အခန်း (၂၀၄)
Vol. 14 Ch. 204
တောင်ကြားအပြင်ဘက်တွင် စောင့်စားနေကြသော သာမန်ကျင့်ကြံသူများသည် သံမဏိအရိုးဂိုဏ်းသားအားလုံး မီးနဂါးကြီး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဟု ယုံကြည်မိကြ၏။
သို့ပေမဲ့ အဆုံးသတ်မှာတော့ သံမဏိအရိုးဂိုဏ်းသားများအားလုံးသည် ထွက်ပေါ်လာကြသည်။
ဤရိုက်ချက်သည် အလွန်တရာမှ ပြင်းထန်လှ၏။
သူတို့မျက်နှာများသည် ဘယ်နေရာတွင် ထားရမလဲ မသိအောင်ပင် ဖြစ်နေကြသည်။
ထိုသူများသည် သူတို့အား ကြည့်၍ ရယ်မော၊ လှောင်ပြောင်ချင်နေကြောင်းကို ဂိုဏ်းချုပ်ကျွင်း ကောင်းကောင်းသိ၏။ ထို့ကြောင့်သူသည် ခရမ်းရောင်လျှပ်စီးသားရဲကြီးကို စီး၍ လာရောက်ကြွားဝါနေခြင်းပင် ဖြစ်သည်။
အားလုံး ပြန်လည်စုစည်းပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာပြောလိုက်သည်။ "ပြန်ကြစို့"
"ကောင်းပါပြီ" တပည့်များအားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။
ဂိုဏ်းချုပ်ကျွင်းသည် ကျားသားရဲကြီးအားစီးကာ သူ၏ တပည့်များနှင့် ထွက်ခွာသွားတော့သည်။
ဤခရီးစဉ်သည် သူ့အတွက် ဆုလာဘ်အများအပြား ရရှိခဲ့သည့် ခရီးစဉ်ပင် ဖြစ်သည်။ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ကောင်းဝင်နေ၏။ သူသည် အလွန်တရာလည်း ပျော်ရွှင်နေမိ၏။
"ဂိုဏ်းချုပ်ကျွင်း"
သူ၏ အနောက်မှာတော့ စုန့်ဟိုင် သည် လူအနည်းငယ်နှင့်အတူ သူ၏ နောက်သို့ လိုက်ပါလာ၏။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ဘာကိစ္စရှိလို့တုန်း။"
စုန့်ဟိုင် သည် လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ကျွန်တော်တို့ သံမဏိအရိုးဂိုဏ်းကို ဝင်ချင်လို့ပါ။ ကျွန်တော်တို့ ဝင်လို့ ရနိုင်မလား။"
သံမဏိအရိုးဂိုဏ်း၏ အားအင်အဆင့်ကို မျက်မြင် မြင်တွေ့ပြီးသည့်နောက်မှာတော့ ဉာဏ်ကောင်းလှသော သူများသည် ထိုဂိုဏ်း၏ အလားအလာ မည်မျှကြီးမားသည်ကို သိရှိပေလိမ့်မည်။
ထို့ကြောင့် သူတို့ စောစောစီးစီး ဤဂိုဏ်းသို့ ဝင်ရောက်မည် ဆိုလျှင် အလွန်တရာ သင့်တော်လှသော ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ကျုပ်တို့ သံမဏိအရိုးဂိုဏ်းထဲကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်စရာမရှိဘူး။"
အားလုံး ပျော်ရွှင်သွားကြ၏။
"ဒါပေမဲ့"
