အခန်း (၂၀၁)
Vol. 14 Ch. 201
ကျွင်းချောင်ရှောင်းသည် သူ၏ နဂါးစိမ်းလခြမ်းဓားမော့ ကြီးနှင့် စိတ်ချင်း ဆက်သွယ်ချိန်မှာတော့ သူ၏ ဝိညာဉ်သည် ဓားမော့နှင့် တစ်သားတည်း ပေါင်းစည်းသွား၏။
လွတ်မြောက်တည်နေရာတစ်ခုမှာတော့ အသက်ဝင်နေသကဲ့သို့ ခန့်ညားလှသည့် ရုပ်တုတစ်ခုသည် မတ်မတ်ရပ်လျက်ရှိပြီး အလွန်အမင်း အားကောင်းလှသော အော်ရာများအား ထုတ်ဖော်လျက်ရှိသည်။
ထူထဲပြီး ထင်းရှားလွန်းသည့် မျက်ခုံးများ ၊ အနီရောင် ဖီးနစ်မျက်လုံးတစ်စုံ နှင့် မုတ်ဆိတ်ရှည်များ။
ထိုရုပ်တုသည် အရှင်ကွမ်ယု ပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်း သည် လက်သီးဆုပ်ကာ ဂါရဝ ပြုလိုက်၏။
ဝှစ် …..
အရှင်ကွမ်ယု၏ မျက်လုံးများသည် အသက်ဝင်လာသလို တောက်ပလာသည်။
ကျွင်းချောင်ရှောင်း အရှင်ကွမ်ယုအား ဂါရဝ ပြုလိုက်ချိန်မှာတော့ နဂါးစိမ်းလခြမ်းဓားမော့ ဆီမှ အစိမ်းရောင် မြူငွေ့လို အရာများ ထွက်ပေါ်လာပြီး ပုံရိပ်ယောင် တစ်ခု အဖြစ် ဖြစ်တည်လာ၏။
ထိုပုံရိပ်ယောင်သည် အရှင်ကွမ်ယုပင် ဖြစ်တော့သည်။
ထိတွေ့ကိုင်တွယ်နိုင်သော ဒြပ်ထု ကိုယ်ထည် တစ်ခု မဟုတ်သော်လည်း ထွက်ပေါ်နေသော အော်ရာများမှာ အလွန်အမင်း အားကောင်းလွန်းလှ၏။
“ကျုပ်က ကွမ်ယု ပဲ”
အရှင်ကွမ်ယု သည် သူ၏ ဓားမော့ကြီးအား မြှောက်ကိုင်ကာ ခေါင်းလောင်းထိုးသံ လို ကျယ်လောင်လှသော အသံနက်ကြီးဖြင့် ကြုံးဝါးလိုက်သည်။ သူ၏ အသံနှင့် မာန်သည် အလွန်အမင်း မောက်မာလှသည်။
လက်ရှိတွင် ရှိနေသည်မှာ လူသားကျင့်ကြံသူ တစ်ယောက် ဖြစ်ပါက အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။
သို့ပေမဲ့ ဘာမှန်းသေချာမသိသော ကျောက်တုံးလူသား မွန်းစတားကြီးကတော့ တုံဏှီဘာဝပင်။ လေးစားမှုု မပေးရုံသာ မက တောင်ကဲ့သို့ မြင့်မားလှသော ကျောက်ပြားကြီးအား ဆွဲမ၍ ရိုက်ချလာတော့သည်။
ခန့်မှန်း၍ မရအောင် မြန်ဆန်လွန်သော လူသားသည် ရုတ်တရက် ရပ်တန့်သွားသည်။ ထိုအခွင့်အရေးကို အရယူ၍ သူ အသားပြားကဲ့သို့ ဖြစ်အောင် ရိုက်ချရမည်။
ဝှစ်…။
ကျောက်ပြားကြီး အောက်သို့ ဆင်းသက်လာချိန်မှာတော့ အရှိန်အဟုန် ပြင်းထန်လွန်းသောကြောင့် လေတွေပါ ပါလာသည်။
ထိုမျှအားကောင်းလဗှသော အားအင်ကို ရင်ဆိုင်နေရပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ စိုးထိတ်သွားခြင်း မရှိပေ။ နဂါးစိမ်းလခြမ်းဓားမော့ အား ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ကိုယ်ခန္ဓာအား အသာကွေးညွတ်ကာ ပြောလိုက်သည် “အရှင်ကွမ်ယု .. အားအင်များ ပေးစွမ်းပါ”
