အခန်း (၁၈၇)
Vol. 13 Ch. 187
ပင်းယုက လက်ညှိုးမှတဆင့် အင်ပါယာအဆင့်ကျင့်စဉ်အား ရွှမ်ယီ၏ စိတ်ဝိညာဉ်အတွင်း ထည့်သွင်းပေးလိုက်သည်။
ကျင့်စဉ်များကို အဆင့်အမျိုးမျိုးပိုင်ခြားထားသည်။ အင်ပါယာအဆင့်အောက်တွင် ဘုရင်အဆင့်ရှိပြီး ၎င်းအောက်တွင် ကောင်းကင်အဆင့် ၊ မြေကြီးအဆင့် ၊ နက်နဲ နှင့် အဝါရောင်အဆင့်တို့ရှိသည်။
ရွှမ်ယီ အဇူရာဒေသတွင်ရှိစဉ်က နက်နဲအဆင့် ဓားနှလုံးသားကျင့်စဥ်အား လေ့ကျင့်ခဲ့သည်။ သူတို့ကောင်းကင်လေနိုင်ငံတွင် အမြင့်ဆုံးအနေဖြင့် မြေကြီးအဆင့်သာရှိ၏။
နက်နဲအဆင့်ပညာရပ်များက သာဘ၀အားလျော်စွာ အလွန်အမင်းအားကောင်းခြင်းမရှိသော်လည်း အဆင့်လွန်အဆင့်ထိလေ့ကျင့်ထားခဲ့သဖြင့် မြေကြီးအဆင့်စွမ်းအားထုတ်ဖော်နိုင်၏။
ထို့နောက် ကြီးမားသော ကိစ္စရပ်များတွင် ပင်းယုအား ချောမွေ့စွာ အသုံးပြုခဲ့သည်ဖြစ်ရာ သူ၏ ကျင့်စဉ်အား မပြောင်းလဲရသေးပေ။
သို့သော် ဘုရင်အဆင့်သို့ရောက်လာပြီးနောက် နက်နဲအဆင့်ကျင့်စဉ်က သိပ်ပြီးအလုပ်မဖြစ်တော့ချေ။
ယခု ပင်းယုထံမှရရှိခဲ့သည့် အင်ပါယာအဆင့်ကျင့်စဉ်က ရွှမ်ယီ၏ မျက်၀န်းအား အရောင်လက်သွားစေသည်။
ဘုရင်အဆင့်ကျင့်စဉ်က ဘုရင်အဆင့်အတွက်ဖြစ်ပြီး အင်ပါယာအဆင့်ကျင့်စဉ်က အင်ပါယာအဆင့်အတွင်ဖြစ်သည်။ အထက်တွင် နိုဘယ်အဆင့်စသည်ဖြင့် ရှိသေး၏။
ပင်ယုထံမှရရှိခဲ့သော ကျင့်စဉ်အမည်က ဟွမ်ဂျီ ဘီရန်ဖြစ်ပြီး ဟွမ်ဂျီကျင့်စဉ်များထဲ၌ အကောင်းဆုံးဖြစ်သည်။ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးအား ပတ်ရှာလျှင်ပင် ဟွမ်ဂျီဘီရန်နှင့် ယှဉ်နိုင်သော ကျင့်စဉ်ရှိမည်မဟုတ်ပေ။
သူတော်စင်ဒေသ၌ သတင်းကြီးနေသော အင်ပါယာအဆင့်ကျင့်ကြံသူရှိသည့် မိသားစု၌ပင် အင်ပါယာအဆင့်ထက်ကျော်လွန်သော ကျင့်စဉ်ရှိမည်မဟုတ်ဟု ရွှမ်ယီယုံကြည်ထားသည်။
လက်ရှိ သူရရှိထားသည့် ကျင့်စဉ်က အလွန်တန်ဖိုးရှိလှသည်။
ရွှမ်ယီက ပင်းယုအား စိတ်အားထက်သန်စွာစိုက်ကြည့်လိုက်သည်။ သူ၏ ဓားရည်ရွယ်ချက် အဆင့်(၄)စွမ်းအားနှင့် ဤကျင့်စဉ်ပေါင်းစပ်လျှင် အစောပိုင်း လူသားဘုရင်အဆင့်အား တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ငါသိနေခဲ့တယ်…
