အခန်း (၂၀၃)
Vol. 14 Ch. 203
ဂိုဏ်းစုဆောင်းမှတ် ၅၀၀ ကို အသုံးပြုပြီးသည့်နောက် သူသည် သိုင်းပညာနှင့် ပတ်သက်သည့် မည်သည့်ပစ္စည်းတစ်ခုကိုမှ မဝယ်ယူနိုင်ခဲ့ချေ။ သို့ပေမဲ့ သူသည် ဖုံးကွယ်ထားသည့် ပစ္စည်းအား ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည်။
ဘွဲ့ တစ်ခုပင် ရရှိခဲ့သေး၏။
ဤအရာသည် ဆုံးရှုံးမှု မဟုတ်ပေ။ ကျိန်းသေပေါက် ဆုံးရှုံးမှု မဟုတ်ဟု ဆိုရမည်။
သူ၏ ကံတရားတန်ဖိုးကို ထပ်မံကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်း ရူးချင်စိတ်ပင် ပေါက်သွားသည်။
အမှန်ဆိုလျှင် ကံတရားတန်ဖိုး၏ အကန့်အသတ် သည် တစ်ရာမှတ် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူ့တွင် တစ်မှတ်သာ ရှိ၏။ အလွန်တရာ နည်းပါးလှသည်ဟု ဆိုရမည်။
စနစ်မှ ပြောလိုက်သည်။ "နောက်ဆုံးအကန့်အသတ်က တစ်ထောင်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တစ်သောင်းလည်း ဖြစ်နိုင်တာပဲ။"
"တော်စမ်း။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
လက်ခံသူအား ရင်နာအောင် ပြုလုပ်ပြီးသည့်နောက် စနစ်သည် နေသာ ထိုင်သာ ရှိသွားသလို ဟန်ဖြင့် မည်သည့်စကားမှ ထပ်မပြောတော့ချေ။
“ဟင်း …” ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်၏။
သို့ပေမဲ့ သူသည် ကံတရားတန်ဖိုး သုံညအမှတ် ရှိနေသည်တောင်မှ စနိုက်ပါ ရိုင်ဖယ်နှင့် နဂါးစိမ်း လခြမ်းဓားမော့ တို့ကို ရရှိခဲ့ကြောင်း တွေးကြည့်လိုက်မည်ဆိုလျှင် သူ ကံကောင်းနေသေးသည်ဟု ဆိုရမည်။
ဤလောကကြီးသည် အလွန်အမင်း လှပသည်။ အလွယ်တကူနှင့် လက်လျော့၍ မဖြစ်ချေ။
စိတ်ပိုင်းဆိုင်ရာဆိုသည်မှာ အလွန်တရာ အရေးကြီးသည့် အရာပင် ဖြစ်သည်။ မိမိကိုယ်ကို နှစ်သိမ့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အသာလှဲလျောင်းပြီး အိပ်စက်လိုက်တော့၏။
……..
