အခန်း (၁၈၁)
Vol. 13 Ch. 181
သူ၏ စကားကြောင့် ပတ်၀န်းကျင်မှဆရာအားလုံး ပြုံးလိုက်ကြသည်။
ကျန်းရှီအာက အကယ်ဒမီရှိ အကြီးတန်း ဓားတာအိုနည်းပြဖြစ်သည်။
ထို ဓားတာအို၌ ပါရမီကောင်းမွန်သည့် ကျန်းချန်က ကျန်းရှီအာ၏ ကျောင်းသားဖြစ်လာပေတော့မည်။
တခဏအကြာတွင် ကျောက်စိမ်းဖြူလှေကားစမ်းသပ်မှုပြီးဆုံးသွားပြီး တောင်ထိပ်သို့ ကျောင်းသား(၁၀၀၀)ရောက်နေချေပြီ။ လက်ရှိ လှေကား၌ ဆက်လက်ရုန်းကန်နေရသူများအဖို့မူ ဗဟိုသူတော်စင်အကယ်ဒမီသို့၀င်ခွင့် ဆုံးရှုံးသွားချေပြီ။
စာမေးပွဲ၏ ပထမပိုင်းပြီးဆုံးသွားပြီဖြစ်ပြီး ဆရာများက ကျောင်းသားများရွေးချယ်မည့် အပိုင်းဖြစ်သွားပြီဖြစ်၏။ ကျောင်းသားတိုင်း ဆရာများရရှိသွားပါက စားမေးပွဲပြီးဆုံးပြီဖြစ်သည်။
ထို့အပြင် ကျောင်းသားများအနေဖြင့်လည်း မိမိနှစ်သက်ရာဆရာအားရွေးချယ်၍ရသည်။
ထိုအချိန်တွင် ဆရာ(၃၆)ယောက်တို့က မိမိတို့နှစ်သက်ရာကျောင်းသားများအား ရွေးချယ်ကြသည်။
ရွှမ်ယီရွေးချယ်ရမည့်အလှည့်တွင် သူက စနစ်၏ ပါရမီစစ်ဆေးသည့် အပိုင်းအားဖွင့်ကာ သင့်တော်သည့်အရည်အချင်းရှိသော ကျောင်းသား(၃၀)ခန့်ရွေးချယ်လိုက်သည်။
“ မင်း ငါ့တပည့်ဖြစ်ချင်လား.. ငါ့နာမည်က ကျန်းရှီအာလို့ခေါ်တယ်…”
ကျန်းရှီအာက ကျန်းချန်အားကြည့်ပြှး မေးလိုက်သည်။ ထိုလူငယ်၏ ပါရမီက ဓားတာအို၌ ထူးချွန်သည်ဟု ဆိုရပေမည်။
ကျန်းရှီအာ၏ နောက်မှ ကျောင်းသားများက နွေးထွေးစွာပြုံးပြလိုက်ကြသည်။ မကြာခင် သူတို့၌ ဂျူနီယာညီလေးတစ်ဦး တိုးလာတော့မည်မဟုတ်ပါလော။
“ ဆရာ့ကြင်နာမှုကို ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် ခွင့်လွှတ်ပါ.. ကျွန်တော်က ဆရာ့ကျောင်းသားဖြစ်ဖို့ ငြင်းပါရစေ…”
ကျန်းချန်၏ စကားဆုံးသည်နှင့် ပတ်၀န်းကျင်မှလူတိုင်း အေးခဲသွား၏။
ဤလူငယ် ရူးနေသလော…
အဘယ်ကြောင့် စီနီယာ ဓားတာအိုနည်းပြကို ငြင်းလိုက်သနည်း….