“ အများကြီးတွေးမနေနဲ့.. ငါဒီကို ထာ၀ရအနေနဲ့ရောက်မလာခင်က ဘာမှထုတ်ဖော်လို့မရဘူး.. အခုတောင်မှ တချို့ပညာရပ်တွေလောက်ပဲ ဖော်ပြလို့ရတယ်… အဲ့လိုမှမဟုတ်ရင် မှောင်ထဲက အလင်းတန်းကြီးလိုဖြစ်သွားလိမ့်မယ်…”
ရွှမ်ယီ၏ အတွေးများအား ဖောက်မြင်နေဟန်ဖြင့် ပင်းယုက ပြောလိုက်၏။
“ ဟွန်ဂျီ ဘီရန်မှာ အခန်း(၉)ခန်းပါတယ်.. ပြီးတော့ ဒီကျင့်စဉ်က အရမ်းတန်ဖိုးကြီးလွန်းတယ်.. ပင်းယု.. ငါ တခြားလူတွေကို ဒီဟာပြန်သင်ပေးမယ်ဆိုရင်.. မင်းမှာ အဲ့တာကို အပြင်မပေါက်ကြားဖို့ နည်းလမ်းရှိလား….”
ရွှမ်ယီက အရောင်သွေးစုံလင်လှသော မျက်၀န်းများဖြင့် ပင်းယုအားကြည့်ပြီး မေးလိုက်သည်။ အစက ရွှမ်ယီတွေးခဲ့သည်မှာ ကောင်းကင်အဆင့် ဒါမှမဟုတ် ဘုရင်အဆင့် ကျင့်စဉ်လောက်သာဖြစ်၏။ သို့သော် ပင်းယုက သူ့အား အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။
“ အင်း ရှိတယ်.. အဲ့တာကို ကျောက်စိမ်းတုံးထဲမှာ ထည့်သွင်းလိုက်မယ်.. ပြီးရင် ကန့်သတ်ချက်တစ်ခုထည့်လိုက်လို့ရတယ်.. သူတို့ သင်ပြီးတာနဲ့ ကျောက်စိမ်းတုံးက အလိုလိုပျက်စီးသွားလိမ့်မယ်… ပြီးတော့ စာသားတွေကို စာရွက်မှာလည်း ရေးပြီးကူးလို့မရဘူး.. ပါးစပ်နဲ့ပြောပြဖို့ တစ်နည်းပဲရှိလိမ့်မယ်… သူတို့အဆင့်က ငါ့ထက်ကျော်မသွားသ၍ ဘယ်တော့မှ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး…”
ထို့နောက် ပင်းယုက ကျင့်စဉ်အား ကျောက်စိမ်းတုံးလေးများအတွင်း ထည့်သွင်းလိုက်၏။
ရွှမ်ယီက ပြုံးပြီး ၎င်းတို့အား လက်ခံလိုက်သည်။
သူ့လက်အောက်မှထွက်ပြေးသွားသည့် ကျောင်းသားများကိုပင် မဆီမဆိုင်သနားသွားခဲ့၏။ ဤလျှို့ဝှက်ချက်အား သိပါက ၎င်းတို့အားလုံး နောင်တရလို့မဆုံးဖြစ်သွားပေလိမ့်မည်။
