အခန်း (၁၉၃)
Vol. 13 Ch. 193
ကောင်မလေးအား ကောက်ချီပြီးလိုက်ပြီးနောက် ရွှမ်ယီမျက်မှောင်ကြုတ်လိုက်မိသည်။
ဤကောင်မလေးကား သူမ၏ အဓိကအရာဖြစ်သော နတ်ဘုရားအရိုးအား ထုတ်ယူခြင်းခံလိုက်ရကာ အသက်ဆုံးရှုံးလုနီးပါးဖြစ်နေချေပြီ။ ရှေးဦးသားရဲများနှင့် မတွေ့ရင်တောင် နာရီအနည်းငယ်အတွင်း သေဆုံးတော့မည်ဖြစ်၏။
နတ်ဘုရားအရိုးက သူမခန္ဓာကိုယ်အတွင် အဓိကရေသောက်မြစ်ဖြစ်သည်။ အဓိကရေသောက်မြစ်အား တူးထုတ်ခံလိုက်ရပါက ထိုသစ်ပင် မကြာခင်ညှိုးနွမ်းသွားပေလိမ့်မည်။
နာကျင်မှုများအား အဆုံးမရှိခံစားရပြီး နာရီအနည်းငယ်အတွင်း သေသွားမည်ဖြစ်သည်။
သူမ၏ သေဆုံးမှုအား ရှောင်လွှဲနိုင်မည်မဟုတ်ပေ။
ရွှမ်ယီက သူမ၏ အသက်ဓာတ်ကျဆင်းမှုအား လျော့ကျစေရန်အတွက် စိတ်ဝိညာဉ်စွမ်းအင်များထည့်သွင်းပေးလိုက်၏။
သို့သော် သူမအား ကယ်တင်လိုပါက ဤမျှနှင့်မလုံလောက်ပေ။
အဆင့်(၃) ဆေးလုံးက သူမအား သက်သာသွားစေနိုင်ပြီး အဆင့်(၄) ဆေးလုံးက ကျန်းမာရေးကို အထွတ်အထိပ်အခြေအနေထိ ပြန်လည်း တွန်းပို့နိုင်စွမ်းရှိသည်။ အဆင့်(၅)ဆေးလုံးကမူ သွေးစွမ်းအားကို အပြည့်အ၀ထောက်ပံ့ပေးပြီး နတ်ဘုရားအရိုးကိုပင် ပြန်လည်တည်ဆောက်ပေးနိုင်စွမ်းရှိ၏။
ရွှမ်ယီထံတွင် အဆင့်(၇) မှော်ဆေးပညာရှင်၏ မှတ်ညာဏ်များရှိသည့်အပြင် အဆင့်(၅)ကျွမ်းကျင်မှုဖြင့်ဆိုပါက ထိုဆေးအား ဖော်စပ်ရန်ခက်ခဲခြင်းမရှိပေ။
ပြသနာက သူ့ထံတွင် ဆေးပင်များလည်းမရှိသလို ဆေးမီးဖိုလည်းမရှိပေ။
ဤကမ္ဘာ၏ ဥပဒေစများက သူ့၏ သိုလှောင်ပစ္စည်းများအား အသုံးပြုမရအောင် ကန့်သတ်ထားသည်။ ၎င်းတို့အား ဖွင့်မရချေ။
ရွှမ်ယီက ကောင်မလေးအား ပြင်ပကမ္ဘာသို့ခေါ်ထုတ်ရန်ကြိုးစားသော်လည်း မရချေ။ ဤကမ္ဘာငယ်လေးက ထိုကောင်မလေးအား ပြင်ပကမ္ဘာသို့ထုတ်ခွင့်မပြုပေ။ ရွှမ်ယီလည်း ပြင်ပကမ္ဘာမှ ပစ္စည်းများ တခြားလူများအား အတွင်းသို့ ခေါ်ဆောင်လာ၍မရချေ။
