အခန်း (၂၀၀)
Vol. 14 Ch. 200
အဆင့်ငါး ကျောက်တုံးလူသား၏ သာမန် တိုက်ခိုက်ချက်တစ်ခုတွင်တောင်မှ ဂျင်ခြောက်သိန်းလောက်ရှိသော အားအင်များ ပါဝင်နေ၏။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ထိပ်တိုက်မရင်ဆိုင်ရဲချေ။
ဝိညာဉ်ခြေလှမ်းကွက်ကိုသာ အသုံးပြု၍ တောက်လျှောက် ရှောင်ရှားလျက်ရှိ၏။
ကံကောင်းစွာဖြင့် ထိုကောင်ကြီး၏တိုက်ခိုက်မှုသည် မမြန်ဆန်လွန်းလှချေ။ ထို့ကြောင့်လည်း သူ ဘေးအန္တရာယ်ကင်းကင်းဖြင့် ရှောင်ရှားနေနိုင်နေခြင်းဖြစ်သည်။
သို့ပေမဲ့ ဝိညာဉ်ခြေလှမ်းကွက်အား တောက်လျှောက်အသုံးပြုရခြင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို ကုန်ခမ်းစေ၏။
ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များအရဆိုလျှင် ဤ ဝိညာဉ်ခြေလှမ်းကွက် ကို အသုံးပြုရသည်မှာ စွမ်းအင် ပမာဏ အများအပြား ကုန်ခမ်းလှသည်တော့မဟုတ်ချေ။
သို့ပေမဲ့ ဤကဲ့သို့သော ဆက်တိုက်ကြီး ရှောင်ရှားနေရမည်ဆိုလျှင် သူ၏ဒန်ထျန်ထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ကျိန်းသေပေါက် ကုန်ခမ်း၍ နောက်ဆုံးတစ်ချိန်၌ အားပြတ်ကာ သေဆုံးရပေလိမ့်မည်။
ဤသို့သော အခြေအနေတွင် စနစ်သည် သူ့အား သီးခြားတာဝန်တစ်ခု ပေးစွမ်းခဲ့၏။ ထိုအရာသည် ဤတည်နေရာထဲ၌ ငါးနာရီကြာ နေထိုင်စေခြင်းပင်။
သာမန်အခြေအနေအရဆိုလျှင် ဤနေရာ၌ ငါးနာရီကြာ နေထိုင်ရသည် ဆိုသည်မှာ သူ့အတွက် ပြဿနာကြီးမဟုတ်ချေ။
သို့ပေမဲ့ လတ်တလောအခြေအနေမှာတော့ သူသည် သူ၏အသက် ရှင်သန်နိုင်ရန်အတွက် ရှောင်ရှား၍ ပြေးလွှားနေရသည်။
သူ့အနေနှင့် ဤနှုန်းအတိုင်း ဆက်လက်ပြေးလွှားနေမည်ဆိုပါက နှစ်နာရီလောက် ကြာအောင်နေနိုင်လျှင်ပင် အလွန်တရာ အံ့အားသင့်စရာကောင်းသည့် ရလဒ်ဖြစ်ပေလိမ့်မည်။
အနှစ်ချုပ်ရလျှင် အလုံးစုံ မဖြစ်နိုင်သော တာဝန်တစ်ခုပင် ဖြစ်သည်။
စနစ်မှပြောလိုက်၏။ "အချိန်အကန့်အသတ်တာဝန်မျိုးဆိုတာ အလွန်တရာ ရှားပါးတယ်။လက်ခံသူက ပြည့်စုံအောင် လုပ်နိုင်ရင် အလွန်တရာ ရက်ရောလှတဲ့ ဆုလာဘ်ကိုရမှာ သေချာတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဒီတာဝန်ကို ဘယ်လိုလုပ်ပြည့်အောင် လုပ်ရမှာလဲ"
သူသည်လည်း တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ချင်သည်။ အလွန်တရာ ရက်ရောလှသော ဆုလာဘ် ဆိုသည်ကိုလည်း လက်ခံရယူချင်၏။ သို့ပေမဲ့ ငါးနာရီကျော်အောင် မည်သိုနေရမည်ဆိုသည်ကို သူစဉ်းစား၍မရချေ။
"တာဝန်ဟုတ်လား … အသက်သေသွားမှာတော့ ဒီတာဝန်အောင်မြင်အောင်လုပ်တော့ကော ဘာထူးမှာလဲ။"
"နေအုံး"
ကျောက်လူသား၏ တိုက်ခိုက်မှုကို ရှောင်ရှားနေရသော ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိ၏။ ဒီကောင်ကြီးကို ငါ မြန်မြန်ဆန်ဆန်ရှင်းပြီး ဒီနေရာမှာ ငါးနာရီလောက်ထိုင်လိုက်မယ်ဆိုရင်ကော အဆင်ပြေနိုင်တယ်မလား။
စနစ် "..."