ပင်းယုထံမှ ရရှိခဲ့သော ကျင့်စဉ်က သာမန် အင်ပါယာအဆင့်ကျင့်စဉ်များထက် အများကြီးပိုကောင်းပေသည်။ တောင်ပိုင်းတိုင်ကြီးတစ်ခုလုံး၏ အဆင့်မြင့်ဆုံး အင်ပါယာကျင့်စဉ်ဖြစ်ကောင်းဖြစ်နိုင်၏။ တခြားလူများသိသွားပါက သူ့အား လိုက်ရှာကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ရွှမ်ယီက ဤအချင်းအရာကို စိတ်ပူခြင်းမရှိသော်လည်း သူ့တပည့်များက ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းမရှိသေးချေ။
ထို့အပြင် ဤကျောင်းသားများထဲတွင် ကျန်းချန်နှင့် မင်ယွဲ့ရှုကလွဲလျှင် ကျန်သူများမှာ သူနှင့်ယနေ့မှ ဆုံဖူးကြခြင်းဖြစ်၏။ သူတို့က အဇူရာဒေသ၌ကျန်ခဲ့သော ကုယီယီတို့အဖွဲ့နှင့်မတူပေ။ ထို့ကြောင့် အလုံးစုံယုံကြည်၍မရသေးချေ။
ထို့ကြောင့် ကျင့်စဉ်အား ကန့်သတ်ချက်များနှင့်တကွ ကျောက်စိမ်းတုံးထဲထည့်သွင်းခဲ့ခြင်းဖြစ်၏။ တစ်ကြိမ်အသုံးပြုပြီးသည်နှင့် ထိုကျောက်စိမ်းတုံးများအားလုံး ပျက်စီးသွားပေလိမ့်မည်။
ရွှမ်ယီက သင်ကြားရေးအခန်း၌ သူတို့အား သင်ကြားပေးရန်ပြင်လိုက်၏။
“ မင်ယွဲ့ရှု.. ကျန်းချန် ဒါကိုယူလိုက်.. ပြီးတော့ အပြင်ကိုမပေါက်ကြားအောင် သတိထားဖို့ မမေ့ပါနဲ့…”
ရွှမ်ယီက အသာအယာပြုံးလိုက်ပြီး ကျောက်စိမ်းတုံးလေးနှစ်ခုအားပေးလိုက်၏။ သူတို့အားပေးလိုက်သော ကျောက်စိမ်းတုံးထဲတွင် (၃)ခန်းပါရှိပြီး ၎င်းတို့အနေဖြင့် အချိန်အတန်ကြာကျင့်ကြံရန်လုံလောက်သည်။
ကျန်းချန်က တလေးတစားလက်ခံလိုက်ပြီး မင်ယွဲ့ရှုကမူ အနည်းငယ်သိချင်စိတ်ပြင်းပြနေ၏။ သူတို့လက်ထဲရောက်သည်နှင့် နှဖူး၌ကပ်ကာ အတွင်းမှ အချက်အလက်များအား လက်ခံလိုက်သည်။
ဘုန်း..
အထွတ်အထိပ်ဓားချီက တုန်ခါသွား၏။ အသက်ရှုကြိမ်အနည်းငယ်ခန့်ကြာပြီးနောက် နှစ်ယောက်လုံး မျက်စိပြန်ပွင့်လာပြီး ရွှမ်ယီအား မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
“ အင်ပါယာအဆင့် ကျင့်စဉ်…”
အင်ပါယာအဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည့် ဘိုးဘေးကျင့်ကြံသူများထံ၌သာ အင်ပါယာအဆင့်ကျင့်စဉ်ရှိနိုင်ပြီး တောင်းပိုင်းတိုက်ကြီးတစ်ခုလုံးတွင် အင်ပါယာအဆင့်ကျင့်စဉ် မည်မျှရှိနိုင်မည်နည်း…?