လက်ရှိအချိန်တွင် ရွှမ်ယီတစ်ယောက်ထဲသာ ၀င်ထွက်နိုင်၏။
တခြားလူများ သို့မဟုတ် ပစ္စည်းများအား အသွင်းအထုတ်ပြုလုပ်လိုပါက သူ့၏ ခွန်အားကို တိုးလာအောင်လုပ်ပြီး ကမ္ဘာငယ်လေးအား ပိုတိုးတက်စေရန်လိုအပ်သည်။
“ ဘယ်လောက် ခက်လိုက်သလဲ…”
ရွှမ်ယီက ရွှေရောင်စာရွက်တစ်ရွက်အလားဖြစ်နေသော ကောင်မလေး၏ မျက်နှာကိုစိုက်ကြည့်လိုက်သည်။ ထိုကောင်မလေး၏ အသက်ရှုသံများ တဖြည်းဖြည်းအားနည်းလာသည်အားမြင်လျှင် အသက်ပြင်းပြင်းရှုပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
နတ်ဘုရားအရိုးအား ထုတ်ယူသွားသည့် တိရစ္ဆာန်ကြောင့် ဤသို့ဖြစ်လာခြင်းပင်။
ရွှမ်ယီလည်း အကျပ်ရိုက်နေချေပြီ။ ထိုကောင်မလေး၏ အရည်အချင်းက မေးခွန်းထုတ်စရာမလိုအောင် ကောင်းမွန်လွန်းလှသည်။ သူမအား တပည့်အဖြစ်လက်ခံလိုသော်လည်း ထိုကောင်မလေးက သေမင်းတံခါး၀ရောက်နေချေပြီ။
“ ဟုတ်ပြီ…”
ရုတ်တရက် ရွှမ်ယီ တစ်စုံတစ်ခုအားတွေးမိသွားပြီး သဘာဝစိတ်ဝိညာဉ်အသိစိတ်ဖြင့် သူမ၏ ဝိညာဉ်အား ကောင်းချီးပေးလိုက်၏။
ဤကမ္ဘာငယ်လေးထဲတွင် သူက ဥပဒေသစွမ်းအားများကို ထိန်းချုပ်နိုင်သည်။ စွမ်းအားကုန်သုံးပြီး လေနှင့်မိုးကိုပင် ဆင့်ခေါ်နိုင်၏။
လက်ရှိအချိန်တွင် သဘာ၀စိတ်ဝိညာဉ်အသိစိတ်ဖြင့် သူမဝိညာဉ်အား ကောင်းချီးပေးထားပြီး ဆေးဖော်စပ်ဖို့ကြိုးစားရမည်။
….
ဗြုတ်…
ရွှမ်ယီက စိတ်ဝိညာဉ်မြက်တစ်ပင်အား ဆွဲနှုတ်လိုက်၏။ သူ့လက်ထဲတွင် အဆင့်(၃) သို့မဟုတ် အဆင့်(၄)ဆေးလုံး ဖော်စပ်နိုင်လောက်သည့် ဆေးပင်ပမာဏစုဆောင်းမိထားချေပြီ။
ဆေးမီးဖိုနှင့် ပတ်သက်လျှင်မူ…
ဘုန်း…
