အခန်း (၁၉၃)
Vol. 14 Ch. 193
“ဒင် ….”
သူ ပထမဆုံးအကြိမ် refresh လုပ်လိုက်ချိန်မှာတော့ ဘာမှ ထူးခြားတာ မတွေ့ချေ။
“ဒင် ….”
ဒုတိယအကြိမ် refresh လုပ်ချိန်မှာလည်း ဘာတစ်ခုမှ မထူးခြားပေ။
“ဒင် ….” “ဒင် ….” “ဒင် ….”
ကျွင်းချောင်ရှောင်းသည် ဆယ်ကြိမ်တိတိ refresh လုပ်ပြီး ဂိုဏ်းစုဆောင်းမှတ် ၂၀၀ ကို ဖြုန်းတီးပြီးချိန်မှာတော့ အသုံးဝင်သည့် အရာတစ်ခုအား မြင်လိုက်ရသည်။ ထိုအရာသည် နှင်းမြူလက်ကောက်ပင် ဖြစ်၏။
ထိုအရာသည် ရေခဲဓာတ် ရတနာတစ်ခုဖြစ်ပြီး ရေခဲဓာတ်သဘာဝကို ပိုင်ဆိုင်သော ကျင့်ကြံသူတစ်ယောက်ယောက် သာ ဝတ်ဆင်ထားပါက သူတို့၏ ရေခဲဓာတ်သဘာဝကို ၂၀ ရာခိုင်နှုန်း တိုးလာစေသည်။
မဆိုးလှပေ။ သို့ပေမဲ့ အားနည်းချက်တော့ ရှိ၏ သိုင်းတပည့် နှင့် သိုင်းဆရာ အဆင့်များသာလျှင် အသုံးပြုနိုင်၏ ။ သိုင်းစစ်သူကြီး အဆင့်သို့ ရောက်ရှိသွားလျှင် အသုံးမဝင်တော့ပေ။
“ငါ ချင်းချင်းအတွက် ဝယ်ရမယ်” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“ဒင် .. လက်ခံသူသည် နှင်းမြူ လက်ကောက်အား ဂိုဏ်းစုဆောင်းမှတ် ငါးဆယ် သုံး၍ ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
“ဒင် …. ဂိုဏ်းစုဆောင်းမှတ် ၆၄၀ / ၁၀၀၀”
သူသည် ထပ်မံ refresh လုပ်၍ နောက်ထပ် ဂိုဏ်းစုဆောင်းမှတ် ၁၄၀ အား ဖြုန်းလိုက်သည်။ ဈေးအနည်းဆုံး နေ့စဉ်သုံး ပစ္စည်းများကိုလည်း မဖြစ်မနေ ဝယ်ယူခဲ့ရ၏။ သူသည် ထပ်မံ၍ rfresh လုပ်ချင်စိတ်ကို မနည်း ချိုးနှိမ်ထားရ၏။
သူ၏ သိုလှောင်လက်စွပ်ထဲတွင်တော့ ထီး၊ ဆပ်ပြာ၊ကိုယ်တိုက်အဝတ် စသော နေ့စဉ်အသုံးအဆောင်ပစ္စည်းများ အပုံလိုက် ရှိနေသည်ကို မြင်တော့ ကျွင်းချောင်ရှောင်း ခေါင်းအား တဗြင်းဗြင်း ကုတ်လိုက်မိသည်။ ချီးတဲ့မှ .. ငါ ဂိုဏ်းချုပ် လုပ်ရမှာလား။ တခြားကမ္ဘာကို သွားပြီး ကုန်စုံဆိုင် ဖွင့်ရမှာလား။
