← Chapters

အခန်း (၁၉၁)

Vol. 13 Ch. 191

အခန်း (၁၉၁)

Vol. 13 Ch. 191

“ ဒါ.. မဖြစ်နိုင်ဘူး…”

ကျာယန်တစ်ခု ယခုအချိန်ထိ မှင်သက်နေဆဲဖြစ်၏။

ရန်မိသားစု၏ ဥသျှောင်.. ငရဲဘုရင် ရန်၀မ် ၊ တောင်ပိုင်းကောင်းကင်၌ နင်းမိသားစုပြီးလျှင် အသန်မာဆုံးလူ…

ဤအတိုင်းသေသွားပြီလား…

ရွှမ်ယီရှေ့ရှိ ရေခဲမျက်နှာနှင့် အလွန်လှပသော အမျိုးသမီးထံတွင် ကြက်ကလေးငှက်ကလေးသတ်သလို အသတ်ခံလိုက်ရသည်။

ကျာယန်တစ်ယောက် အသိ၀င်လာပြီးနောက် ပျော့ခွေကျသွား၏။

“ ကျာတောင်.. နင် ဘယ်လိုလုပ်လိုက်တာလဲ…”

မောင်ဖြစ်သူအားကြည့်ပြီး ငြီးတွားလိုက်၏။

မူလက ရန်ဘိုးဘေး ပြန်လည်သက်သာလာပြီးနောက် ယခင်ထက်ပင် ခွန်အားများတိုးလာခဲ့‌သည်။ နှစ်အနည်းငယ်အတွင်း ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နိုင်သည်ဟု ထင်ကြေးပေးနေကြသည်။

အချိန်တန်သည်နှင့် ရန်မိသားစုက ကောင်းကင်အထက်သို့ မြင့်တက်သွားပေလိမ့်မည်။

ထိုအခါ ကျာမိသားစုလည်း လိုက်မြင့်တက်လာမည်ဖြစ်၏။

ထို့အပြင် အနာဂါတ်ကျလျှင် ရန်မိသားစု လူငယ်ခေါင်းဆောင်က ရန်မိသားစုအား ဆက်ခံရမည့်လူဖြစ်သည်။

ကျာယန်တစ်ယောက် သူမ၏ အနာဂါတ်နှင့်ပတ်သက်၍ များစွာမျှော်လင့်ပြီး အိမ်မက်များစွာမက်ထားခဲ့သည်။

သို့သော် အရာအားလုံး ပင်းယု၏ လက်ဖဝါးထဲ၌ ကြေမွသွားချေပြီ။

ထို့အပြင် ရန်မိသားစု၌ ရန်သူမည်မျှရှိမှန်း ရေတွက်၍ပင်မရချေ။

ရန်မိသားစု ဤမျှ တိုးတက်ပြီး အသက်ရှည်နေရခြင်းမှာ ငရဲဘုရင်ကြောင့်ဖြစ်၏။ ငရဲဘုရင်က ရန်မိသားစုအတွက် ကောင်းကင်မှပေးအပ်သော ဆုလာဘ်တစ်ခုပင်။

ယခုတွင် ရန်မိသားစု၏ ကောင်းကင်ကြီးပြိုကျသွားချေပြီ။

ကျာတောင်က ရွှမ်ယီအား ခေါ်မလာလျှင်ပင် သွသူအတွင်းသို့၀င်လာမည်မှာ မြေကြီးလက်ခတ်မလွဲချေ။

သို့သော် ကျာယန်၏ နှလုံးသားထဲ၌ ယခုအချိန်ထိ အဖြစ်မှန်အား လက်မခံနိုင်သေးပေ။

ကျာတောင်လည်း အလွန်တုန်လှုပ်လျက်ရှိ၏။ သူ၏ နှဖူးထက်မှ ချွေးများ လည်ပင်းအထိ စီးကျနေသော်လည်း သုတ်မအားသေးဘဲ ရွှမ်ယီအား တွေတွေကြီး စိုက်ကြည့်နေခဲ့သည်။

