အခန်း (၁၉၄)
Vol. 13 Ch. 194
လုယောင်ယောင်က ရွှမ်ယီအား အကြိမ်ကြိမ် အရိုအသေပေးလိုက်၏။
ရွှမ်ယီက ပြုံးလျက် တည်ငြိမ်စွာလက်ခံလိုက်သည်။
“ မင်းနာမည်က ယောင်ယောင်ပေါ့…”
ရွှမ်ယီက လက်ဆန့်ပြီး ရှုပ်ပွကာ ဖုန်များပေနေသော ကလေးမလေး၏ ဆံပင်များအား သပ်ပေးလိုက်သည်။
ယောင်ယောင် အနည်းငယ်ရှက်သွား၏။ ဖြူစင်သန့်ရှင်းနေသော ရွှမ်ယီနှင့်ယှဉ်လျှင် လက်ရှိ သူမပုံစံက သူဖုန်းစားတစ်ဦးနှင့် မရှားချေ။ ရှုပ်ပွနေသောဆံပင် ပေတူးနေသော မျက်နှာနှင့်ဖြစ်၏။
“ ဟုတ်ပါတယ် ကျွန်မနာမည်က လုယောင်ယောင်ပါ.. ချင်ဟီကျေးရွာမှာနေပါတယ်…”
ယောင်ယောင်က ချင်ဟီကျေးရွာအကြောင်းပြောပြလိုက်၏။
ရွှမ်ယီက အနည်းငယ်သဘောကျသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
ဒြပ်ကြီးငါးပါးအနှစ်သာရကို ဝါးမြိုပြီးနောက် ကမ္ဘာငယ်လေးက အလွန်လျှင်မြန်စွာတိုးတက်ပြောင်ူလဲလာခဲ့သော်လည်း နှစ်ပေါင်းမည်မျှ တိုးတက်သွားကြောင်း မသိနိုင်ပေ။ နဂိုက မြေရိုင်းကမ္ဘာကြီးက ယခုတွင် ကိုယ်ပိုင်ယဉ်ကျေးမှုများနှင့် လူသားများပင်ရှိနေပြီဖြစ်၏။
ဤကမ္ဘာထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များလည်းရှိနေခဲ့ပြီး လူသားများက ၎င်းတို့အား စုပ်ယူအသုံးပြုနိုင်သည်။ ထိုသို့သောလူများကို နိုးထသူများဟု ခေါ်ဆို၏။
နိုးထသူများက ကျောက်တုံးများအား ခွဲခြိမ်းပြီး တောင်များကိုပင် ရွှေ့နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။
တချို့က လေပေါ်တွင် ပျံသန်းနိုင်ကြပြီး ဤကမ္ဘာ၌ ထိုသို့လုပ်နိုင်သူ သိပ်မရှိပေ။ သို့သော် ၎င်းတို့အများစုက ကြီးနိုင်ငယ်ညှင်းများဖြစ်ကြ၏။
ဤသည်မှာ ရှေးဦးကမ္ဘာကြီး၏ သဘာ၀ပင်။
ရွှမ်ယီ၏ အမြင်တွင် နိုးထသူများဆိုသည်မှာ နက်နဲခြင်းနတ်ဘုရားကုန်းမြေကြီးမှ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်အား ဆိုလိုဟန်တူသည်။ တောင်များအား ရွှေ့ပြောင်းနိုင်သည့်အဆင့်မှာ ချီအခြေခံတည်ဆောက်ခြင်းဖြစ်ဟန်ရ၏။
သို့သော် ကောင်းကင်၌ပျံသန်းအတွက်မူ…
၎င်းက အနည်းငယ်ထူးဆန်း၏။
နက်နဲခြင်းနတ်ဘုရားကုန်းမြေကြီးတွင် အခြေတည်ဝိညာဉ်အဆင့်သို့ရောက်မှ ကောင်းကင်၌ ပျံသန်းနိုင်သည်။ သို့သော် ဤကမ္ဘာငယ်လေး၏ အဆင့်အရ အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ရန် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် လေထဲ၌ ပျံသန်းခြင်းမှာ ဆန်းကျယ်သည့် ပုစ္ဆာတစ်ခုအလားပင်။
