အခန်း (၁၉၆)
Vol. 14 Ch. 196
စည်းခတ်ထားသော ဓားမော့ သည် အလွန်အမင်း ထက်ရှသည်သာမက အော်ရာများကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။
စိတ်ဆန္ဒတစ်ခုအနေနှင့် ပစ်မှတ်အား အလိုအလျောက် ချုပ်နှောင်ခြင်းလည်း ပြုမူနိုင်သည်။
အရင်တုန်းက ကျိုးထန်းပ သည် ဤကဲ့သို့ခံခဲ့ရပြီဖြစ်ကာ ယနေ့မှာတော့ မီးနဂါးကြီး၏ အလှည့်ပင်။
သိုင်းတပည့်အဆင့်ဖြစ်ဖြစ်၊ သိုင်းစစ်သူကြီးအဆင့်ဖြစ်ဖြစ် ဤနတ်ဘုရားလက်နက်၏ အောက်မှာတော့ မည်သူမဆို အသက်ရှင်နေသည့်လူအဖြစ်မှ ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားရမည်ဖြစ်သည်။
ဤဓားမော့သည် ကောင်းကင်မှ ငြင်းဆန်ရလောက်သည်ထိ အလွန်အားကောင်းလှသည် ဆိုသော်လည်း ကြီးမားလှသော ပြစ်ချက်ကြီးတစ်ခုကတော့ ရှိနေသေး၏။
ထိုသည်မှာ ဤဓားမော့အား ဆက်တိုက်အသုံးပြုပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအင်များအားလုံး ကုန်ခမ်းသွားခြင်း ဖြစ်သည်။
အသုံးပြုသူ၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပဲ လက်ညှိးလေးတစ်ချောင်းပင် မ,မနိုင်တော့သည့် အခြေအနေမျိုးသို့ ပြောင်းလဲသွားပေလိမ့်မည်။
သိုင်းဆရာ အဆင့်လေး သို့ ရောက်ရှိလာခဲ့ပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်တစ်ခုလုံး အားအင်များနှင့် ပြည့်နှက်လျက်ရှိ၏။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ မည်သည့်အားအင်မှ မရှိတော့ဘဲ မြေပေါ်သို့ လဲကျသွားတော့သည်။
ဤကဲ့သို့သော အားနည်းမှုသည် မိနစ်သုံးဆယ်ကြာ ဖြစ်တည်နေပြီဖြစ်ပြီး ဤအတောအတွင်း သာမန်လူတစ်ယောက်ပင်လျှင် လွယ်လွယ်ကူကူဖြင့်လာ၍ သတ်ဖြတ်ပစ်နိုင်၏။
သူသည် အထူးတာဝန်အား ပြည့်စုံစေခဲ့သည်။ ပြီးနောက် ဆုလာဘ်နှင့် အတွေ့အကြုံအမှတ်များလည်း အများအပြား ရရှိခဲ့၏။ စည်းဖွင့်ခြင်းအဆောင်အား အသုံးပြုခဲ့ရသည်မှာ ထိုက်တန်သည်ဟုပင် ဆိုနိုင်သည်။
ရီရှင်းချန်သည် ခက်ခက်ခဲခဲ ခြေချိတ်ထိုင်လိုက်သည်။ ပြီးနောက် တွေးလိုက်မိသည်။ "ငါ့ရဲ့ ဒဏ်ရာတွေက အရမ်းပြင်းလွန်းတယ်။ ပြန်ကောင်းဖို့အတွက် အနည်းဆုံးတစ်လလောက် အချိန်ယူရမှာပဲ။"
သူသည် အဆင့်မြင့် နည်းစနစ်တစ်ခုဖြစ်သော စကြဝဠာပြောင်းပြန်လှန်သည့် နည်းစနစ်အား ထုတ်သုံးခဲ့သည့်အတွက် သူ၏ခန္ဓာကိုယ်အား တန်ပြန်ထိခိုက်စေခဲ့သည်။ ထို့ကြောင့် သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ထထိုင်နေနိုင်သည်မှာ သူ့ခန္ဓာကိုယ်၏ အခြေခံ အလွန်ပဲ ကောင်းမွန်သောကြောင့်သာဖြစ်၏။ "ချီးတဲ့မှ …ဒီဂိုဏ်းချုပ်ဆီမှာ အရမ်းကိုအားကောင်းတဲ့ လက်နက်ရှိနေတာပဲ။ဒါကို ဘာလို့ စောစောထဲက မထုတ်တာလဲ။ငါတို့ကို အန္တရာယ်တွေကြားကနေ စွန့်စားပြီးတောင် မီးနဂါးကြီးကို သတ်ခိုင်းနေသေးတယ်။"