ဝှစ် …
အရှင်ကွမ်ယု ပုံရိပ်ယောင်၏ မျက်လုံးများသည် တောက်ပလာသည်။ ပြီးနောက် အစိမ်းရောင် အငွေ့များသည် ပြန့်နှံ့လာပြီး ကျွင်းချောင်ရှောင်းအား ရစ်သိုင်းသွားတော့၏။
ဝှစ် ..။
ချက်ချင်းဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် သူ၏ လက်ထဲရှိ အားအင်များ အဆမတန် တိုးပွားလာသည်ကို ခံစားမိလိုက်သည်။
မည်မျှ တိုးပွားလာသနည်း ဆိုသည်ကို သူ သေချာမသိပေ။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။ ဓားကို လွှဲယမ်းလိုက်ရန် ပင်။
ဟမ့် …
ကျွင်းချောင်ရှောင်း ခြေဆောင့်ကာ ခုန်လိုက်သည်။ ပြီးနောက် နဂါးစိမ်းလခြမ်း ဓားမော့ နှင့် အသာပင့်၍ ခုတ်ပိုင်းလိုက်သည်။ သူ၏ နောက်မှာတော့ အရှင်ကွမ်ယု ပုံရိပ်ယောင်သည်လည်း ထိုအတိုင်း တစ်ပုံစံတည်း လိုက်ပါ ခုတ်ပိုင်းနေသည်။
နှစ်ယောက်သားသည် တစ်ယောက်တည်းအဖြစ် ပေါင်းစည်းသွားပုံပင်။
ဝှစ် ..။
နှိုင်းယှဉ်၍ မရလောက်အောင် အားကောင်းလှသည့် ဓားချီ တစ်ခုသည် လခြမ်းကွေးတစ်ခု ပုံစံ ဖြစ်တည်လာသည်။
ဓားမော့အလင်းသည် ဆင်းသက်လာသော ကျောက်ပြားကြီးအား ထိမှန်သွားချိန်မှာတော့ ကျောက်ပြားပေါ်တွင် အစိမ်းရောင် ဓားမော့အမှတ်အသားကြီးတစ်ခု ဖြစ်ပေါ်လာတော့၏။
ခရက် …
ပြီးနောက် ကျောက်ပြားကြီးသည် ကွဲကျသွားတော့သည်။
ကျွင်းချောင်ရှောင်းသည် နေရာမှတင် မတ်မတ်ရပ်လျက်ရှိ၏ သူ၏ အစိမ်းရောင် မျက်လုံးများသည် နှိုင်းယှဉ်၍ မရလောက်အောင် မောက်မာလှသည့် အရိပ်အယောင်မျိုး ဖြစ်တည်နေ၏။
ကျောက်ပြားကြီး နှစ်ပိုင်းသည်မြေပေါ် ကျဆင်းသွားချိန်မှာတော့ တည်နေရာတစ်ခုလုံး တုန်ခါသွားရုံတင်မက ဖုန်တထောင်ထောင်းပင် ထသွားသည်။
တိုက်ခိုက်ချက်တစ်ခုတည်းနှင့် ကျောက်တုံးမွန်းစတားကြီး ၏ အားအင်အပြည့်ပါသော တိုက်ခိုက်ချက်အား ဖျက်ဆီးခဲ့သည်။ ဤအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
သို့ပေမဲ့ ထို့ထက် ဆိုးရွားသည်က အခုမှ စတင်မှာဖြစ်သည်။
ကျွင်းချောင်ရှောင်း ခုန်လိုက်သည်။ ကျောက်တုံးမွန်းစတားကြီး မတုံ့ပြန်နိင်သေးခင်မှာပဲ နဂါးစိမ်းလခြမ်းဓားမော့ သည် ထပ်မံ၍ ခုတ်ပိုင်းလာ၏။
သူ၏ အနောက်မှာတော့ အရှင်ကွမ်ယုသည်လည်း သူ၏ ဓားမော့ကြီးအား ဝေ့ယမ်းလိုက်သည်။ ကျွင်းချောင်ရှောင်း နှင့် အရှင်ကွမ်ယု တို့၏ လှုပ်ရှားမှုများသည် တသားတည်း ဖြစ်တည်နေသည်။
ရွှစ် ..
