အခန်း (၁၉၈)
Vol. 14 Ch. 198
ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်အမြစ်သည် အထူးစိတ်ဝိညာဉ်အမြစ်သို့ တိုးတက်သွားခဲ့၏။
လီချင်းယန်နှင့် ရှောင်ကျီတို့၏ စိတ်ဝိညာဉ်အမြစ်သည်လည်း အထူး စိတ်ဝိညာဉ်အမြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဂိုဏ်းတစ်ခုထဲတွင် အထူးစိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော လူသုံးယောက် ရှိနေခြင်း။ ဤအရာသည် ချင်းယန်တစ်နိုင်ငံလုံးတွင်တောင်မှ ရှိပါ့မည်လား မပြောတတ်ပေ။
အထူးစိတ်ဝိညာဉ်အမြစ်ဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက် ရှောင်ကျီ၏ စိတ်ဝိညာဉ်အမြစ်အား ဖိနှိပ်ထားသော အဆိပ်များသည် ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် လက်လွတ်မပေးနိုင်သေးချေ။ သူ၏ တပည့်အား အဆိပ်မိအောင် ပြုလုပ်ခဲ့သည့်လူအား ရှာဖွေ ဖော်ထုတ်ရပေလိမ့်မည်။
ရှောင်မိသားစု၏ လက်တလောလုပ်ဆောင်ချက်အရ ကြည့်ရှုမည်ဆိုလျှင် ရှောင်ကျီ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်သည် ထိုသူများနှင့်ပတ်သက်လိမ့်မည်ဆိုတာ ကျွင်းချောင်ရှောင်း ခန့်မှန်း မိပြီးဖြစ်၏။ သို့ပေမဲ့ လက်ရှိတွင် သူ့၌ လုံလောက်သည့် သက်သေများ လိုအပ်နေသေး၏။
"ရှောင်မိသားစု …. ငါ့ကို သက်သေတစ်ခုခု ရှာလို မရပါစေနဲ့လို့ မင်းတို ဆုတောင်းကြ။ မဟုတ်ရင်တော့ ငါ မင်းတို့ အားလုံးကို သတ်ပစ်မယ်။"
ရှောင်ကျီသည် အဆိပ်မိချိန်၌ သံမဏိအရိုးဂိုဏ်းသားတစ်ယောက်မဟုတ်ခဲ့ချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအတွက် တရားမျှတမှုကို ရှာဖွေပေးချင်နေ၏။
အဘယ့်ကြောင့်ဆိုသော် သူသည် သူ၏တပည့်များအတွက် အလုံးစုံသောကိစ္စရပ်များ အားလုံးကို လုပ်ကိုင်ပေးရမည်မှာ သဘာဝပင် မဟုတ်လား။
ခဏလောက်အနားယူပြီးသည့်နောက် လီချင်းယန်နှင့် တစ်ခြားသူများ အားလုံးသည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို ပြန်လည်ရရှိသွားခဲ့ကြပြီး အခြေအနေလည်း ကောင်းမွန်လာခဲ့ကြပြီ ဖြစ်သည်။
"သွားကြစို့"
ကျွင်းချောင်ရှောင်သည် တပည့်များအား ဦးဆောင်ခေါ်သွားခဲ့ပြီး တည်နေရာမှ ထွက်ခွာလာခဲ့သည်။
သို့ပေမဲ့ သူသည် သေမင်းတောင်ကြားထဲမှ ထွက်ခွာမသွားခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် အလယ်အလတ်အဆင့် သားကောင်ဖမ်း ဘောလုံး ရှိနေသောကြောင့် ဖြစ်၏။
သူသည် အလွန်တရာ ကြည့်ကောင်းလှသော စီးတော်ယဉ် အား ဖန်တီးရမည်ဖြစ်သည်။
"ဝက်ကို စီးရမှာလား …. မဖြစ်နိုင်တာ"
သူ့အနေနှင့် တစ်စုံတစ်ရာကို စီးနင်းရမည်ဆိုလျှင် ကျား၊ ကျားသစ်၊ ဝံပုလွေ သို့မဟုတ် ခြင်္သေ့ တို့သာလျှင် ဖြစ်ရမည်။
