွင် ဟွမ်ချမ့်ကျွယ်ကို ဆက်လက် လေ့ကျင့်စေကာ ထွက်ခွာလာခဲ့သည်။

အဝါရောင် စံအိမ်သို့ ပြန်ရောက်သည်နှင့် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူ ကြည့် လိုက်သည်။

ဤသည်မှာ အနိမ့်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးများသာ ဖြစ်၏။ သို့သော် မဟာကျိုးတွင် ရှားပါးချေပြီ။

“ ဒီဝိညာဉ်ကျောက်တုံး​တွေနဲ့ နှစ်ပတ်အတွင်း ​ခြင်ဆီသန့်စင်ခြင်းကို ငါ ဖြတ်ကျော်နိုင်မယ်။ ”

စုရီတစ်ယောက် ပြုံးရွှင်သွားတော့၏။ ဤနည်းဖြင့် နေ့ရက်များသည် အေးချမ်း ပြည့်စုံ လာခဲ့သည်။

နေ့အခါတွင် မက်မွန်ဆေးခန်း၏ စာရင်းများစစ်ဆေးကာ လူနာများ ကုသ​ပေးပြီ၊ ညအခါတွင် ချင်းဝမ်ကိုလမ်း​ပြ၏။

မနက်ခင်းတွင် ဟွမ်ချမ့်ကျွယ်ထံ သွားရောက်သွန်သင်လျက် ထင်းရှူးကြိုးကြာ နည်းစနစ်ကို လေ့ကျင့်သည်။

ဤရက်များအတွင်း နီထန့်က အလောင်းကပ်ပါးခြံများအကြောင်း အစီရင်ခံရန် နှစ်ကြိမ်တိုင်တိုင် လာရှိရောက်ခဲ့သည်။

စုစုပေါင်း အလောင်းကပ်ပါးပိုးကောင် မွေးမြူရေးခြံ(၇)​ခြံကို ကွမ်လင်၌ ရှာဖွေဖျက်ဆီး နိုင်ခဲ့သည်။

အနည်းငယ် ထူးဆန်းနေသည်မှာ မရဏတံခါးဂိုဏ်းသည် တုန်ပြန်ခြင်းမရှိခြင်း ဖြစ်၏။ ငြိမ်သက်လွန်းချေပြီ။

သို့သော် အပျိုစင်အမျိုးသမီးများ၏ ရာသီသွေးဖြင့် လက်နက်များ သန့်စင်ခဲ့သော လူတစ်စုသည် စုရီအတွက် အာရုံစိုက်ရန် မထိုက်တန်ချေ။

ဤသည်မှာ ယုတ်ညံ့သော အဖွဲ့အစည်း တစ်ခုမျှသာဖြစ်ပြီး မြင့်မြတ်သော မည်သည့် အရာကိုမျှ အောင်မြင်နိုင်မည် မဟုတ်ကြောင်း ပြောနိုင်၏။

နဂါးတံခါး ဧည့်ခံပွဲသည်လည်း တရွေ့ရွေ့ နီးကပ်လာပြီဖြစ်၏။ မိုးပြာမြစ်ကြောင်းအတွင်း လှေကြီးငယ်များစွာ စိုက်ရောက်နေသည်။

ကျွမ်းကျင်သူတစ်စုက မြစ်လယ်တွင် ကြီးမားသော ပြိုင်ပွဲစင်မြင့်ကြီး တည်ဆောက် နေ၏။

သာမာန် ပြည်သူများပင် ဤပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားကြသည်။ အကြောင်းမှာ ညဘက်တွင် စျေးဆိုင်များဖြင့် စည်ကားနေ သောကြောင့် ဖြစ်သည်။

ကွမ်လင်မြို့နှင့် တိမ်တံခွန်မြို့သည် မြစ်ကမ်းတစ်ဖက် တစ်ချက်စီ၌ တည်ရှိကြ၏။ ထို့ကြောင့် မီးပုံးများ အစီအရီချိတ်ဆွဲပြီးချိန်၌ မြစ်ပြင်သည် ပန်ချီကားတစ်ချပ်ကဲ့သို့ လှပသွားသည်။

