အခန်း (၂၀၆)
Vol. 14 Ch. 206
ဒုဂိုဏ်းချုပ်ဟယ် တို့၏ လင်းယုန်နက်ဂိုဏ်း သည် သံမဏိအရိုးဂိုဏ်းနောက် လိုက်လာရာတွင် ရည်မှန်းချက် တစ်ခုသာ ရှိခဲ့သည်။ သံမဏိအရိုးဂိုဏ်းသားများအား တားဆီး ခြိမ်းခြောက်၍ သေမင်းတောင်ကြားထဲတွင် ရရှိခဲ့သော တန်ဖိုးကြီး အရာဝတ္တုများအား လုယူရန်ဖြစ်သည်။
ထိုသို့သော ကိစ္စကို သူတို့ အကြိမ်ပေါင်းများစွာ ပြုလုပ်ထူးကြသည်။ လွတ်လပ်သော တစ်ကိုယ်တော် ကျင့်ကြံသူ ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်း၊ ဂိုဏ်းတစ်ခုခု ဖြစ်ဖြစ် သူတို့တွေ နှင့် တွေ့ဆုံလျှင် ရှိသမျှကို ပေးခဲ့ရသည်မှာ သဘာဝပင် ဖြစ်၏။
သူတို့သည် အလုပ်လုပ်ဆောင်ရာတွင် စည်းစနစ်ကျနပြီး အခြေအနေ ၊ အချိန်အခါလိုက် ချိန်သားကိုက်လည်း လှုပ်ရှားတတ်ကြသည်။
သေမင်းတောင်ကြားထဲမှ ထွက်လာကြသူများမှာ လက်ရှိ သူတို့ရင်ဆိုင်နေရသည့် သံမဏိအရိုးဂိုဏ်းမဟုတ်ဘဲ တခြားသော နာမည်ရှိဂိုဏ်း (ဥပမာ - ဟောင်ချီဂိုဏ်း) သာ ဆိုလျှင် သူတို့တွေသည် သတင်းရလျှင်တောင်မှ လာရောက် လုယက်သည့် အလုပ်ကို လုပ်လိမ့်မည် မဟုတ်ချေ။
အဆုံးစွန် ထိ ဆုံးဖြတ်ချက် မှားယွင်းသောကြောင့် ဟောင်ချီဂိုဏ်းလို ကျော်ကြားသော ဂိုဏ်းနှင့် ရင်ဆိုင်တွေ့လျှင်တောင်မှ တစ်ဖက်လူများသည် ညှာတာထောက်ထားကြမှာ ဖြစ်သည်မို့ သူ၏ တပည့်များ အားလုံး မသေဆုံးနိုင်ပေ။
ကံဆိုးစွာနှင့် ဒုဂိုဏ်းချုပ်ဟယ်သည် ဆုံးဖြတ်ချက် မှားရုံတင် မက လူရွေးလည်း မှားသွားခဲ့သည်။ သံမဏိအရိုးဂိုဏ်းသည် မြေပွေးလို ဂိုဏ်းမျိုးဖြစ်လို့နေ၏။ သူတို့အား ထိခိုက်သည် ဆိုသည်နှင့် တစ်ချက်ကလေးမှ မျက်နှာမထောက်ဘဲ အားလုံးကို ကြက်ကလေး ၊ ငှက်ကလေးများလို သတ်ဖြတ်ကြတော့သည်။
သို့ပေမဲ့ အားလုံးသိရှိပြီးချိန်မှာတော့ လက်လွန်သွားခဲ့ပြီဖြစ်ပြီး ဒုဂိုဏ်းချုပ်ဟယ် ကိုယ်တိုင်ပင်လျှင် အသက်နှင့် ကိုယ် အိုးစားကွဲသွားတော့၏။
“သူတို့ကို ရှာကြည့်” ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်သည်။
သံမဏိအရိုးဂိုဏ်းသားများသည် လင်းယုန်နက်ဂိုဏ်းသား ခြောက်ဆယ်ကျော်တို့ဆီမှ ပစ္စည်းပစ္စယများနှင့် သိုလှောင်လက်စွပ်များအား ယူဆောင်လိုက်ကြ၏။
သေချာစဉ်းစားကြည့်လျှင် ကျွင်းချောင်ရှောင်းသည် သူ၏ ဂိုဏ်းသားများအား သိုလှောင်လက်စွပ် ဝယ်မပေးရချေ။ လုပ်ကြံသတ်ဖြတ်သူများ၊ ယခုလို ဓားပြများသည် သူ၏ ဂိုဏ်းသားများအတွက် သိုလှောင် လက်စွပ်များ အစဉ်သဖြင့် ထောက်ပံ့ပေးလျက်ရှိသည်။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် ပိုက်ဆံများအား ရေတွက်ပြီး ပြောလိုက်၏ “စုစုပေါင်း သုံးသောင်းကျော်ရှိတယ်။ ပြီးတော့ အဆင့်နိမ့် ဆေးပင်တွေလည်း ပါတယ်”
“တော်တော်မွဲတဲ့လူတွေပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်မိသည် ။