နောက်တစ်ရက် အချိန်ကို တွက်ချက်ကြည့်တော့ သေမင်းတောင်ကြားထဲသို့ ရောက်ရှိနေသည်မှာ ကိုးရက်တာကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။ ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ဂိုဏ်းကို ပြန်ကြရအောင်။"
သူ့တွင် အလယ်အလတ်အဆင့် သားကောင်ဖမ်း ဘောလုံးသာ ရှိမနေဘူးဆိုလျှင် သူသည် မနေ့ကကတည်းက ဂိုဏ်းသို့ ပြန်ခဲ့လိမ့်မည် ဖြစ်သည်။ ဤနေရာ၌ ဆက်နေရန် အကြောင်းအရင်း မရှိချေ။
တပည့်များသည် သူတို့ ခေတ္တတည်းခိုရာ ရွက်ဖျင်တဲများကို သိမ်းဆည်းပြီး အပေါက်ဝဆီသို့ ပြန်လည်ထွက်ခွာရန် ပြင်လိုက်သည်။
ဤအတောအတွင်း များပြားလှသော ဦးမင် လှိုဏ်ခေါင်းများအားလုံးသည် သံမဏိအရိုးဂိုဏ်းသားများ၏ ရှင်းလင်းခြင်းကို ခံလိုက်ရပြီဖြစ်၏။
ထို့ကြောင့် လမ်းကြောင်းတည်နေရာအားလုံးသည် လုံခြုံဘေးကင်းသွားသည်။
တိတိကျကျပြောရမည်ဆိုလျှင် သံမဏိအရိုးဂိုဏ်း၏ အဆင်အခြင်မဲ့ လုပ်ဆောင်မှုများကြောင့် သေမင်းတောင်ကြားသည် ကြောက်ရွံ့စရာ မကောင်းတော့ချေ။
တစ်ကိုယ်တော် ကျင့်ကြံသူနှင့် သာမန်ကျင့်ကြံသူများသည် လေ့ကျင့်ရန်အတွက် ဤနေရာသို့ဝင်ရောက်လာလျှင် ကြမ်းတမ်းလှပါသည် ဆိုသော မည်သည့်သားရဲကိုမှ တွေ့ရှိတော့မည် မဟုတ်ပေ။
သေမင်းတောင်ကြား၏ အဝင်ဝတွင်တော့ မျက်နှာလေးထောင့် နှင့် သက်လတ်ပိုင်း အရွယ်လူ အပါအဝင် တစ်ခြားသော ကျင့်ကြံသူများသည် အတူတကွ စုဝေးနေကြသည်။
ခြစ်ခြစ်တောက်ပူနေသော တည်နေရာထဲမှာ ပစ္စည်းအကြွင်းအကျန်များကို သူတို့ ကောက်ယူနေချိန်တွင် ကျွင်းချောင်ရှောင်းသည် တပည့်များနှင့် အတူ ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် သူတို့သည် သံမဏိအရိုးဂိုဏ်းသားများနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့၏။
သံမဏိအရိုးဂိုဏ်းသားများ မရှိလျှင် သာမန်ကျင့်ကြံသူများသည် တစ်ခြားမည်သည့်နေရာကိုမှ မသွားရဲကြချေ။
ထို့ကြောင့် သူတို့သည် ဤနေရာ၌ ထိုင်၍ စောင့်နေကြခြင်း ဖြစ်သည်။
"အစ်ကိုဟိုင်" ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။
"ဒီမှာ တစ်နေကုန်စောင့်နေတာ ပေါ်မလာသေးဘူး ဆိုတော့ ဂိုဏ်းချုပ်ကျွင်းနဲ့ တစ်ခြားသူတွေ ထွက်သွားပြီနဲ့ တူတယ်။"
“ဟင်း….”