ကျွင်းချောင်ရှောင်း ဆက်ပြောလိုက်၏။ "ခင်ဗျားတို့ ရထားတာတွေ အကုန်လုံးကို ကျုပ်ကိုပေး။ဒါတွေကို ဝင်ခွင့် အခကြေးငွေအဖြစ် သတ်မှတ်လိုက်မယ်"
“ဟမ် …”
အားလုံးကြောင်အသွားကြ၏။
သူတို့သည် ဤ အကြွင်းအကျန်များကို ကောက်ယူနိုင်ရန် ငွေနှစ်ထောင်တိတိ ပေးခဲ့ရသည်။
ယခုထိုအရာအားလုံးကို ပြန်လည်ပေးအပ်ရမည်ဆိုလျှင် အလကားသက်သက် ပိုက်ဆံ ဖြုန်းတီးသလို မဖြစ်ပေဘူးလား။
"ဂိုဏ်းချုပ်ကျွင်း … ဒါကြီးက နည်းနည်းလွန်လွန်းတယ်။" သိုင်းပညာရှင်တစ်ယောက်က ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ်။” တစ်ချို့သော ကျင့်ကြံသူများသည် လက်သီးဆုပ်၍ နှုတ်ဆက် ထွက်ခွာသွားကြတော့ သည်။
အချိန်အတော်ကြာတော့ စုန့်ဟိုင် နှင့် တစ်ခြားသော ကျင့်ကြံသူနှစ်ယောက်သာလျှင် ကျန်ရှိခဲ့၏။
ဂိုဏ်းမရှိ ၊ မိသားစု မရှိသော ကျင့်ကြံသူများအတွက် ငွေကြေးဆိုသည်မှာ အသက်တမျှ အရေးကြီးသော အရာပင်ဖြစ်၏။ ထို့ကြောင့် ထွက်ခွာသွားသည်ကို အပြစ်တော့ မဆိုသာချေ။
"ဂိုဏ်းချုပ်ကျွင်း"
စုန့်ဟိုင် သည် ဆုံးဖြတ်ချက် ချထားသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ "ကျွန်တော် ပေးပါ့မယ်။"
ပြောပြီးသည့်နောက် သူသည် သိုလှောင်လက်စွပ်နှစ်ကွင်းအား ပေးအပ်လိုက်၏။
သူသည် ပိုက်ဆံကို အလွန်အမင်း ဂရုစိုက်သူဖြစ်သည်။ ထို့အပြင် ဤပိုက်ဆံနှင့်လည်း များပြားလှသော အရင်းအမြစ်များကို ဝယ်ယူနိုင်သည် မဟုတ်လား။ သို့ပေမဲ့ သေချာစဉ်းစားပြီးသည့်နောက် သံမဏိအရိုးဂိုဏ်းဆီမှီ ပိုမိုကြီးမားသော အရင်းအမြစ်များ ရှိလိမ့်မည်ဟု သူယုံကြည်နေမိ၏။
သေမင်းတောင်ကြားထဲသို့ အလောင်းအစား ပြုလုပ်၍ လိုက်ပါလာခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ယခု ရှိသမျှ ပိုက်ဆံအကုန်ပေး၍ သံမဏိအရိုးဂိုဏ်းထဲဝင်ခြင်းသည် လောင်းကစား ပြုလုပ်ရခြင်းနှင့် ဆင်တူသည်။ သူ၏ ဆုံးဖြတ်ချက် မမှားယွင်းနိုင်ပေ။
"ကျုပ်တို့လည်း ပေးပါ့မယ်။"
တစ်ခြားသော နှစ်ယောက်ကလည်း သဘောတူညီလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်များကို လှမ်းပေးလိုက်ကြသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သွားကြစို့။ သံမဏိအရိုးဂိုဏ်းကို ရောက်မှ ဝင်ခွင့်အတွက် လိုအပ်တဲ့ဖောင်တွေ ဖြည့်ကြတာပေါ့။"
သူ မီးနဂါးကြီးကို သတ်ဖြတ်ရန် သွားချိန်မှာတော့ စုန့်ဟိုင် နှင့် တစ်ခြားသော ဤလူနှစ်ယောက်တို့သည် ကူညီချင်စိတ်ရှိကြောင်း ပြသခဲ့၏။