ထိုလူအား ဧည့်ခံပွဲသို့ သူခေါ်ဆောင်လာခြင်းဖြစ်သည်။

ပင်းယုက ရန်၀မ်(ငရဲဘုရင်) အားသတ်ပြီးသည်နှင့် ဘာမှမဟုတ်သကဲ့သို့ ရွှမ်ယီနောက်၌ သွားရပ်နေလိုက်သည်။

ပင်းယုက ငြိမ်လျက်ရပ်နေသည်ဖြစ်ရာ ပတ်၀န်းကျင်မှ လူများလည အနည်းငယ်မျှပင် လှုပ်ရှားရဲခြင်းမရှိချေ။

မိသားစုကြီးလေးခုမှ လူများ၏ မျက်၀န်းများ အရောင်လက်နေခဲ့သည်။ ရန်မိသားစု၏ ကံဆိုးမှုအပေါ် ကျေနပ်နေကြ၏။ ထိုရန်မိသားစုက အဆင့်(၅)ဆေးဘုရင်တစ်ဦးအား ပေါ့သေးသေးတွေးကာ ယန်မီးတောက်ဆေးလုံးအား လက်ခံပြီး ပေးရမည့်တန်ဖိုးအား ဂရုမစိုက်ခဲ့ကြပေ။ သေခြင်းနှင့် ရှင်ခြင်းရွေးချယ်မှု၌ သူတို့ရွေးသည့်ဘက်မှားသွားခဲ့၏။

ထိုကဲ့သို့ လျှို့ဝှက်ဆန်းကျယ်သည့် ပညာရှင်အား ပြသနာသွားရှာခြင်း ရလဒ်အနေဖြင့် ပျက်စီးခြင်းသာရှိသည်။ လက်ဝါးတစ်ချက်ဖြင့် ရန်မိသားစု အနာဂါတ် ပျက်စီးသွား၏။

ပတ်၀န်းကျင်မှာ လူတိုင်း အပြုံးများဖြင့် ငြိမ်သက်စွာရပ်နေကြသည်။ ရန်မိသားစုထံမှ အနိုင်ကျင့်ခံရသည့်နေ့ရက်များ ကုန်ဆုံးသွားချေပြီ။ ယနေ့မှစပြီး တောင်ပိုင်းကောင်းကင်တွင် နင်းမိသားစုအပြင် မိသားစုကြီး(၄)ခုသာရှိတော့မည်။

ရန်မိသားစုအား အရင်းမှ ဆွဲနှုတ်တော့မည်ဖြစ်၏။

ကျူပင်ခုတ် ကျူငုတ်ပါဆွဲထုတ်ရမည့် နိယာမအား သူတို့အားလုံး နားလည်ထားကြသည်။ ရွှမ်ယီနှင့် ပင်းယုရှိနေခြင်းကြောင့်သာမဟုတ်လျှင် သူတို့အားလုံး ပြေးထွက်ကာ သတ်ဖြတ်ကြတော့မည်။

ရွှမ်ယီကပြုံးလိုက်ပြီး

“ ရန်မိသားစုက ကျုပ်ဆီမှာ သူတို့ပိုင်ဆိုင်မှုတစ်၀က် အကြွေးတင်ထားတယ်.. ဒါပေမယ့် ကျုပ်ကိုယ်တိုင်လာတောင်းရတဲ့အတွက် ကျန်တဲ့တစ်၀က်ကိုပါ ယူသွားမယ်.. ကျန်တာကတော့ ခင်ဗျားတို့ စိတ်တိုင်းကျလုပ်လို့ရတယ်…”

ဘုန်း..