ဟုတ်ပေသည် ။ အဘယ့်ကြောင့် အစောကြီးကတည်းက ကျွင်းချောင်ရှောင်း မသတ်ဖြတ်ခဲ့သနည်း။
အဘယ့်ကြောင့်ဆိုသော် မီးနဂါးကြီးသည် ဤမျှအားကောင်းနေလိမ့်မည်ဟု ကျွင်းချောင်ရှောင်း မထင်မှတ်မိသောကြောင့် ဖြစ်၏။
ရှောင်ကျီ တိုက်ခိုက်ခံရပြီးသည့်နောက်မှာတော့ သူသည် ဓားမော့ကြီးအား ဆင့်ခေါ်ခဲ့ပြီးပြီ ဖြစ်၏။ ပြီးနောက် စည်းဖွင့်ခြင်းအဆောင်အားလည်း ချိုးဖျက်ပြီးဖြစ်သည်။
သူသည် ဓားမော့ကို ထုတ်ရန်သာ ကျန်ရှိနေ၏။
သို့ပေမဲ့ ရီရှင်းချန်နှင့် လီချင်းယန်တို့သည် သူ၏ ဓားမော့သုံးမည့် အကြံအစည်အား ရပ်တန့်စေခဲ့၏။
နှစ်ယောက်လုံးသည် ကိုယ်စီလှုပ်ရှားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤကဲ့သို့ ဂိုဏ်းသားများ တစ်ယောက်နှင့်တစ်ယောက် အသက်ပေးကာ ကူညီနေသည်မှာ အလွန်တရာ ကြည့်ကောင်းလှသည်။
ထို့ကြောင့် သူသည် ဤအခြေအနေတစ်ခုအား ဝင်၍ မဖျက်ဆီးခဲ့ပေ။
ထို့အပြင် ရီရှင်းချန်သည် ထူးဆန်းလှသော သိုင်းနည်းစနစ်တစ်ခုကို ထုတ်သုံးခဲ့ပြီးနောက် သူ၏ တပည့် သုံးယောက်လုံးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့သည်ဆိုသော်လည်း အသက်အန္တရာယ်မရှိကြောင်း ကျွင်းချောင်ရှောင်း ယုံကြည်မိ၏။
ထင်ထားသည့်အတိုင်းပင် သုံးယောက်လုံးသည် မသေခဲ့ပေ။
ပြီးနောက် လုချင်းချင်းနှင့် ကျိုးဟုန်တို့သည်လည်း တစ်ယောက်က မီးနဂါးကြီးအား ချုပ်နှောင်၍ တစ်ယောက်မှာ ဓားကွက် နှစ်ကွက်တိတိ ထုတ်ဖော်ခဲ့သေးသည်။
သူ့တပည့်များ၏ ပူးပေါင်းတိုက်ခိုက်မှုသည် အလွန်တရာ ကောင်းမွန်လှသည်ဟု ဆိုရမည်။
ဂိုဏ်းသားများအားလုံးသည် ကြီးမားလှသော သားရဲရိုင်းကြီးများ တစ်ခါတည်းသေဆုံးသွားအောင် မတိုက်ခိုက်နိုင်ဘူး ဆိုလျင်တောင်မှ ကျွင်းချောင်ရှောင်းသည် အားလုံးအား ကြီးကြီးမားမား အသိအမှတ်ပြုမိသည်။
ထို့အပြင် အားလုံး၏ ပူးပေါင်းတိုက်ခိုက်မှုများအားလည်း သူ အလွန်အမင်း ချီးကျူးမိ၏။
"ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းမှာ ဒီလိုတပည့်တွေရှိနေတာ ဂိုဏ်းက အားမကောင်းလာမှာကို စိတ်ပူနေစရာတောင် မလိုဘူး။"
မကြာမီမှာတော့ မီးနဂါးငယ်လေးပေါင်း အများကြီး ပေါ်ထွက်လာတော့သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဆက်လက် ကြည့်နေ၍ မဖြစ်တော့ပေ။ ထို့ကြောင့် ဓားအားဆွဲယူ၍ အကုန်လုံးအား ရှင်းပစ်လိုက်ခြင်းပင် ဖြစ်သည်။