ရွှမ်ယီ အနည်းငယ်စဉ်းစားကြည့်လိုက်၏။ ဤကမ္ဘာက သာမန်အတိုင်း တိုးတက်ပြောင်းလဲလာခြင်းသာဖြစ်ပြီး ကြမ်းကြုတ်သော နည်းလမ်းများရှိဟန်မရပေ။ တချို့သော စိတ်ဝိညာဉ်စွမ်းအင်များမှာ အပေါ်ယံသာဖြစ်ပြီး ရတနာများအဖြစ် မှတ်ယူ၍မရချေ။
ဤကမ္ဘာတွင် အဝါရောင်အဆင့်ပညာရပ်များကို ရတနာအဖြစ်သတ်မှတ်ထားပြီး နက်နဲအဆင့်ပညာရပ်များအတွက်မူ မုန်တိုင်းထန်သွားပေလိမ့်မည်။ မြေကမ္ဘာအဆင့်ပညာရပ်များကိုမူ အမြင့်မြတ်ဆုံးသော အရာအဖြစ်သတ်မှတ်ထား၏။
မှန်ပေသည်။ ယခုအချိန်တွင် လုယောင်ယောင်အတွက် အရေးတကြီးလိုအပ်နေသည်မှာ အဆင့်မြင့်ကျင့်စဉ်များမဟုတ်ဘဲ သူမအတွက် သင့်တော်သော ကျင့်စဉ်သာဖြစ်၏။
ရန်မိသားစု ရတနာတိုက်မှနေပြီး အရိုးနှင့် သွေးအား သန်မာအောင်လေ့ကျင့်ပေးနိုင်သော ကျင့်စဉ်များရရှိခဲ့သည်။
ထိုကျင့်စဉ်များက ကောင်းကင်အဆင့်ဖြစ်ပြီး ဤကမ္ဘာငယ်လေးထဲရှိ ကျင့်စဉ်တိုင်းထက် အဆင့်မြင့်၏။
ရွှမ်ယီက သူ့စိတ်ထဲ အကောင်းဆုံးဟုထင်ရသော ကျင့်စဉ်တစ်ခုအား ရွေးချယ်ပြီး လုယောင်ယောင်နှဖူးအား လက်ညှိုးဖြင့်ထောက်လိုက်သည်။
ဘုန်း…
လုယောင်ယောင်စိတ်ထဲတွင် ချွန်ထက်သော လှံတစ်ချောင်းအားကိုင်စွဲထားသည့် လူတစ်ဦး၏ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ထိုလူက ကောင်းကင်ထက်မှနေပြီး မရေမတွက်နိုင်သော လူများအား နတ်ဘုရားတစ်ပါးအလား စီးမိုးကြည့်နေ၏။ ထို့နောက် လူအုပ်ကြားပြေး၀င်တိုက်ခိုက်လိုက်သည်။ ထိုလူ၏ လှုပ်ရှားပုံက လျှပ်စီးအလားလျှင်မြန်ပြီး ၊ ရေကဲ့သို့ သိမ်မွေ့လှသည်။
လုယောင်ယောင်က ဤကျင့်စဉ်၏ အဆင့်အတန်းအား နားမလည်သည့်တိုင်အောင် ၎င်းထံမှ အလွန်စွမ်းထက်မှုအား ခံစားမိနေခဲ့သည်။
‘ အင်း.. ဆရာသင်ပေးတဲ့ ဒီကျင့်စဉ်ကိုကျင့်ပြီးသွားရင် ငါ.. ရှေးဦးသားရဲတွေကို သတ်နိုင်မလား…’
လုယောင်ယောင်က တံတွေးတစ်လုတ်မြိုချလိုက်၏။ သူမတို့ ချင်ဟီကျေးရွာတွင် နိုးထသူတစ်ဦးမှမရှိရာ ဤ တောင်ပိုင်းကန္တာရာဒေသတွင် နေထိုင်ရန် အလွန်ခက်ခဲလှသည်။
အရွယ်ရောက်ပြီး သန်မာအားကောင်းသူများပင် ရှေးဉီးသားရဲများအား ဖမ်းဆီးနိုင်ခြင်းမရှိချေ။ နောက်ဆုံးအနေဖြင့် ဒဏ်ရာရထားသော သားရဲ တစ်ကောင် နှစ်ကောင်ခန့်သာ ရွာသို့ ပြန်သယ်လာဖူးသည်။
ငတ်မွတ်ခြင်းက လုယောင်ယောင်ကြုံဖူးခဲ့သော နာကျင်စရာအမှတ်တရများထဲမှ တစ်ခုဖြစ်၏။
ဖြစ်နိုင်ရင် အသားများကို အားပါတရစားပစ်လိုက်ချင်သည်။
လုယောင်ယောင် ဆက်မစောင့်လိုတော့ချေ။ ရွှမ်ယီအား ကျေးဇူးတင်စကားဆိုလိုက်ပြီး ချက်ချင်းခြေချိတ်ထိုင်ကာ ရွှမ်ယီ၏ အကာအကွယ်အောက်တွက် လေ့ကျင့်လိုက်သည်။
ဘုန်း..