“ မင်းကိုယ်မင်း ဘာပြောလိုက်တယ်ဆိုတာသိရဲ့လား…”
ကျန်းရှီအာ ဘာမှမပြောရသေးခင် သူ့နောက်မှ ကျောင်းသားတစ်ဦးက ရှေ့တက်ပြီး ကျန်းချန်အား စိုက်ကြည့်ကာ မေးလိုက်သည်။
ကျန်းချန်က မည်သည့်စကားမှပြန်မပြောခဲ့ချေ။
အခြားလူများက ကျန်းချန်အား ရူးမိုက်သည်ဟု ထင်နေကြသော်လည်း ကျန်းချန်၏ နှလုံးသားထဲတွင် ရွှမ်ယီထံ၌ တပည့်ခံကာ သင်ကြားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဤမတိုင်ခင် နောက်ဆုံးစမ်းသပ်ချက်၌ သူလက်လျှော့မိတော့မည်အချိန်တွင် ရွှမ်ယီထံမှ အကြည့်တစ်ချက်က သူ့အား ထိုအဆင့်ကိုကျော်ဖြတ်နိုင်ရန် ခွန်အားများစွာ ပေးစွမ်းခဲ့သည်။
နဂိုကတည်းက ကျန်းချန်၏ နှလုံးသားထဲတွင် ရွှမ်ယီအား သူ၏ ဓားတာအိုလမ်းကြောင်း၌ မီးရှူးတန်ဆောင်အဖြစ် သတ်မှတ်ထားပြီးဖြစ်၏။
အဇူရာဒေသမှာကတည်းက ရွှမ်ယီထံတွင် တပည့်ခံပြီး ဓားတာအိုအား လေ့လာရန်ဆုံးဖြတ်ခဲ့သော်လည်း ရွှမ်ယီက အဇူရာဒေသမှထွက်သွားသဖြင့် ခြေတစ်လှမ်းနောက်ကျသွားခဲ့ရသည်။
ရွှမ်ယီမရှိတော့သည့် အတောအတွင်း ရွှမ်ယီ၏ ခြေလှမ်းအတိုင်းလိုက်မည်ဟု ဆုံးဖြတ်ကာ နှစ်၀က်ခန့် ပတ်၀န်းကျင်ဒေသများသို့ လှည့်လည်သွားရောက်ခဲ့၏။ ထိုခရီးစဉ်တွင် ဆာလောင်ခြင်း ၊ ရေငတ်ခြင်း ၊ အပူဒဏ် ၊ အအေးဒဏ် စသည်ဖြည့် ဒုက္ခများစွာ ရင်ဆိုင် ကျော်ဖြတ်ခဲ့ရသည်။
အကယ်၍ ဤနေရာတွင် ရွှမ်ယီသာမရှိပါက ကျန်းရှီအာ၏ တပည့်အဖြစ် လက်ခံမိပေလိမ့်မည်။
သို့သော် ရွှမ်ယီက ဗဟိုသူတော်စင်အကယ်ဒမီ၌ နည်းပြဆရာတစ်ဦးဖြစ်ရော ဤအခွင့်အရေးအား လုံး၀ လက်လွှတ်ခံတော့မည်မဟုတ်ချေ။
“ ဒါဆို မင်းက ဘယ်ဆရာကိုရွေးချင်လို့လဲ…”
ကျန်းချန်က မဖြေဘဲ တစ်နေရာသို့ကြည့်နေခဲ့သည်။
ကျန်းရှီအာက ကျန်းချန်၏ အကြည့်အတိုင်း လှည့်ကြည့်လိုက်ရာ တည်ငြိမ်စွာထိုင်နေသော ရွှမ်ယီအား တွေ့လိုက်ရ၏။
ကျန်းရှီအာ၏ မျက်ခုံး အနည်းငယ်တွန့်ကွေးသွားခဲ့သည်။
သူက ဗဟိုသူတော်စင်အကယ်ဒမီ၌ သက်တမ်းရင့် နည်းပြဆရာတစ်ဦးဖြစ်ရာ သတင်းအချက်အလက်တစ်ချို့ရရှိထား၏။ အကယ်ဒမီသို့ ရွှမ်ယီရောက်လာကတည်းက သူ၏ နောက်ခံအကြောင်း သိခဲ့ရသည်။
ထို ရွှမ်ယီက ဆေးဝိညာဉ်၏ ထောက်ခံချက်ဖြင့် ဌာနမှူးရုံးခန်းအတွင်း ၀င်သွားကြောင့်သိခဲ့ရ၏။ သူက ပြန်ထွက်လာပြီးနောက် အကယ်ဒမီမှ နည်းပြဆရာတစ်ဦးဖြစ်လာခဲ့သည်။
ကျန်းရှီအာ၏ မျက်လုံးထဲတွင် ရွှမ်ယီက အကယ်ဒမီသို့ နောက်ဖေးတံခါးမှ၀င်လာပြီး ဆရာဖြစ်လာသူဖြစ်သည်။
( နောက်ဖေးတံခါးမှ၀င်ခြင်း - ကိုယ်တိုင် အရည်အချင်းနဲ့မဟုတ်ဘဲ အဆက်အသွယ်ဖြင့် နေရာရလာသူကိုဆိုလိုသည် )
မည်သို့ပင်ဖြစ်စေ ရွှမ်ယီက အလွန်ငယ်ရွယ်သေး၏။ ဘုရင်အဆင့်သို့ အမှန်တကယ်ရောက်နေလျှင်တောင် တပည့်များအား သင်ကြားပေးရန် အရည်အချင်း မည်သို့ရှိမည်နည်း။