စုန့်ဟိုင် ဟုခေါ်သော သတ်လတ်ပိုင်း လူသည် သက်ပြင်းချကာ ပြောလိုက်သည်။ "ဒါဆိုလည်း ထွက်ကြစို့"
သူသည် မထွက်ခွာခင် ဂိုဏ်းချုပ်ကျွင်းအား ကျေးဇူးတင်ကြောင်း ပြောချင်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းတို့သည် ပေါ်မလာသောကြောင့် သူ၏ စိတ်ဆန္ဒကို လက်လျော့လိုက်ရန်သာ ရှိတော့သည်။
သာမန်ကျင့်ကြံသူတစ်ချို့သည် သေမင်းတောင်ကြားထဲမှ မြန်မြန်ပဲ ထွက်ခွာသွားကြ၏။
“ဟူး …”
အပြင်ဘက်သို့ ရောက်ချိန်မှာတော့ စုန့်ဟိုင်နှင့် တစ်ခြားသူများသည် သက်မရှည်ကြီး ချလိုက်မိကြသည်။
သံမဏိအရိုးဂိုဏ်းသားများနှင့် ဤတောထဲသို့ ဝင်ရောက်ခဲ့ခြင်းမှာ အလောင်းအစား ပြုလုပ်ခဲ့ခြင်းနှင့် ဆင်တူ၏။ သူတို့အားလုံးရှိသမျှကို အကုန်အော၍ လောင်းခဲ့ကြခြင်း ဖြစ်သည်။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ အကျိုးရလဒ် ကို သူတို့ ရရှိခဲ့ကြ၏။
စုန့်ဟိုင်နှင့် တစ်ခြားသူများ ထွက်လာကြချိန်မှာတော့ တိုက်ပွဲမစခင် ထွက်ခွာသွားခဲ့ကြသော တခြားသော ကျင့်ကြံသူများသည် အပြင်ဘက်၌ စုဝေးလျက်ရှိနေကြသည်။ သူတို့သည် နောက်ဆုံးဖြစ်ပျက်လာမည့် ရလာဒ်အား သိချင်၍ စောင့်နေကြခြင်း ဖြစ်သည်။
"ဒီလူ အသက်ရှင်လိမ့်မယ်လိုတောင် ငါ မထင်ခဲ့မိဘူး။ သံမဏိအရိုးဂိုဏ်းသားတွေရော ဘယ်မှာလဲ။"
"သူတို့ ပြောစရာမလိုဘူးလေ။ သူတို့ မီးနဂါးကြီးရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီနေမှာပေါ့။"
စုန့်ဟိုင်သည် ထိုသူတို့၏ ဆွေးနွေးနေသံကို ကြားတော့ ဂိုဏ်းချုပ်ကျွင်းတို့ သေမင်းတောင်ကြားထဲမှ ထွက်ခွာမသွားသေးကြောင်း နားလည်မိသွား၏။
"အစ်ကိုစုန့်။" သာမန်ကျင့်ကြံသူတစ်ယောက်က လျှောက်လာပြီး ပြုံး၍ ပြောလိုက်သည်။
"သံမဏိအရိုးဂိုဏ်းက တကယ့်ကို သေလမ်းရှာတာပဲ။ ဒါပေမဲ့ ခင်ဗျားတို့ကတော့ နောက်ဆုံးအကြိမ်ထိ ဇွဲကောင်းကောင်းနဲ့ သူတို့နောက် လျှောက်လိုက်နေသေးတယ် ။ သူတို့ အဲ့နေရာကနေပြီးတော့ အသက်ရှင်လျှက် ထွက်ခွာလာဖို့ဆိုတာ မလွယ်ကူဘူး။"
စုန့်ဟိုင် ပြုံးကာ ပြောလိုက်သည်။ "ရောင်းရင်းကျန်း ….အဲ့လို မဟုတ်ဘူး။ တကယ်တမ်း နစ်နာတာက ခင်ဗျား ဖြစ်နေပြီ။"
ကျန်းပင်ဟု ခေါ်သော ကျင့်ကြံသူကမေးလိုက်သည်။ "ခင်ဗျား ဘာကို ဆိုလိုတာလဲ။"