တခဏအကြာတွင် သူမ ခန္ဓာကိုယ်အတွင်းမှ သွေးများ တဆတ်ဆတ်တုန်ခါလာပြီး သူမ ခန္ဓာကိုယ်လေးပါ အနည်းငယ် တုန်ယင်သွားခဲ့သည်။ ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များ သူမထံသို့စုစည်းလာပြီး ဦးခေါင်းပိုင်းရှိ ပိုင်ဟွေအပ်စိုက်မှတ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စီး၀င်လာ၏။
နက်နဲခြင်းနတ်ဘုရားတိုက်ကြီး၏ အဆင့်သတ်မှတ်ချက်အရ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့ရောက်သွားချေပြီ။
အရည်အချင်း မည်မျှပင်ညံ့ဖျင်းသူဖြစ်စေ ကျင့်ကြံပါက ဤအဆင့်ကို ရောက်ရှိနိုင်သည်။
ဤကမ္ဘာငယ်လေးထဲတွင် ရှေးဦးသားရဲများအား သတ်ဖြတ်ရန်အတွက် နိုးထသူများကို အားကိုးနေခဲ့ရ၏။ ၎င်းတို့က အဆင့်ချိုးဖျက်ရန်အတွက် ရှေးဦးသားရဲများ၏ သွေးကိုအသုံးပြုကြသည်။ ဤသို့ဖြင့် နိုးထသူများဖြစ်လာကြ၏။
လုယောင်ယောင်က ရွှမ်ယီပေးအပ်ခဲ့သော ကျင့်စဉ်အား လေ့ကျင့်ပြီး အဆက်မပြတ်တိုးလက်လာခဲ့သည်။
သူမက နတ်ဘုရားအရိုးအားဆုံးရှုံးပြီး အဓိကအနှစ်သာရများ ပျောက်ဆုံးသွားခဲ့ရသော်လည်း ရွှမ်ယီ၏ ဆေးစွမ်းကြောင့် ထိုပျက်စီးသွားသော အနှစ်သာရများ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာနေ၏။ သူမ ရိုးတွင်းခြင်စီမှတစ်ဆင့် သွေးများအား ထုတ်လုပ်ပေးပြီး ထိုသွေးများက နတ်ဘုရားအရိုးအား ပြန်လည်တည်ဆောက်ပေးနေသည်။ ထို့အပြင် ဆေးစွမ်းများက သူမခန္ဓာကိုယ်ထဲကျန်နေသေး၏။
အဆင့်(၄)ဆေးလုံးက ဟာသမဟုတ်ပေ။
ပြင်ပကမ္ဘာကြီး၌ပင် ရတနာတစ်ခုဖြစ်၏။
ထိုဆေးတွင် စွမ်းအားများစွာပါ၀င်ပြီး တစ်၀က်က သူနတ်ဘုရားအရိုးအား အားဖြည့်ပေးနေပြီး ကျန်တစ်၀က်က ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အား အားဖြည့်ပေးခဲ့သည်။ ထို့အပြင် ကြွင်းကျန်နေသော ဆေးစွမ်းများက သူမ၏ ကျင့်ကြံမှုအားထောက်ပံ့ပေးနေ၏။
ဘုန်း…
စိတ်ဝိညာဉ်စွမ်းအင်များ တစ်လက်လက်တောက်ပနေပြီး နိုးထသူအဆင့် အလယ်အလတ်သို့ ရောက်သွားခဲ့သည်။
“ ဆရာ.. ကျွန်မ အရမ်းသန်မာလာသလို ခံစားနေရတယ်…”
လုယောင်ယောင်က လက်သီးများဆုပ်ထားပြီး မျက်လုံးဖွင့်ကြည့်ကာပြောလိုက်သည်။ သူမ မျက်လုံးဝိုင်းဝိုင်းလေးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။
လက်ရှိအချိန်တွင် သူမ ခန္ဓာကိုယ်သေးသေးလေးထဲ၌ စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။
“ လက်သီးတစ်ချက် ထိုးကြည့်လိုက်.. ကြည့်ရအောင်…”
ဘုန်း..
“ ယား..”
သူမထံမှ အရှိန်အဝါများပေါက်ကွဲထွက်လာ၏။ လေတိုးသံများ တစ်ဝှီးဝှီးထွက်လျက် သူမလက်သီးလေးက ကျောက်တုံးပြားအား ထိသွားသည်။ မာကျောသော ကျောက်တုံးက အစိတ်စိတ်အမွှာမွှာဖြစ်သွား၏။
သူမ လက်သီးချက်က စွမ်းအားများပြည့်နှက်နေပြီး အားနည်းသည့် တော်ရုံရှေးဦးသားရဲများ
ခံနိုင်မည်မဟုတ်ပေ။
ရွှမ်ယီက ခေါင်းညိတ် အသိအမှတ်ပြုလိုက်၏။ လုယောင်ယောင်က ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)သို့ရောက်ရှိသွားချေပြီ။ ကမ္ဘာငယ်လေးတွင်မူ နိုးထသူအဆင့် အလယ်အလတ်ဖြစ်သည်။
လုယောင်ယောင်တစ်ယောက် သူမ လက်သီးချက်အပေါ် မှင်သက်နေဆဲဖြစ်ပြီး အသိ၀င်လာချိန်၌ ရွှမ်ယီအား အံ့အားသင့်စွာ မော့ကြည့်လိုက်၏။
သူမ၏ ခွန်အားက နိုးထသူတစ်ချို့ထက် သာလွန်နေပြီး ချင်ဟီကျေးရွာမှ ရွာသားတိုင်းထက် ကျော်လွန်သွားချေပြီ။
သူမက ရှေးဦးသားရဲများအား အမဲလိုက်နိုင်ပြီဖြစ်၏။