လက်ချိုးရေ၍ပင် ရလောက်၏။
ဤကျင့်စဉ်ကား အဖိုးတန်လွန်းလှသည်။
ရွှမ်ယီက ခပ်ဖျော့ဖျော့ပြုံးနေ၏။
၎င်းက အင်ပါယာအဆင့်ကျင့်စဉ်မျှသာမဟုတ်ပေ။ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး၌ အမြင့်ဆုံးကျင့်စဉ်ပင်ဖြစ်နိုင်၏။
“ ဒါကို သိမ်းထားလိုက်…”
ယုလင်းလုံကိုလည်း အခန်း(၃)ခန်းပါရှိသည့် ကျောက်စိမ်းတုံးအားပေးလိုက်သည်။
သူမက လှမ်းယူလိုက်သော်လည်း သိပ်ပြီးမျှော်လင့်ချက်တော့မထားပေ။ သူမက သူတော်စင်ဒေသ အရှေ့ပိုင်းရှိ ထိပ်တန်းအင်အားစုကြီး၌မွေးဖွားလာသူဖြစ်သည်။ သူမ မိသားစုက သူတော်စင်ဒေသ၌ ထိပ်ဆုံးအင်အားစု(၅)ခုအတွင်းပါ၀င်ပြီး အရင်းအမြစ်မျိုးစုံနှင့် ကျင့်စဉ်များ ၊ သိုင်းပညာများလည်း မရှားပါးပေ။ ဘုရင်အဆင့်ကျင့်စဉ်များပင်ရှိ၏။ ရွှမ်ယီထံ၌ ၎င်းတို့ထက်သာလွန်သောအရာများရှိမည်မထင်ပေ။
ဘုန်း..
ကျောက်စိမ်းတုံးအတွင်းမှ အချက်အလက်များအားလက်ခံလိုက်ရာ ဓားချီတစ်ခုထွက်ပေါ်လာပြီး ယုလင်းလုံ ထိတ်လန့်တကြားထခုန်မိလိုက်၏။
“ အဲ့တာကို စိတ်ထဲမှာပဲသိမ်းထားပြီး အကောင်းဆုံးကြိုးစားလေ့ကျင့်.. အပြင်ကိုတော့ မပေါက်ကြားစေနဲ့…”
ရွှမ်ယီက သူမအား ပြုံးလျက်ကြည့်နေခဲ့သည်။
ယုလင်းလုံက ယခုမှ အသက်(၁၆) (၁၇)၀န်းကျင်သာရှိသေးသော်လည်း အခြေတည်ဝိညာဉ်အဆင့်(၇)သို့ ရောက်နေချေပြီ။ သူမက ကျင့်ကြံရာ၌ အမှန်တကယ် မှော်ဆန်သည်ဟု ဆိုရပေမည်။
သူမ ယခုလက်ခံရရှိလိုက်သည့် ကျင့်စဉ်က သူမ မြင်ဖူးခဲ့သမျှထဲတွင် အကောင်းဆုံးဖြစ်၏။
“ ဟုတ်ကဲ့…”
ယုလင်းလုံက လက်သီးအားတင်းနေအောင်ဆုပ်လျက် ကျယ်လောင်စွာ ပြန်ဖြေလိုက်၏။
ဤကျင့်စဉ်နှင့်ပတ်သက်ပြီး မည်သူ့ကိုမှ ပြန်ပြောပြရန်စိတ်ကူးမရှိချေ။ လူအများသိရှိသွားပါက မည်သို့ဖြစ်လာမည်မှန်း သူမ ကောင်းစွာနားလည်ထား၏။
‘ အစက ဒီတိုင်း ဆရာတစ်ယောက်ကျပန်းရွေးခဲ့တာ… ဒါပေမယ့် ငါ ရွှေတုံးကြီးကောက်ရလိုက်တာပဲ…’
မောင်နှစ်မနှစ်ယောက်အတွက်မူ တစ်ယောက်က ရှောင်ဖန်ဟုခေါ်ပြီး နောက်တစ်ယောက်က ရှောင်ဟောင်ဖြစ်၏။
ရွှမ်ယီက သူတို့အား တစ်ခန်းတည်းသာပေးအပ်ခဲ့သည်။ ခွဲခြားဆက်ခံခြင်းမဟုတ်ပေ။ သူတို့အရည်အချင်းက အားလုံးထဲတွင် အနိမ့်ဆုံးဖြစ်ပြီး တစ်ခန်းက အချိန်အတန်ကြာလေ့လာဖို့ လုံလောက်ပေလိမ့်မည်။
“ အပြင်ကို လုံး၀မပေါက်ကြားစေဖို့ သတိရပါ.. ငါပေးထားတဲ့ဟာကို ဆန္ဒရှိရင် ပြန်ယူနိုင်တယ်ဆိုတာမမေ့ပါနဲ့.. တကယ်လို့ မင်းတို့က ပေါက်ကြားစေခဲ့မယ်ဆိုရင် ငါ့လက်နဲ့ ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ်….”