ဤအရာသည် အမှန်တကယ်ပင် နတ်ဘုရားအဆင့် တွေးတောခြင်းပင်ဖြစ်၏။
ကျွင်းချောင်ရှောင်း တီးတိုးပြောလိုက်၏။ "ငါးနာရီကြာအောင် ဒီနေရာထဲမှာ နေထိုင်ဖို့ဆိုတာက သိပ်မဖြစ်နိုင်ဘူး။ဒီတော့ ဒီနေရာမှာနေချင်ရင် ဒီကောင်ကြီးကို အရင်ဆုံး ရှင်းပစ်မှဖြစ်မယ်။"
"ရွှီ"
ကျွင်းချောင်ရှောင်းသည် လက်ကြီးကိုမြှောက်ကာ တိုက်ခိုက်လာသော ကျောက်တုံးလူသားကြီးကိုကြည့်၍ အေးစက်စက်ပြောလိုက်သည်။ "ကျောက်တုံးလူသားကြီး မင်းက တကယ် ငါ့ကို စိတ်တိုနေတာပဲ။"
"ဝမ်"
သူ၏လက်ထဲတွင် အလင်းတန်းတစ်ခု ဖြစ်တည်လာပြီး အအေးဓား အား ဆင့်ခေါ်လိုက်တော့သည်။
"ဟူးး ဟူးး"
ကျောက်လူသားကြီးသည် သူ၏ကြီးမားလှသော လက်ကြီးကို လွှဲရမ်း၍ ကြောက်မက်ဖွယ်ရာ အားအင်နှင့်အတူ ကျွင်းချောင်ရှောင်းအား ထုနှက်လိုက်တော့သည်။
ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြုပြီး ကြီးမားလှသော လက်သီးကြီးအား ရှောင်ရှားကာ သူ၏ဓားကိုမြှောက်ကာ အော်လိုက်၏။
"ကိုးလှိုင်းဓားသိုင်း"
"ရွှီ … ရွှီ … ရွှီ …. ရွှီ"
ဓားအလင်းများ ဖြတ်သန်းသွားပြီး ဓားချီများသည်လည်း တည်နေရာတစ်ခုလုံးတွင် ရှုပ်ယှက်ခတ်စွာ ပေါ်ပေါက်လာတော့သည်။
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးလူသား၏ရှေ့သို့ ရောက်ရှိလာပြီး လေထဲသို့ ခုန်တက်လိုက်၏။
ပြီးနောက် ကိုးလှိုင်း ဓားသိုင်းအား အသုံးပြုလိုက်သည့် အချိန်မှာတော့ ဓားချီများသည် ကျောက်လူသား ၏ပေါင်နေရာအား ထိမှန်သွားတော့သည်။
သို့ပေမဲ့ အကျိုးသက်ရောက်မှု မရှိပေ။ ကျောက်လူသား၏ခန္ဓာကိုယ်ပေါ်မှာတော့ ဓားရာတစ်ခုတောင် ကျန်ရစ်မနေခဲ့ပေ။
"ဘုတ်"
ကျွင်းချောင်ရှောင်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီးသည့်နောက်မှာတော့ ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြု၍ နောက်သို့အလျင်အမြန် ရှောင်ရှားလိုက်၏။
"ချီးတဲ့မှ … ဒီကောင်ကြီးက အရမ်းမာတာပဲ။"
စနစ်မှပြောလိုက်သည်။ "ကျောက်တုံးအမျိုးအစား သားရဲတွေရဲ့ ခုခံမှုက အရမ်းကို အားကောင်းလွန်းနေတယ်။ဒီတော့ အဆင့်နိမ့် အအေးဓားက ဒီကောင်ကြီးကို ဒဏ်ရာရအောင် လုပ်နိုင်မယ်မထင်ဘူး။"
"နားလည်ပြီ။" ကျွင်းချောင်ရှောင်းသည် သူ၏ဓားကို အသာပြန်ရုတ်ကာ ပြောလိုက်၏။
"မင်းဆိုလိုတာက အအေးဓားနဲ့ အလုပ်မဖြစ်ဘူးဆိုတော့ နဂါးစိမ်းလခြမ်းဓားမော့နဲ့ အလုပ်ဖြစ်မယ်ပေါ့။"
စနစ် "..."
