← Chapters

အခန်း (၁၈၅)

Vol. 13 Ch. 185

အခန်း (၁၈၅)

Vol. 13 Ch. 185

ရွှမ်ယီက မူလဘုရင်အလယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ သူသာဆန္ဒရှိလျှင် ကိုယ်ပိုင် ကမ္ဘာငယ်လေးဖန်တီး၍ရသည်။ သို့သော် မူလဘုရင်တစ်‌ယောက်တည်ဆောက်ထား‌သော ကမ္ဘာငယ်လေးတွင် စည်းမျဉ်း ဥပဒေသများမရှိပေ။ ထို့ကြောင့် ၎င်းအတွင်း လူများကြာရှည်စွာနေထိုင်ရန်မဖြစ်နိုင်ပေ။ အလွန်ဆုံး တစ်လလောက်သာနေနိုင်၏။

ခရမ်းလမင်းလျှို့ဝှက်နယ်မြေအား ဖန်တီးခဲ့သူမှာ ဘုရင်အဆင့်လုံး၀မဖြစ်နိုင်ဟု ရွှမ်ယီ သံသယရှိနေခဲ့သည်။

စနစ်မှရရှိသော ကမ္ဘာငယ်လေးမှာမူ အရှိန်ကို မြှင့်နိုင်သည်ဖြစ်ရာ လူများ ကြာရှည်စွာနေနိုင်မည်ဖြစ်သည်။ အဆင့်မြှင့်တင်လိုက်ပါက စည်းမျဉ်း ဥပဒေသများပင် ဖြစ်ပေါ်လာပေလိမ့်မည်။

ရွှမ်ယီတစ်ယောက် အလွန်စိတ်၀င်စားနေခဲ့၏။

လက်ခံမည်ဟူသော ခလုတ်အား နှိပ်လိုက်လျှင် ရွှမ်ယီ၏ စိတ်၀ိညာဥ်အတွင်းသို့ အနည်းငယ်ပရမ်းပတာဖြစ်နေသော အရာတစ်ခုရောက်လာသကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် ထိုအရာက သူနှင့် ဆက်သွယ်မှုတစ်ခုရှိနေ၏။

ရွှမ်ယီအနည်းငယ်စိတ်လှုပ်ရှားသွားပြီး သူ၏ အသိစိတ်အား ထိုကမ္ဘာငယ်ဘေးအတွင်းပို့လွှတ်လိုက်သည်။

ထိုအခါ အရှိန်ကမ္ဘာငယ်လေးအတွင်း၌ ရွှမ်ယီ၏ ပုံရိပ်ပေါ်လာ၏။

ဘေးပတ်လည်သို့ကြည့်လိုက်လျှင် ဤကမ္ဘာငယ်လေးက ကောင်းကင်လေနိုင်ငံထက် အဆများစွာကျယ်၀န်းကြောင်းတွေ့လိုက်ရ၏။ သို့သော် အတွင်း၌ ဖရိုဖရဲဖြစ်နေပြီး အသက်ဓာတ်လုံး၀မရှိပေ။ အပင်အချို့အားတွေ့မြင်နေရသော်လည်း ထောက်ပံ့ပေးမည့်ဥပဒေသစွမ်းအားမရှိသောကြောင့် လျင်မြန်စွာ ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားသည်။ ၎င်းတို့က အသက်ရှုကြိမ် အနည်းငယ်သာ သက်တမ်းရှိ၏။

ရွှမ်ယီ အနည်းငယ်တွေးကြည့်လိုက်သည်။

ဤကမ္ဘာငယ်လေးထဲတွင် ဥပဒေသစွမ်းအားများက နေရာအနှံ့သို့ ပြန့်ကျဲလျက်ရှိပြီး သူ၏ အသိစိတ်၌ ညာဏ်အလင်းများ တိုးလာသလိုခံစားနေရ၏။

သူ၏ကျင့်ကြံဆင့်တိုးလာသည်နှင့်မျှ စိတ်ဝိညာဉ်ထဲမှ ဤကမ္ဘာငယ်လေးမှာ လိုက်ပါကြီးထွားကျယ်ပြန့်လာမည်ဖြစ်ပြီး လူများ ပို၍ ကြာရှည်စွာနေထိုင်နိုင်လာပေလိမ့်မည်။