မောင်နှစ်မနှစ်ယောက်လုံး ရွှမ်ယီ၏ လေးနက်မှုအား ခံစားမိလိုက်ပြီး အနည်းငယ်တုန်လှုပ်သွားခဲ့ရသည်။
ဘုန်း..
နှစ်ယောက်လုံး ကျောက်စိမ်းတုံးထံမှ အချက်အလက်များအား လက်ခံလိုက်ကြ၏။
“ ကံကောင်းလိုက်တာ.. ငါတို့ ဒီလိုဆရာမျိုးပိုင်ဆိုင်ခွင့်ရခဲ့တယ်.. ဒီလိုကျင့်စဉ်မျိုး.. မြင်ဖူးဖို့ထား ကြားတောင်မကြားဖူးဘူး…”
“ အင်း.. ဆရာရွှမ်ယီကို ထားခဲ့တဲ့ လူတွေကတော့ နောင်တရနေတော့မှာပဲ…”
မောင်နှစ်မနှစ်ယောက် စိတ်လှုပ်ရှားနေသောမျက်၀န်းများဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။
တစ်ချိန်တည်းတွင် လက်ထဲမှ ကျောက်စိမ်းတုံးအား ကြည့်လိုက်မိပြီး ဖိအားများခံစားလိုက်ရသည်။ သူတို့က အင်ပါယာအဆင့်ဆိုသည်မှာ ဘာမှန်းသေချာမသိသော်လည်း ဤကျင့်စဉ်၏ တန်ဖိုးကိုအား အနည်းငယ်ခံစားမိနေခဲ့သည်။
အလွန်ကြီးကျယ်ခမ်းနားသည်ဟု ပြောလျှင်ပင် ချဲ့ကားရာရောက်မည်မထင်ပေ။
“ ဆရာ ရွှမ်ယီက ငါတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာပဲ…”
သင်ခန်းစာများ သင်ကြားပေးခဲ့ပြီးနောက် ရွှမ်ယီက ပင်းယုအားခေါ်လျက် ဗဟိုသူတော်စင်အကယ်ဒမီမှထွက်လာခဲ့သည်။
“ မင်း ဘယ်သွားမလို့လဲ…”
ပင်းယုက လေထဲတွင် ပျံဝဲလျက် လေကို အားရပါးရရှုရှိုက်လိုက်သည်။ သူမ၏ အမူအရာက နဂိုအတိုင်း အေးစက်မြဲအေးစက်နေသော်လည်း သူမထံမှ ပျော်ရွှင်မှု အငွေ့အသက်အား ရွှမ်ယီ ခံစားမိ၏။
ရွှမ်ယီက အဝေးသို့လှမ်းကြည့်ပြီး အနည်းငယ်ပြုံးလိုက်သည်။
“ ကောင်းကင်ကြီးအောက်က တစ်စုံတစ်ယောက်က ငါ့အပေါ်အကြွေးတင်နေတယ်…”
“ သူတို့ စိတ်ချမ်းသာစွာနဲ့ ထွက်သွားတာ အချိန်တော်တော်ကြာခဲ့ပြီ.. ဒါပေမယ့် ဒီကမ္ဘာကြီးမှာ ငါရမယ့်အကြွေးကို ဘယ်သူမှ မဆပ်ဘဲနေလို့မရဘူး.. သူတို့က ပြန်ဆပ်ချင်ပုံမရဘူး.. ဒီတော့ ငါ့မှာ သူတို့အိမ်ရှေ့ထိလိုက်သွားရုံကလွဲပြီး ရွေးချယ်စရာမှမရှိတာ… သူတို့ တော်တော်သတ္တိရှိတာဘဲ…”
ရွှမ်ယီ၏ မျက်နှာက ပြုံးနေခဲ့သော်လည်း မျက်၀န်းများက အေးစက်နေခဲ့သည်။