စကားဆုံးသည်နှင့် နတ်ဆိုးအား လှောင်အိမ်ထဲမှာ ထုတ်ပေးလိုက်သကဲ့သို့ဖြစ်သွား၏။

အစက ရန်မိသားစုအား ဂုဏ်ပြုရန်ရောက်လာကြသော အဖွဲ့အစည်းများအားလုံး မိသားစုကြီးလေးခု ဦးဆောင်မှုအောက်၌ ရက်စက်စွာသတ်ဖြတ်ကြတော့သည်။

ကျာမောင်နှစ်မ အလွန်တုန်လှုပ်သွားပြီး စကားတစ်ခွန်းမှမပြောဘဲ ထိုနေရာမှ လှည့်ထွက်လာလိုက်ကြ၏။

ကျာမိသားစုက စိန်နားကပ်ရောင်နှင့် ပါးပြောင်နေကြခြင်းဖြစ်သည်။ ရန်မိသားစုမရှိတော့လျှင် သူတို့က ဘာမှမဟုတ်ချေ။

ဝှစ်ရှ်…

ရွှမ်ယီက ရန်မိသားစုပိုင်ဆိုင်မှုအားလုံးအား သိမ်းဆည်းပြီး ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

နဂိုကတည်းက ၎င်းတို့အား အချိန်သုံးလပေးထားခဲ့သည်။ သူကိုယ်တိုင် လာတောင်းရလျှင် တစ်၀က်နှင့်မရတော့ချေ။

သို့သော် ဇာတ်လမ်းစသည်နှင့် ရန်ဘိုးဘေးက သူ့အား သတ်ရန်ကြိုးစားခဲ့သည်။

သို့ဆိုပါက နောက်ဆုံးရလဒ်အနေဖြင့် ပျက်စီးခြင်းသာရှိပေလိမ့်မည်။

သူထွက်ခွာလာပြီးနောက် ရန်မိသားစုတစ်ခုလုံး လောင်ကျွမ်းလျက်ကျန်ခဲ့၏။

ကျာမောင်နှစ်မ ကျာမိသားစုသို့ ပြန်ရောက်လာခဲ့သည်။

“ မင်းတို့ ဘာလို့ဒီလောက် အစောကြီးပြန်လာတာလဲ…”

ထိုနှစ်ယောက်အားမြင်လျှင် ကျာမိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်ပြီးမေးလိုက်၏။

မိသားစုခေါင်းဆောင်ဖြစ်သည့်အား လျော်စွာ ၎င်းတို့အမူအရာအားမြင်သည့်နှင့် တစ်စုံတစ်ခုဖြစ်လာမှန်း ခန့်မှန်းမိလိုက်သည်။

ဆိတ်တစ်ကောင်နှင့်တူသော ကျာမိသားစုခေါင်းဆောင်၏ မျက်နှာက တဖြည်းဖြည်းအုံ့မှိုင်းလာခဲ့သည်။

သူက အခြေအနေမကောင်းသည့်အငွေ့အသက်တစ်ခုအား ခံစားမိလိုက်ပြီး

“ အမှန်တိုင်းပြော.. ရန်မိသားစုမှာ ပြသနာရှာခဲ့တာလား…”

ထို မောင်နှစ်မက ရန်မိသားစုအား အမှန်တကယ် ဒေါသထွက်စေခဲ့ရိုးမှန်လျှင် ၎င်းတို့အား ချက်ချင်းဖမ်းဆီးပြီး ရန်မိသားစုထံ ပို့ပေးရမည်။

“ ရန်မိသားစု…”

ကျာယန်၏ စိတ်အခြေအနေ အနည်းငယ်ပြန်အဆင်ပြေလာခဲ့သည်။ သူမ၏ မျက်၀န်းများက မယုံကြည်နိုင်မှု ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေပြီး ခေါင်းယမ်းလျက်

“ ရန်မိသားစု.. လက်ဝါးတစ်ချက်ကြောင့် ပျက်စီးသွားပြီ…”

ကျာမိသားစုခေါင်းဆောင်ဟု မျက်လုံးများပြူးကျယ်သွားပြီး တန်ဖိုးအထားရဆုံး သမီးဖြစ်သူအားကြည့်လိုက်သည်။ ကျာယန်၏ စကားများကြောင့် သူအလွန်ထိတ်လန့်သွား၏။