အကန့်သတ်မဲ့ အလားအလာရှိ၏။

လောလောဆယ် ဒြပ်ကြီးငါးပါးအဆီအနှစ်အား ဝါမျိုးခြင်းဖြင့် ၎င်း၏ အဆင့်ပို၍တိုးတက်လာနိုင်သည်။

သို့သော် ဒြပ်ကြီးငါးပါးအဆီအနှစ်က ကမ္ဘာငယ်လေးအား ဘယ်လောက်ထိပြောင်းလဲစေမည်မှန်း ရွှမ်ယီလည်းမသိပေ။ အသက်စွမ်းအားများ တိုးတက်ပြောင်းလဲလာမည်လော။

ရွှမ်ယီ၏ နှလုံးနှုန်းများ မြန်ဆန်သွားခဲ့သည်။ ထိုသို့တွေးမိလိုက်သည်နှင့် ချက်ချင်း ဒြပ်ကြီးငါးပါးအဆီအနှစ်အား ထုတ်ယူလိုက်၏။

ဤ ဒြပ်ကြီးငါးပါးအဆီအနှစ်မှာ ယန်မီးတောက်ဆေးလုံးအတွက် ရန်မိသားစုထံမှ ရရှိခဲ့ခြင်းဖြစ်သည်။

ယခု ကမ္ဘာငယ်လေးအတွက် ၎င်းအား အသုံးပြုတော့မည်။

ဘုန်း…

ဒြပ်ကြီးငါးပါးအဆီအနှစ်အား ထုတ်ယူလိုက်သည်နှင့် အဆုံးမဲ့မီးတောက်များအဖြစ် လောင်ကျွမ်းသွားခဲ့သည်။ ကမ္ဘာငယ်တစ်ခုလုံး တုန်ခါသွားပြီး ရွှမ်ယီ၏ လက်ထဲရှိ ဒြပ်ကြီးငါးပါးအဆီအနှစ်နံဘေးတွင် ဥပဒေသစွမ်းအားများ အဆုံးမဲ့လုနီးပါး ၀န်းရံလာခဲ့သည်။

ရွှမ်ယီထံမှ သဘောတူညီမှုရရှိလိုက်သည်နှင့် ဒြပ်ကြီးငါးပါးအဆီအနှစ်က ငါးရောင်ချယ်မီးတောက်အဖြစ်ပြောင်းလဲသွားပြီး ကမ္ဘာငယ်လေး၏ ဝါးမျိုးခြင်းခံလိုက်ရသည်။

ဘုန်း…

ရွှမ်ယီ တုံ့ပြန်ချိန်မရသေးခင် ကမ္ဘာငယ်လေးထဲ၌ ကျယ်လောင်သော မိုးခြိမ်းသံထွက်ပေါ်လာ၏။ လေများအဆုံးမဲ့တိုက်ခတ်ကာ မိုးများဆက်တိုက်ခြိမ်းလျက် မြေပြင်ထက်တွင်လည်း မီးများတောက်လောင်နေသည်။ ကမ္ဘာငယ်လေးတစ်ခုလုံး ရှေးအကျဆုံးနှင့် အပြင်းထန်ဆုံးသော ဥပဒေသစွမ်းအားများဖြစ်ပေါ် လှုပ်ရှားလာခဲ့သည်။ ထိုစွမ်းအားများကြား ရွှမ်ယီ၏ အသိစိတ်နစ်မွန်းသွားခဲ့လေသည်။

ဘန်း..