ထို့ကြောင့် သူသည် ထိုသူများအတွက် ကြင်နာမှုကို ပြန်လည်ပြသပေးရလိမ့်မည်။
ကြင်နာမှုကို ပြသသည့်အနေဖြင့် သူသည် အရင်းအမြစ်များကို ပေးလိုက်၍သည်။ သို့ပေမဲ့ ဂိုဏ်းထဲသိုဝင်ချင်သည့် သူတို့၏ စိတ်ကို သိရှိချိန်မှာတော့ ဝင်ခွင့်ပေးလိုက်ခြင်းက နှစ်ဦးနှစ်ဖက် လုံးအတွက် ကောင်းမွန်သည့် အရာဖြစ်မည်ဟု သူ ဆုံးဖြတ်လိုက်မိသည်။
ထို့အပြင် သူ့တွင် ဂိုဏ်းသားအရေအတွက် ငါးရာခန့် လိုအပ်နေသေးသည် မဟုတ်လား။
ပိုက်ဆံမပေးချင်၍ လှည့်ထွက် သွားကြသော သာမန်ကျင့်ကြံသူများအတွက် နောင်တစ်ချိန်တွင် ဒူးထောက်၍ လာရောက်တောင်းပန်ရသည်ဆိုလျှင်တောင်မှ သူသည် ဂိုဏ်းထဲသို့ ဝင်ခွင့်ပေးတော့မည် မဟုတ်ချေ။
သူတို့ အချိန်အတော်ကြာ မလျှောက်လိုက်ရပေ။ ကျွင်းချောင်ရှောင်းသည် သေးငယ်လှသော စမ်းချောင်းလေးရှေ့တွင် ရပ်၍ တပည့်များအား အနားယူစေ၏။
သေမင်းတောင်ကြားသည် ကြမ်းတမ်းလှသော သားရဲရိုင်းများနှင့် ပြည့်နှက်လျက်ရှိပြီး နေရာအနှံ့တွင် သွေးညှီနံ့များနှင့် ပြည့်နက်နေ၏။ သူတို့တစ်ကိုယ်လုံးတွင် သွေးနံ့များနှင့် နံဟောင်နေပြီဖြစ်သည်။
ထို့ကြောင့် သူတို့ အနေနှင့် လက်ရှိအချိန်တွင် သန့်ရှင်းအောင် ရေမိုးချိုးနိုင်ပြီဖြစ်သည်။
လုချင်းချင်း၊ လင်းယွမ်ရွှယ်တို့သည် တစ်ခြားတစ်ဖက်သို့ ထွက်ခွာကာ ကိုယ်လက်သန့်စင်ကြသည် ဖြစ်သောကြောင့် ရှောင်ကျီ နှင့် တစ်ခြားသူများသည် ပတ်ဝန်းကျင်အား ဂရုမစိုက်တော့ဘဲ စမ်းချောင်းထဲသို့ ခုန်ဆင်းကာ အားရပါးရရေချိုးကြတော့၏။
ကျွင်းချောင်ရှောင်းသည်လည်း ရေချိုးပြီး သန့်ရှင်းသော ဂိုဏ်းဝတ်စုံကို လဲလှယ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အရင်ကထက်ပိုမို၍ ချောမောကြည့်ကောင်းသွားသည်။
သူသည် ရှောင်မို အား လှမ်းအော်လိုက်၏။ "မင်းတို့ ထင်းတွေ သွားရှာပြီးတော့ အကင်ကင်ဖို့ လုပ်လိုက်တော့။"
သေမင်းတောင်ကြားထဲက ထွက်ခွာသွားပြီးသည့်နောက် သူတို့သည် ပိုက်ဆံအတော်များများ ရရှိခဲ့၏။ ထို့ကြောင့် အောင်ပွဲကျင်းပရပေမည်။
"ကောင်းပါပြီ"
သန့်ရှင်းသည့် ဂိုဏ်းဝတ်စုံများကို ပြောင်းလဲဝတ်ဆင်ပြီးသည့်နောက် စုရှောင်မိုနှင့် လီဖေးတို့သည် တောထဲ၌ ထင်းရှာရန် ထွက်သွားတော့သည်။
ဝင်ခွင့်ဖောင်များ မဖြည့်ရသေး၍ တရားဝင်ဂိုဏ်းသားများ မဖြစ်ကြသေးသော်လည်း စုန့်ဟိုင် နှင့် တစ်ခြားသော ကျင့်ကြံသူ နှစ်ယောက်တို့သည်လည်း ဂိုဏ်းသားများနှင့် အတူ ပူးပေါင်း၍ လုပ်ကိုင်ပေးကြ၏။