သိုင်းဆရာအဆင့်ငါးသို့ အဆင့်ချိုးဖြတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မိမိကိုယ်ကို ပြိုင်ဘက်ကင်းနေပြီဟုပင် ခံစားမိနေသည်။
ဝေါင်း။
တည်နေရာတစ်ခုမှာ အဆင့်မြင့် ဝက်ဝံကြီးတစ်ကောင်သည် သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို ထိန်းကျောင်းရင်း တောနက်ထဲမှ ထွက်ပေါ်လာ၏။
သူ၏ ကြီးမားလှသော ဝက်ဝံလက်သည်းများသည် တည်နေရာတစ်ခုလုံးတွင်ရှိသော သစ်ပင်များကို ဖျက်ဆီးလျက်ရှိသည်။
ရွှီ။
ကျိုးဟုန်သည် လမ်းလျှောက်ထွက်သွားပြီး သူ၏ ဓားကို ဆွဲထုတ်ရန် ပြင်လိုက်သည်။
"နောက်ကိုဆုတ် …. မလုပ်နဲ့"
ကျွင်းချောင်ရှောင်းသည် သူ၏ ဘယ်လက်တွင်ရှိသော သံမဏိဒိုင်းကာအား ကိုင်ဆောင်ပြီး ညာလက်မှာတော့ လှံအား ကိုင်ဆောင်ကာ ရှေ့သို့ လှမ်းတက်သွားခဲ့၏။
ပြီးနောက် ဝိညာဉ်ခြေလှမ်းကို အသုံးပြုကာ ရှေ့သို့ မြန်မြန်ဆန်ဆန်ပဲ တိုးသွားသည်။
ဝုန်း ဝုန်း ဝုန်း။
"ကောင်းကင်ဘုံ ….. ဂိုဏ်းချုပ်က အရမ်းအားကောင်းတာပဲ။"
"သူ ဘာလို့ အစောကြီးကတည်းက တိုက်ခိုက်မှုတွေကို မလုပ်ခဲ့တာလဲ။”
“ဒါက စဉ်းစားနေစရာတောင် မလိုဘူး။ ဂိုဏ်းချုပ်က ငါတို့ကို လေ့ကျင့်ပေးဖို့ ဒီကို လာတာ မဟုတ်လား။"
သံမဏိအရိုးဂိုဏ်းတပည့်များသည် ဂိုဏ်းချုပ်နှင့် ဝက်ဝံကြီး၏ တိုက်ပွဲကို ကြည့်၍ အမျိုးမျိုး ဝေဖန်သုံးသပ်လျက်ရှိကြသည်။
ဆယ်မိနစ်လောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ လှံ၏ ထိပ်ပိုင်းသည် ဝက်ဝံကြီး၏ နှလုံးသားနေရာသို့ ထိုးစိုက်သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် ဝက်ဝံအလောင်းပေါ်သို့ ခုန်တက်ကာ ကြွေးကြော်လိုက်သည်။ "ဘယ်သူ ထပ်ပြီးတော့ တိုက်ခိုက်ချင်သေးလဲ။"
"အရမ်းကြမ်းတဲ့ ဂိုဏ်းချုပ် ….. အရမ်းကြမ်းတဲ့ဂိုဏ်းချုပ်"
တပည့်များသည် အော်ဟစ်၍ ချီးကျုးလိုက်ကြ၏။
ဟောင်ချီဂိုဏ်းမှာတုန်းက ကျွင်းချောင်ရှောင်းသည် အဆင့်တိုးတက်ခြင်း အဆောင်ကို ချိုးဖြတ်၍ နဂါးစိမ်းလခြမ်း ဓားမော့ကို ကိုင်ဆောင်ကာ သိုင်းစစ်သူကြီးအဆင့်တစ် ချင်ဟောင်ရန်ကို အနိုင်ယူခဲ့သည်။
ယခုသူသည် သိုင်းဆရာအဆင့်ငါးအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်၏။
သို့ပေမဲ့ သူသည် ချင်ဟောင်ရန်ထက် တစ်ဆင့်မြင့်သော ကြမ်းတမ်းလှသည့် သားရဲကြီးအား သံမဏိဒိုင်းကာ၊ လှံ စသည်တို့ကို ကိုင်ဆောင်၍ အနိုင် တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်သည်။
ဤအရာမှာ သူ၏ အားအင်များ အမြန် တိုးတက်လာပြီဟူသော သက်သေပြချက်ပင် ဖြစ်နေတော့သည်။
………
မကြာခင် အချိန်အတွင်းမှာပဲ …..