ရွှမ်ယီရှေ့မှ ကျောက်သားများ မြေကြီးများ အက်ကွဲသွားပြီး မြေအောက်မှ သံရိုင်းများ ၊ ကြေးနီများ ထွက်ပေါ်လာသည်။ ရွှမ်ယီ၏ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့က ပေါင်းစပ်သွားပြီး ဆေးမီးဖိုတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ရွှမ်ယီက မြေမီးတောက်အား ဆွဲယူပြီး ဆေးမီးဖိုအား အအေးခံလိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ဝုန်းကနဲကျသွား၏။
“ ဒါပဲကွ…”
ရွှမ်ယီပြုံးလိုက်ပြီး ၎င်းအတွင်းသို့ ဆေးပင်များပစ်ထည့်လိုက်သည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအား အသုံးပြုလျက်မြေမီးတောက်အား ထိန်းချုပ်ကာ ဒန်ဇန်၏ နည်းလမ်းများအတိုင်းဆေးလုံးသန့်စင်လိုက်သည်။ တစ်နာရီမပြည့်မီ ဆေးလုံးဖြစ်တည်လာခဲ့၏။
ဘန်း…
ဆေးမီးဖိုအတွင်းမှ ဆေးလုံးများထွက်ပေါ်လာသည်။ ၎င်းတို့အားလုံး အဆင့်(၃) ဆေးလုံးများဖြစ်ပြီး အဆင့်(၄)ဆေးလုံးတစ်လုံးပါ၀င်၏။
“ လောလောဆယ် ဒီလောက်ဆိုလုံလောက်ပြီ.. ဒဏ်ရာတွေကို ကုဖို့ပဲကျန်တော့တယ်…”
ထိုအချိန်တွင် ကောင်မလေးက မေ့မြောနေရာမှနိုးလာခဲ့ပြီး မလှမ်းမကမ်းတွင် လက်တစ်ဖက်၌ ဆေးလုံးတစ်လုံးအားကိုင်ပြီး ပြုံးနေသော ရွှမ်ယီကို တွေ့လိုက်ရသည်။
ရွှမ်ယီက အဖြူရောင်၀တ်စုံအား၀တ်ဆင်ထားပြီး သူမတစ်ဘ၀လုံးမြင်ခဲ့သူများနှင့် ၀တ်စားဆင်ယဉ်ပုံကအစ ကွာခြားနေ၏။ ထိုလူထံတွင် မှော်ဆန်သော အရှိန်အဝါများရှိနေပြီး ၀မ်းနည်းနေသော သူမ၏ စိတ်အား အနည်းငယ်ငြိမ်သက်သွားစေသည်။
‘ နိုးထသူတွေတောင် ခက်ခက်ခဲခဲရင်ဆိုင်သတ်ဖြတ်ရတဲ့ ရှေးဦးသားရဲတွေကို ဒီလူက ဘယ်လိုလုပ်ပြီး အလွယ်တကူ သတ်လိုက်တာလဲ…’
ကလေးမလေး၏ မျက်၀န်းထဲတွင် ထိတ်လန့်ဟန်များပေါ်လာခဲ့သော်လည်း ချက်ချင်း အဆုံးမဲ့စိတ်ပျက်မှုများ အစားထိုး၀င်ရောက်လာ၏။
သူမက နိုးထသူမဟုတ်သေးသော်လည်း နိုးထသူများနှင့်ပတ်သက်ပြီး တော်တော်များများသိရှိထားသည်။ နတ်ဘုရားအရိုးဖြင့် သူမ အသက်ကြီးလာသည်နှင့် သဘာ၀အတိုင်း အလိုလိုနိုးထသူဖြစ်လာပေလိမ့်မည်။ သူမသာ လောဘကြီးပြီး စောစောစီးစီးအစွမ်းမထက်လိုပါက ဤအခြေအနေသို့ ရောက်လိမ့်မည်မဟုတ်ပေ။ အခုတော့ နတ်ဘုရားအရိုးကိုပင် ဆုံးရှုံးလိုက်ရချေပြီ။