ရွှစ် …။
ဓားအလင်းများသည် အစိမ်းရောင် အလင်းများအဖြစ် ဖြတ်သန်းသွားသည်။
ဝှစ် ..။
စွမ်အားမြင့်မားလွန်းသော အစိမ်းရောင် ဓားအလင်းတန်းသည် ကျောက်တုံးမွန်းစတားကြီး၏ ဦးခေါင်းအား ပိုင်းဖြတ်ပြီး ဦးခေါင်းအား တခြားကမ္ဘာတစ်ခုဆီသို့ ခေါ်ဆောင် ပျောက်ကွယ်သွားတော့၏။
ဘုတ်..။
ကျွင်းချောင်ရှောင်း မြေပေါ် အသာဆင်းသက်ပြီးချိန်မှာတော့ နဂါးစိမ်းလခြမ်းဓားမော့ အား သူ၏ ရှေ့၌ စိုက်ထူကာ မတ်မတ်ရပ်လိုက်သည်။ အရှင်ကွမ်ယု ပုံရိပ်ယောင်သည်လည်း အနောက်မှာ ရပ်တန့်ကာ သူ၏ မုတ်ဆိတ်မွေးများအား အသာပွတ်သပ်နေ၏။
ဂါး ..
ကျောက်တုံးမွန်းစတားကြီးဆီမှ နာကျင်လှသော အော်သံကျယ်ကြီး ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင် ဓားမော့အမှတ်အသားများ ပေါ်လာသည်။ ပြီးနောက် တဖြည်းဖြည်းနှင့် ကွဲအက်လာတော့သည်။
ဘုန်း ..ဘုန်း ..။
ချက်ချင်းဆိုသလိုပဲ တောင်လောက်ကြီးအားသော ကျောက်တုံးမွန်းစတားကြီးသည် ကျောက်ပုံကြီးတစ်ခု အဖြစ် ပြောင်းလဲသွားတော့၏။
ဖူး ..။
ကျွင်းချောင်ရှောင်း သက်ပြင်းရှည်ကြီးချလိုက်မိသည်။
သူ၏ နောက်မှာတော့ အရှင်ကွမ်ယု၏ ဝိညာဉ်ပုံရိပ်ယောင်သည်လည်း ပျောက်ကွယ်သွားသည်။ ပြီးနောက် နဂါးစိမ်း လခြမ်းဓားမော ကြီးထဲ ပြန်လည်ဝင်ရောက်သွားတော့၏။
ကျွင်းချောင်ရှောင်းသည် သူ့ထက် ကျင့်ကြံခြင်းအဆင့် အလွန်တရာမြင့်အားသော ကျောက်တုံးမွန်းစတားကြီးအား သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ဂျိန်း..။
စည်းခတ်ထားသော တည်နေရာကြီးသည် တုန်ခါလာပြီး မူလအတိုင်း ပြန်လည် ပြောင်းလဲသွားတော့သည်။
အိုက်ယား .. အိုက်ယား ..
ကျောက်တောင်ပေါ်သို့ ခက်ခက်ခဲခဲ တက်လာသော စုရှောင်မိုသည် ရုတ်တရက် ကျောက်တောင်ကြီး ပြောင်းလဲသွားသောကြောင့် ခြေမခိုင်တော့ဘဲ အောက်သို့ ပြုတ်ကျတော့၏။
စည်းတည်နေရာကြီးသည် ပွင့်သွားခဲ့သည်။ ထို့ကြောင့် လီချင်းယန် နှင့် တခြားသော တပည့်များအားလုံးသည် ဓားမော့ကြီးအား ကိုင်ကာ ရပ်နေသော သူတို့၏ ဂိုဏ်းချုပ်အား မြင်လိုက်ကြရသည်။
အားလုံးသည် ဂိုဏ်းချုပ်ဆီသို့ အပြေးသွားလိုက်ကြ၏။
“ဂိုဏ်းချုပ်”
ရှောင်ကျီ ပြောလိုက်သည် “အဆင်ပြေရဲ့လား”