“အား ……”
လှိုဏ်ခေါင်းလေးထဲမှာတော့ ဂိုဏ်းချုပ်သည် လက်ထဲတွင် ဘောလုံးတစ်လုံး အား ကိုင်၍ လျှာထွက်မတတ် အမောတကော နှင့် ပြေးလွှားလျက် ရှိသည်။
သူ၏ နောက်မှာတော့ ကျားသစ်သားရဲ အထီးအမ တစ်စုံသည် အနောက်မှ အမဲဖျက်ရန် လိုက်လာကြ၏။
ကျားသစ်ထီး၏ ဦးခေါင်းပေါ်မှာတော့ ကြီးမားလှသော ဘုကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို ထင်ထင်ရှားရှား မြင်နေရသည်။။
ဤအရာသည် ဂိုဏ်းချုပ်ကျွင်း၏ လက်ထဲမှ ဘောလုံးကြောင့်ပင် ဖြစ်တော့၏။
ဆိုလိုသည့် အဓိပ္ပာယ် မှာ အလယ်အလတ်အဆင့် သားကောင်ဖမ်းဘောလုံးသည် ထိုသားရဲကြီးအား မဖမ်းဆီးနိုင်ခဲ့ခြင်းပင်။
"စီနီယာအစ်ကိုတို့ …. အခြေအနေက တစ်မျိုးကြီးပဲနော်။ ဂိုဏ်းချုပ်ကို ကြည့်ရတာ အန္တရာယ် ရှိနေပုံပဲ။ ကျွန်တော်တို့ သွားပြီး ကူညီကြမလား"
“မစိုးရိမ်နဲ့ ….. ငါ့အထင့်အရဆိုရင် ဂိုဏ်းချုပ်က ဒီကျားသစ်ကြီး နှစ်ကောင်ရဲ့ အားအင်ကို ငှားရမ်းအသုံးပြုပြီး သူ့ရဲ့လျှင်မြန်မှု ကို တိုးတက်စေချင်လို့ လေ့ကျင့်နေတာပဲ ဖြစ်ရမယ်။"
လီချင်းယန်၏ စကားကို ကြားတော့ အားလုံးသော လူများသည် ရုတ်တရက် နားလည်သွားကြ၏။
စုချောင်မိုနှင့် လီဖေးတို့သည် ခေါင်းတညိတ်ညိတ်ဖြင့် ချီးကျူးသလို ပြောလိုက်ကြသည်။
"ငါတို့လည်း ဂိုဏ်းချုပ်လိုမျိုး တစ်ချိန်ကျရင် ကိုယ့်ထက် အဆင့်နှစ်ဆင့်မြင့်တဲ့ သားရဲကြီးကို အသုံးပြုပြီး လျှင်မြန်မှု ပိုတိုးတက်အောင် ကျင့်ကြံနိုင်ရမယ်။"
ရွှီ။
ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြု၍ အဆုံးစွန်ထိ ပြေးလွှားလျက်ရှိသည်။
သူ၏ တပည့်များသည် သူတို့၏ ဂိုဏ်းချုပ် တစ်ယောက် လျင်မြန်မှုကို လေ့ကျင့်နေသည်ဟု ထင်မှတ်နေခြင်းကိုသာ သိရှိမည်ဆိုလျှင် သွေးသုံးလီတာခန့်ပင် အန်ထွက်ပေလိမ့်မည်။
“အား ….ဓ
နောက်ဆုံးမှာတော့ သူ အပတ်ရေအနည်းငယ် ပြေးလွှားပြီးသည့်နောက် သူ မည်သို့မှ သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် အော်ဟစ်လိုက်၏။ "ဟေ့ကောင်တွေ လာကယ်အုံး။"
သူသည် သိုင်းဆရာအဆင့်ငါးကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။ သို့ပေမဲ့ သိုင်းစစ်သူကြီးအဆင့် ကျားသစ်နက်နှစ်ကောင်နှင့် ရင်ဆိုင်ရချိန်မှာတော့ မည်သို့မှ ထိပ်တိုက်ရင်ဆိုင်၍ မဖြစ်နိုင်ချေ။