သူတို့သည် အကင်ကျွမ်းကျင်သူများကဲ့သို့ပင် အကင်များအား ကင်နေကြတော့သည်။
သုံးယောက်လုံးသည် တစ်နှစ်ပတ်လုံး ဤတောထဲတွင် လှည့်ပတ်ကာ နေထိုင်ခဲ့ကြသူများ ဖြစ်၏။ ထို့ကြောင့် သူတို့သည် အကင်ကင်ရာတွင် ကျွမ်းကျင်နေပြီ ဖြစ်သည်။
ဝှစ်။
သို့ပေမဲ့ သူတို့ အကင်များအား အားရပါးရ စားနေတုန်းမှာပဲ လူတစ်စုသည် ရုတ်တရက်ဆိုသလိုပဲ တောထဲမှ ထွက်လာပြီး သူတို့အား ဝိုင်းပိတ်လိုက်ကြ၏။
အားလုံးသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး ရင်ဘတ်ပေါ်တွင် လင်းယုန်ဆိုသော စကားလုံးအား ရေးထိုးထားကြသည်။
အားလုံးရှေ့မှ ဦးဆောင်လာသူသည် အရပ်ရှည်ရှည်နှင့် သတ်လတ်ပိုင်းလူဖြစ်ပြီး သူ၏ မျက်လုံးများသည် စူးရှနေ၏။ ကျင့်ကြံခြင်း၏ အားအင်အဆင့်ကို ခန်းမှန်း၍ မရနိုင်ချေ။
ရင်ဘတ်မှ လင်းယုန်ဆိုသော စကားလုံးကို မြင်ချိန်မှာတော့ စုန့်ဟိုင် ၏ မျက်နှာ အမူအရာသည် ပြောင်းလဲသွားသည်။ ပြီးနောက် သူသည် မြန်မြန်ပဲ တီးတိုး ပြောလိုက်၏။ "ဂိုဏ်းချုပ် … သူတို့က လင်းယုန်နက် ဂိုဏ်းကပဲ။"
"လင်းယုန်နက် ဂိုဏ်းဟုတ်လား။" လီချင်းယန်၏ မျက်နှာသည်လည်း ပြောင်းလဲသွားသည်။
သူသည် ထိုအရာကို မြင်တော့ မေးလိုက်မိ၏။
"သူတို့က အားကောင်းလိုလား။"
လီချင်းယန် လေးလေးနက်နက်နှင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ် … လင်းယုန်နက် ဂိုဏ်းဆိုတာက အနီးနားမှာ ရှိတဲ့ ဟွာရင်နိုင်ငံက မိစ္ဆာဂိုဏ်းတစ်ခုပဲ။"
"မိစ္တာဂိုဏ်းဟုတ်လား။"
ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည်။
သူသည် ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ပတ်သက်၍ အနည်းနှင့် အများ နားလည်နေပြီဖြစ်ပြီး ဂိုဏ်းများသည်လည်း လူကောင်းဂိုဏ်းနှင့် မိစ္တာဂိုဏ်းဟူ၍ ခွဲခြား တည်ရှိနေကြောင်းကိုလည်း သိရှိခဲ့၏။
ဥပမာအားဖြင့် ဟောင်ချီ ဂိုဏ်းနှင့် တော်ဝင်ဓားမော့ဂိုဏ်းတို့ သည် ဂိုဏ်းကောင်းများအဖြစ် သတ်မှတ်ထားကြသည်။
မိစ္ဆာဂိုဏ်းများမှာတော့ ရှားပါးလှပြီး အလွန်ရက်စက်လှသည့် ကိစ္စများကို ပြုလုပ်တတ်ကြ၏။
ချင်းယန်နိုင်ငံတွင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့အစည်းရှိ၏။ ထို့ကြောင့် မည်သည့် မိစ္ဆာဂိုဏ်းမှ မရှိချေ။