စုန့်ဟိုင် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းနဲ့ သူ့တပည့်တွေက မီးနဂါးကြီးကို သတ်ဖြတ်လိုက်တယ်လေ။ဒါကြောင့် ကျုပ်တို့လည်း သူတို့ဆီက အကျိုးအမြတ်တွေ ရရှိခဲ့တယ်။"
ကျန်းပင် ကြောင်သွား၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "မီးနဂါးကြီးကို သတ်ဖြတ်တယ် ဟုတ်လား။ အစ်ကိုစုန့် ပေါက်ကရတွေ လျှောက်မပြောပါနဲ့။"
သူ့နောက်တွင်ရှိသော သာမန် ကျင့်ကြံသူများကလည်း ရယ်မောလိုက်ကြ၏။
သိုင်းစစ်သူကြီးအဆင့် ကျင့်ကြံသူတစ်ယောက်မပါဘဲနှင့် အဆင့်ငါး သားရဲကြီးကို သတ်ဖြတ်ခဲ့သည် ဆိုသည်မှာ မဖြစ်နိုင်ပေ။
စုန့်ဟိုင်သည် ဆက်လက်၍ မရှင်းပြတော့ချေ။ သူ၏ မျက်စိနှင့် ကိုယ်တိုင်မမြင်ရလျှင် သူသည်လည်း ထိုကိစ္စအား ကိုယ်တိုင်မယုံနိုင် ဖြစ်မည်ကို နားလည်သိရှိပြီးဖြစ်၏။
အားလုံးကို အဖြေပေးနိုင်မည့် နည်းလမ်းမှာတစ်ခုတည်းသာရှိသည်။ ဂိုဏ်းချုပ်ကျွင်း ပေါ်လာသည်ကို စောင့်နေခြင်းပင်။
သံမဏိအရိုးဂိုဏ်းသားများ မထွက်ခွာသွားသည်ကို သိရှိပြီးသည့်နောက် စုန့်ဟိုင်နှင့် သာမန်ကျင့်ကြံသူများသည် စောင့်နေရန်သာ ရွေးချယ်လိုက်၏။
သူတို့သည် ကျန်းပင်နှင့် တစ်ခြားသူများ၏ မျက်နှာများ မည်သို့ ဖြစ်ပျက်သွားမည်ကို တိတ်တဆိတ်နှင့် ကြည့်ရှုရန် စဉ်းစားထားကြသည်။
ကျန်းပင်ပြုံးကာ ပြောလိုက်သည်။ "အစ်ကိုစုန့် … ဘာလို့ ထွက်မသွားသေးတာလဲ။"
"သံမဏိအရိုးဂိုဏ်းသားတွေ ထွက်လာတာကို စောင့်နေတာ။" စုန့်ဟိုင် ပြုံးကာ ပြောလိုက်သည်။
ကျန်းပင် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "သူတို့ ထွက်လာမယ်ဆိုရင် ခင်ဗျားတိုနောက်ကနေ ထွက်လာမှာပဲ။ ကျုပ်အထင်အရဆိုရင် နဂါးကြီးရဲ့ တည်နေရာမှာပဲ သေသွားကြပြီနဲ့ တူတယ်။"
ဝေါင်း။
ထိုနေရာမှာပဲ အော်သံတစ်ခုသည် သေမင်းတောင်ကြားထဲမှ ထွက်ပေါ်လာသည်။
အားလုံး၏အမူအရာများသည် ချက်ချင်းဆိုသလိုပဲ ပြောင်းလဲသွားကြ၏။
"ဒါ ကျားအော်သံပဲ"
"လှိုဏ်ခေါင်းအဝင်ဝနားက လာတဲ့အသံပဲ။"
"သေမင်းတောင်ကြားထဲမှာ အားကောင်းလှတဲ့ ကျား သားရဲကြီးတစ်ကောင် ရှိနေတာလား။"
ခရမ်းရောင်လျှပ်စီးလှိုင်းများသည် သေမင်းတောင်ကြားထဲမှ လျစ်ခနဲ ထွက်ပေါ်လာသည်။
ဝေါင်း။