သူမ၏ နတ်ဘုရားအရိုးမရှိတော့ချေ။ နိုးထသူဖြစ်လာမည့် အခွင့်အရေးလည်း ပျောက်ကွယ်သွားချေပြီ။ သူမတွင် အနာဂတ်မျှော်လင့်ချက် မရှိတော့ပေ။
ကောင်မလေး၏ မျက်နှာတစ်ခုလုံး အုံ့မှိုင်းသွားပြီး ရွှမ်ယီအား ဗလာဖြစ်နေသော မျက်၀န်းများဖြင့်ငေးကြည့်နေလိုက်သည်။ ရုတ်တရက် ဖြစ်ပေါ်လာသည့် နာကျင်မှုက သူမ မျက်နှာအား ရှုံ့တွသွားစေ၏။
“ နိုးလာပြီလား…”
ရွှမ်ယီက နောက်လှည့်လိုက်ပြီး ကလေးမလေးအား သနားကြင်နာစွာကြည့်လိုက်၏။ ထို့နောက် အဆင့်(၄)ဆေးလုံးအား ကမ်းပေးလိုက်သည်။
“ စားလိုက်…”
ကောင်မလေးက လှမ်းမယူဘဲ ခေါင်းမော့ပြီး ရွှမ်ယီအား စိုက်ကြည့်နေခဲ့သည်။ သူမ၏ မျက်၀န်းများထဲတွင် မျှော်လင့်ချက် အလင်းရောင် တစ်စွန်းတစ်စမျှမရှိချေ။
သူမ တစ်ကြိမ်လှည့်စားခံခဲ့ရပြီးဖြစ်သည်။ ယခုအချိန်တွင် သူမ၏ နုနယ်လှသော နှလုံးသားလေးက မည်သူ့ကိုမှ မယုံလိုတော့ပေ။
သူမစိတ်ထဲတွင် ရွာလေးအား အလွန်လွမ်းဆွတ်လာ၏။ သို့သော် သူမမကြာခင်သေတော့မည်ဖြစ်ကြောင်း ခံစားမိနေခဲ့သည်။ သူမ၏ သေဆုံးမှုအား တစ်စုံတစ်ခုက ပိတ်ပင်တားဆီးထားကြောင်း ခံစားမိသော်လည်း မကြာခင်သေတော့မည်ဖြစ်ကြောင်း ခံစားမိနေဆဲဖြစ်၏။ မသေခင် ရွာသို့ပြန်ရောက်ရန် ဘယ်လိုမှမဖြစ်နိုင်ပေ။
သူမထံတွင် မျှော်လင့်ချက်များမရှိတော့သည်ဖြစ်ရာ ဘာကိုမှလည်း ဂရုမစိုက်လိုတော့ချေ။
“ မင်းပါးစပ်ကိုဟလိုက်ပါ.. ပြီးတော့ မြိုချလိုက်…”
ကလေးမလေးက ခေါင်းမော့ကာ ဆေးကိုပါးစပ်ထဲထည့်လိုက်ပြီးနောက် မမျိုချခင် တစ်စုံတစ်အား တွေးမိလိုက်၏။ ယခုအခြေအနေတွင် အဆိုးဆုံးရလဒ်အနေဖြင့် အချိန်အနည်းငယ်စောသေသွားခြင်းသာရှိတော့မည်။
ဘုန်း..