ပြောပြီးသည့်နောက် ချက်ချင်းပဲ သူ၏ ပါးစပ်ပိတ်သွားရသည်။ ဂိုဏ်းချုပ်သည် ခန့်ခန့်ကြီး ရပ်တန့်နေသည် ဆိုသော်လည်း အနီးကပ်သွားကြည့်လိုက်ချိန်မှာတော့ မျက်လုံးတွေ ချာချာလည်နေပြီး ပါးစပ်ထဲမှ အမြုပ်တွေပင် ထွက်နေကြောင်း သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။
စနစ်မှ တီးတိုးရေရွတ်လိုက်သည် “နဂါးစိမ်းလခြမ်းဓားမော့ရဲ့ အထူးအစွမ်းက အလွန်အားကောင်းတာပဲ။ လက်ခံသူရဲ့လက်ရှိအဆင့်အရ ဆိုရင် ဒီထက် ဆိုးရွားတာတွေ မဖြစ်တာတောင် ကံကောင်းတယ် ဆိုရမယ်”
……
အရှင်ကွမ်ယု ၏ ဝိညာဉ်ကို ဆင့်ခေါ်ကာ ကျောက်တုံးမွန်းစတားကြီးအား သတ်ဖြတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အားကုန်ထုတ်သုံးလိုက်သလို ဖြစ်သွားသောကြောင့် သူ၏ ကြွက်သားများအား မထိန်းချုပ်နိုင်ဘဲ တဆတ်ဆတ် တုန်ရင်နေလေသည်။ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း တောင့်တောင့်ကြီး ဖြစ်လို့နေ၏။
“စီနီယာအစ်ကို .. ဂိုဏ်းချုပ် ဘာလို့ ဒီမှာ ရပ်နေတာလဲ”
“ငါ့အထင်အရဆိုရင် သူ ကျင့်ကြံနေတာ ဖြစ်မယ်။ မနှောက်ယှက်ကြနဲ့”
“မတ်တပ်ရပ်ပြီးတောင် ကျင့်ကြံနိုင်တယ်လား။ ဂိုဏ်းချုပ်က အရမ်းအားကောင်းလွန်းတယ်”
တပည့်များသည် ဂိုဏ်းချုပ်ကျွင်းအား လှည့်ပတ်၍ ချီးကျူးသလို ကြည့်လိုက်ကြသည်။
အမ် ..။
စုရှောင်မိုသည် ကျောက်တုံးပုံထဲသို့ လှမ်းကြည့်ကာ အံ့အားတသင့်ဖြင့် ခုန်ဝင်သွားသည်။
မကြာမီမှာပဲ ကြီးမားလှသော သလင်းအမြူတေ တစ်ခုကို ကိုင်ဆောင်ရင်း ပြန်ထွက်လာ၏ “စီနီယာအစ်ကို .. ဒါ ကျောက်တုံးပုံထဲမှာ တွေ့တာ”
“ဒါ ကျောက်ပုံ မဟုတ်ဘူး”
လီချင်းယန် လေးလေးနက်နက် ပြောလိုက်သည် “ကျောက်တုံးမွန်းစတားပဲ ဖြစ်ရမယ်”
“ကျောက်တုံးမွန်းစတား ဟုတ်လား”
“လျှပ်စီးသားရဲလို ရှားပါးတယ် မဟုတ်လား”
“ခုနတုန်က ဒီနေရာကြီး ပိတ်နေတာ အံ့အားသင့်စရာမဟုတ်တော့ဘူး။”
“ကျောက်တုံးတွေ ပေါ်မှာ ဓားရာတွေ့တယ်။ ဒါ ဂိုဏ်းချုပ် သတ်လိုက်တာ ဖြစ်မယ်”
သံမဏိအရိုးဂိုဏ်းသားများသည် ဆွေးနွေးပြောဆိုနေကြသည်။
ရီရှင်းချန် တိတ်တဆိတ် ခန့်မှန်းလိုက်သည် “ဒီကျောက်တုံးမွန်းစတားက မီးနဂါးထက် ပိုပြီး အားကောင်းတယ်။ ဒါကိုတောင် သူ သတ်ဖြတ်နိုင်တယ် …”
စဉ်းစားနေတုန်းမှာပဲသူ၏ အကြည့်များသည် ဂိုဏ်းချုပ် လက်ထဲရှိ ဓားဆီ ရောက်ရှိသွား “ဓားရဲ့ အရည်အသွေးက အထူးအဆင့် ဖြစ်မယ်”
….