ကမ္ဘာငယ်လေးအတွင်းမှ ရွှမ်ယီ၏

အသိစိတ် အပြင်သို့လွင့်စင်ထွက်သွား၏။

သူအနည်းငယ်ထိတ်လန့်သွားပြီး ပြန်၀င်ဖို့စဉ်းစားလိုက်သည်။ ဤတစ်ကြိမ်တွင် အနည်းငယ်ခံနိုင်ရည်ရှိမည်ဟု ခံစားမိနေ၏။

သို့သော် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ခေါင်းယမ်းကာ အတင်းအကြပ်မလုပ်ရန်ဆုံးဖြတ်လိုက်၏။

ကမ္ဘာငယ်လေးတစ်ခုအား သူကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိသော်လည်း ၎င်းအတွင်း စည်းမျဉ်းဥပဒေသများ ပြည့်စုံမည်မဟုတ်ပေ။ စနစ်ထံမှရရှိသော ကမ္ဘာငယ်လေးနှင့် အလွန်အမင်းကွာခြားနေပေလိမ့်မည်။

“ ငါသာ လူသားဘုရင်အဆင့်ရောက်သွားရင် ကမ္ဘာငယ်လေးက ဘယ်လောက်တောင်ကြီးလာမလဲမသိဘူး.. အင်း.. တောင်ပိုင်းတိုက်ကြီးလောက် ရှိသွားမလားပဲ…? “

ရွှမ်ယီ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် သူ၏မျက်၀န်းများက မျှော်လင့်ချက်များဖြင့် တဖျတ်ဖျတ်တောက်ပလာခဲ့သည်။

တစ်ချိန်တည်းမှာပဲ သူ၏ အသိစိတ်ထဲ၌ ဥပဒေသစွမ်းအားများ တုန်ခါသွားခဲ့ပြီး မျက်လုံးအား ချက်ချင်းမှိတ်လိုက်ရ၏။ ထိုအချိန်တွင် သူ၏ အသိစိတ်ထဲ၌ တွန့်လိမ်နေသည့် မြေပြင် ၊ နေရာအနှံ့သို့ပျံ့လွင့်နေသည့် ဥပဒေသစွမ်းအားများကြား၌ ပုံရိပ်တစ်ခုဖြစ်ပေါ်လာပြီး ၎င်း၏ ဓားအား ဝှေ့ယမ်းနေခဲ့သည်။

ဟမ်..!

သူ၏ အသိစိတ်ထဲရှိ အရိပ်ပမာဖြစ်နေသော ဓားငယ်လေးက အနည်းငယ်တုန်ခါသွား၏။ ထို့နောက် အလွန်ရှုပ်ထွေးသော ဥပဒေသစွမ်းအားများ ဓားငယ်လေးအထက်တွင် ရိုက်နှိပ်လိုက်ပြီး သူ၏ ဓားရည်ရွယ်ချက်စွမ်းအားက အဆင့်ချိုးဖျက်သွားခဲ့လေသည်။

၎င်းအား မည်သူတစ်ဦးတစ်ယောက်မျှ မခံစားမိလိုက်ပေ။ ဓားဝိညာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသည့် ကျန်းချန်တစ်ဦးတည်းသာ ရွှမ်ယီနှင့် ကပ်လျက်ရှိနေသောကြောင့် ရွှမ်ယီထံမှ ထွက်ပေါ်လာသည့်စွမ်းအားကို အနည်းငယ်ယောင်ဝါးဝါးခံစားမိခဲ့သည်။

ကျန်းချန်၏ မျက်၀န်းများထဲ၌ သံသယများဖြစ်ပေါ်လာပြီး မျက်မှောင်ကြုတ်ကာ ရွှမ်ယီအား အကြိမ်အနည်းငယ် လှည့်ကြည့်လိုက်သည်။ ကျန်းချန်စိတ်ထဲတွင် ရွှမ်ယီက ယခင်ထက်ပိုပြီး နားလည်ရခက်သွားသကဲ့သို့ ခံစားမိလိုက်၏။

ဤကဲ့သို့ လျင်မြန်စွာ တိုးတက်အောင် မည်ကဲ့သို့ပြုလုပ်ခဲ့သနည်း…?