ဘယ်သူကပြောလို့တုန်း။မင်းဘာမင်း တွေးချင်တာတွေ လျှောက်တွေးနေတာမလား။
"ရွှီ"
သိုလှောင်လက်စွပ်ထဲမှာတော့ စဦးအဆင့် စွမ်းအင်မြှင့်တင်ခြင်းအဆောင်သည် ချိုးဖျက်ခြင်းခံလိုက်ရတော့သည်။
ပြီးနောက် ရုတ်တရက်ဆိုသလိုပဲ အလွန်တရာ များပြားသော အားအင်များသည် သူ၏ခန္ဓာကိုယ်ထဲမှာ ဖြစ်တည်လာသည်ဟု ကျွင်းချောင်ရှောင်း ခံစားလိုက်မိသည်။ သူ၏ နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားတော့၏။ "ငါ့အားအင်က ဂျင်ရှစ်သောင်းလောက်ရှိတယ်။ အခု ငါးဆတက်သွားပြီဆိုတော့ ဂျင်လေးသိန်းရှစ်သောင်းပဲ။ဒီအားအင်နဲ့ဆိုရင် နဂါးစိမ်းလခြမ်းဓားမော့ကြီး ကောင်းကောင်းကိုင်နိုင်ပြီ။"
"နေအုံး"
စနစ်မှပြောလိုက်သည်။ "ရှစ်ငါးလီ သုံးဆယ့်ခြောက် မဟုတ်ဘူးလား။"
ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။
"ဘယ်လောက်ဖြစ်ဖြစ်ကွာ … အားအင်တိုးသွားရင် ပြီးတာပဲ။"
စနစ်သည် သူ့အား ရင်နာအောင်ပြောလိုက်၏။ "စဦးအဆင့် အားအင်တိုးတက်ခြင်း အဆောင်ဆီမှာလည်း နောက်ဆုံး အကန့်အသတ်ဆိုတာ ရှိတယ်။ လက်ခံသူရဲ့ လက်ရှိအဆင့်အရဆိုရင် အများဆုံး ဂျင်သုံးသိန်းလောက်ပဲ တိုးလာစေလိမ့်မယ်။"
"ဂျင်သုံးသိန်း ဟုတ်လား။တစ်သိန်းလောက်ပဲကွာတာ ကိစ္စမရှိဘူး။"
စနစ်သည် ဆွံ့အစွာဖြင့် ပြောလိုက်၏။ "အဆင့်တူ တိုက်ပွဲတစ်ခုထဲမှာ ဂျင်တစ်ထောင်၊ နှစ်ထောင်လောက် ကွာရင်တောင်မှ တိုက်ပွဲရဲ့ အဆုံးအဖြတ်ကို ပြောင်းလဲစေနိုင်တယ်။ အခုက တစ်သိန်းတောင် ကွာတာလေ။ မင်းငါ့ကို ပေါက်ကရတွေပြောတာ တော်လိုက်တော့။"
"ဟူး …. ဟူး"
ကျောက်လူသားကြီးသည် ထပ်မံ၍ တိုက်ခိုက်လိုက်တော့သည်။
သူသည် လက်ကြီးနှစ်ဖက်ကို ဝေ့ယမ်းကာ ထွက်ပြေးနိုင်လောက်သော လမ်းကြောင်းများကို ပိတ်ဆို၍ တိုက်ခိုက်နေခြင်းပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည်လည်း တိုက်ကွက်လားရာအား တွက်ချက်မှု၌ အလွန်တရာ မြန်ဆန်လှသည်။
ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြု၍ သူ့အား တိုက်ခိုက်လာသော လမ်းကြောင်းများအားလုံးကို ကြိုတင်၍ ရှောင်ရှားခဲ့ပြီးဖြစ်၏။
သူသည် လက်ကြီးနှစ်ဖက်ကြားထဲတွင် ဟိုခုန်ဒီခုန်ဖြင့် တောက်လျှောက် ထွက်ပြေးလျက်ရှိသည်။
"ရွှီ"
ပြီးနောက် သူသည် ကျောက်လူသား၏ ညာခြေထောက်ပေါ်သို့ လှမ်းတက်၍ အဝေးတစ်နေရာဆီသို့ လှမ်းခုန် လိုက်၏။
"ဝမ် ….."