တစ်နာရီလောက်ကြာတော့ …
ကျွင်းချောင်ရှောင်း၏ တောင့်တင်းနေသော ကြွက်သားများသည် ပြန်လည် နူးညံ့သွား၏။ ပါးစပ်ထဲမှ အမြုပ်တွေ ထွက်ပေါ်နေခြင်းလည်းရပ်တန့်သွားသည်။ ပြီးနောက် သူသည် ကျောက်တုံးပုံပေါ် ထိုင်ပြီး မောပန်းတကြီး အသက်ရှုနေမိ၏။
သူ၏ စည်းဓားမော့ နှင့် နဂါးစိမ်းလခြမ်း ဓားမော့ နှစ်ခုစလုံးသည် အလွန်တရာအားကောင်းလှသည်။ သို့ပေမဲ့ အသုံးပြုပြီးချိန်မှာတော့ အားအင်တွေ ပြတ်တောက်သွားခြင်းလည်း တူညီနေသည်။
စနစ်မှ ပြောလိုက်သည် “နှစ်ခုလုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေ မခံစားချင်ရင် လက်ခံသူ အနေနဲ့ ပိုပြီး အားကောင်းလာမှ ဖြစ်မယ်”
“ငါ့ကို အားနည်းတယ်လို့ ပြောချင်တာလား” ကျွင်းချောင်ရှောင်း အငေါ်တူးလိုက်မိသည်။
စနစ် ဆွံ့အသွား၏။ အားကောင်းလှလျှင် ဘေးထွက်ဆိုးကျိုးကို မခံစားရဟု ရိုးရိုးရှင်းရှင်း သတိပေးခြင်းသာ ဖြစ်သည်။ သို့ပေမဲ့ လက်ခံသူသည် တစ်ဖက်မှ လှည့်တွေး၍ သူ့အား မကောင်းမြင်နေ၏။
ကျွင်းချောင်ရှောင်း ဘာမှမပြောတော့ဘဲ စနစ်အား ဖွင့်ကြည့်လိုက်သည်။ အချိန်အကန့်အသတ် တာဝန်သည် ပြီးပြည့်စုံရန် သုံးနာရီလောက် လိုအပ်နေသေးသည်။ သူ မှုန်ကုတ်ကုတ်ဖြင့် ပြောလိုက်မိသည်။ “အစောကတည်းက သတ်ဖြတ်ဖို့ တာဝန်ပဲ ပေးလိုက် ပြီးတာကို။”
တခြားနည်းလမ်းလည်း မရှိသည်မို့ ဤနေရာတွင် စောင့်နေမှ ဖြစ်တော့မည်။
သူ မြန်မြန် ဤနေရာ၌ စခန်းချရန် တပည့်များအား မှာကြားလိုက်သည်။
ထိုအတောအတွင်းသူသည် သိုလှောင်လက်စွပ်ထဲမှ သားကောင်ဖမ်း ဘောလုံးအား ထုတ်ယူလိုက်သည် ။ ပြီးနောက် အ လယ်အလတ် အဆင့် သားကောင်ဖမ်းဘောလုံးအား နေရာလွတ်တစ်ခုဆီ ပစ်လိုက်၏။
ဘောလုံးသည် လွင့်သွားသည်။
မြေပြင်နှင့် ထိတွေ့ခါနီးမှာပဲ ဘောလုံးပေါ်ရှိ ထိုက်ချိ ပုံရိပ်ယောင်သည် လင်းခနဲ ဖြစ်သွားပြီး နှစ်မီတာကနေ သုံးမီတာ ခန့် ရှည်လျားသော ခရမ်းရောင် လျှပ်စီးသားရဲကြီး ပေါ်လာတော့သည်။
ဝေါင်း …
ခရမ်းရောင် လျှပ်စီးသားရဲကြီးသည် ဟိန်းလိုက်သည်နှင့် တပြိုင်နက် ခန္ဓာကိုယ်တွင် လျှပ်စီးများ တစ်ကိုယ်လုံး စီးဆင်းသွားတော့၏။
သို့ပေမဲ့ ကျောက်တုံးမွန်းစတားကြီး၏ အလောင်းကို မြင်ချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ အမြီးကုတ်၍ သခင်၏ ခြေခွကြား တိုးဝင်လာတော့သည်။
“…….” ကျွင်းချောင်ရှောင်း ။
မင်းက လျှပ်စီးဓာတ်သားရဲလေ။ ဘယ်လိုလုပ် သောက်သွေးက ဒီလောက် ကြောင်နေရတာလဲ။