ဆေးအားမြိုချလိုက်သည်နှင့် ပူနွေးသောအရည်များအဖြစ်ပြောင်းလဲပြီး ၀မ်းဗိုက်အတွင်းရောက်သွားခဲ့၏။ ထို့နောက် တစ်၀က်က ရင်ဘတ်မှဒဏ်ရာထံသို့ရောက်သွားပြီး နတ်ဘုရားအရိုးဆုံးရှုံးသွားရာမှ ဖြစ်ပေါ်လာသည့် ဒဏ်များကို ကုစားပေးလိုက်သည်။
ကလေးမလေး၏ ရင်ဘတ်ထက်ရှိ ဒဏ်ရာက မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာ၏။
ထိုနေရာတွင် အရိုးတစ်ခုမရှိတော့သော်လည်း အလွန်နွေးထွေးသော အရှိန်အဝါများ အစားထိုး ၀င်ရောက်လာခဲ့သည်။
ကောင်မလေး အလွန်ထိတ်လန့်သွားပြီး ရွှမ်ယီအား မ
ယုံကြည်နိုင်စွာမော့ကြည့်လိုက်၏။
အစောပိုင်းက သူမ မကြာခင်သေတော့မည်ဟု ခံစားနေရသည်။ သို့သော် ထိုခံစားချက်များမရှိတော့ချေ။
ကျန်ရှိသော ဆေးစွမ်းအင်တစ်၀က်က သူမ၏ ရိုးတွင်းချင်ဆီများဆီသို့ရောက်သွားပြီး စိတ်ဝိညာဉ်ကို အားဖြည့်ပေးလိုက်သည်။ အရိုးဆိုသည်မှာ သွေးကဖြစ်ပေါ်လာခြင်းဖြစ်ပြီး သွေးဆိုသည်မှာ ခြင်ဆီမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤအဆင့်က မရှိမဖြစ်လိုအပ်၏။
ရွှမ်ယီက ကလေးမလေးအား စိုက်ကြည့်နေပြီး အဆင်ပြေသည်ကိုမြင်မှ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူမ၏ နတ်ဘုရားအရိုးနေရာတွင် အသစ်တစ်ခုပြန်လည်မွေးဖွားလာရန်အတွက် အချိန်အနည်းငယ်ပေးရမည်ဖြစ်ပြီး ဤအတောအတွင်း အရိုးအတွက်သီးသန့်ဦးတည်ထားသော ကျင့်စဉ်များ လေ့ကျင့်ခန်းများ လုပ်ရန်လိုအပ်သည်။
“ ရှင်…”
ကောင်မလေးထံမှ ပထမဆုံးစကားသံထွက်ပေါ်လာ၏။ ထိုစကားသံက မှိန်ဖျော့နေပြီး သံသယများနှင့် ပြည့်နှက်နေသည်။
ရွှမ်ယီကလည်း ပထမအနက်၀တ်လူနည်းတူ ကောင်းကင်နှင့်ပျံသန်းပြီး ဆင်းသက်လာခြင်းဖြစ်၏။ သိုသော် ပထမလူက သူမထံမှ နတ်ဘုရားအရိုးအား ထုတ်ယူသွားပြီး ရွှမ်ယီကမူ အကောင်းဆုံးကုသပေးခဲ့သည်။
သူမ၏ နတ်ဘုရားအရိုးဆုံးရှုံးသွားပြီးဖြစ်ရာ သူမက အသုံးမ၀င်သူတစ်ဦးဖြစ်နေချေပြီ။ တကူးတကကယ်တင်ရန် ထိုက်တန်သေးသလော။
ရွှမ်ယီတိုက်လိုက်သော ဆေးလုံး၏ အကျိုးအာနိသင်များကိုသူမမသိသေးချေ။ သူမ ဒဏ်ရာများအရှင်းပျောက်ကင်းပြီး သက်သာသွားပါက ဆေးစွမ်းများကြောင့် နိုးထသူတစ်ယောက်ဖြစ်လာပေလိမ့်မည်။
“ မင်းငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုဖို့ဆန္ဒရှိလား…”
ရွှမ်ယီက ကောင်မလေးအား ညင်သာစွာပြုံးပြလိုက်၏။