စနစ်မှ ပြောလိုက်သည် “ဖွင့်ချင်လို့လား”
“တော်စမ်း”
……
လုချင်းချင်းသည် ပြောထားသည့်အတိုင်း တစ်ရက်သာ အချိန်ယူခဲ့သည်။ သူမသည် ဒုတိယရက်၏ နေ့လည်အချိန်မှာတော့ သူမ၏ ရေခဲနည်းစနစ် လေ့ကျင့်ခြင်းကို ရုတ်သိမ်းလိုက်သည်။
သူမ မျက်လုံးကို ဖွင့်လိုက်ချိန်မှာတော့ မျက်လုံးထဲတွင် အေးစက်သည့် အရိပ်အယောင်များ ပိုမို အားကောင်းလာ၏။
လက်ရှိအချိန်တွင် အထူးတာဝန် ပြည့်စုံရန် ပြုလုပ်ရမည့် အချိန်ကာလမှာ ဆယ့်နှစ်နာရီသာ ကျန်ရှိတော့သည်။
“ဘယ်လိုလဲ” ကျွင်းချောင်ရှောင်း မေးလိုက်၏။
လုချင်းချင်း ခဏလောက် စဉ်းစားပြီး ပြောလိုက်သည် “ရေခဲကိုးလွှာစည်းခတ်ခြင်း နည်းစနစ်ကို ကျွန်မ လက်ရှိ နားလည်မှုအရဆိုရင် မီးနဂါးကို အသက်ရှုရှိုက်ချိန် သုံးလေးရှိုက်စာလောက် အေးခဲအောင် လုပ်နိုင်တယ်”
“အသက်သုံးရှိုက်စာ ၊ လေးရှိုက်စာ ဆိုတာက ငါးစက္ကန့်၊ ခြောက်စက္ကန့်ပဲ” ကျွင်းချောင်ရှောင်းတွေးလိုက်သည် “လုံလောက်တယ်”
ကျင့်ကြံခြင်း လောက၏ တိုက်ပွဲများတွင် စက္ကန့်ပိုင်းဟူသော အချိန်ကာလ လေးက တိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲသွားစေနိုင်သည်။
ဥပမာအားဖြင့် ထိုအချိန်အတောအတွင်းတွင် ရီရှင်းချန် နှင့် ကျိုးဟုန်တို့သည် ဓားချက် တစ်ရာလောက် ထုတ်ဖော်နိုင်ကြ၏။
“ရော့ …”
ကျွင်းချောင်ရှောင်း နှင်းမြူ လက်ကောက်ကို ကမ်းပေးကာ ပြုံး၍ ပြောလိုက်သည် “နည်းနည်းအေးတဲ့အရာ ဆိုပေမဲ့ မင်းနဲ့ လိုက်ဖက်တယ်”
လုချင်းချင်း ကြောင်သွားသည်။
မိန်းကလေး တစ်ယောက် အား လက်ကောက် လက်ဆောင်ပေးသည်ဆိုခြင်းမှာ တခြားသော အဓိပ္ပာယ်လည်း သက်ရောက်၏။
သူမသည် ခေါင်းမော့ကြည့်ကာ ပြုံးလိုက်မိသည်။ သူမ၏ အေးစက်သော နှလုံးသားသည် အနည်းငယ် လှုပ်ခါသွားသည်။
“ကျွန်မ မလိုချင်ဘူး”
“ငါ မိန်းကလေးတစ်ယောက်ကို ပထမဆုံးအကြိမ် လက်ဆောင်ပေးဖူးတာပဲ ။ ဒီတော့ ယူလိုက်ပါ”
“…….”