သေဆုံးပြီး၍ မြစ်ဝါမြစ်ကြီးဆီ လက်ပစ်ကူးနေသော ဒုဂိုဏ်းချုပ်ဟယ်သာ ဤစကားကို ကြားရလျှင် ကျိန်းသေပေါက် ထဆဲပေလိမ့်မည်။ ချမ်းသာနေမှတော့ မည်သူက ဓားပြ တိုက်မည်နည်း။ သောက်ကျိုးနည်း ဂိုဏ်းချုပ်ကျွင်း၏ အတွေးအခေါ်ပင်။
“ဂိုဏ်းချုပ် .. ဒီအလောင်းတွေကို ဘယ်လိုလုပ်မလဲ”
“ပုံပြီး မီးရှို့လိုက်လေ”
“ကောင်းပါပြီ”
မကြာမီမှာပဲ အလောင်းများအားလုံးသည် ပြာကျသွားတော့သည်။
လူတွေအများကြီး ဤနေရာတွင် သေဆုံးထားသည်မို့ လေထဲတွင် သွေးညှီနံ့များနှင့် လှိုင်လျက်ရှိသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း ဆက်လက် စားချင်စိတ်မရှိတော့ပေ။ တပည့်များအား ခေါ်ဆောင်ကာ ထွက်သွားလိုက်တော့၏။
လမ်းမှာတော့ …
စုန့်ဟောင် နှင့် တခြားသော ကျင့်ကြံသူနှစ်ယောက်တို့သည် သေချာစဉ်းစားနေမိကြသည်။ သံမဏိအရိုးဂိုဏ်းသည် လူကောင်းဂိုဏ်းလား၊ မိစ္ဆာဂိုဏ်းလား။
မိစ္ဆာဂိုဏ်းဟု သတ်မှတ်ရအောင်လည်း သူတို့နောက်မှာလိုက်၍ အကြွင်းအကျန်များအား အရှက်မဲ လိုက်ကောက်နေသော သာမာန်ကျင့်ကြံသူများအား ညှာတာခဲ့ကြသည်။
အဖြူရောင် ဂိုဏ်းတစ်ခုဟု သတ်မှတ်ရအောင်လည်း လင်းယုန်နက်ဂိုဏ်းသား အားလုံးကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်ခဲ့၏။
သူတို့သုံးယောက်သည် တွေးလေ ပို၍ ဇဝေဇဝါ ဖြစ်လေ ဖြစ်သည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းက ဘာဂိုဏ်းဖြစ်ဖြစ် သူတို့ ဝင်ရောက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
….
နောက်တစ်ရက်မှာတော့ …
ကျွင်းချောင်ရှောင်းသည် အရှိန်မြင့်ကာ ခရီးဆက်ခဲ့သည်မို့ ညနေလောက်တွင် သံမဏိအရိုးဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။
ထုံးစံအတိုင်း ဂိုဏ်းထဲ ရောက်ရောက်ချင်း အတွေ့အကြုံများအား တပည့်များက မေးမြန်းကြတော့၏။
သူတို့သည် ဂိုဏ်းတွင် ကျင့်ကြံရင်း ကျန်ရစ်ခဲ့ကြသည် ဖြစ်သော်လည်း သူတို့၏ စိတ်သည် စီနီယာအစ်ကိုများနှင့် အတူ လိုက်ပါသွားခဲ့ကြသည်။ ထို့ကြောင့် ခရီးရောက်သည်နှင့် သိချင်သည်များအား အလောသုံးဆယ် မေးမြန်းကြတော့သည်။
“အဟမ်း .. အဟမ်း …”
သိုင်းလေ့ကျင့်ရာ ကွင်းပြင်ဆီမှာတော့ စုရှောင်မိုသည် မတ်မတ်ရပ်လျက် ထုံးစံအတိုင်း ဇာတ်ကြောင်းပြောဆိုသူ တာဝန်ကို ယူထားသည်။ သူသည် လည်ချောင်းကို ရှင်းပြီး အားရပါးရ ပြောလိုက်၏ “ဇာတ်လမ်းရှည်ကြီးပဲ ဆိုတော့ ဖြည်းဖြည်း နားထောင်ကြ”
တပည့်များသည် စိတ်လှုပ်ရှားမှု အပြည့်နှင့် နားထောင်နေကြသည်။ သူတို့၏ မျက်လုံးများသည် တလက်လက်ဖြင့် တောက်ပလျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် စုန့်ဟိုင် နှင့် တခြားနှစ်ယောက်တို့အား အဓိက ဟောခန်းထဲသို့ ခေါ်ဆောင်လာပြီး ဝင်ခွင့်ဖောင် ဖြည့်ကာ တံဆိပ်တုံး ထုနှက်လိုက်သည်။
“ဒင် .. ဂိုဏ်းသား - ၅၀၃ / ၁၀၀၀”
“ဒင် - ဂိုဏ်းစုဆောင်းမှတ် - ၇၀၃ / ၁၀၀၀”
တခြားတပည့်နှစ်ယောက်၏ အမည်များနှာ ရွယ်ရှောင် နှင့် ကျင်းလန် ဖြစ်သည်။