သို့ပေမဲ့ အားလုံးသည် အပေါ်ယံသာ ကောင်းမွန်နေကြခြင်း ဖြစ်ပြီး အားလုံး၏ အတွင်းစိတ်ဓာတ်များမှာတော့ မိစ္တာဂိုဏ်းများနှင့်ပင် ထူးမခြားနားကြောင်း ကျွင်းချောင်ရှောင်း ကိုယ်တွေ့ဖြစ်ရပ် နှင့် နှိုင်းယှဉ် စဉ်းစားမိသည်။
ဟွာရင်နိုင်ငံမှာတော့ ခြားနားလှသည်။
ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကဲ့သို့သော အဖွဲအစည်း မရှိသောကြောင့် ဂိုဏ်းများသည် ကိုယ်ကြိုက်သလို ပြုမူဆောင်ရွက်နိုင်ကြ၏။
ထို့ကြောင့် တစ်ချို့သော သူများသည် သူတို့ကိုယ် သူတို မိစ္တာဂိုဏ်း ဟု အမည်တပ်ခဲ့ကြသည်။ ဆိုလိုရမည်ဆိုလျှင် ဟွာရင်နိုင်ငံတွင် မိစ္ဆာဂိုဏ်းများသည် တရားဝင် တည်ရှိနေ၏။
ထိုသူတို့သည် မည်သည့်အကြောင်းအရာမှ မရှိဘဲ မိမိကြိုက်ရာကိစ္စရပ်များကို ပြုလုပ်တတ်ကြ၏။ ဓားကို ဆွဲထုတ်၍ တစ်မိသားစုလုံးကို သတ်ဖြတ်သည့် အလုပ်ကိုပင် မတွန့်မဆုတ် ပြုလုပ်ရဲကြသည်။
ကျွင်းချောင်ရှောင်း တွေးလိုက်သည်။ ဒီတောထဲမှာ မိစ္ဆာဂိုဏ်းတစ်ခုကို တွေ့လိမ့်မယ်လို့ ငါ မထင်မိဘူး။
"ကောင်လေး …"
အရပ်ရှည်ရှည် သက်လတ်ပိုင်းလူက ပြောလိုက်သည်။ "မင်က သံမဏိအရိုးဂိုဏ်းခေါင်းဆောင်လား။"
"အမှန်ပါပဲ"
ကျွင်းချောင်ရှောင်းသည် အကင်ကို တစ်ကိုက်ကိုက်ကာ ပြောလိုက်သည်။ "ဘာလုပ်ပေးရမလဲ။"
အနီးအနားနိုင်ငံမှ မိစ္ဆာဂိုဏ်းသည် သူ၏ ဂိုဏ်းကို ကြားဖူးသည်ဆိုသောကြောင့် သူ ဂုဏ်ယူရပေလိမ့်မည်။
"မင်း သေမင်းတောင်ကြားထဲက ထွက်လာတယ်လို့ ငါ ကြားထားတယ်။" သက်လက်ပိုင်းလူ၏ အသံသည် အေးစက်နေ၏။ မိစ္ဆာဂိုဏ်းသား ဆိုသည့်အတိုင်း သူ၏ အပြောအဆိုသည် ကြမ်းတမ်းကာ မောက်မာလွန်း၏။
"အမှန်ပါပဲ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"သွားပြီ … သွားပြီ။"
စုန့်ဟိုင် သည် စိတ်ဓာတ်ကျသွားမိ၏။
လင်းယုန်နက် ဂိုဏ်းဆိုသည်မှာ မိစ္ဆာဂိုဏ်းတစ်ခုဖြစ်ပြီး ချင်းယန်နိုင်ငံ၏ သေမင်းတောင်ကြားထဲသို့ ခဏခဏလာတတ်ကြ၏။ သူတို့ အနှစ်သက်ဆုံး ပြုလုပ်သည့်အရာမှာ တစ်ခြားသူများဆီမှ လုယက်ခြင်းပင် ဖြစ်သည်။
ယနေ့မှာတော့ သူတို့သည် လင်းယန်နက်ဂိုဏ်း၏ လက်စာကို မိခဲ့လေပြီ။
သူတို့ သေမင်းတောင်ကြားထဲမှ ထွက်ပေါ်လာကြောင်းကို တစ်ခြားသော သာမန်ကျင့်ကြံသူများဆီမှ လင်းယုန်နက်ဂိုဏ်း သိရှိခဲ့ပြီး ဖြစ်ပေလိမ့်မည်။
သူ၏ ခန့်မှန်းမှုမှာ မှန်ကန်၏။
