အခန်း (၁၉၇)
Vol. 14 Ch. 197
“ဂိုဏ်းချုပ်ကျွင်း ထွက်လာပြီလား”
“ကောင်းကင်ဘုံ .. သူတို့ တကယ်ပဲ ဘာမှ ဖြစ်ခဲ့ပုံမပေါ်ဘူး။ မီးနဂါးကြီးကို သတ်ဖြတ်ပစ်လိုက်နိုင်ကြတာလား”
“မဖြစ် … နိုင်ဘူး”
မျက်နှာလေးထောင့် နှင့် သက်လတ်ပိုင်း လူ အပါအဝင် တခြားသော ကျင့်ကြံသူများ အားလုံးတို့သည် လှိုဏ်ခေါင်း၏ အဝင်ဝမှာတင် ရှိနေကြသေးသည်။
သူတို့သည် အားရဝမ်းသာ နှင့် အောင်ပွဲခံ၍ ထွက်ပေါ်လာကြသော သံမဏိအရိုးဂိုဏ်းတပည့်များအား မြင်ချိန်မှာတော့ အလုံးစုံ မယုံကြည်နိုင်မှုတွေနှင့် ခံစားနေမိကြ၏။
ဂိုဏ်းချုပ်ကျွင်း ဤကဲ့သို့ ဘေးမသီ ရန်မခ ပြန်လာနိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးထင်မိကြပေ။ စောနကလည်း မီးနဂါးကြီး၏ အော်သံကို သူတို့ ကြားခဲ့ရသည် မဟုတ်လား။
ယခု အားလုံး ဘေးရန်ကင်းစွာနှင့် ပြန်ထွက်လာနိုင်သည်ကို မြင်တော့ သေမင်းတောင်ကြား၏ အရှင်သခင်ဟုပင် ခေါ်ဆို သမုတ်ကြသော မီးနဂါးကြီး သေဆုံးသွားပြီ ဟူသော အဓိပ္ပာယ်သို့ သက်ရောက်သွားခဲ့သည်။
သာမာန်ကျင့်ကြံသူများအားလုံးသည် အခြေအနေကို သုံးသပ်ပြီးသည့်နောက် အလုံးစုံ မတည်ငြိမ်နိုင်တော့ပေ။
အဝင်ဝတွင် သံမဏီအရိုးဂိုဏ်းတပည့်များ ကာဆီးမထားလျှင် အထဲသို့ ပြေးဝင်၍ အတည်ပြု ကြည့်ရှုပြီးလောက်ပြီ ဖြစ်၏။
သို့ပေမဲ့ အဆင်ပြေသည်။ မကြာခင် သူတို့၏ အခွင့်အရေး ရောက်လာပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအား ခေါ်ယူ၍ သန့်ရှင်းသော တည်နေရာတစ်ခုတွင် အနားယူစေသည်။
လီချင်းယန် နှင့် တခြားသူများသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး၏ အကူအညီ ဖြင့် ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သိုပေမဲ့ သူတို့သည် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ဖြင့် သူတို့၏ စိတ်ဝိညာဉ် စွမ်းအင်များအား ပြန်လည် ကောင်းမွန်အောင် အသက်သွင်း ကုစားနေကြရ၏။
အခွင့်အရေးကို အရယူပြီး မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူ အပါအဝင် တခြားသော သာမာန်ကျင့်ကြံသူများ အားလုံးတို့သည် လှိုဏ်ဂူထဲသို့ ဝင်ရောက်၍ ခြစ်ခြစ်တောက် ပူလောင်လျက်ရှိနေသော ကုန်းမြေကြီးအား ကြည့်ရှုလိုက်ကြတော့သည်။
မီးနဂါးငယ်လေးပေါင်း များစွာ နှင့် တစစီဖြစ်နေသော နဂါးအစိတ်အပိုင်းများအား မြင်ချိန်မှာတော့ သူတို့အားလုံးသည် နှလုံးတုန်ရင်တုန်လွန်းသောကြောင့် တောင်နံရံကိုပင် မှီကာ ရပ်တန့်လိုက်ကြရ၏။
ဤအရာအားလုံးကို သံမဏိအရိုးဂိုဏ်း ပြုလုပ်သွားခြင်း ဖြစ်သည်။
မည်ကဲ့သို့သော မွန်းစတားတွေဖြစ်သနည်း။