ထိုအချိန်တွင် အကယ်ဒမီမှ ဆရာတော်တော်များများ ဒေါသထွက်ခဲ့ကြသည်။ ဌာနမှူးက အသက်ကြီးသွားသောကြောင့် မစဉ်းစားတတ်တော့ဟု မြင်ကြ၏။ အကယ်ဒမီကျဆင်းလာရခြင်းမှလည်း ရွှမ်ယီကဲ့သို့ လူစားမျိုးများကြောင့်ဟု ရှုမြင်ခဲ့ကြသည်။ ဌာနမှူးသာ ဤကဲ့သို့ဆက်လုပ်နေပါက မကြာခင် ဗဟိုသူတော်စင်အကယ်ဒမီက ထိပ်တန်းအကယ်ဒမီကြီး (၅)ခုထဲမှ ထွက်ရတော့မည်။
ကျန်းရှီအာကဲ့သို့ စီနီယာနည်းပြဆရာများကမူ ဌာနမှူးအနေဖြင့် ရွှမ်ယီအား လက်ခံခဲ့ခြင်းမှာ ဆေးစိတ်ဝိညာဉ်နှင့် ဆက်ဆံရေးကောင်းမွန်ရန်အတွက်ဟု ယူဆခဲ့ကြသည်။
ဆေးစိတ်ဝိညာဉ်ဆိုသည်မှာ မသိသူမရှိသလောက်ပင်။ အဆင့်(၅) အထွတ်အထိပ် ဆေးဘုရင်တစ်ဦးဖြစ်ပြီး တောင်းပိုင်းတိုက်ကြီးတစ်ခုလုံး၌ ကျော်ကြားသည်။
ဆေးစိတ်ဝိညာဉ်၏ ထောက်ခံချက်ဖြင့် ရောက်လာသော ရွှမ်ယီကလည်း ဆရာဖြစ်မည်ဆိုလျှင်တောင် ဆေးတာအိုနည်းပြဆရာသာဖြစ်သင့်သည်။ အဘယ်ကြောင့် သိုင်းတာအို နည်းပြဆရာဖြစ်ရမည်နည်း။
“ ကောင်လေး မင်း သေချာစဉ်းစားဖို့လိုတယ်.. အဲ့ဒီလူငယ်က မကြာခင်ကမှ အကယ်ဒမီမှာ ဆရာဖြစ်လာတာ.. ပြီးတော့ သိုင်းတာအို နည်းပြဆရာတောင်မဟုတ်ဘူး…”
ကျန်းရှီအာက ရွှမ်ယီအား သေချာကြည့်လိုက်ပြီးနောက် ကျန်းချန်အား လေးလေးနက်နက်ပြောလိုက်သည်။
သူ့အနေဖြင့် ဓားတာအို၌ ပါရမီထူးချွန်သည့် ဤလူငယ်အား ဆေးတာအိုနည်းပြဆရာတစ်ဦး လက်အောက်သို့ မထည့်ပေးလိုက်ချင်ပေ။ အထူးသဖြင့် နောက်ဖေးတံခါးမှ၀င်လာသူဆိုလျှင် ပိုဆိုး၏။
ကျန်းချန်က လက်ယှက်လိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။
“ တောင်းပန်ပါတယ်.. ကျွန်တော်က ဆရာရွှမ်ယီရဲ့ တပည့်ဖြစ်ချင်တာ ကြာပါပြီ.. သူက လွဲပြီး ကျန်တဲ့ ဆရာတွေဆီမှာ မသင်ကြားချင်ပါဘူး…”
သူ၏ လေသံနှင့် အမူအရာက တည်ငြိမ်နေခဲ့သည်။
ပတ်၀န်းကျင်မှ ဆရာအားလုံး ရွှမ်ယီကို အာရုံစိုက်လိုက်ကြသည်။ ရွှမ်ယီက ကျောင်းသား(၃၀)ရွေးချယ်ထားသည်အားမြင်လျှင် သူတို့အမူအရာများက ထူးဆန်းသွားခဲ့သည်။
ထို နောက်ဖေးတံခါးမှ၀င်လာသည့် ဆေးတာအိုနည်းပြဆရာလေးက အဘယ်ကြောင့် သိုင်းတာအို၌ ထူးချွန်သည့် တပည့်များအား ဤမျှစိတ်အားထက်သန်စွာ ရွေးချယ်ထားသနည်း။
ချက်ချင်း နည်းပြဆရာတစ်ဦးက မကျေမနပ်သော အမူအရာဖြင့်ပြောလိုက်သည်။
“ မင်းက နည်းပြဆရာရွှမ်ယီရဲ့ တပည့်ဖြစ်ချင်တာလား.. ဒါပေမယ့် သူက အဲ့တာကို လက်ခံဖို့ အရည်အချင်းရှိမယ်မထင်ဘူး… နည်းပြဆရာ ရွှမ်ယီ.. ဒါက သိုင်းတာအိုအတွက် စာမေးပွဲပဲ.. မင်းက ဆေးတာအိုနည်းပြမဟုတ်လား… ဒီမှာ ဘာလာလုပ်နေတာလဲ…”
ဘုန်း…
လူအုပ်ကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ဤဆရာငယ်လေးကား ဆေးတာအို၏ နည်းပြဆရာဖြစ်ချေသည်။
ဒါဆို သူက ဒီကို ဘာလာလုပ်တာတုံး…?