တဖြည်းဖြည်း ဆရာများနှင့် ကျောင်းသားများ အံ၀င်ခွင်ကျဖြစ်သွားပြီး ကျောင်းသားသစ်လက်ခံခြင်းအခမ်းအနား ပြီးဆုံးတော့မည်။

လက်ရှိတွင် နည်းပြဆရာတိုင်း ၎င်းတို့ စိတ်ကြိုက်ကျောင်းသားများစွာ ရွေးချယ်ခေါ်ယူခဲ့ပြီး ရွှမ်ယီ နံဘေးတွင်မူ သုံးယောက်တည်းသာရှိ၏။

ရင်ပြင်ထက်တွင် မောင်နှစ်မနှစ်ယောက်သာ ရွေးချယ်ခြင်းမခံရသေးဘဲ ကျန်နေခဲ့သည်။

“ ဒီမောင်နှစ်မ….”

ရွှမ်ယီ မျက်မှောင်ကြုတ်ကာ တစ်ချက်ကြည့်လိုက်၏။

ထိုမောင်နှစ်မ၏ ပါရမီရမှတ်က (၁၀၀)ကျော်ရှိပြီး မဆိုးမကောင်းဟု ဆိုရပေမည်။ လူ(၁၀၀၀)ထဲတွင်မူ ပျမ်းမျှအဆင့်သာရှိ၏။

သို့သော် ပါရမီအရည်အချင်းက အရာအားလုံးကို အဆုံးအဖြတ်မပေးနိုင်ပေ။

“ အစ်မ.. သူတို့က ကျွန်တော်တို့ကို မလိုချင်ကြဘူး…”

မောင်ဖြစ်သူက အလွန်အမင်း ရှက်ရွံ့နေခဲ့သည်။ နဂိုကရှိနေခဲ့သော သူ၏ စိတ်လှုပ်ရှားမှုများအားလုံး ယခုမှေးမှိန်သွားချေပြီ။ သူက နည်းပြဆရာတစ်ဦးဦးထံတွင် သင်ယူလိုနေသော်လည်း မည်သူမှ သူ့အား စိတ်မ၀င်စားခဲ့ချေ။ သူတို့အား လက်ခံပေးရန် တောင်းဆိုချင်သော်လည်း စကားလုံးများအားလုံး နှုတ်ဖျားတွင် ပျောက်ဆုံးသွားခဲ့သည်။

အစ်မဖြစ်သူ၏ မျက်လုံးများကလည်း အလွန်မှေးမှိန်နေချေပြီ။

သူတို့မောင်နှမက သာမာန်မိသားစုတစ်ခုမှ ဆင်းသက်လာကြသူများဖြစ်၏။ သူတို့ပိုင်ဆိုင်သမျှကိုရောင်းချပြီး ဒေသဖြတ်ကျော်သင်္ဘောလက်မှတ်အား၀ယ်ပြီး တခြားဒေသမှ အကယ်ဒမီထံသို့ ထွက်ခွာလာခဲ့ကြခြင်းဖြစ်သည်။ ဤနေရာသို့ရောက်စဉ်က သူတို့မောင်နှမနှစ်ယောက်လုံး မျှော်လင့်ချက်အပြည့်ဖြင့် တက်ကြွနေခဲ့၏။ ဤနေရာတွင် သူတို့၏ ကံကြမ္မာအား ပြောင်းလဲ‌နိုင်ဖို့ မျှော်လင့်ထားခဲ့ကြသည်။

ကံတရားကလည်း သူတို့မောင်နှစ်မအား ဖေးမကူညီခဲ့၏။ ဇွဲအပြည့်ဖြင့် ကြိုးစားခဲ့ပြီးနောက် ထိပ်ဆုံး(၁၀၀၀)အတွင်း၀င်ရောက်နိုင်ခဲ့ပြီ ‌ဗဟိုသူတော်စင်အကယ်ဒမီသို့ ၀င်ခွင့်အောင်မြင်သွားခဲ့သည်။

သူ‌တို့နေရာမှ ကြည့်လျှင် ဤကိစ္စမှာ ယုံကြည်နိုင်စရာပင်မရှိချေ။ အိမ်မက်တစ်ခုအလားပင်။

သူတို့အား နည်းပြဆရာများက လာရောက်ရွေးချယ် ခေါ်ယူမည်ဟု မျှော်လင့်ထားခဲ့ကြသည်။

သို့သော် မည်သူမှ လာရောက်ကမ်းလှမ်းခဲ့ခြင်းမရှိချေ။

သူတို့က သွား၍ ခွင့်တောင်းလျှင်လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။