လင်းယုန်နက် ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်သည် ၏ တပည့်များကို ခေါ်၍ သေမင်းတောင်ကြားတွင် လာရောက်လေ့ကျင့်သည်။
ပထမဦဆုံး သူလုပ်သည်မှာ သာမန်ကျင့်ကြံသူများကို ထိန်းချုပ်၍ ပစ္စည်းများ လုယက်ခြင်းပင် ဖြစ်သည်။
တစ်ချို့သောသူများသည် သေရမှာကို အလွန်ကြောက်ရွံကြ၏။
ထို့ကြောင့် သူတို့၏ ပစ္စည်းများအား သေသည်သာမက တခြားကျင့်ကြံသူများနှင့် ပတ်သက်သည့် ကိစ္စများကိုလည်း တစ်ခါတည်း သတင်းပေးတတ်ကြသည်။
ဂိုဏ်းတစ်ခုသည် သေမင်းတောင်ကြားထဲသို ဝင်၍ ပြန်လည် ထွက်ခွာနိုင်ပြီဆိုလျှင် များပြားလှသော အရင်းအမြစ်များကို ရရှိသွားမှာ သေချာ၏။
ထို့ကြောင့် လင်းယုန်နက် ဂိုဏ်း၏ ခေါင်းဆောင်သည် တပည့်များကို ခေါ်၍ သံမဏိအရိုးဂိုဏ်းထဲသို့ လိုက်လာခြင်း ဖြစ်၏။
နောက်ဆုံးမှာတော့ သူတို့သည် သံမဏိအရိုးဂိုဏ်းနှင့် ဆုံတွေ့ခဲ့ပြီဖြစ်သည်။
သူတို့သည် မိစ္ဆာဂိုဏ်းတစ်ခုဖြစ်၏။ ထို့ကြောင့် လုယက်ခြင်းကို ပျော်ပျော်ရွှင်ရွှင် နှင့် တရားဝင် ပြုလုပ်တတ်ကြ၏။
လူကောင်းဂိုဏ်းများဆိုလျှင် အတွင်းစိတ်ထဲတွင် လုယက်ချင်သည် ဆိုလျှင်တောင်မှ ဤသို့ တရားဝင် ပြုလုပ်ရဲမည် မဟုတ်ပေ။
"ဂိုဏ်းချုပ်ကျွင်း ဟုတ်လား။"
ဒုတိယဂိုဏ်းချုပ်သည် ထူးမခြားနားသလို ပြောလိုက်သည်။ “သေမင်းတောင်ကြားထဲကို ဝင်ပြီးပြီးဆိုတော့ သလင်းအမြုတေရဲ့ အရိုးတွေ တော်တော်များများ ရရှိလိမ့်မယ် ထင်တယ်။ ဒီတော့ ဒါတွေအားလုံးကို ငါတို့ လင်းယုန်နက် ဂိုဏ်းဆီ မျှဝေလိုက်ရင် မကောင်းဘူးလား”
ကျွင်းချောင်ရှောင်းသည် ဝါးနေသော အသားများ နင်မလိုပင် ဖြစ်မိသွား၏။ သူ သွားဖြီးကာ ပြောလိုက်သည်။ "ကျုပ်တို့သံမဏိ အရိုး ဂိုဏ်းက အသက်တွေကို စွန့်စားပြီးတော့မှ ဒါတွေကို ရလာတာလေ။ ဘာလို့ ခင်ဗျားတို့ကို မျှဝေရမှာတုန်း။"
"ဒါက ငါတို့ လင်းယုန်နက် ဂိုဏ်းရဲ့ စည်းမျဉ်းပဲ။" လင်းယုန်နက်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်က အေးစက်စက် ပြောလိုက်သည်။
"အားနာပါတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါက ခင်ဗျားတို့ဂိုဏ်းရဲ့ စည်းမျဉ်းဆိုရင် ကျုပ်တို့ ရထားတဲ့ပစ္စည်းတွေကို ဘယ်သူ့ကိုမှ မပေးဘူးဆိုတာ ကလည်း ကျုပ်တို့ သံမဏိအရိုးဂိုဏ်းရဲ့ စည်းမျဉ်းပါပဲ။"
"ခွေးကောင်။"
ဒုတိယဂိုဏ်းချုပ်သည် တင်းမာခတ်ထန်လှသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "မင်း သေချင်နေတာလား။"