သံမဏိအရိုးဂိုဏ်းတပည့်များသည် အစွမ်းကုန်သုံး၍ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ သို့ပေမဲ့ အဆုံးသတ်မှာ အစွမ်းပြခဲ့သူကတော့ ကျွင်းချောင်ရှောင်းပင် ဖြစ်နေတော့၏။
"ဟူး …" ရီရှင်းချန် သက်ပြင်းချလိုက်သည်။ ပြီးနောက် သူ၏ ပျက်စီးနေသော မရီဒန်များအား ပြန်လည်ပြုပြင်ရန် ထိုက်ရွှမ်ကျမ်းအား ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်လိုက်တော့သည်။
သူ့တွင် ထိုက်ရွှမ်ကျမ်း၏ အထောက်အပံ့ရှိနေသေး၏။ ထို့ကြောင့် မကြာခင်မှာပဲ သူ၏အားအင်များ ပြန်လည်ပြည့်ဝသွားမည်ကို ကောင်းကောင်းနားလည်၏။
သို့ပေမဲ့ ဟိုနှစ်ကောင်မှာတော့ သူ့ထပ်ပို၍ ဒဏ်ရာပြင်းထန်နေသည်။ ထို့ကြောင့် စာနာစွာဖြင့် လှည့်ကြည့်မိလိုက်၏။
လီချင်းယန်နှင့် ရှောင်ကျီတို့သည် မြေပေါ်မှ ခုန်ထလာသည်။
"ဂိုဏ်းချုပ် …"
နှစ်ယောက်လုံးသည် ကျွင်းချောင်ရှောင်းဆီသို့ အသာလျှောက်သွားပြီး ပြောလိုက်၏။ "အဆင်ပြေရဲ့လား။"
"ဒါ …."
ရီရှင်းချန် မျက်လုံးပြူးသွားမိသည်။
မဟုတ်ဘူး မဟုတ်ဘူး။သူတို့ ခုနလေးတင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတာ ဘယ်လိုဖြစ်ပြီး အခု လုံးဝ ကောင်းသွားရတာလဲ။
အထူးသဖြင့် ရှောင်ကျီဖြစ်သည်။
သုံးကြိမ်တိတိ တိုက်ခိုက်ခံရပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်သည် သံမဏိထဲသို့ မာကျောလှသည် ဆိုလျင်တောင်မှ အတွင်းကလီစာများအားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရရန် ထိုက်တန်လှ၏။
သုံးယောက်လုံးတွင် သူသည်သာလျှင် အပေါ့ပါးဆုံးဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ညအင်ပါယာ တွေးထင်ထားခဲ့မိ၏။ သို့ပေမဲ့ နှစ်ယောက်သားသည် ဂိုဏ်းချုပ်အား သွား၍ပင် ဖေးမလျက် ရှိနေသေးသည်ကို သူ မြင်လိုက်ရသည်။
"ငါက အရမ်းအားနည်းနေလို့လား။"
အလွန်တရာ မာနကြီးလှသော ရီရှင်းချန်သည် ထိုသို့သော အတွေးမျိုးကိုပင် တွေးမိလာ၏။ သူသည် သူ၏ဒဏ်ရာအား မထိန်းသိမ်းနိုင်တော့ဘဲ သွေးများ အန်ထုတ်လိုက်မိ၏။
"ဂျူနီယာညီလေးရီ"
ရှောင်ကျီပြောလိုက်၏။
"မင်းလည်း ဒီဆေးကိုသောက်လိုက်။"
ရီရှင်းချန်သည် ရင်ဘတ်ကို အသာဖိကာ နာနာကျင်ကျင် ပြုံးလိုက်၏။ ပြီးနောက် သူတွေးလိုက်မိ၏။ ဒီလိုအဆင့်နိမ့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးလေးက ကျုပ်ရဲ့ အတွင်းဒဏ်ရာကို ဘယ်လိုပြန်ကောင်းစေနိုင်မှာလဲ။
ထိုအချိန်မှာပဲ လုချင်းချင်းသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး တစ်လုံးကို ထုတ်ယူကာ မြိုချလိုက်သည်ကို သူမြင်လိုက်ရ၏။