သူ၏ခန္ဓာကိုယ်သည် အဝေးတစ်နေရာသို့ ရောက်ရှိချိန်မှာတော့ သူ၏လက်ထဲတွင် နဂါးစိမ်းလခြမ်းဓားမော့ ပေါ်လာတော့သည်။
ချက်ချင်းဆိုသလိုပဲ ကြီးမား၍ အားကောင်းလှသော အော်ရာများသည် လေထုထဲတွင် ပေါက်ကွဲ ဖြစ်တည်လာတော့သည်။
ဓားမော့ထဲသို့ ဂျင်သုံးသိန်းနီးပါးရှိသော အားအင်များသည် တိုးဝင်လာပြီး အလွန်တရာ ထက်ရှသည့် အရှိန်အဝါများကို ထုတ်ဖော်လာနိုင်တော့၏။
"ရွှီ"
ကျွင်းချောင်ရှောင်းသည် ဓားကြီးအား ကိုင်ဆောင်ပြီး ရုတ်တရက်ဆိုသလိုပဲ ခုတ်ပိုင်းလိုက်တော့၏။
ချက်ချင်းဆိုသလိုပဲ သံသံချင်းထိမှန်သည့် အသံကြီးထွက်ပေါ်လာပြီး မီးပွားများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ခြင်း ခံထားရသော ကွမ်ယု၏ လက်နက် ပီသစွာဖြင့် ကြီးမားလှသော ကျောက်တုံးကြီးအား တိုက်ရိုက်ခုတ်ပိုင်းနိုင်ခဲ့၏။
"ရွှီ"
ကျွင်းချောင်ရှောင်းသည် မြေပြင်သို့ ဆင်းသက်လာပြီးသည့်နောက် သူ၏ ဓားမေ့ာကြီးနှင့် ကျောက်လူသားကြီးအား ဝိုင်းပတ်၍ ခုတ်ထစ်လိုက်တော့သည်။
"ဂျင်သုံးသိန်းအားနဲ့ဆိုတော့ ဓားမော့ကြီးက အရင်ကထပ်စာရင် ကိုင်ရတာ ပိုပြီးပေါ့လာတာပဲ။"
ဝုန်း … ။
ကြီးမားလှသည့် ကျောက်တုံးကြီးကို ခုတ်ပိုင်းပြီးသည့်နောက်မှာ ကျောက်အပိုင်းအစများသည် အောက်သို့ ပဲ့ကျသွားတော့သည်။
ကျောက်လူသားကြီးသည် ချက်ချင်းဆိုသလိုပဲ နာကျင်စွာ အော်ဟစ်လိုက်၏။
ထိုအခွင့်အရေးကို အရယူပြီး ကျွင်းချောင်ရှောင်းသည် အနောက်ဘက်ဆီသို့ လှမ်းတက်လိုက်ပြီး ကျောက်လူသားကြီး၏ ခြေထောက်နေရာသို့ ထပ်မံ၍ ခုတ်ပိုင်းလိုက်တော့သည်။
ခြေထောက်အား ခုတ်ပိုင်းခြင်းဆိုသည်မှာ ကြီးမားလှသည့် တိုက်ခိုက်မှုမျိုးတော့မဟုတ်ပေ။ သို့ပေမဲ့ ကျောက်လူသားကြီး၏ ဟန်ချက်ကိုတော့ ပျက်ယွင်းသွားစေနိုင်၏။
"ဘုန်း"
ဓားမော့ကြီးသည် ကျောက်လူသားကြီး၏ ခြေထောက်တည်နေရာအား မီတာဝက်လောက်ရှိသော ကြီးမားသည့် ဒဏ်ရာကြီးအဖြစ် ဖြစ်တည်စေခဲ့သည်။
"ဘုန်း ဘုန်း"
ကျွင်းချောင်ရှောင်း၏ ဆက်တိုက်တိုက်ခိုက်မှု အောက်မှာတော့ ခြေချင်းဝတ်သည် လေးကြိမ်တိတိ တိုက်ခိုက်ခံရပြီးဖြစ်၏။