အကယ်ဒမီမှ ဆရာများအမြင်တွင် ဤမောင်နှမက ဇွဲကောင်းလွန်းသောကြောင့် ကျော်ဖြတ်နိုင်လာသူများဖြစ်ကြသည်။ ၎င်းတိုပါရမီက သာမန်သာဖြစ်၏။ ပါရမီမပါလျှင် မည်မျှကြိုးစားပါစေ ဖြစ်ထွန်းမည်မဟုတ်ပေ။

သူတို့အား လက်ခံလိုက်လျှင်လည်း အရင်းအမြစ်များအား ဖြုန်းတီးခြင်းသာဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ဆရာများက သူတို့ဂုဏ်သတင်းကို ဂရုစိုက်သည့်အနေဖြင့် မအောင်မြင်သည့်မျိုးစေ့များအား စိုက်ပျိုးလိုစိတ်မရှိကြပေ။

ထိုမောင်နှမစိတ်ထဲ၌ လက်ရှိအခြေအနေအား လက်ခံရန် ခက်ခဲနေခဲ့သည်။

တခဏကြာပြီးနောက် အစ်မဖြစ်သူ၏ မျက်၀န်းထဲတွင် ဆုံးဖြတ်ချက်ပြတ်သားဟန်များဖြစ်ပေါ်လာခဲ့ပြီး အံကြိတ်ကာ

“ ငါတော့ပြန်တော့မယ်.. နင့်ပါရမီက ငါ့ထက်ပိုကောင်းတယ်ဆိုတော့ တစ်ယောက်ယောက် လက်ခံကောင်းလက်ခံပါလိမ့်မယ်…”

စကားဆုံးသည်နှင့် လှည့်ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် မောင်ဖြစ်သူက သူမ၏ အင်္ကျီအား တင်းကြပ်စွာ ဆုက်ကိုင်ထားခဲ့၏။

“ အတူတူပြန်ကြတာပေါ့…”

သူတို့မောင်နှစ်မနှစ်ယောက်က ငယ်စဉ်ကတည်းက တစ်ယောက်အပေါ်တစ်ယောက် မှီခိုအားကိုးပြီး နေလာခဲ့ကြသူများဖြစ်သည်။ ဘယ်တော့မှ မခွဲဖူးကြသလို ခွဲရန်စိတ်ကူးလည်းမရှိပေ။

ဗဟိုသူတော်စင်အကယ်ဒမီဆိုသည်မှာ တောင်ပိုင်းတိုက်ကြီး၏ အကြီးဆုံးအကယ်ဒမီငါးခုထဲမှ တစ်ခုဖြစ်ပြီး စရိတ်မရှိဘဲ အဆင်မပြေလှပေ။

“ ငါ့ဆီကိုလာခဲ့ကြ…”

ရွှမ်ယီက ပြုံးပြီး မေးလိုက်သည်။ သူက ထိုဇွဲကောင်းပြီး ကြိုးစားသည့်မောင်နှစ်မအား နှစ်သက်ပေသည်။

ထို့ကြောင့် သူတို့ရှေ့သို့သွားကာ ပြုံးပြီး မေးလိုက်ခြင်းဖြစ်၏။

………..

2နာရီကျော်လောက်ရေးလိုက်ရတယ်ဗျာ

ကမ္ဘာငယ်နဲ့ပတ်သက်ပြီး Engဘာသာပြန်တဲ့လူရေးထားတာတိုင်ပတ်ချက်

ပြီးရင် အကယ်ဒမီမှာလည်း

ဆရာကို Master Instructor Tutor ခနခနပြောင်းရေးနေတယ်

Engလိုဘာသာပြန်ထားတာက အစပိုင်းအဆင်ပြေတယ်

60 70လောက်က စတိုင်ပတ်

အခုနောက်ပိုင်းပိုတောင်တိုင်ပတ်သေး

ကြိုးစားပြီး အကောင်းဆုံးတော့ရေးပေးထားပါတယ်ခင်ဗျာ

All Chapters