အတန်ကြာ စိတ်တည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက် မျက်နှာလေးထောင့် နှင့် ကျင့်ကြံသူ အပါအဝင် တခြားသော ကျင့်ကြံသူတို့အားလုံးသည် သူတို့၏ သိုလှောင်လက်စွပ်ထဲမှ အသားတုံးများအား ပစ်လွှတ်လိုက်ကြတော့သည်။ ကြည့်ရသည်မှာ သူတို့ ဤနေရာထိ သံမဏိအရိုးဂိုဏ်းနောက်သို့ လိုက်လာခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း သိသာသွားစေခဲ့သည်။
သူတို့သည် သံမဏိအရိုးဂိုဏ်း မလိုချင်သော အရာများကို ယူဆောင်ခဲ့ရသည်တောင်မှ အနည်းဆုံး တစ်ယေက်လျှင် ငွေတေးလ် လေးသောင်း မှ ငါးသောင်းနီးပါး ထိ ရရှိခဲ့ကြပြီ ဖြစ်၏။
ဤငွေပမာဏသည် ကျွင်းချောင်ရှောင်းအတွက်တော့ ပြောပလောက်သည့် အရာမဟုတ်ပေ။
သို့ပေမဲ့ မည်သည့် ဂိုဏ်းကိုမှ ပိုင်ဆိုင်ခြင်းမရှိသော ကျင့်ကြံသူများအတွက်တော့ နည်းနည်းနောနော ငွေပမာဏ မဟုတ်ပေ။ သူတို့အတွက် အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး လေးတုံး မှ ငါးတုံးထိ လဲလှယ်ရယူနိုင်သော ပမာဏ ဖြစ်တော့သည်။
……….
လီချင်းယန် နှင့် တခြားသော သူများသည် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြု၍ စိတ်ဝိညာဉ်စွမ်းအင်များအား စုပ်ယူလျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် သူ၏ သိစိတ်အား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်၍ အဆင့်မြင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်အား လက်ထဲတွင် ကိုင်ဆောင်ထားလိုက်သည်။
ဤအရာသည် စတိုးဆိုင်ထဲတွင် ရောင်းချနေသည်မှာ ကြာပြီဖြစ်သည်။ သို့ပေမဲ့ သူသည် သိုင်းတပည့် ထိပ်ဆုံးအဆင့်တွင် ရှိနေသောကြောင့် မဝယ်ယူဘဲ ထားထားခြင်း ဖြစ်၏။
ယခု အထူးတာဝန်၏ ဆုလဒ်တွင် ဤဆေးရည် ပါဝင်နေသောကြောင့် သူ ဂိုဏ်းစုဆောင်းမှတ် ၃၀၀ အား ချွေတာနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် စိတ်ထဲတွင် ပျော်ရွှင်နေမိသည်။
ကျွင်းချောင်ရှောင်းသည် ဆေးပုလင်းအား မော့၍ တစ်ခါတည်း သောက်ချလိုက်၏။
အရသာမှာ ခါးသက်သက် နှင့် သောက်ကောင်းလှသည်။ တစ်ပုလင်း သောက်ပြီးသည်နှင့် နောက်တစ်ပုလင်း ထပ်သောက်ချင်လောက်အောင် ဆွဲဆောင်နေသည်။
ချီးတဲ့မှ .. ငါ့ဆီမှာ ဂိုဏ်းစုဆောင်းမှတ်တွင် ပက်ပက်စက်စက် ပေါများလာတဲ့ တစ်နေ့ရောက်ရင် ဒီဆေးပုလင်းတွေကို အများကြီးဝယ်ပြီး ဘီယာသောက်သလို သောက်ပစ်အုံးမယ်။
စနစ်မှ ပြောလိုက်သည် “အိမ်မက်မက်နေတာ တော်တော့”
“ဒင် .. လက်ခံသူသည် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ကို သောက်သုံးပြီး စိတ်ဝိညာဉ်အမြစ် အား အဆင့်မြင့်တင်ခဲ့သည်။”
“ဒင် .. စိတ်ဝိညာဉ်အမြစ် အဆင့်မြင့်တင်မှု အောင်မြင်သည်။”
ကျွင်းချေုာင်ရှောင်း၏ စိတ်ဝိညာဉ်အမြစ်သည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်မှသည် အထူး စိတ်ဝိညာဉ်အမြစ် သို့ ရောက်ရှိသွားခဲ့သည်။ ချက်ချင်းဆိုသလိုပဲ တည်နေရာတစ်ခုလုံးရှိ စိတ်ဝိညာဉ်စွမ်းအင်များအား သူ ပေါများစွာ အာရုံခံ၍ ရရှိသွား၏။
စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေး တိုးတက်လာသည်သာ မက စိတ်ဝိညာဉ်စွမ်းအင်များ၏ အရည်အသွေးသည်လည်း ပိုမို၍ အားကောင်းလာသည်။
အဆင့်မြင့်မှသည် အထူးအဆင့် သို့ တိုးတက်ရောက်ရှိပြီးသည့်နောက် အကျိုးကျေးဇူးသည် ကြောက်မက်ဖွယ်ရာ အတိပင်။
သူသာ ခြေချိတ်ထိုင်၍ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို လှည့်ပတ်လိုက်မည် ဆိုလျှင် လောကကြီးရှိ စိတ်ဝိညာဉ်စွမ်းအင်များ အများအပြား ကိုစုပ်ယူရရှိနိုင်မှာ ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း ယုံမှားသံသယမရှိချေ။
“ဒင် .. လက်ခံသူသည် သိုင်းဆရာ အဆင့်ငါး အဆင့်သို့ ချိုးဖျက်ရောက်ရှိသွားသည်။”
စိတ်ဝိညာဉ်အမြစ်သည် အဆင့်မြင့် မှ အထူးအဆင့်သို့ ပြောင်းလဲ ရောက်ရှိပြီးသည့်နောက် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အဆင့်လေးမှသည် အဆင့်ငါးသို့ ရောက်ရှိသွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ သူ၏ လက်ထဲတွင်တော့ စိတ်ဝိညာဉ်စွမ်းအင်များသည် အားကောင်းစွာ စီးဆင်းနေကြောင်း ခံစားမိလိုက်သည်။
“ငါ သိုင်းတပည့်အဆင့်ကို ရောက်တုန်းက ငါ့ရဲ့ အားအင် က သုံးသောင်းဂျင် ရှိတယ်။ အခု အဆင့်ငါး သိုင်းဆရာ အဆင့်ကို ရောက်ပြီဆိုတော့ ဘယ်လောက်တောင် အားတိုးသွားမလဲ”
စနစ်မှ ပြောလိုက်သည် “သိုင်းဆရာ အဆင့်တစ်ခုချင်းစီက သုံးထောင်ဂျင်ကနေ ခြောက်ထောင်ဂျင် ထိ တိုးသွားတတ်တယ်။ လက်ခံသူရဲ့ အားအင်အဆင့်အရ ဆိုရင် လက်ရှိမှာ ဂျင် ရှစ်သောင်းလောက် ထင်တယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ရှစ်သောင်းတည်းလား”
တည်းလား ဆိုသော စကားလုံးအား အားအင် အဆင့် လေးသောင်းမှ ငါးသောင်းကြားသာ ရှိသော အဆင့်ငါး သိုင်းဆရာ ကျင့်ကြံသူများသာ ကြားပါက ထောင့်တစ်ခုသို့ သွား၍ အားရပါရ ငိုနေပေလိမ့်မည်။
ကျင့်ကြံခြင်းအဆင့်တစ်ခု တိုးတက်သွားခြင်း ဆိုသည်မှာ များပြားလှသောအချက်အလက်များ တိုးတက်သွား ခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်အမြစ် ၊ ခန္ဓာကိုယ်အားအင်၊ စိတ်ဝိညာဉ်စွမ်းအင်၏ သန့်စင်မှု စသည်တို့ ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သာမာန်ကျင့်ကြံသူများနှင့် မတူညီဘဲ ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံး ၊ ကြွက်သား တည်ဆောက်ခြင်းအခန်း၊ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်တို့အား အမှီပြုခဲ့သည်မို့ အဆင့်တစ်ခုတိုး တက်သွားတိုင်း တခြားသောသူများထက် ပိုမို၍ အားကောင်းနေခြင်း ဖြစ်၏။
ယခု အဆင့်တိုးတက်လာသည်သာမက အထူး စိတ်ဝိညာဉ်အမြစ်ကိုပါ ပိုင်ဆိုင်သွားသည်မို့ သူ၏ အားအင် အဆင့်သည် အဆင့်တူ ကျင့်ကြံသူများထက် အဆမတန် သာလျက်ရှိနေတော့သည်။