ခရမ်းရောင်လျှပ်စီး သားရဲလေးသည် သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းသိမ်းပြီး ဦးခေါင်းကို မော့ကာ အော်ဟစ်လိုက်၏။ သူ၏ အမြန်နှုန်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် မြန်ဆန်လွန်း၏။
ပုံပန်းသွင်ပြင် နှင့် လျှပ်စီးအလင်းတန်းများကို မြင်ချိန်မှာတော့ သာမန်ကျင့်ကြံသူများအားလုံးသည် မျက်လုံးပြူးသွားသည်။
သူတို့သည် သားရဲကိုမြင်၍ အံ့အားသင့်ကြခြင်း မဟုတ်ပေ။ သားရဲပေါ်တွင် ထိုင်လျက်ရှိသော လူကို မြင်သောကြောင့် အံ့အားသင့်ကြခြင်းဖြစ်သည်။
ထိုသူသည် သံမဏိအရိုးဂိုဏ်း၏ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းမှ လွဲ၍ တစ်ခြားသူ မဟုတ်ပေ။
ချက်ချင်းဆိုသလိုပဲ သေမင်းတောင်ကြား၏ အပြင်ဘက် တည်နေရာတစ်ခုလုံးသည် အလွန်အမင်း ငြိမ်သက် တိတ်ဆိတ်သွား၏။
ဤနေရာတွင် စုစည်းနေကြသော သာမန်ကျင့်ကြံသူတစ်ဒါဇင်ကျော်ခန့်သည် မျက်လုံးအပြူးသားနှင့် ဖြစ်သွားကြပြီး သူတို့၏ မျက်လုံးထဲတွင်တော့ ထိပ်လန့်တုန်လှုပ်သော အရိပ်အယောင်များနှင့် ပြည့်နှက်သွားသည်။
ကျွင်းချောင်ရှောင်းထွက်ပေါ်လာသည်ကို မြင်တော့ သူတို့ အလွန်အမင်း အံ့အား သင့်သွားကြသည်။
ထို့အပြင် သူတို့၏ စိတ်ထဲတွင် သံမဏိအရိုးဂိုဏ်းတစ်ခုလုံး သေဆုံးပြီဟု ထင်မှတ်နေကြခြင်း ဖြစ်၏။
လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မသေရုံသာမက ကြမ်းတမ်းလှသော ကျားသားရဲကြီးကိုပင် စီးနင်းလာခဲ့သေးသည်။ ဤအရာသည် သူတို့အား ဖော်ပြ၍ မရနိုင်သည့် ခံစားချက်များကို ဖြစ်ပေါ်စေသည်။
စုန့်ဟိုင်နှင့် တစ်ခြားသူများသည် ဆွံ့အသွားကြ၏။
ဂိုဏ်းချုပ်ကျွင်း အဘယ့်ကြောင့် ကျားသားရဲကြီးအား စီးနင်းကာ ထွက်ပေါ်လာရသနည်း။ ကျားသားရဲကြီးအား ပဋိညာဉ် ရေးထိုးနိုင်ခဲ့သည်လား။
ကျန်းပင် နှင့် တစ်ခြားသော သူများသည်လည်း တွေးတောနေမိကြ၏။ သူတို့သည် တွေးတောမိလေ ပို၍ တုန်လှုပ်မိလေဖြစ်သည်။
ဤခေတ်ကြီးတွင် သားရဲတစ်ကောင် အား ပဋိညာဉ်ရေးထိုးနိုင်ဖို့ ဆိုသည်မှာ လွယ်ကူသည့်အရာတော့ မဟုတ်ပေ။
သားရဲကြီးအကြောင်းကို သိရှိသော သာမန်ကျင့်ကြံသူတစ်ယောက်သည် တုန်ရင်နေသည့်အသံဖြင့် ပြောလိုက်သည်။ "ဒါက ခရမ်းရောင်လျှပ်စီး ကျားသားရဲပေါက်လေးပဲ။"
“ဘာ ….”