“ မင်း.. ဘယ်လို အဓိပ္ပါယ်မရှိတဲ့စကားတွေပြောနေတာလဲ… ရန်မိသားစုဘိုးဘေး ရန်၀မ်က ဘယ်လောက်အစွမ်းထက်တယ်ဆိုတာမသိဘူးလား…”

ကျာယန်က လက်ယမ်းလိုက်ပြီး

“ သူ့ဟာသူဘယ်လောက်ပဲအစွမ်းထက်ထက် လက်ဝါးတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်.. သမီးမျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာပါဆိုနေ…”

ဘုန်း…

ကျာမိသားစုခေါင်းဆောင်တစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသည့်အလား တောင့်တင်းသွား၏။

ရန်မိသားစု ‌ပျက်စီးသွားချေပြီ…

ထိုသတင်းက ဗဟိုသူတော်စင်အကယ်ဒမီသို့တိုင်အောင် ရောက်ရှိသွားသည်။

“ ဆရာရွှမ်က အရမ်းအစွမ်းထက်တာပဲ…”

သတင်းကြားပြီးနောက် ယုလင်းလုံ၏ မျက်လုံးများ တောက်ပသွားသည်။

သူမက (၁၆)နှစ်၀န်းကျင်ခန့်သာရှိသေးပြီး အတက်ကြွဆုံး အရွယ်ဆိုလည်းမမှားချေ။

တစ်ချိန်တည်းမှာ အရှေ့ကောင်းကင်ရှိ ယုမိသာစုမှ ဆင်းသက်လာသူတစ်ဦးဖြစ်ပြီး ပါရမီလဲ ကောင်းလွန်းလှသူဖြစ်ရာ ငယ်စဉ်ကတည်းက မိသားစုတော်တော်များများ သူမနှင့် လက်ဆက်ခွင့်ရရန် ကမ်းလှမ်းခဲ့ကြသည်။ ဤသည်က ယုလင်းလုံအား တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်စေခဲ့၏။

‘ ငါဒေါသထွက်တဲ့အခါ ကမ္ဘာကြီးကို ငြိမ်သက်သွားစေနိုင်စွမ်းရှိတဲ့ ဓားတစ်ချောင်းဖြစ်လာဖို့ မစောင့်နိုင်တော့ဘူး…’

ရွှမ်ယီ၏ အကြွေးတောင်းပုံက ထိုကလေးမအား အလွန်နှက်ခြိုက်သွားစေခဲ့သည်။

ကျန်းယန်က ဓားတစ်ချောင်းကိုင်ဆွဲထားပြီး ရွှမ်ယီပေးခဲ့သည့် ကျင့်စဉ်အား ကြိုးစားလေ့ကျင့်နေခဲ့သည်။

သတင်းကြားချိန်၌ ခေါင်းယမ်းကာရယ်မောလိုက်၏။

‘ ငါတို့ မျိုးဆက်ကဓားသမားတွေအားလုံး ဆရာရွှမ်ယီဆီက သင်ယူသင့်တယ်.. သူက ဓားလမ်းစဉ်အတွက် ရှေ့ဆောင်လမ်းပြဘဲ… ဓားအလင်းအောက်မှာ အရာအားလုံး ငြိမ်းချမ်းသွားစေရမယ်…’

ရှောင်မောင်နှစ်မလည်း သတင်းကြောင့် အလွန်အံ့ဩသွားခဲ့သည်။ သူတို့နည်းပြဆရာက အမှန်တကယ်ကို ရက်စက်လှသည်။ ယခုမှ အကယ်ဒမီသို့ရောက်လာခြင်းဖြစ်သော်လည်း တောင်ပိုင်းကောင်းကင်ရှိ ထိပ်သီးအင်အားစုကြီးတစ်ခုအား ဖျက်ဆီးခဲ့ချေပြီ။