မီးနဂါးကြီးသည် ရေခဲလွှာချုပ်နှောင်ခြင်းဆီမှ ချိုးဖျက်လိုက်ချိန်မှာ ဤအမျိုးသမီးသည် ပြင်းထန်သည့် အတွင်းဒဏ်ရာကို ရရှိခဲ့သည်။
ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတစ်လုံးနှင့် သူမ၏ဒဏ်ရာများကို မည်ကဲ့သို့ကောင်းအောင် ပြုလုပ်နိုင်မည်နည်း။
သူတွေးနေတုန်းမှာပဲ လုချင်းချင်းသည် မတ်တပ်ထရပ်လာသည်။ သူမ၏မျက်နှာပေါ်ရှိ ဖြူလျော်နေသည့် အရိပ်အယောင်များ အားလုံးသည်လည်း ပျောက်ကွယ်သွားသည်။
"ဟမ်"
ရီရှင်းချန်၏ မျက်နှာပေါ်မှ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ရင်သွား၏။ နောက်တော့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအား ထုတ်ယူပြီး မယုံကြည်နိုင်သလို ကြည့်လိုက်မိ၏။
ကျွင်းချောင်ရှောင်းသည် သူ့အား စွမ်းအင်စုစည်းခြင်းဆေးလုံး၊ ချီလေပွေဆေးလုံးများ ပေးစွမ်းခဲ့၏။ ထို့ပြင် ပြန်လည်ကောင်းမွန်ခြင်း ကောင်းမွန်ခြင်းဆေးလုံးများအားလည်း ပေးခဲ့သည်။
သို့ပေမဲ့ ပြန်လည် ကောင်းမွန်ခြင်းဆေးလုံးသည် အဆင့်နိမ့်ဆေးလုံးတစ်လုံး ဖြစ်သောကြောင့် သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည် ဆိုလျှင်တောင်မှ သောက်ရန် အစီအစဉ်မရှိပေ။
ဤဆေးလုံး၏အစွမ်းသည် သူ၏ ထိုက်ရွှမ်ကျမ်းထက် ပို၍မြန်ဆန်အောင် ကုသနိုင်သည်ဟု မယုံကြည်နိုင်ပေ။
ရီရှင်းချန်သည် ဆေးလုံးကိုကိုင်၍ သေချာစဉ်းစားလျက်ရှိသည်။
"ဂျူနီယာညီလေးရီ … မြန်မြန်သောက်လိုက်တော့ ။ ငါတို့ ဒီတိုက်ပွဲတည်နေရာကြီးကို ရှင်းရအုံးမယ်။" လီချင်းယန် ဆော်သြလိုက်၏။
ရီရှင်းချန်သည် ခဏလောက်တွန့်ဆုတ်လျက်ရှိသည်။ ပြီးနောက် သူ၏ပါးစပ်ကိုဟ၍ ဆေးလုံးအား မြိုချလိုက်တော့သည်။
ဆေးလုံး ခန္ဓာက်ုယ်ထဲသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ သူ၏ခန္ဓာကိုယ်ထဲရှိ ထိခိုက်ပျက်စီးနေသော မရီဒန်များအားလုံးသည် မြန်မြန်ဆန်ဆန်ပဲ ပြန်လည်ကောင်းမွန်သွား၏။
သူသည် အသာခုန်ထမိလိုက်သည်။ သူ၏ နှလုံးသားထဲတွင် ဖြစ်တည်လာသော တုန်လှုပ်မှုများသည် အလွန်အမင်း အားကောင်းလာတော့သည်။
"အထက်နယ်မြေ ….. ဒီဆေးလုံးက အထက်နယ်မြေကပဲ။" ရီရှင်းချန် စတင်၍ စဉ်းစားလိုက်မိသည်။ "ဂိုဏ်းချုပ်မလုပ်နိုင်တာ ဘာမှမရှိဘူး။"
အရင်ဘဝတုန်းက သိုင်းအင်ပါယာတစ်ယောက် ဖြစ်ခဲ့သည် ဆိုလျှင်တောင်မှ သူသည် ဒဏ်ရာများအား ချက်ချင်းကုသပေးနိုင်သော ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို မည်သည့်အခါကမှ မစားခဲ့ဖူးချေ။