ပြီးတော့ သူက ကျောင်းသား(၃၀)တောင် ရွေးထားသေးတယ်…
ဒီကို ပရိတ်သတ်အဖြစ်ပဲ လာကြည့်သင့်တာမဟုတ်လား…?
အခု ဘာတွေလုပ်နေတာလဲ…?
သိုင်းတာအိုကျောင်းသားလက်ခံခြင်းအခမ်းအနားကို နှောက်ယှက်ဖို့လာတာလား…?
ရွှမ်ယီအား ကြည့်နေသည့် လူများ၏ မျက်၀န်းများထဲ၌ ရှုပ်ထွေးမှုများ ပြည့်သွားခဲ့သည်။
ထိုဆရာ၏ စကားအားကြားလျှင် ကျန်းချန်လည်း အံ့ဩသွားပြီး ရွှမ်ယီအား မော့ကြည့်လိုက်၏။
ရွှမ်ယီက ဆေးတာအိုဆရာတဲ့လား…?
ရွှမ်ယီက သူ့အား ထူးဆန်းသလို ကြည့်နေသော အကြည့်များအားလုံးကို ခံစားမိလိုက်သည်။ သူရွေးချယ်ထားသည့် ကျောင်းသား(၃၀)ကလည်း သူ့ကို ထိတ်လန့်ဟန်ဖြင့်ကြည့်နေကြ၏။
ရွှမ်ယီက ပြုံးလိုက်ပြီး သက်သေခံကျောက်စိမ်းပြားအား ဖြည်းညှင်းစွာထုတ်ပြီး လူတိုင်းရှေ့၌ ပြလိုက်သည်။
ဖတ်…
သက်သေခံကျောက်စိမ်းပြားက ရွှမ်ယီရှေ့ရှိ စားပွဲပေါ်သို့ ကျသွားခဲ့သည်။
ကျောက်စိမ်းပြားပေါ်၌ ရေးထားသော စာလုံးများမှာ
ရွှမ်ယီ - ဓားတာအိုနည်းပြဆရာ ၊ သိုင်းတာအိုဌာန ၊ ဗဟိုသူတော်စင် အကယ်ဒမီ
…..
၎င်းအပေါ်တွင် ဗဟိုသူတော်စင်အကယ်ဒမီ၏ တံဆိပ်တုံးပါရှိနေရာ အတုဖြစ်ဟန်မရပေ။
ရွှမ်ယီအား သံသယ၀င်နေသော ကျောင်းသားများအားလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
ရွှမ်ယီက အနည်းငယ်ခေါင်းယမ်းလိုက်ပြီး သက်သေခံကျောက်စိမ်းပြားအား ပြန်ယူလိုက်၏။ ၎င်းအားထုတ်ပြလိုက်သည်နှင့် သံသယ၀င်နေသူများအားလုံး တိတ်ဆိတ်သွားခဲ့သည်။
သူက သိုင်းတာအို သက်သေခံကျောက်စိမ်းပြားကိုသာ ထုတ်ပြလိုက်ခြင်းဖြစ်၏။
အမှန်ဆိုရင် သူက သိုင်းတာအိုသာမက ဆေးတာအိုဌာနတွင်လည်း ဆရာတစ်ဦးဖြစ်သည်။
သို့သော် ၎င်းအား ထုတ်ပြရန် အလွန်ပျင်းရိနေသည်။