“ဒါက ဂိုဏ်းချုပ်ရဲ့ အမိန့်ပဲ”
လုချင်းချင်းသည် လက်ကောက်ကို ယူ၍ ညာလက်တွင် ဝတ်လိုက်သည်။ ပြီးနောက် သူမကိုယ်ထဲသို့ အေးစက်သော အငွေ့အသက်များ ဝင်ရောက်လာသည်ကို ခံစားလိုက်မိသည်။ ဤလက်ကောက်သည် တစ်စုံတရာ ထူးခြားနေကြောင်း သူမ သိရှိသွား၏။
“ဖျောက် …”
ကျွင်းချောင်ရှောင်း လက်ဖျောက်တီးကာ ပြောလိုက်သည် “အတွင်းစည်း တပည့်တွေ င့ါနောက်လိုက်ခဲ့။ အပြင်စည်း တပည့်တွေက အပြင်ဘက်မှာ ခုခံအကာအကွယ် နဲ့ စောင့်ကျန်ခဲ့ကြ”
“ကောင်းပါပြီ”
တပည့်များအားလုံးသည် သံပြိုင် ပြောဆိုလိုက်ကြသည်။
“သူတို့ ဝင်ကြတော့မယ်”
“ဒီတိုက်ပွဲက အန္တရာယ်အရမ်းများတယ်”
“ဒီတိုက်ပွဲအကြောင်း တစ်ညလုံး တွေးတောနေတာ။ ငါတို့ ဒီကနေ ထွက်သွားတာ ပိုကောင်းမယ် ထင်တယ်။”
ကျန်ရှိနေသေးသော သာမာန်ကျင့်ကြံသူများသည် တီးတိုးပြောဆိုလိုက်ကြသည်။
သူတို့ပြောနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ အတွင်းစည်း တပည့် ခုနှစ်ယောက် နှင့်အတူ ကျိုးဟုန် အား ခေါ်ဆောင်၍ လှိုဏ်ဂူထဲသို့ ဦးဆောင် ဝင်လိုက်တော့သည်။
လုံကျိဟန် ၊ လီယုဟွာ နှင့် တခြားသူများသည် အဝင်ဝတွင် စည်းအစီအရင်တစ်ခုကဲ့သို့ ဖန်တီးကာ စောင့်နေကြတော့သည်။ သူတို့သည် ဂိုဏ်းချုပ် နှင့် စီနီယာများ အောင်မြင်စေရန် ဆုတောင်းမိနေကြ၏။
……
အရှေ့ဘက်ဆီမှ လေပူများ တိုက်ခတ်လာသောကြောင့် လီချင်းယန် တို့သည် မသက်မသာ ခံစားလိုက်ရသည်။ ထို့ကြောင့် သံမဏိဒိုင်းကာ အား မြှောက်၍ ကာကွယ်လိုက်သည်။
သပ်ရပ်မီးအား ပိုင်ဆိုင်သော ကျွင်းချောင်ရှောင်းသည် သက်တောင့်သက်သာ ဖြင့် အဆင်ပြေနေ၏။
လုချင်းချင်းသည်လည်း အဆင်ပြေသည်။ ရေခဲဓာတ်သည် မီးဓာတ်အား ခုခံထားနိုင်သည်။
လှိုဏ်ခေါင်းအဝင်သည် မီတာနှစ်ရာလောက် ရှည်လျားသည်။ အတွင်းသို့ ဝင်ရောက်သွားချိန်မှာတော့ အပူချိန်သည် ပိုမို၍ တိုးတက်လာ၏။
နောက်ဆုံးမှာတော့ သူတို့သည် လှိုဏ်ခေါင်း၏ အဆုံးနားသို့ ရောက်ရှိလာတော့သည်။
လီချင်းယန် နှင့် တခြားသူများသည် မီးဖိုကြီးတစ်ခုနှင့် မျက်နှာချင်းဆိုင်နေရသလို ခံစားနေရပြီး တစ်ကိုယ်လုံး ချွေးတွေ ထွက်လျက်ရှိသည်။
ရီရှင်းချန် နှင့် ကျိုးဟုန် တို့မှာတော့ အဆင်ပြေနေ၏။ တစ်ယောက်သည် ထိုက်ရွှမ်ကျမ်းအား ကျင့်ကြံသူဖြစ်ပြီး တစ်ယောက်သည် ဓားကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
သို့ပေမဲ့ သူတို့အနေနှင့် မီးနဂါးကြီး၏ အနီးနားကိုတော့ ကပ်သွား၍ မဖြစ်မှန်း နားလည်မိကြ၏။
လှိုဏ်ခေါင်းဝတွင် ရပ်လျက် ကျွင်းချောင်ရှောင်းသည် အတွင်းဘက်သို့ ကြည့်လိုက်သည်။