ကျိုးဟုန်သည်လည်း ဆေးလုံးအား မြန်မြန်ထုတ်ယူပြီး မြိုချလိုက်၏။ သို့ပေမဲ့ အသုံးမဝင်ပေ။
"ထူးဆန်းလိုက်တာ။"
သူ ဇဝေဇဝါဖြစ်သွားမိသည်။ "ဘာလို့ အကျိုးသက်ရောက်မှု မရှိတာလဲ။"
ဟုတ်ပေသည် ။ ဆေးလုံးသည် အသုံးမဝင်ခြင်းမဟုတ်ပေ။
အဆင့်နိမ့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးသည် မရီဒန်ဖွင့်ခြင်းနှင့် သိုင်းတပည့်အဆင့်များသာ အသုံးပြုရန် သင့်တော်၏။ ထို့ကြောင့်ပင် ဖြစ်သည်။
လီချင်းယန်၊ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးသည့်နောက် တိုက်ပွဲတည်နေရာတစ်ခုလုံးကို စတင်၍ ရှင်းလင်းတော့သည်။
ပြီးနောက် သလင်းအမြုတေများအား စတင်၍ ထုတ်ယူတော့သည်။ အဆင့်ငါး သလင်းစွမ်းအင် အမြုတေများအား သုံးဆယ်ကျော် ရရှိခဲ့ပြီး မီးနဂါးကျောက် ငါးရာ လောက် ရရှိခဲ့၏။
မီးနဂါးသားရဲကြီး၏ သားရေသည် အလွန်အမင်း ကြမ်းတမ်းလှသောကြောင့် တန်ဖိုးမရှိပေ။ ထို့ကြောင့် သူတို့သည် အရိုးများကိုသာ ထုတ်ယူလိုက်ကြသည်။
ထိုအတွက် သူတို့သည် သိုလှောင်လက်စွပ်ထဲတွင်ရှိသော ပစ္စည်းတော်တော်များများကို ပြန်လည်လွှင့်ပစ်ခဲ့ရ၏။
သာမန်ကျင့်ကြံသူများ သူတို့နောက်သို့ မလိုက်လာခဲ့သည်မှာ ဆိုးရွားသည်ဟု ဆိုရမည်။ မဟုတ်လျှင် တော်တော်အကျိုးရှိမည့် အချိန်အခါပင်။
နောက်ဆုံး ဆရာကြီးအား သတ်ဖြတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် ဂိုဏ်းစုဆောင်းမှတ်၊ ဆုလာဘ်၊ အတွေ့အကြုံ အမှတ် အပြင် များပြားလှသောပစ္စည်းများကို ရရှိခဲ့သည်။
မိနစ်သုံးဆယ် ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏အားနည်းနေသည့် ခံစားချက်များ ပျောက်ကွယ်သွားလေ၏။
ပြီးနောက် ချက်ချင်းဆိုသလိုပဲ မတ်တပ်ထရပ်လိုက်သည်။ သူသည် အလွန်အမင်း စိတ်အားတက်ကြွလျက်ရှိသည်။
"ဂိုဏ်းချုပ် "
လီချင်းယန် ပြောလိုက်သည်။ "ရှင်းလင်းတာ ပြီးခါနီးနေပြီ။"
"မင်းတို မီးနဂါးပေါက်လေးတွေ ထွက်လာတဲ့နေရာကို သွားပြီးတော့ ကြည့်ပြီးပြီလား။"
"ဂျူနီယာညီလေးစုနဲ့ ဂျူနီယာညီလေးလီတို့ သွားရှာနေတယ်။"
"ဂိုဏ်းချုပ် ….. ဒီမှာနဂါးဥကြီးရှိတယ်။"
ထိုအချိန်မှာပဲ စုရှောင်မိုနှင့် လီဖေးတို့သည် လိုဏ်ဂူထဲမှ ပြေးထွက်လာကြ၏။ နှစ်ယောက်သားသည် အတူတူပူးပေါင်း၍ ဥကြီးတစ်လုံးအား ပိုးမျှင်များနှင့် ချည်နှောင်ကာ ဆွဲယူလာကြသည်။
ဥကြီးသည် ဖရဲသီးတစ်လုံးခန့် ကြီးမားလှ၏။ ဥခွံသည် အဖြူရောင်ဖြစ်ပြီး မျက်နှာပြင်မှာတော့ အနီရောင် အရေးအကြောင်းများလည်း တည်ရှိနေ၏။
ကျွင်းချောင်ရှောင်း သေချာကြည့်ရှုပြီးသည့်နောက် ခဏလောက် စဉ်းစားသည်။ "ဂိုဏ်းကိုယူသွားရအောင်။"