အားလုံး ထိတ်လန့်သွားကြသည်။
ခရမ်းရောင်လျှပ်စီးသားရဲဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန်ရှားပါးသော သားရဲမျိုးဖြစ်၏။
ဂိုဏ်းချုပ်ကျွင်းအနေနှင့် ထိုသို့သော သတ္တဝါမျိုးကို ထိန်းကျောင်းနိုင်ခဲ့သည် ဆိုသည်မှာ အံ့အားသင့်စရာကောင်းလွန်းနေသည်။
ကျွင်းချောင်ရှောင်းသည် စုန့်ဟိုင်အား ကြည့်၍ အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ခင်ဗျားတို့လည်း ထွက်လာတာလား"
ကျားသားရဲကြီးကို စီးပြီးသည့်နောက် တစ်ခြားသူများကို နှုတ်ဆက်ရသည်မှာ အလွန်အရသာရှိသော အရာဖြစ်နေ၏။
စနစ်သည် သူ့အား ဟန်လုပ်အမှတ်များ မပေးသည်မှာ ဆိုးရွားလှသည်။ မဟုတ်ပါက ဟန်လုပ်အမှတ် ၉၉၉၉၉ ရရှိမှာ သေချာသည်။
စုန့်ဟိုင်သည် ချက်ချင်းဆိုသလိုပဲ သတိဝင်သွား၏။ ပြီးနောက် အလောတကြီး ပြောလိုက်သည်။ “ကျုပ်တို့က ဂိုဏ်းချုပ်ကျွင်းကို ကျေးဇူးတင်ချင်လို့ပါ။ ဂိုဏ်းချုပ်ကျွင်းကြောင့် သေမင်းတောင်ကြားထဲက ပစ္စည်းတော်တော်များများ ရခဲ့တယ်လေ။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ခင်ဗျားတို့က ဒါမျိုးတွေ ယူဖို့အတွက် ပိုက်ဆံပေးပြီးသားလေ။ ဒါ စီးပွားရေးပဲ။ ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ခင်ဗျားတို့က တစ်ခြားသူတွေလို မဟုတ်ဘူးလေ။ သွေးကောင်းကြတယ်။"
ကျွင်းချောင်ရှောင်းသည် ကြောက်လန့်၍ သူ့နောက်သို့ မလိုက်ပါလာကြသော သာမန်ကျင့်ကြံသူများကို တစ်ချက်ကြည့်ကာ လှောင် ပြောင်လိုက်၏။ "တစ်ချို့ဆို ဒီလို အကြွင်းအကျန်တွေတောင် ကောက်လို့ မရဘူးလေ။"
လောကကြီး၌ မိမိ၏ အသက်လုံခြုံရေးသည် အမှန်ပင် အရေးကြီးလှသည်။ သို့ပေမဲ့ သိုင်းပညာရှင်တို့ နေထိုင်ရာ နေရာ တွင် တစ်စုံတစ်ယောက်သည် ပိုမိုအားကောင်းလာရန် ပြုလုပ်ဖို့ က ပို၍ အရေးကြီးလှသည်။
ထို့အတူ ပိုမို သန်မာအားကောင်းလာချင်လျှင် အန္တရာယ်တွေ ကြားထဲကို ဖြတ်သန်းသွားလာမှ ဖြစ်မည်။ စွန့်စားမှုကို မပြုလုပ်လျှင် မည်သည့်အရာကိုမှ ရနိုင်လိမ့်မည် မဟုတ်ချေ။
မကြာခင်မှာပဲ လီချင်းယန်နှင့်တစ်ခြားသူများသည် ထွက်ပေါ်လာကြသည်။
သံမဏိအရိုးဂိုဏ်းသား နှစ်ဆယ့်ငါးယောက်လုံး ထွက်လာသည်ကို မြင်တော့ သာမန်ကျင့်ကြံသူများ အားလုံးသည် ထိတ်လန့်သွားကြ၏။
စုန့်ဟိုင်တို့ တသိုက်သည် ထိုသို့ ထိတ်လန့်အံ့အားသင့်နေကြသည့် တစ်ခြားသူများအားကြည့်၍ အလွန်တရာ စိတ်ကျေနပ်လျက်ရှိ၏။
ဤလူများသည် သံမဏိအရိုးဂိုဏ်းသားများ သေဆုံးခဲ့ပြီဟု ထင်ခဲ့ကြသည် မဟုတ်လား။
"အားလုံးပဲ အခု ရင်ခံလိုက်ကြစမ်း။"