သူ၏ မြင်ကွင်းထဲတွင်တော့ ရဲရဲနီနေသော တည်နေရာ ပတ်ဝန်းကျင်ကြီးတစ်ခုသာ ရှိနေသည်။ အနီရောင်ကျောက်တုံးများဖြင့် ပြည့်နေပြီး သစ်ပင်တစ်ပင်မျှပင် မရှိသော နေရာကြီးဖြစ်၏။
လီချင်းယန် ပြောလိုက်သည် “ဂိုဏ်းချုပ် ဒါက မီးနဂါးကျောက်ပဲ။ အဆင့်မြင့် မီးဓာတ်ကျောက်တစ်မျိုး”
ကျွင်းချောင်ရှောင်းသည် ကျောက်အား ဂရုမစိုက်နိုင်ပေ။ သူ၏ အကြည့်များသည် လှိုဏ်ခေါင်း၏ တစ်ဖက်ခြမ်းရှိ တောင်ကဲ့သို့ ကြီးမားလှသော မီးနဂါးကြီးဆီ ရောက်လျက်ရှိသည်။
ဤရောင်းရင်းကြီးသည် မြေပြင်ပေါ် လှဲကာ နားနေဟန် တူပြီးတစ်ကိုယ်လုံး မီးများနှင့် တောက်လောင်နေသည်။ ပုံပန်းသွင်ပြင်မှာ နဂါးတစ်ကောင်ကဲ့သို့ မဟုတ်ဘဲ ဒိုင်နိုဆော တစ်ကောင် နှင့်ပင် တူညီ၏။
“ဒိုင်နိုဆော ကလည်း နဂါးပဲ” စနစ်မှ ပြောလိုက်သည်။
“……”
မီးနဂါးကြီးသည် ဒိုင်နိုဆောတစ်ကောင် မီးလောင်လျက်ရှိနေသည့် ပုံသဏ္ဍာန်မျိုး ဖြစ်၏။
ဤကဲ့သို့သော သတ္တဝါမျိုးကို ပဋိညာဉ်ရေးထိုးနိုင်လျှင် သူ့အတွက် အလွန့်ကို ခမ်းနားလှသော သားရဲတစ်ကောင် ပိုင်ဆိုင်နိုင်လိ့မ်မည် ဖြစ်သည်။ သို့ပေမဲ့ ထိုအရာသည် စိတ်ကူးယဉ်ရုံသာ တတ်နိုင်သော အရာ ဖြစ်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “အဆင်သင့်ပဲလား”
“အဆင်သင့်ပါပဲ”
အားလုံးက တီးတိုးပြန်ပြောလိုက်ကြသည်။
အတွင်းသို့ ဝင်မလာမီ ကတည်းက ကျွင်းချောင်ရှောင်းသည် တိုက်ပွဲဗျူဟာအား စဉ်းစားချမှတ်ခဲ့ပြီး ဖြစ်၏။
မီးနဂါးကြီး သတိပြုမိစေရန် ရှောင်ကျီသည် အရင်ဦးဆုံး အစပျိုးမည်။ ထိုအရာမှ အလုပ်မဖြစ်လျှင် စုရှောင်မို နှင့် လီဖေးတို့ကပါ ပူးပေါင်း၍ လှုံ့ဆော်ပေလိမ့်မည်။
မီးနဂါးကြီး အာရုံလွှဲနေချိန်မှာတော့ လုချင်းချင်းသည် အခွင့်အရေးကို အရယူကာ စည်းခတ်ပေလိမ့်မည်။ ပြီးနောက် ရီရှင်းချန် နှင့် ကျိုးဟုန်တို့က တိုက်ခိုက် သတ်ဖြတ်ကြမည်။
“စကြစို့”
ကျွင်းချောင်ရှောင်း လက်ကို ယမ်းခါပြီး သတိကြီးစွာဖြင့် ရှေ့သို့ လှမ်းတက်လိုက်သည်။
သို့ပေမဲ့ သူတို့ တည်နေရာထဲ ဝင်လိုက်ချိန်မှာတေ့ အနားယူနေသော မီးနဂါးကြီး၏ မျက်လုံးတစ်ဖက် သည် ပွင့်လာသည်။
“ဟူး .. ဟူး …”
တောင်ကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ်ကြီးဖြင့် ရုတ်တရက် ထရပ်လာသည်။ တစ်ကိုယ်လုံးတွင် မီးများတောက်လောင်နေသည့် သတ္တဝါကြီးအား ကြည့်ရှုသည်မှာ အလွန်ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ဂါး ..။
မီးနဂါးကြီးသည် ပါးစပ်ကို ဟ၍ ကျွင်းချောင်ရှောင်းတို့အား ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ အပူလှိုင်းများသည် သူတို့ဆီ ရောက်ရှိလာသည်။