" ဂိုဏ်းချုပ်"
စုရှောင်မိုသည် အသာခေါင်းကုတ်ပြီး ပြောလိုက်သည်။ "ဒီဥထဲမှာ အကောင်ပေါက်ရှိတယ်။ဒီတော့ သိုလှောင်လက်စွပ်ထဲကိုလည်း ထည့်လို့မရဘူး။တော်ကြာ လမ်းမှာကွဲသွားရင် ပြဿနာတက်နေမယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါကို ဒိုင်းကာပေါ်မှာတင်ပြီးတော့ ပိုးမျှင်နဲ့ချည်လိုက်လေ။ပြီးတော့ မင်းကျောကုန်းပေါ်မှာ တင်ပြီးတော့ ပြန်ကြတာပေါ့။"
"အကြံအစည်ကောင်းပဲ။" စုရှောင်မို မြန်မြန်ဆန်ဆန်ပဲ ပြုလုပ်လိုက်တော့သည်။
မကြာခင်မှာပဲ လီဖေး၏ ကျောကုန်းပေါ်တွင် မီးနဂါးဥကြီး ရောက်ရှိလို့ သွားခဲ့သည်။
"စီနီယာအစ်ကို"
လီဖေး တွေတွေဝေဝေဖြင့် မေးလိုက်သည်။ "ဘာလို့ ကျွန်တော့်ကို ဒါကြီးသယ်စေချင်ရတာလဲ။"
စုရှောင်မိုသည် လီဖေး ၏ပုခုံးအား အသာပုတ်၍ လေးလေးနက်နက် ပြောလိုက်သည်။ "အစွမ်းအစရှိတဲ့လူတွေက အလုပ်ပိုလုပ်ရတာပေါ့ကွာ။"
ကျွင်းချောင်ရှောင်းသည် ပူပြင်းလှသော တည်နေရာကြီးတစ်ခုလုံး လှမ်းကြည့်ပြီးသည့်နောက် မည်သည့်အရာကိုမှ ထူးထူးခြားခြားမတွေ့ချေ။
ထို့ကြောင့် အသာလက်ကို ယမ်းခါကာ ပြောလိုက်၏။ "ငါတို့ လာရာလမ်းအတိုင်းပဲ ပြန်ကြရအောင်။"
……….
"စီနီယာအစ်ကိုလုံ … ဘာလို့ အသံတစ်ခုမှ မကြားရတာလဲ"
အပြင်ဘက်တွင်စောင့်လျက်ရှိသော လီယုဟွာသည် စိတ်ပူစွာဖြင့် မေးလိုက်မိ၏။
"ငါလည်းမသိဘူး။" လုံကျိရန်သည် သူ့ထက်ပင်ပို၍ စိတ်ပူနေသေးသည်။
လီယုဟွာက အားပျော့သလို ပြောလိုက်သည်။ "ဂိုဏ်းချုပ်နဲ့ စီနီယာအစ်ကိုတွေက .."
"ပေါက်ကရတွေမပြောနဲ့။" လုံကျိရန်ဖြတ်ပြောလိုက်သည်။
"ဂိုဏ်းချုပ်ထွက်လာပြီ။"
ထိုအချိန်မှာပဲ ကျန်းဝေသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
လုံကျိရန် နှင့် လီယုဟွာသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ လိုဏ်ခေါင်း၏အဝင်ဝဆီသို့ လှမ်းကြည့်လိုက်ချိန်မှာတော့ ဂိုဏ်းချုပ်နှင့် စီနီယာအစ်ကိုများ ထွက်လျှောက်လာသည်ကို မြင်လိုက်ရတော့သည်။
ပြီးနောက် သူတို့အော်လိုက်သည်။ "ဂိုဏ်းချုပ် မီးနဂါးကြီးကို ရှင်းပြီးသွားပြီလား။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ငါနဲ့ မင်းတို့ရဲ့ စီနီယာအစ်ကိုတွေသွားတာလေ။ ဒီကမ္ဘာကြီးမှာ ငါတို့မလုပ်နိုင်တဲ့အရာဆိုတာ ဘာမှမရှိဘူး။"
"ဂိုဏ်းချုပ်က အရမ်းကြမ်းတယ်။ စီနီယာအစ်ကိုတွေကလည်း အရမ်းကြမ်းတယ်။"
လုံကျိရန် နှင့် တစ်ခြားသူများသည် သူတို့၏သံမဏိဒိုင်းကာများကိုချ၍ ပျော်ပျော်ပါးပါးဖြင့် ချီးကျူးလိုက်မိကြတော့သည်။