← Chapters

အခန်း (၁၈၃)

Vol. 13 Ch. 183

အခန်း (၁၈၃)

Vol. 13 Ch. 183

တစ်ချိန်တည်းတွင် ရွှမ်ယီနှင့် ရင်းနှီးသူတစ်ဦး ကျောက်စိမ်းဖြူလှေကား၏ နောက်ဆုံးအထစ်အား ကျော်ဖြတ်လာခဲ့သည်။

သူမက မင်ယွဲ့ရှုဖြစ်၏။

သူမ၏ မျက်၀န်းထဲတွင် ပင်ပန်းမှုများ ပြည့်နှက်နေပြီး လှပသော မျက်နှာကလေးထက်တွင်လည်း ချွေးများ ချွဲစိုနေပေသည်။

“ ငါ ကျရှုံးသွားပြီ…”

မင်ယွဲ့ရှု၏ မျက်၀န်းများက အနည်းငယ်မှုန်မှိုင်းသွားပြီး စိတ်ပျက်စွာ ရေရွတ်လိုက်၏။

အစက ဗဟိုသူတော်စင်အကယ်ဒမီတွင် ကျောင်းသားသစ်လက်ခံတော့မည်ဟူသော သတင်းကြားသော်လည်း သူမ များစွာစိတ်မပါခဲ့ပေ။ သို့သော် အဇူရာအင်ပါယာမြို့တွင် ရွှမ်ယီက သူမအား

“ ဗဟိုသူတော်စင်အကယ်ဒမီမှာ ဆုံကြတာပေါ့…”

ဟူသောစကားက မင်ယွဲ့ရှု၏ နှလုံးသားအား လှုပ်ခတ်သွားစေခဲ့သည်။

‘ ရွှမ်ယီ နဲ့အတူတူ လေ့လာကျင့်ကြံရရင် ဘယ်လောက်တောင် စိတ်၀င်စားစရာကောင်းလိုက်မလဲ…’

ဤသည်က သူမ၏ မူလအတွေးများဖြစ်ပေသည်။

ထို့ကြောင့် ကျောက်စိမ်းဖြူလှေကားစမ်းသပ်ချက်အား ကျော်ဖြတ်နိုင်ရန် သူမ အကောင်းဆုံးကြိုးစားခဲ့၏။

သို့သော် ကျောက်စိမ်းဖြူလှေကားက အထစ်(၁၀၀)သာရှိသော်လည်း အကယ်ဒမီ၏ ၀င်ခွင့်စစ်ဆေးခြင်းဖြစ်လေရာ ထူးခြားမှုများဖြင့် ခက်ခဲသည်မှာ အထူးအဆန်းမဟုတ်ချေ။

မင်ယွဲ့ရှုက အဇူရာဒေသတွင် မွန်းစတားဆန်သော ပါရမီရှင်တစ်ဦးဖြစ်သည်။ သို့သော် အဇူရာဒေသဆိုသည်မှာ တောင်းပိုင်းတိုက်ကြီး၌ ထိပ်ဆုံး(၁၀၀)ပြင်ပမှ ဒေသငယ်လေးတစ်ခုသာ။

အဇူရာဒေသမှ နံပါတ်(၁)ပါရမီရှင် ကျန်းချန်ပင်လျှင် အသေအလဲကြိုးစားပြီးမှ အယောက်(၁၀၀၀)တွင်း ၀င်နိုင်ခဲ့၏။

မင်ယွဲ့ရှုကမူ ကျရှုံးသွားခဲ့ချေပြီ။

“ ကံမကောင်းစွာနဲ့ဘဲ ငါက ရွှမ်ယီရဲ့ အတန်းဖော်မဖြစ်နိုင်တော့ဘူး.. ဒီတစ်လျှောက်လုံး ငါသူ့ကိုမတွေ့တာ သူ ရှေ့ဆုံးကတက်သွားတာပဲဖြစ်ရမယ်…”

မင်ယွဲ့ရှုက ကျောက်စိမ်းဖြူလှေကားထိပ် ရင်ပြင်ပေါ်တွင် မတ်တပ်ရပ်နေ၏။ သူမ၏ နူးညံ့လှပသော ရုပ်သွင်လေးက လူအုပ်၏ အာရုံအား ဖမ်းစားသွားခဲ့သည်။ ၎င်းတို့၏ အတွေးထဲတွင် ပေါ်လာသည်က