"အေးခဲလွင်ပြင်"
လုချင်းချင်းသည် ရှေ့မှ ဦးဆောင်၍ လုပ်ရှားလိုက်တော့သည်။
မြေပြင်တစ်ခုလုံးသည် ရုတ်တရက် အေးခဲသွား၏။
ကျွင်းချောင်ရှောင်း မည်မျှမြန်ဆန်သည်ဆိုဆို သူ့အနေနှင့် မြေပြင်အား ခြေထောက်နှင့် ထိတွေ့ရလိမ့်မည်။ ထို့ကြောင့်နှင့် သူသည် ခန္ဓာကိုယ်ဟန်ချက်ကို မည်သို့မှ မထိန်းချုပ်နိုင်ဘဲ ရေခဲပြင်ထဲတွင် လျှောထွက်သွားတော့သည်။
"ဂိုဏ်းချုပ် … သတိထား။"
စုချောင်မိုနှင့် လီဖေးတို့သည် ချက်ချင်း ပြေးတက်လာပြီး သူတို့၏ ဂိုဏ်းချုပ်အား ဖမ်းလိုက်၏။
သို့ပေမဲ့ သူ၏ လက်များ ဆန့်တန်းရန် ပြင်ဆင်နေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် သူ့တို့ နှစ်ယောက်ကြားမှ ဖြတ်ကျော်သွားပြီး ကြီးမားလှသည့် ကျောက်တုန်းကြီးတစ်ခုနှင့် တိုက်မိသွားတော့သည်။
ဘုန်း။
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းတစ်ခုလုံး ကြယ်တွေ၊ လတွေနှင့် ပြည့်နှက်သွားလေ၏။
"တောင်းပန်ပါတယ် ဂိုဏ်းချုပ် …… ကျွန်တော်တို့ တစ်လှမ်းနောက်ကျသွားတယ်"
ကျက်သစ်နက်ကြီးနှစ်ကောင်သည် အချိန်မှီရပ်တန့်ပြီး လုချင်းချင်းဆီအား လှည့်၍ ဟိန်းဟောက်လိုက်တော့သည်။
"ရေခဲကိုးလွှာ စည်းလက်ဝါး။"
ရွှီ …. ရွှီ။
ရုတ်တရက်ဆိုသလိုပဲ လေအေးများသည် သေးငယ်လှသော မြေပြင်တစ်ခုလုံးကို ပျံ့နှံ့ပြီး ရေခဲများအဖြစ် ဖြစ်တည်လာသည်။ ပြီးနောက် လေထုထဲမှာတော့ ရေခဲလက်ကြီးတစ်ဖက် ဖြစ်ပေါ်လာတော့သည်။
"ကောင်းကင်ဘုံ … ဒါက ဘယ်လို တိုက်ခိုက်ရေး နည်းစနစ်မျိုးလဲ။ အရမ်းကြည့်လို့ကောင်းတယ်"
တပည့်များသည် ထအော်လိုက်မိကြသည်။
ဆွစ်။
လုချင်းချင်းသည် ရေခဲလက်ကြီးကို ထိန်းချုပ်လိုက်၍ ညာဘက်ဆီမှ တိုးဝင်လာသော ကျားသစ်နက်ကြီးအား ဖမ်းဆုပ်လိုက်တော့သည်။
ရီရှင်းချန်သည် ရှေ့သို့ လှမ်းတက်ပြီး လင်းကျန့် ဓားသိုင်းကို ထုတ်ဖော်လိုက်၏။
ချက်ချင်းဆိုသလိုပဲ လေထုထဲမှာတော့ ဓားချီ သုံးဆယ်ကျော် ဖြစ်တည်လာပြီး ကျားသစ်သားရဲကြီးအား ရှစ်ပိုင်းပိုင်းဖြတ်လိုက်တော့သည်။
ဘုန်း။
ဘယ်ဘက်ဆီမှ ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။
တစ်ခြားသော ကျက်သစ်နက် သားရဲကြီးသည် ရှောင်ကျီ၏ အကာအကွယ်အတားအဆီးနှင့် ပိတ်ဆိုခြင်းကို ခံခဲ့ရသည်။