ဤကမ္ဘာကြီးက သူ့အပိုင်ဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာထဲတွင် မွေးဖွားခဲ့သူတစ်ဦးအနေဖြင့် သူမ စိတ်ဝိညာဉ်အတွင်းမှ ရွှမ်ယီနှင့် ရင်းနှီးနေသလိုခံစားနေရ၏။
(၇)နှစ် ၊ (၈)နှစ်အရွယ်ကောင်မလေးဖြစ်ရာ သူ့အနေဖြင့် လမ်းညွှန်ပြသရန်ပိုလွယ်ပေသည်။ တပည့်အဖြစ်လက်ခံပြီးမှ အကျင့်စရိုက်များနှင့်ပတ်သက်ပြီး ကောင်းမွန်အောင် သွန်သင်ပေးသွား၍ရသည်။
ကလေးမလေး၏ နှလုံးသားလှုပ်ခါသွားခဲ့ရသည်။
ယခင်က သူမဆရာတစ်ဦးထံတွင်သင်ယူလိုသော်လည်း ထိုလူက သူမ၏ နတ်ဘုရားအရိုးအား ထုတ်ယူပြီးနောက် အမှိုက်တစ်ခုအလား စွန့်ပစ်ခဲ့၏။
ယခု သူမထံတွင် နတ်ဘုရားအရိုးမရှိတော့သော်လည်း တစ်စုံတစ်ယောက်က သူမအား တပည့်အဖြစ် လက်ခံလိုနေသည်။ သူမမျက်လုံးထဲတွင် အလင်းရောင်အား ပြန်မြင်လိုက်ရသကဲ့သို့ခံစားလိုက်ရ၏။
“ ဒါပေမယ့်.. ကျွန်မမှာ နတ်ဘုရားအရိုးမရှိတော့ဘူး.. နိုးထသူဖြစ်နိုင်တော့မယ်မထင်ဘူး…”
ကောင်မလေးက သူမ၏ အ၀တ်အား တင်းကြပ်စွာဆုပ်ကိုင်ပြီး ခေါင်းငုံ့ထားလိုက်သည်။ ရွှမ်ယီ၏ နူးညံ့သောအကြည့်များအောက်တွင် မိမိကိုယ်မိမိ အသုံးမ၀င်သလို ခံစားနေမိ၏။ ရွှမ်ယီနှင့် အဘယ်ကြောင့် စောစီးစွာ မဆုံခဲ့ရသလဲဟု စိတ်ထဲမှ ငြီးတွားလိုက်သည်။
“ နတ်ဘုရားအရိုးလား…”
ရွှမ်ယီက အသာအယာပြုံးပြလိုက်ပြီး
“ ငါ့ကို ယုံလိုက်ပါ.. မင်းငါတပည့်ဖြစ်လာတာနဲ့ အဲ့ဒီနတ်ဘုရားအရိုးလောက်ကိုထား.. မင်းဆန္ဒရှိရင် အရင်ထက်ပိုသန်မာတဲ့ နတ်ဘုရားအရိုးကို ပိုင်ဆိုင်နိုင်စေရမယ်….”
“ ငါ့မှာ နတ်ဘုရားအရိုးကိုလေ့ကျင့်ပေးဖို့ ကောင်းကင်အဆင့်ပညာရပ်တွေနဲ့ မင်းရဲ့ နတ်ဘုရားသွေးစွမ်းအင်တွေကို ထိထိရောက်ရောက်ဆွဲထုတ်ဖို့အတွက် မရေမတွက်နိုင်တဲ့ ဆေးလုံးတွေရှိတယ်… မင်းပြောတဲ့ နိုးထတာ မနိုးထတာ ဘယ်သူက ဂရုစိုက်မှာလဲ….”
ရွှမ်ယီက တောက်ပသောမျက်၀န်းများဖြင့် ကလေးမလေးအား စိုက်ကြည့်လိုက်သည်။ သူ့လေသံများထဲတွင် ခိုင်မာသော ယုံကြည်မှုများ ပါ၀င်နေ၏။
“ မင်းက ဟောဒီကမ္ဘာကြီးတစ်လုံးကို အံ့အားသင့်စေလိမ့်မယ်…”
ကလေးမလေးက ရွှမ်ယီအား ကြောင်စီစီဖြင့် ငေးကြည့်နေခဲ့၏။ သူမနားထဲတွင် ရွှမ်ယီပြောသော စကားများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ထိုအချိန်တွင် သူမနှလုံးသားထဲ၌ မျှော်လင့်ချက် အလင်းရောင်များ ပြန်လည်တောက်ပလာခဲ့၏။
“ တပည့် လုယောင်ယောင် ဆရာ့ကို နှုတ်ဆက်ပါတယ်….”
…….