ကျွင်းချောင်ရှောင်းသည် သာ ထိုသို့အားကောင်းသည် မဟုတ်ပေ။
လီချင်းယန် နှင့်တခြားသာ တပည့်များသည် လည်း သံမဏိအရိုးဂိုဏ်း၏ ကျင့်ကြံခြင်း အရင်းအမြစ်များကြောင့် ခန္ဓာကိုယ်အပြင် စိတ်ဝိညာဉ်စွမ်းအင်များ၏ အစွမ်းသည် ပိုမို၍ အားကောင်းလာခဲ့သည်။
ဂိုဏ်းချုပ်ကျွင်း၏ သေချာပြုစု ပျိုးထောင်ပေးခြင်းအောင်တွင် အချိန်ကာလ တစ်ခုထိ အားနည်းခဲ့သောသူများပင်လျှင် အလွန်ကြီးအားသောအလားအလာ အနာဂတ်ကို ပိုင်ဆိုင်နေပြီ ဖြစ်၏။
ဟုတ်ပေသည် ။ ဂိုဏ်းချုပ်ကျွင်းသည် ဆက်လက်၍ ပြုစု ပျိုးထောင်နေပေအုံးမည်။
“ဒင် .. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၆၀၀ အား အသုံးပြု၍ အဆင့်မြင့် ပင်ကိုယ် စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် နှစ်ပုလင်းအား ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပေးလိုက်ပါပြီ”
“ဒင် …. ဂိုဏ်းစုဆောင်းမှတ် ၉၀၀ / ၁၀၀၀”
သူသည်အများကြီး မဝယ်နိုင်သေးချေ။ နှစ်ပုလင်း ဝယ်ယူခဲ့သည်တောင်မှ ဂိုဏ်းစုဆောင်းမှတ် ၆၀၀ ကုန်ဆုံသွားပြီ မဟုတ်လား။
ဂိုဏ်းစုဆောင်းမှတ်များသည် သူ့အတွက် အသက်ပင်ဖြစ်သည်။ ထို့ကြောင့် မဖြစ်မနေ ဝယ်ယူရပေလိမ့်မည်။
“ချင်းယန် .. ရှောင်ကျီ …”
ကျွင်းချောင်ရှောင်း လက်ယပ်ကာ ခေါ်လိုက်သည် “လာခဲ့ကြ”
သူသည် လီချင်းယန် နှင့် ရှောင်ကျီတို့အား အဆင့်မြင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် တိုက်ကျွေးကာ အထူး စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သွားစေရန် စဉ်းစားထားသည်။
တစ်ယောက်သည် ဂိုဏ်း၏ အတွင်းရေး ကိစ္စများအား စိတ်ရောကိုယ်ပါ နှစ်၍ လုပ်ဆောင်တတ်သူ ဖြစ်ပြီး ကျန်တစ်ယောက်မှာလည်း ကျရာတာဝန်အား အသက်နှင့်ရင်းကာ ထမ်းဆောင်တတ် သူဖြစ်၏။
ထို့ကြောင့် ဤ နှစ်ယောက်အား အရင်ဆုံး ဆေးရည် တိုက်ကျွေးရန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။
တခြားသော အတွင်းစည်း တပည့်များအတွက်ကတော့ သူ့တွင် ဂိုဏ်းစုဆောင်းမှတ်များ ပေါများသည် ဆိုသည်နှင့် လိုအပ်သည့်အရာများ မလစ်ဟင်းရအောင် သူ စီစဉ်ပေးမည် ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ဆေးရည်ပုလင်း နှစ်လုံးအား ကျောက်တုံးပေါ်တင်ကာ ပြောလိုက်သည် “တစ်ယောက်ကို တစ်ပုလင်း .. သောက်လိုက်ကြတော့”
ရှောင်ကျီ ကြောင်သွားသည်။ ပြီးနောက် ချက်ချင်းပဲ ပျော်ရွှင်သွား၏။
သူသည် ဤဆေးရည်များအား အများအပြား သောက်ခဲ့ဖူးသည်။ ထို့ကြောင့် ဂိုဏ်းချုပ်ပေးသော ဆေးရည်အား သောက်လိုက်လျှင် သူ၏ စိတ်ဝိညာဉ်အမြစ် ပိုမိုတိုးတက်သွားမှာ ဖြစ်ကြောင်း သိရှိနေသည်။
လီချင်းယန်သည် ဆေးရည်အား တစ်ခါမှ မသောက်ဖူုးချေ။ ထို့်ကြောင့် ဇဝေဇဝါနှင့် မေးလိုက်သည် “ဂိုဏ်းချုပ် .. ဒါ ဘာကြီးလဲ”