“ စိတ်မကောင်းစရာဘဲ…”

မင်ယွဲ့ရှုက စိတ်ပျက်စွာနှင့် ရင်ပြင်ပတ်လည်အား ဝေ့ပတ်ကြည့်လိုက်သည်။ သို့သော် ကျောင်းသားများကြားထဲတွင် ရွှမ်ယီအား ရှာမတွေ့ခဲ့ချေ။ သူမ၏ မျက်လုံးများက မရည်ရွယ်ဘဲ နည်းပြဆရာများရှိရာသို့ရောက်သွားလျှင် မယုံကြည်နိုင်မှုများဖြစ်ပေါ်လာခဲ့သည်။

“ ရွှမ်ယီ…”

‘ ဆရာထိုင်ခုံမှာထိုင်နေတာက.. ငါမြင်တာမမှားရင် အဲ့တာ ရွှမ်ယီမဟုတ်လား…?’

မင်ယွဲ့ရှု အလွန်အံ့အားသင့်သွားခဲ့၏။ သူမ ကြားသိခဲ့ရသလောက်ဆိုလျှင် ဗဟိုသူတော်စင်အကယ်ဒမီမှ ဆရာများအားလုံး ဘုရင်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။

ရွှမ်ယီ၏ အကြည့်ကလည်း မင်ယွဲ့ရှုအပေါ်သို့ကျရောက်သွားပြီး နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

“ ရှု.. ဒီကိုလာခဲ့..”

ရွှမ်ယီက လက်ယပ်ခေါ်လိုက်၏။

မင်ယွဲ့ရှုက မယုံကြည်နိုင်သေးသော အမူအရာဖြင့် ရွှမ်ယီရှိရာသို့ အလျင်အမြန်လျှောက်သွားလိုက်သည်။ သူမ၏ နှုတ်ဖျားမှ ပြောစရာစကားများအားလုံး ပျောက်ရှသွားခဲ့ပြီး ရွှမ်ယီအား တွေတွေကြီး ငေးကြည့်နေမိ၏။

သူမတွေ ပြောစရာစကားများစွာရှိနေသည်။

သူမ သူတော်စင်ဒေသသို့ရောက်ကတည်းက ရွှမ်ယီအား မတွေ့ခဲ့ရပေ။ ဗဟိုသူတော်စင်အကယ်ဒမီသို့ရောက်လာသည့်တိုင်အောင် ရွှမ်ယီအား မတွေ့ခဲ့ရချေ။ သူမ အနည်းငယ်ရှုပ်ထွေးသွားခဲ့၏။

ကျောက်စိမ်းဖြူလှေကားထက်သို့ တက်ချိန်တွင် သူမ၏ သံသယများပိုမိုများပြားလာခဲ့ပြီး ၎င်းတို့အား ဖိနှိပ်ထားခဲ့ရသည်။

ရွှမ်ယီက ဗဟိုသူတော်စင်အကယ်ဒမီကို ရောက်မလာခြင်းပေလော။

အဲ့လိုမှမဟုတ်ဘူးဆိုရင် ရွှမ်ယီအပေါ် သူမနားလည်ထားသလောက် အဆင့်ကျောက်ပြားထိပ်ဆုံးရှိနေရာမှာ ရွှမ်ယီအတွက်ဖြစ်သည်။

သူမအမြင်တွင် ရွှမ်ယီနှင့် ယှဉ်ပါက မည်သူမျှ ပါရမီရှင်ဟု မခေါ်ထိုက်ပေ။

သို့သော် ထိုသို့မဟုတ်ခဲ့ချေ။ ထိပ်ဆုံးသို့ရောက်ချိန် အဆင့်ကျောက်ပြားပေါ်၌ ရှာဖွေကြည့်ရာ ရွှမ်ယီနာမည်အား လုံး၀မတွေ့ခဲ့ပေ။

ဆရာများ ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ရွှမ်ယီအား မမြင်သေးခင် သူမရင်ထဲ၌ စိတ်ပျက်ခြင်း ၊ ဆုံးရှုံးခြင်းနှင့် အတူ သံသယများ ပြည့်နှက်နေခဲ့သည်။ သို့သော် ရွှမ်ယီအား မြင်လိုက်ချိန်၌ ထိုခံစားချက်များအားလုံး ထိတ်လန့်တုန်လှုပ်ခြင်း နှင့် မယုံကြည်နိုင်ခြင်းဆီသို့ပြောင်းလဲသွားခဲ့၏။