ခြေချင်းဝတ်တည်နေရာတွင် နှစ်မီတာအနက်ရှိသော ဒဏ်ရာကြီးတစ်ခု ဖြစ်တည်လာတော့သည်။
ထိုအချိန်မှာတော့ ကျောက်လူသားကြီး၏လက်သီးကြီးသည် အောက်သို့ ဆင်းသက်လာတော့သည်။ ဤတစ်ကြိမ် တိုက်ခိုက်လိုက်သော အားအင်အဆင့်သည် ဂျင်ခုနစ်သိန်းနီးပါးခန့် ဖြစ်၏။
လေများပင် တဟုန်းဟုန်းဖြင့် ဖြစ်တည်လာသည်။
"ဘုန်း"
မြေပြင်တစ်ခုလုံးသည် တုန်ခါသွား၏။
အစောထဲက ကြိုတင်ရှောင်ရှားပြီးဖြစ်သော ကျွင်းချောင်ရှောင်းသည် ကျောက်နံရံ၏ အဆုံးတစ်နေရာတွင် မတ်မတ်ရပ်လိုက်သည်။
သူသည် လက်ထဲတွင် သူ၏ဓားမော့ကြီးအား ကိုင်ဆောင်၍ လှောင်ပြောင်လိုက်မိ၏။ "ဟေ့ကောင်ကြီး … ငါဒီမှာ လာလေ … လာလေ။"
"ဝူး …." ကျောက်လူသားကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ ပြီးနောက် ရှေ့သို့ လှမ်းတက်လိုက်သည်။
သို့ပေမဲ့ သူသည် ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ချိန်မှာတော့ ခုတ်ဖြတ်ခံထားရသော နေရာသည် ဟန်ချက်ကို မထိန်းနိုင်တော့ဘဲ ပစ်လဲကျသွားတော့၏။
ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ ကျဆင်းသွားချိန်မှာတော့ အနီးပတ်ဝန်းကျင်ရှိ တည်နေရာတစ်ခုလုံးသည် တုန်ခါသွားတော့သည်။
အပြင်ဘက်မှာတော့ ကျောက်နံရံကြီးပေါ်သို့ ခက်ခက်ခဲခဲတက်လာသော စုရှောင်မိုသည် ဟန်ချက်ပျက်ကာ အောက်သို့ပြုတ်ကျ သွားတော့သည်။
ကျောက်လူသားကြီး ချော်လဲသွားသည်ကို အခွင့်ကောင်းယူ၍ ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ သူ၏ဓားမော့ကြီးအား မြှောက်၍ ခုတ်ပိုင်းရန် ပြင်လိုက်သည်။ သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူဆွံ့အသွားမိ၏။
အဘယ့်ကြောင့်ဆိုသော် တစ်ခြားသော တည်နေရာများတွင်ရှိသော ကျောက်တုံးများသည် ကျောက်လူသားကြီး ဆီသို့ ပျံသန်းရောက်ရှိလာပြီး ကျိုးပျက်သွားသော ခြေထောက်နေရာတွင် ပြန်လည်အစားထိုး ကာ အလုံးစုံ ပြည့်စုံသော ခြေထောက်တစ်ဖက်အဖြစ်သို့ ပြန်လည်ဖြစ်တည်သွားစေသည်။
"ချီးတဲ့မှ …. သူ့အလိုလိုလည်း ပြန်ပြင်နိုင်တာလား။"
"ဟူး ….."