သို့သော် စုရီက ထိုအရာများကို စိတ်ဝင်စားခြင်း မရှိချေ။ ပုံမှန်အချိန်အတိုင်း ပိုးစာပင်အောက်တွင် လေ့ကျင့်ရန် ထွက်ခွာလာခဲ့သည်။

ယနေ့တွင် ဟွမ်ချမ့်ကျွယ်သည် ယခင်ထက်များစွာ တက်ကြွနေ၏။ ၎င်းက စုရီကို မြင်ချိန်၌ ဝမ်းသာအားရဖြင့်၊

“ အစ်ကိုစု၊ ငါခြင်ဆီသန့်စင်ဖို့ စလုပ်နေပြီ။ ”

-ဟု တင်ပြလာသည်။

စုရီက ခေါင်းညိတ်ပြရုံမျှသာ တုန့်ပြန်၏။ ဟွမ်မိသားစု အရင်းအမြစ်များနှင့် သူ့လမ်းညွှန်မှု ခံယူပြီးနောက် ဤမျှ သက်ရောက်မှု မရှိသော် ရှက်စရာ ကောင်းပေလိမ့်မည်။

ထိုတုန့်ပြန်မှုက ဝမ်ချမ့်ကျွယ်၏ အပျော်များကို ဆိတ်သုဉ်းသွားစေ၏။ စုရီက ဂရုစိုက်ခြင်းမပြုဘဲ၊

“ မင်းရဲ့ လက်သီးနည်းစနစ်က အလယ်အလတ်ကျွမ်းကျင်မှုမှာပဲ ရှိသေးတယ် နဂါးတံခါးဧည့်ခံပွဲမှာ ဝမ်ကျွယ်ယွမ်ရဲ့ ပြိုင်ဘက် ဖြစ်မလာနိုင်သေးဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

သို့သော် ဤမျှဖြင့်ပင် ဆိုးရွားစွာ အရှက်ခွဲခံရတော့မည် မဟုတ်ချေ။ ကိုယ်ခံပညာ ကျွမ်းကျင်မှုအပေါ် အဆင့်လေးဆင့် ခွဲခြား၏။

၎င်းတို့အပေါ် ကနဦး ကျွမ်းကျင်မှု၊ အလယ်အလတ် ကျွမ်းကျင်မှု၊ အဆင့်မြင့် ကျွမ်းကျင်မှုနှင့် သာလွန်ကျွမ်းကျင်မှုအဖြစ် သတ်မှတ်နိုင်သည်။

ကနဦး ကျွမ်းကျင်မှုသည် နည်းပညာတစ်ရပ်၏ ရည်ရွယ်ချက်ကို တိုက်ပွဲ၌ အောင်မြင်စွာ ထုတ်ပြခြင်း၏။

သာမန် ကျင့်ကြံသူများ အတွက်၊ ဤအဆင့်သို့ ရောက်ရှိရန် လွယ်ကူသည်။ အလယ်အလတ် ကျွမ်းကျင်မှုတွင် ပညာရပ်၏ အနှစ်သာရကို ထုတ်ဖော်နိုင်၏။

အဆင့်မြင့်ကျွမ်းကျင်မှုသည် လှုပ်ရှားမှုတိုင်းအတွက် ပေါက်ကွဲစွမ်းအားများ ပါရှိသည်။

၎င်းသည် ကိုယ်ခံပညာတစ်ရပ်ကို အပြည့်အဝနားလည် သဘောပေါက်ခြင်းဖြစ်ပြီး အတွေးတစ်ချက်ဖြင့် ထုတ်ဖော်နိုင်မည်။

သာလွန်ကျွမ်းကျင်မှု အတွက်မူ တစ်စုံတစ်ဦး၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုကို အဆိုပါပညာရပ်၌ ပေါင်းစည်းခြင်း ဖြစ်၏။

ဤနည်းဖြင့် ကိုဘ်ပိုင်စွမ်းအင်ကို ထုတ်ဖော်နိုင်သည်။ ဥပမာ လက်သီးစွမ်းအင်၊ ဓားစွမ်းအင် စသည်တို့ ဖြစ်သည်။