မင်ယွဲ့ရှုတစ်ယောက် လမ်းလျှောက်လာရင်း ရွှမ်ယီနားရောက်သည့်တိုင်အောင် တုန်လှုပ်မှု မပျယ်သေးပေ။

“ သခင်လေးရွှမ်.. ရှင်က အကယ်ဒမီမှာ နည်းပြဆရာလား…?”

မင်ယွဲ့ရှုက မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

ရွှမ်ယီ၏ ပါရမီကကြောက်မက်ဖွယ်ကောင်းမှန်း သူမ သိထားသော်လည်း နှစ်၀က်အတွင်း ဘုရင်အဆင့်ရောက်သွားသည်က မလွန်လွန်းပေလော။

ပြီးလျှင် ဘုရင်အဆင့်သို့ရောက်တိုင်း ဗဟိုသူတော်စင်အကယ်ဒမီ၌ ဆရာဖြစ်မလာနိုင်ပေ။

“ ဟုတ်တယ်….”

ရွှမ်ယီက မင်ယွဲ့ရှုအားပြုံးပြလိုက်သည်။

ဗဟိုသူတော်စင် အကယ်ဒမီသို့ရောက်လျှင် တစ်ယောက်ကို‌တစ်ယောက် ဂရုစိုက်ပေးကြမည်ဟု အဇူရာဒေသတွင် သူတို့ပြောခဲ့ကြသည်။ ယခု သူက ဗဟိုသူတော်စင်အကယ်ဒမီ၌ မင်ယွဲ့ရှုနှင့် ပြန်ဆုံခဲ့ပြီ။ သူပြောခဲ့သော စကားအား မေ့လိုက်မည်မဟုတ်ပေ။

အကယ်ဒမီ၏ ဆရာတစ်ယောက်အနေနှင့် သူ့တွင် အထူးအခွင့်အရေးအနည်းငယ်ရှိသည်။

ရွှမ်ယီက ရင်ပြင်ကို ဝေ့ကြည့်လိုက်ပြီးနောက် အနည်းငယ်တွေးတောဟန်ပြုလိုက်ပြီး

“ မစ္စ ရှု.. ဗဟိုသူတော်စင် အကယ်ဒမီက ဘယ်လိုလဲ.. အဆင်ပြေရဲ့လား…”

ထိုစကားအားကြားလျှင် မင်ယွဲ့ရှုက ခါးသက်သက်ပြုံးကာ ခေါင်းညိတ်လိုက်ပြီး

“ ဗဟိုသူတော်စင်အကယ်ဒမီလား.. ဒီအကယ်ဒမီက တောင်ပိုင်းတိုက်ကြီးမှာ ထိပ်တန်းအကယ်ဒမီ (၅)ခုထဲက တစ်ခုပဲလေ… ပြောရမယ်ဆိုရင် အရမ်းကောင်းပါတယ်.. ဒါပေမယ့် ကျွန်မက ဒီနေရာမှာ ရှင်နဲ့အတူရှိမနေနိုင်တာကတော့ စိတ်မကောင်းစရာဘဲ…”

သူမ မျက်နှာထက်တွင် ၀မ်းနည်းမှုများ ပြည့်နှက်နေ၏။

ဤအချိန်က ကျောင်းသားသစ်လက်ခံခြင်းအခမ်းအနား၏ နောက်ဆုံးအပိုင်း ကျောင်းသားများက နှစ်သက်ရာဆရာများအားရွေးချယ်နေရသည့်အချိန် ဖြစ်သည်။

အယောက်(၁၀၀၀)နောက်မှ ရောက်လာသည့် ကျောင်းသားများက ၀င်ခွင့်ရကျောင်းသားများကို မနာလိုစွာ ကြည့်နေကြ၏။