ဒွီ …
ရှေ့ဆုံးမှာ ရပ်နေသော ရှောင်ကျီသည် သူ၏ အကာအကွယ် ဒိုင်းအား အသက်သွင်း၍ အပူလှိုင်းအား ခုခံလိုက်သည်။
စုရှောင်မို နှင့် လီဖေးတို့သည်လည်း ဘယ်ညာ နှစ်ဖက်တွင် နေရာယူလိုက်ကြ၏။
ဂါး ..။
မီးနဂါးကြီးသည် ထပ်မံ၍ အော်ဟစ်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ သူ၏ ပါးစပ်ထဲမှ မီးတောက်များသည် အမြှောက်ဆံ တစ်ခုကဲ့သို့ ဖြစ်တည်လာပြီး ရှောင်ကျီ၏ အကာအကွယ် ဒိုင်းဆီ ရောက်ရှိလာတော့သည်။
အလွန်ပြင်းထန်သော အားအင်ကြောင့် ရှောင်ကျီသည် ခြေငါးလှမ်း၊ ခြောက်လှမ်းလောက် နောက်ဆုတ်လိုက်ရသည်။ သံမဏိဒိုင်းဆီမှ သလင်းစွမ်းအင်များသည် လေးပုံတစ်ပုံလောက် ကုန်ခမ်းသွား၏။
အဓိက ရှေ့မှ ခုခံသူ ဖြစ်သောကြောင့် သူ၏ ဒိုင်းရှိ သလင်းစွမ်းအင်သည် တခြားသူများထက် ပိုမို၍ တစ်ဆင့်မြင့်မားသော သလင်းကို အသုံးပြုထားခြင်း ဖြစ်သည်။ သို့ပေမဲ့ မီးနဂါးကြီး၏ အမှတ်မထင် တိုက်ခိုက်မှုကို ခုခံရာ၌ စွမ်းအင် လေးပုံတစ်ပုံ ကုန်ဆုံသွားရသည်။
“နောက်ဆုတ်” ကျွင်းချောင်ရှောင်း အော်လိုက်သည်။
ရှောင်ကျီသည် ဒိုင်းကို မြဲနေအောင် ကိုင်ရင်း ခြစ်ခြစ်တောက် ပူနေသော မြေနေရာဆီသို့ ဆက်လှမ်းလိုက်၏။
မီးနဂါးကြီးသည် သူ့အား ပစ်မှတ်ထားနေခြင်းဖြစ်သည်။ ထိုအရာကို သူ လိုချင်ခြင်း ဖြစ်သည်။
လုချင်းချင်းသည်လည်း လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။ သို့ပေမဲ့ ရေခဲ ကိုးလွှာစည်းလက်ဝါး အား ထုတ်ဖော်ရန် ပြင်ဆင်နေတုန်းမှာပဲ မီးနဂါးကြီးသည် ရုတ်တရက် လှည့်ကာ နောက်ထပ်မီးဘောလုံး နှင့် ပစ်လွှတ် တိုက်ခိုက်လိုက်သည်ကို သူမ မြင်လိုက်ရ၏။
ဤတစ်ကြိမ်သည် ပိုမိုမြန်ဆန်၍ အားလည်း ပိုကောင်းသည်။
ခြစ်ခြစ်တောက်ပူနေသော ပတ်ဝန်းကျင်ကြောင့် ရှောင်ကျီ၏ လှုပ်ရှားမှုသည် အနည်းငယ် ပို၍ နှေးကွေးနေသည်။ ထို့ကြောင့် ရှောင်တိမ်းနိုင်ရန် မဖြစ်နိုင်ချေ။
ရှောင်ကျီသည် အံကိုကြိတ်၍ သူ၏ ခုခံခြင်းအစီအရင်ကိုသာ အားထည့်လိုက်သည်။
ဘုန်း …။
စွမ်းအားမြင့် မီးလုံးကြီးသည် အကာအကွယ်ဒိုင်းဆီ ရောက်ရှိလာချိန်မှာတော့ စွမ်းအင် နှစ်ပုံ ထပ်မံ ကုန်ခမ်းသွားစေခဲ့ပြီ ဖြစ်သည်။
ထိုအရာက အရေးမကြီးချေ။ အရေးကြီးသည်မှာ မီးဘောလုံး၏ အရှိန်နှင့် အားအင်ကြောင့် ရှောင်ကျီသည် လွင့်စင်သွားပြီး အနီးနားရှိ အလွန်ပူလောင်နေသော တောင်နံရံတစ်ခုနှင့် သွားတိုက်မိတော့၏။
ဝေါ့ …
ပြုတ်ကျပြီးပြီးချင်းမှာပဲ ရှောင်ကျီသည် သွေးတွေ အန်ထွက်လာတော့သည်။
“ညီလေးရှောင် ….”