သို့ပေမဲ့ ရှောင်ကျီသည် နောက်သို့ ခြေတစ်လှမ်းသာ ဆုတ်ခွာခဲ့ရ၏။
"ဓားနည်းစနစ် …….. ကျက်သရေ ဓားကွက်။"
ကျိုးဟုန်သည် ဘေးတစ်ဖက်ဆီမှ ရောက်ရှိလာပြီး ကျားသစ်နက်ကြီးအား နှစ်ပိုင်း ပိုင်းပစ်လိုက်တော့၏။
သူတို့သည် အသင်းအဖွဲ့တစ်ခုအဖြစ် အတူပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။
အကြိမ်ပေါင်းများစွာတိုက်ခိုက်ပြီးသည့်နောက်မှာတော့ သူတို့သည် တစ်ယောက် နှင့် တစ်ယောက်ကြား နည်းဗျူဟာပိုင်းအရ ပိုပြီး နားလည်လာသလို တိုက်ခိုက်ရာတွင်လည်း အကျိုးသက်ရောက်မှု တိုးလာကြတော့၏။
ကြမ်းတမ်းလှသော သားရဲရိုင်းကြီးနှစ်ကောင်ကို ရင်ဆိုင်ပြီးသည့်နောက်မှာတော့ လီချင်းယန်သည် သလင်းအမြုတေနှင့် အရိုးများကို ထုတ်ယူလိုက်တော့သည်။
ဂိုဏ်းချုပ်ကျွင်းမှာတော့ ဟန်လုပ်၍ မနေနိုင်တော့ပေ။ သူ၏ရောင်ကိုင်းနေသော လက်တစ်ဖက်အား အသာပွတ်သပ်၍ ပြောလိုက်တော့သည်။ "နောက်တစ်နေရာကို သွားကြစို့"
နောက်တစ်ကြိမ်ဆိုလျှင် သူ ပို၍ သတိရှိရမည် ဖြစ်သည်။
တစ်ခြားလှိုဏ်ခေါင်းထဲသို့ ဝင်ပြီးသည့်နောက်မှာတော့ သူသည် ပထမဦးဆုံး သားရဲများ၏ အဆင့် နှင့် အကောင် အရေအတွက်ကို သတိထားတော့၏
"ဂိုဏ်းချုပ် …."
သူတို့ လှိုဏ်ခေါင်းတစ်ခု၏ အဝင်ဝကို ရောက်ရှိချိန်မှာတော့ စုရှောင်မို ထအော်လိုက်၏။
"ဟိုမှာ …. လျှပ်စစ်ဓာတ်တွေ ထုတ်နေတဲ့ ကျားသားရဲတစ်ကောင်ရှိတယ် ကြည့်"
ကျွင်းချောင်ရှောင်း အလောတကြီးဖြင့် လှမ်းကြည့်လိုက်သည်။
"သေချာပြီ"
ခရမ်းရောင် လျှပ်စစ်ဓာတ်တွေကို ထုတ်ဖော်လျှက်ရှိသော ကျားသားရဲတစ်ကောင်အား သူ မြင်လိုက်ရ၏။
ရီရှင်းချန် ကြောင်အသွား၏။ လျှပ်စစ်၊ မိုးကြိုးဓာတ်အမျိုးအစား ကျားသားရဲလေးတစ်ကောင်က ဒီလိုမျိုး အဆင့်နိမ့် တည်နေရာထဲမှာ ရှိနေလိမ့်မည်ဟု သူ မထင်မိခဲ့ချေ။
ဤသတ္တဝါသည် နှစ်မီတာလောက် ရှည်လျားသော သတ္တဝါကြီးဖြစ်သည်။ သို့ပေမဲ့ သားပေါက်လေးတစ်ကောင် ဖြစ်လို့နေ၏။ အရွယ်သာရောက်လာမည်ဆိုလျှင် ရှစ်မီတာ ၊ ကိုးမီတာလောက်ပင် ရှည်လျားသော သတ္တဝါ တစ်ကောင် ဖြစ်မည်လား မပြောတတ်ပေ။
သားပေါက်လေး ဖြစ်သောကြောင့် ၎င်း၏ကျင့်ကြံခြင်းအဆင့်သည် မြင့်မားလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဖမ်းဆီးရန် စဉ်းစားလိုက်တော့၏။ "သွား … သားကောင်ဖမ်းဘောလုံး။"