အယောက်(၁၀၀၀)ပြည့်ပြီးနောက်မှ တောင်ထိပ်သို့ရောက်လာသူများဖြစ်စေ ၊ အခုချိန်ထိ လှေကား၌ ဆက်လက်ရုန်းကန်နေရသူများဖြစ်စေ ၎င်းတို့အားလုံးကို နေ့၀က်ကြာပြီးနောက် အကယ်ဒမီအတွင်းမှ ထွက်သွားစေမည်ဖြစ်သည်။ ၎င်းတို့အားလုံး ဤနှစ်အတွက် ဗဟိုအကယ်ဒမီ၀င်ခွင့် ဆုံးရှုံးသွားချေပြီ။

မင်ယွဲ့ရှုက အယောက်(၁၀၀၀)အတွင်းမရောက်ခဲ့ပေ။

သူမ စိတ်ကူးထားသည့်အတိုင်း ဗဟိုသူတော်အကယ်ဒမီ၌ ရွှမ်ယီနှင့် ဆုံတွေ့နိုင်မည့်အခွင့်အရေး ဆုံးရှုံးသွားချေပြီ။

“ မင်းစိတ်ထဲ အဆင်ပြေတယ်လို့ခံစားရရင်… အဲ့တာက ပြသနာမဟုတ်တော့ဘူး…”

“ ငါက အခု ဗဟိုသူတော်စင်အကယ်ဒမီမှာ ဆရာအဖြစ်ရောက်နေပြီ.. ဒါပေမယ့် မင်းမြင်တဲ့အတိုင်း ငါ့မှာကျောင်းသားတွေမရှိဘူး… ငါကလည်း အဇူရာဒေသကပဲဆိုတော့.. ဘယ်လိုလဲ.. မင်း ငါ့ကျောင်းသားလုပ်မလား…”

ရွှမ်ယီက အကယ်ဒမီ၌ နည်းပြဆရာတစ်ဦးဖြစ်သည့် အားလျော်စွာ သူ့ထံတွင် စိတ်ကြိုက်ကျောင်းသားခေါ်ခွင့် သုံးကြိမ် မှ ငါးကြိမ်အထိ ခွဲတမ်းရှိသည်။ အကယ်၍ ထိုကျောင်းသားက ၀င်ခွင့်မအောင်လျှင်တောင် ထိုခွဲတမ်းအား အသုံးပြုပြီး အကယ်ဒမီသို့ ခေါ်၍ရသည်။

“ ဘာပြောလိုက်တာလဲ…”

မင်ယွဲ့ရှုက မယုံကြည်နိုင်စွာဖြင့် ခေါင်းမော့ကြည့်လိုက်၏။ ရွှမ်ယီ၏ စကားများက သူမအား ထိတ်လန့်သွားစေခဲ့သည်။

“ ကျွန်မက ဗဟိုသူတော်စင် အကယ်ဒမီမှာ ကျောင်းသူဖြစ်လာနိုင်သေးတယ်လို့ ပြောလိုက်တာလား….”

ရွှမ်ယီက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

“ မင်းစိတ်ပါတယ်ဆိုရင်ပေါ့.. ဘယ်သူမှ မင်းရဲ့ အထောက်အထားနဲ့ပတ်သက်ပြီး ငြင်းပယ်လို့ရမှာမဟုတ်ဘူး…”

ရွှမ်ယီ၏ လေသံက ယုံကြည်မှု အပြည့်နှင့်ဖြစ်သည်။

ရွှမ်ယီအားကြည့်နေသည့် မင်ယွဲ့ရှု၏ မျက်၀န်းများ တောက်ပလာခဲ့ပြီး မျက်နှာထက်တွင် လှပစွာပွင့်လန်းလာသည့် ပန်းလေးတစ်ပွင့်ပမာ အပြုံးလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူမ ခေါင်းညိတ်လိုက်၏။

အောက်ဆုံးသို့ထိုးကျနေသော သူမ၏ စိတ်ဓာတ်က အထွတ်အထိပ်သို့ ပြန်လည်မြင့်တက်လာချေပြီ။

မင်ယွဲ့ရှုက ကျန်းချန်အား ခေါင်းညိတ်ပြလိုက်ပြီး ရွှမ်ယီနံဘေးတွင် ၀င်ရပ်လိုက်သည်။

ဤသို့ဖြင့် ယခင်က ဗလာဖြစ်နေသည့် ရွှမ်ယီ၏ နံဘေးတွင် ကျောင်းသားနှစ်ဦး ရှိသွားချေပြီ။

All Chapters