ကျောက်လူသားကြီးသည် ထပ်မံ၍ မတ်မတ်ရပ်လိုက်၏။
သူ၏ကြီးမားလှသော မျက်လုံးကြီးများတွင် အလွန်တရာ ကြမ်းရမ်းသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သူသည် အဆုံးစွန်ထိ ဒေါသထွက်နေပြီဖြစ်သည်။
သူ၏ လက်များကို မြှောက်၍ ခကျွင်းချောင်ရှောင်းအား အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် တိုက်ခိုက် လိုက်တော့သည်။
ကျွင်းချောင်ရှောင်းသည် သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ ပြီးနောက် သူသည် ခြောက်မီတာ ခုနစ်မီတာနီးပါးခန့်ရှိသော တောင်နံရံပေါ်မှ ခုန်ဆင်းလိုက်တော့၏။
ကျောက်လူသားကြီးသည် အနီးနားတွင်ရှိသော ကျောက်နံရံတစ်ခုအား အသာဆွဲကိုင်မြှောက်ကာ ကျွင်းချောင်ရှောင်းအား တောက်လျှောက်လိုက်လံ ရိုက်နှက်တော့၏။
"ဘုန်း ဘုန်း ဘုန်း"
သို့ပေမဲ့ အချိန်အတော်ကြာသည်ထိ ကျွင်းချောင်ရှောင်းအား မထိမှန်ခဲ့ပေ။
ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြု၍ နဂါးစိမ်းလခြမ်းဓားမော့ကို ကိုင်ဆောင်ကာ မြန်မြန်ဆန်ဆန်ပဲ ရွေ့လျားသွားလာလျက်ရှိသည်။
သို့ပေမဲ့ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များမှာတော့ အလွန်အမင်း ကုန်ခမ်းလာ၏။
"ဒီတိုင်းဆို ငါမတတ်နိုင်တော့ဘူး။ ဖြစ်နိုင်သမျှ ဒီကောင်ကြီးကို မြန်မြန်ရှင်းပစ်မှ ဖြစ်မယ်။"
ကျွင်းချောင်ရှောင်း စိတ်ထဲမှ တွေးတောလိုက်မိ၏။ "နဂါးစိမ်းလခြမ်းဓားမော့ရဲ့ အထူးအစွမ်းသက်ရောက်မှုကို ဘယ်လို အသက်သွင်းရမလဲ။"
စနစ်မှပြောလိုက်သည်။ "ကိုယ့်ရဲ့စိတ်နဲ့ ဓားမော့ကို ပူးပေါင်းလိုက်။ပြီးရင် အထဲမှာရှိတဲ့ ကွမ်ယုရဲ့ဝိညာဉ်ကို ဆက်သွယ်လိုက်ရုံပဲ။"
ကျွင်းချောင်ရှောင်းသည် ထပ်မံ၍ ရှောင်တိမ်းလိုက်ပြီး ဘေးလွတ်ကင်းရာ တည်နေရာ၌ ရပ်တန့်လိုက်၏။
ပြီးနောက် ဓားမော့ကြီးအား မြေပေါ်သို့ စိုက်လိုက်ပြီး ကျောက်လူသားကြီးအား ကြည့်လိုက်မိ၏။ သူ၏မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် ပြည့်နှက်နေသည်။ "ဟေ့ကောင်ကြီး … မင်းက ငါ့ကို တကယ်ကို ဒေါသထွက်စေတာပဲ။"
"ဟူး … ဟူး"
ရုတ်တရက်ဆိုသလိုပဲ နဂါးစိမ်းလခြမ်းဓားမော့ဆီမှ အစိမ်းရောင် အငွေ့အသက်များ ထွက်ပေါ်လာပြီး ကျွင်းချောင်ရှောင်းအား ရစ်ပတ်သွားတော့၏။
နောက်ဆုံးမှာတော့ ကျွင်းချောင်ရှောင်း၏ အနောက်ဘက်တွင် ပုံရိပ်ယောင်တစ်ခု ဖြစ်တည်လာသည်။
ထိုပုံရိပ်ယောင်သည် နှစ်မီတာ ၊ သုံးမီတာခန့်ရှိသော ယောက်ျားတစ်ယောက်ဖြစ်ပြီး မျက်နှာသွယ်သွယ် တည်ကြည်ခန့်ညားလှသော ဥပဓိရုပ်ရှိ၍ ရှည်လျားသည့် မုတ်ဆိတ်များကိုလည်း ပိုင်ဆိုင်ထား၏။
ထိုသူသည် အစိမ်းရောင်ချပ်ဝတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲမှာတော့ နဂါးစိမ်းလခြမ်းဓားမော့ ပုံရိပ်ယောင်တစ်ခုကို ကိုင်ဆောင်ထားတော့သည်။
ထိုပုံရိပ်ယောင်ကြီး၏ ရှေ့တွင်ရှိသော ကျွင်းချောင်ရှောင်းသည် ကလေးလေးတစ်ယောက် ကဲ့သို့ပင် ဖြစ်လျက်ရှိသည်။
"ရွှီ”
ပုံရိပ်ယောင်သည် လက်ထဲတွင်ရှိသော ဓားမော့ကြီးအား ဖြေးညှင်းစွာမြှောက်ပြီး ဂုဏ်ယူစွာပြောလိုက်သည်။ "ငါက ကွမ်ယုပဲ။"