မင်ယွဲ့ရှု ခေါင်းယမ်းကာပြုံးလိုက်၏။

ဒါက ရွှမ်ယီ၏ပုံစံ အစစ်အမှန်ပင်။ မည်သည့်နေရာသို့ရောက်ပစေ အရာအားလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပေလိမ့်မည်။ အေးအေးချမ်းချမ်း နေနိုင်သော လူစားထဲမပါပေ။

သို့သော် ရန်မိသားစုက ရွှမ်ယီအား လူပါးလာ၀သည့်အပြင် အရင်ဆုံးသတ်ရင်ကြိုးစားခဲ့သည်အတွက် သူတို့စရိတ်ဖြင့်သူတို့သွားခြင်းဖြစ်ကာ သူတို့နှင့် ထိုက်တန်ပေသည်။

ရွှမ်ယီထံ၌ ကောင်းကင်ဘုရင်အဆင့်ဆရာသခင်တစ်ဦးဖြစ်ကြောင်း သူတို့ အိမ်မက်ထဲပင် ထည့်မက်ဖူးမည်မဟုတ်ပေ။

လူသားဘုရင်တစ်ဦး ကောင်းကင်ဘုရင်နှင့် တွေ့ဆုံပါကမည်သို့ဖြစ်မည်နည်း။ မည်မျှအစွမ်းထက်သည့် လူသားဘုရင်ဖြစ်စေကမူ ပျက်စီးခြင်းမှတပါးမရှိချေ။

ရန်မိသားစုသာ အဇူရာ‌ဒေသသို့မဟုတ် ကြက်သွေးနတ်ဆိုးဒေသမှဆိုပါက ထိုသို့ပြုမူဝံ့မည်မဟုတ်ပေ။

အဇူရာဒေသနှင့် ကြက်သွေးနတ်ဆိုးဒေသ၌ ရွှမ်ယီနှင့် နက်နဲဓားဂိုဏ်းအကြောင်းမသိသူမရှိချေ။ ထိုနေရာမှ လူတိုင်း ပြသနာရှာရန် စိတ်ပင်မကူးရဲကြပေ။

ရန်မိသားစုက ရွှမ်ယီ၏ နောက်ခံအကြောင်း မစုံစမ်းခဲ့သည်က သနားစရာပင်။

မင်ယွဲ့ရှုမသိသည်က ရွှမ်ယီက အဇူရာဒေသနှင့် ကြက်သွေးနတ်ဆိုးဒေသတွင်သာမဟုတ်ဘဲ ကောင်းကင်ဒေသ၌လည်း အလွန်ကျော်ကြား၏။ တောင်ပိုင်းတိုက်ကြီး ထိပ်တန်းဒေသ(၂၀)အတွင်းပါ၀င်သော ကောင်းကင်ဒေသ၌ပင် ရွှမ်ယီအား မည်သူမှ မစော်ကားရဲချေ။

ကောင်းကင်ဒေသအား ယခင်က အဓိကအင်အားစုလေးခုက အညီအမျှအုပ်စိုးခဲ့ကြသည်။ သို့သော် ရွှမ်ယီရောက်လာပြီးနောက် ဖီးနစ်လှိုဏ်ဂူနှင့် ၀မ်မိသားစုတို့ ရှင်းလင်းခံလိုက်ရ၏။ ထို့နောက် ၎င်းတို့နေရာများအား ရွှမ်မိသားစုက သိမ်းပိုက်လိုက်သည်။ ပြောရမည်ဆိုလျှင် ကောင်းကင်ဒေသ၏ တစ်၀က်ကို ရွှမ်မိသားစုက အုပ်စိုးထားပြီး ကျန်အင်အားစုကြီးနှစ်ခုနှင့်လည်း ချောမွေ့သောဆက်ဆံရေးရှိ၏။

ဤသို့ဖြင့် ကောင်းကင်ဒေသတွင်လည်း ရွှမ်ယီအား မည်သူမှ ပြသနာမရှာရဲချေ။

All Chapters