“ဒုတိယ စီနီယာအစ်ကို …”
ရှောင်ကျီသည် ဆေးပုလင်းအား ကောက်ယူ၍ ပြောလိုက်သည် “မပူနဲ့။ သောက်လိုက်ရင် အကျိုးရှိသွားလိမ့်မယ်”
ပြီးနောက် သူ ဆေးပုလင်းအား ဖွင့်ကာ သောက်ချလိုက်တော့သည်။
ဝှစ် …။
ရှောင်ကျီ၏ စိတ်ဝိညာဉ်အမြစ်သည် အဆင့်မြင့် မှသည် အထူးအဆင့်သို့ ရောက်ရှိသွားသည်။ ကျင့်ကြံခြင်း အဆင့်သည်လည်း အဆင့်ခြောက် သိုင်းတပည့် အဆင့်မှသည် အဆင့်ရှစ် သိုင်းတပည့်သို့ ရောက်ရှိသွားခဲ့၏။
များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များ၏ တည်ရှိမှုကို လေထဲတွင် အာရုံခံမိပြီးနောက် သူ ခေါင်းကိုမော့ကာ အော်လိုက်မိသည် “ငါ ပြန်လာပြီဟေ့”
ဟုတ်ပေသည်။ ချင်းယန်နိုင်ငံ၏ နှစ်တစ်ထောင်တွင် တစ်ယောက် ပေါ်လာသော ပါရမီရှင်သည် သူ့နေရာသို့ ပြန်ရောက်ခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော ငါးနှစ်တုန်းက သူသည် ကောင်းကင်ဘုံမှ ငရဲပြည်သို့ ပြုတ်ကျခဲ့သည်။ လောကကြီး၏ အေးစက်မှု ၊ ဥပက္ခာတရား၊ တစ်ကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမှု စသည်တို့ကို ရင်နှင့်စည်းကာ ခံစားခဲ့ရသည်။
ငါးနှစ်ကြာပြီး သံမဏိအရိုးဂိုဏ်း တပည့်ဖြစ်ပြီးနောက်မှာတော့ သူသည် ပိုးအိမ်ထဲမှ ပြန်ထွက်လာသော လိပ်ပြာလေးတစ်ကောင်လိုပင်။ အရောင်အသွေးစုံလင်စွာနှင့် လောကကြီးဆီ ခြေဆန့် ပျံသန်းနိုင်တော့မည် ဖြစ်သည်။
“ဂိုဏ်းချုပ် ..”
ရှောင်ကျီ ပြောလိုက်သည် “ကျွန်တော် ငိုချင်တယ်”
“သေချာနားထောင်”
ကျွင်းချောင်ရှောင်း အော်လိုက်သည် “သံမဏိအရိုးဂိုဏ်းရဲ့ ဆောင်ပုဒ် က သွေးထွက်လို့ရတယ်။ ငိုလို့မရဘူး”
“ကောင်းပါပြီ”
ရှောင်ကျီ အံကြိတ်ကာ အော်လိုက်သည်။
“ဒါပေမဲ့ ..”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “မင်း ငိုချင်ရင် ငိုလေ”
ရုတ်တရက် အမျိုးမျိုး ပြောင်းလဲနေသော အခြေအနေကြားမှာတော့ ရှောင်ကျီသည် ငိုချင်စိတ်တွေပင် ပျောက်ကွယ်သွားမိသည်။
ဂျုနီယာညီလေးရှောင်၏ အော်ရာများ ပြောင်းလဲသွားသည်ကို မြင်တော့ လီချင်းယန်သည် ပုလင်းအား ဖွင့်ကာ တခါတည်း မော့သောက်လိုက်တော့၏။
ချက်ချင်းဆိုသလိုပဲ သူ၏ စိတ်ဝိညာဉ်အမြစ်သည် အဆင့်မြင့်မှသည် အထူးအဆင့်သို့ ရောက်ရှိသွား၏။ကျင့်ကြံခြင်း အဆင့်သည်လည်း သိုင်းတပည့် အဆင့်ရှစ်မှသည် အဆင့်ကိုးသို့ ရောက်ရှိသွားခဲ့သည်။
သူ၏ အဆင့်များ တိုးတက်သွားသည်ကို သိရှိလိုက်တော့ လီချင်းယန် သူ၏ မျက်နှာအား ပွတ်သပ်ကာ ပြောလိုက်သည် “ဒါ အိမ်မက်တစ်ခုလား”
ရှောင်ကျီသည် ဆေးရည်၏ အလုပ်လုပ်ပုံအား သူ၏ စီနီယာအစ်ကိုကို သေချာ တီးတိုးရှင်းပြလိုက်သည်။
“ဂိုဏ်းချုပ် ..”
လီချင်းယန် အော်လိုက်သည် “ကျွန်တော် ငိုချင်နေတယ်။”
“တောင့်ခံထား”
“ကောင်းပါပြီ”