ကျွင်းချောင်ရှောင်းသည် သူ၏ အားအင်များကို အပြည့်ဖြည့်ပြီး သားကောက်ဖမ်းဘောလုံးအား ပစ်လွှတ်လိုက်တော့သည်။
ခရမ်းရောင် လျှပ်စီးဓာတ်တွေကို ထုတ်ဖော်လျက်ရှိသော ကျားသားရဲသည် အန္တရာယ်ကို သတိထားမိလိုက်၏။ ထို့ကြောင့် အလောတကြီးဖြင့် အပြင်ဘက်သို့ လှည့်ကာ ထွက်ပြေးတော့၏။
တည်နေရာထဲမှာတော့ မိုးကြိုးနှင့် လျှပ်စီးပုံရိပ်များဖြစ်၍ ကျန်ခဲ့တော့သည်။
ရွှီ။
ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ခြေလှမ်းကို အသုံးပြု၍ သားကောင်ဖမ်းဘောလုံးအား အသာလိုက်ဖမ်းကာ လှိုဏ်ဂူ၏ အဝင်ဝဆီသို့ လိုက်သွားတော့၏။
သူတို့နှစ်ယောက်အကွာအဝေးသည် အသက်တစ်ရှိက်စာအတွင်းမှာပဲ ပိုမို၍ နီးကပ်လာသည်။
ကျွင်းချောင်ရှောင်းသည် သားကောင်ဖမ်းဘောလုံးကို ထပ်မံ၍ ပစ်လွှတ်လိုက်၏။
ဤတစ်ကြိမ်မှာတော့ သူသည် အား အတော်အတန်သုံးထားသည် ဖြစ်သောကြောင့် သားကောင်ဖမ်းဘောလုံးသည် အလွန်တရာ မြန်ဆန်လှ၏။ ထို့ကြောင့်ပင် ခရမ်းလျှပ်စီးကျားသားရဲ၏ ဖင်တည့်တည့်အား ထိမှန်သွားတော့သည်။
ဂွီး။
ကျားသားရဲသည် ရုတ်တရက်ဆိုသလိုပဲ ရပ်တန့်သွား၏။ ပြီးနောက် သူ၏ မျက်လုံးထဲတွင်ရှိသော ခရမ်းရောင် လျှပ်စီးဓာတ်များသည် မှေးမှိန်သွားတော့၏။
ခဏအကြာမှာတော့ ကျားသားရဲသည် သားကောင်ဖမ်း ဘောလုံး၏ ရစ်ပတ်ခြင်းကို ခံလိုက်ရတော့သည်။
“ဟား ဟား ဟား။”
ကျွင်းချောင်ရှောင်းသည် ရယ်လိုက်၏။ ပြီးနောက် သူသည် ခရမ်းရောင် လျှပ်စီးကျားသားရဲ၏ ဦးခေါင်းအား ပွတ်သပ်ကာ ပြောလိုက်၏။ "ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ သားရဲ ဖြစ်ပြီပဲ။"
သူသည် ကျားသားရဲကြီးနှင့် ပဋိညာဉ်ရေးထိုးပြီးပြီဖြစ်သောကြောင့် ခရမ်းရောင် လျှပ်စီးဓာတ်များသည် သူ၏ ခန္ဓာကိုယ်အား မထိခိုက်နိုင်စေပေ။
ဝူး .. ဝူး …။
ထိုအချိန်မှာပဲ နားကွဲလောက်စရာ အသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကြီးတစ်ခုလုံး မှောင်မဲသွားသည်ဟုပင် ခံစားမိလိုက်၏။
ထို့ကြောင့် သူ မော့ကြည့်လိုက်ချိန်မှာတော့ မီးနဂါးသားရဲကြီးထက် အဆပေါင်းများစွာ ကြီးမားသော သားရဲကြီးတစ်ကောင်သည် လှိုဏ်ခေါင်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာကြောင်း အံ့အားသင့်ဖွယ် မြင်လိုက်ရတော့သည်။