စုရှောင်မို နှင့် လီဖေးတို့သည် တုန်လှုပ်သွားမိကြ၏။
ဂါး ..။
မီးနဂါးကြီးသည် ပထမ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ပြီးနောက် မီးဘောလုံးနှင့် ထပ်မံ ပစ်လွှတ် တိုက်ခိုက်ပြန်သည်။
စုရှောင်မိုနှင့် လီဖေးတို့သည် သူတို့၏ အမြန်နှုန်းကို အသုံးပြုပြီး ဝင်ရောက်လာသော မီးဘောလုံးအား ရှောင်တိမ်းရန် ကြိုးစားလိုက်သည်.။ သို့ပေမဲ့ ရှောင်တိမ်းရန် မဖြစ်နိုင်သည်အထိ မီးဘောလုံးမှ မြန်ဆန်လွန်းသောကြောင့် သူတို့၏ ဒိုင်းများကို ထုတ်ယူကာ ကာကွယ်လိုက်ကြရ၏။
“ဝှစ် … ဝှစ်..”
လခြမ်းပုံစံအလင်းတန်းများသည် မီးနဂါးကြီးဆီ ရောက်ရှိသွားသည်။
သို့ပေမဲ့ မီးနဂါးကြီး၏ ခန္ဓာကိုယ်အား ကလိထိုးသလောက်ပင် ဖြစ်စေ၏။
ရှောင်ကျီသည် ယိမ်းယိုင်နေသော ခန္ဓာကိုယ်အား ထိန်းရင်း သူ၏ ဒိုင်းအား မြှောက်ကိုင်လိုက်သည်။ သူသည် နှုတ်ခမ်းထောင့်မှ သွေးများအား သုတ်လိုက်သည်။ ပြီးနောက် ရယ်ကာကြုံးဝါးလိုက်သည် “သောက်ကောင်ကြီး .. မင်းရဲ့ ပစ်မှတ်က ငါပဲ”
ဂါး ..။
သူ၏ ရည်ရွယ်ချက်အောင်မြင်သည်ဟု ဆိုရမည်။ မီးဘောလုံးသည် ချက်ချင်းဆိုသလိုပဲ သူ့ဆီ ရောက်ရှိလာတော့၏။
“ရှောင် …” ကျွင်းချောင်ရှောင်း အော်လိုက်သည်။
ရှောင်ကျီ မရှောင်နိုင်ပေ။ ထို့အတူ အစောကတည်းကလည်း ရှောင်ရန် မစဉ်းစားထားချေ။
မြေပေါ်ခြေဆောင့်ပြီး ရှိရှိသမျှသော အားအင်များကို စုစည်းကာ တောင့်ခံထားလိုက်သည်။
ဂိုဏ်းချုပ် …။
စီနီယာအစ်ကိုတို့ …။
ကျုပ် ဒီခန္ဓာကိုယ်ကြီးကို ငါးစာအဖြစ် အသုံးချစေမယ်။ ရှိရှိသမျှသော ထိခိုက်မှုတွေကို ကျုပ် ခံယူလိုက်မယ်။