သာမာန်အဝါရောင်အဆင့် ပညာရပ် တစ်ခုတွင် လေးနက်မှု အနည်းငယ် ပါရှိသည်။ ထို့ကြောင့် သာလွန်ကျွမ်းကျင်မှု ရရှိရန် မလွယ်ကူချေ။

ဥပမာအားဖြင့် ဟွမ်မိသားစု၏ သဟဇာတခြောက်ပါးလက်သီးသည် အဆင့်မြင့် အဆင့်ဖြင့်သာ ရပ်တန့်နေပေမည်။

သို့သော် စုရီပေးအပ်ခဲ့သော် ကျင့်ကြံမှုနည်းစနစ်ဖြင့် ပေါင်းစည်းခြင်းဖြင့် သာလွန်ကျွမ်းကျင်မှု ရရှိရန် အချိန်တစ်ခုသာ လိုသည်။

ဆိုလိုသည်မှာ အနာဂါတ်တွင် ဟွမ်ချမ့်ကျွယ်သည် သဟဇာတခြောက်ပါး လက်သီး၏ လက်သီးစွမ်းအင်ကို ထုတ်ပြ နိုင်တော့မည်ဖြစ်၏။

“ အစ်ကိုစု၊ နဂါးတံခါးဧည့်ခံပွဲ တတ်မလား။ ”

ဟွမ်ချမ့်ကျွယ်မှ စိတ်ဝင်တစားမေးသည်။ စုရီက စွပ်ပြုတ်ကို သောက်နေလျက်မှ၊

“ မသိသေးဘူး။ ”

-ဟု ပြန်ဖြေ၏။

စုရွှမ်ကြွယ်ဘဝတွင် သူကျင်ပခဲ့သော တာအိုဆွေးနွေးပွဲသည် မည်မျှ ကျော်ကြားခဲ့ဖူး သည်ကို ပြန်သတိရလာသည်။

ထိုစဉ်က ပါဝင်ရန် အရည်အချင်းပြည့်မီ သူတိုင်းသည် ကမ္ဘာတစ်ဝှမ်း ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ခဲ့သည်။

ထို့ကြောင့် နဂါးတံခါးဧည့်ခံပွဲမျှသည် သူ့အတွက် စိတ်ဝင်စားရန် မထိုက်တန်နိုင်ချေ။ ဟွမ်ချမ့်ကျွယ်မှ အနည်းငယ် မျှော်လင့်စွာဖြင့်၊

“ အစ်ကိုစု မြစ်ပြာဓားစံအိမ်က တောင်ပြာဓား ‌ကျောက်ဟိုင်ချွယ်လည်း ဒီပွဲကို တတ်ရောက်ဖို့ လီမိသားစု စံအိမ်မှာ တည်းခိုနေတယ် ...

... သူ့အမြင်ကို ဆွဲဆောင်နိုင်တဲ့ ... လူတိုင်းအတွက် မြစ်ပြာဓားစံအိမ်ကို တိုက်ရိုက် ဝင်ခွင့်ရဖို့ အခွင့်အရေးပဲ။ ”

-ဟု ရှင်းပြပြန်သည်။

တစ်ချိန်တည်းမှာပင် ဟွမ်ချမ့်ကျွယ် မျက်ဝန်းများတွင် မျှော်လင့်ချက်ရောင်ခြည်များ ​လင်းလက်လာသည်။

သူသည် ထိုညဧည့်ခံပွဲ၌ ချန်ပီယံ မဖြစ်သော်မှ ကောင်းကောင်း ပြသနိုင်သော် ဤအခွင့်အရေးကို သိမ်းပိုက်နိုင်မည်။

“ ကျောက်ဟိုင်ချွင်း ... ။ ”

ထိုနာမည်ကို ရေရွတ်လျက် စုရီတဟ်ယောက် ခေတ္တမျှ တိတ်ဆိတ်သွား မိလေသည်။ သို့သော် ခေါင်းယမ်းလျက်၊

“ ဒါက ... မင်းရဲ့ပန်းတိုင်လား ... ပျင်းစရာ ကောင်းလိုက်တာ။ ”

-ဟု မှတ်ချက်ပေးလိုက်တော့၏။

***

All Chapters