စုန့်ဟိုင်လိုပင် သူတို့နှစ်ယောက်သည်လည်း အသက်သုံးဆယ် စွန်းစွန်းများ ဖြစ်ပြီး အဆင့်တစ် သိုင်းဆရာ အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်သည် “တခြားအထောက်အပံ့တွေ မပါဘဲ ဒီအဆင့်ထိ ရောက်တယ်ဆိုတာ တော်လွန်းလို့ပဲ”
စုန့်ဟိုင် နာနာကျင်ကျင် ပြောလိုက်သည် “ဂိုဏ်းချုပ် .. ဒီနေ့လို အခြေအနေမျိုးရောက်ခဲ့တာ ကျွန်တော်တို့တွေ သေခြင်း၊ ရှင်ခြင်းလမ်းကြားလေးထဲမှ လျှောက်ခဲ့ရလို့ပါ”
ဤစကားတွင် တကိုယ်တော်ကျင့်ကြံံသူများ၏ ခက်ခဲမှုနှင့် နာကျင်ရမှုတွေ ပါဝင်နေလေသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီနေ့ကစပြီး ခင်ဗျားတို့ ဂိုဏ်းအတွက် အကောင်းဆုံး အလုပ်အကျွေး ပြုကြပါ။ အရင်းအမြစ်တွေကို ကျုပ် ထောက်ပံ့မယ်”
သံမဏိအရိုးဂိုဏ်းတွင် လူငယ်သွေးသစ်များကြီး ဖြစ်နေ၍ မရချေ။ သေခြင်း၊ ရှင်ခြင်းကြား အတွေ့အကြုံများနှင့် ရင်ဆိုင်လာခဲ့သော အတွေ့အကြုံရင့် လူလတ်ပိုင်းများလည်း ပါဝင်ရန် လိုအပ်နေသည်။
“စိတ်ချပါ ဂိုဏ်းချုပ်”
သုံးယောက်လုံးသည် သံပြိုင်ပြောလိုက်ကြသည် “ကျုပ်တို့ ဂိုဏ်းအတွက် ကြိုးစားပါမယ်။ ဓားတောင်ကိုပဲ တက်ရတက်ရ၊ မီးပင်လယ်ပဲ ဖြတ်ရ၊ ဖြတ်ရ မနှောင့်နှေးပါဘူး”
ကျွင်းချောင်ရှောင် ထိုစကားကို ယုံကြည်မိသည်။ ထိုသူများသည် သေမင်းတောင်ကြားထဲမှာပင် သူ့နောက် လိုက်ခဲ့သူများ ဖြစ်ကြ၏။ အနိုင်ယူရန် မဖြစ်နိုင်သော သားရဲနှင့် ရင်ဆိုင်ဖို့ သွားချိန်မှာတောင်မှ သူ့အား လိုက်ပါ ကူညီရန် ပြောဆိုခဲ့ကြသူများ ဖြစ်၏။
“ဒါက ဂိုဏ်းရဲ့ အထူးဆေးလုံးပဲ။ သောက်လိုက်”
ကျွင်းချောင်ရှောင်း ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံးသုံးလုံးအား ပစ်ပေးလိုက်သည်။
သံမဏိအရိုးဂိုဏ်းသည် တခြားဂိုဏ်းများလို အခြေမခိုင်သေးသော်လည်း တပည့်တစ်ယောက်ချင်းစီတိုင်းသည် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံးတစ်လုံးစီ ရကြသည်။ ထိုအရာမှာ အစဉ်အလာဖြစ်၏။
“ဂိုဏ်းချုပ် .. ဒါက …” စုန့်ဟိုင် ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း “ဒါက ခန္ဓာကိုယ်ကို ပိုပြီး အားကောင်းစေတဲ့ ဆေးလုံးပဲ။”
“နားလည်ပါပြီ”
စုန့်ဟိုင် တစ်ခါတည်း ဆေးလုံးအား မြိုချလိုက်၏။
ရွှယ်ရှောင် နှင့် ကျန်းလန် တို့သည်လည်း ဆေးလုံးအား ပါးစပ်ထဲ ပစ်ထည့်လိုက်ကြသည်။
ဆေးလုံးသည် အရည်ပျော်သွားသည်နှင့် တပြိုင်နက် သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲပြီး သူတို့၏ မရီဒန် ၊ ကြွက်သားများအား သန့်စင်တော့သည်။ ခဏလောက်ကြာတော့ သူတို့၏ ခန္ဓာကိုယ်သည် အားကောင်းသော ခန္ဓာကိုယ်အဖြစ် ဖြစ်တည်သွားကြတော့၏။
“ကောင်းကင်ဘုံ …”
စုန့်ဟိုင် မနေနိုင်ဘဲ ထအော်လိုက်မိသည် “ကျုပ်ရဲ့အားအင်တွေ တိုးသွားတယ်”
အားအင်မှာ ဂျင်တစ်သောင်းနီးပါး တိုးသွားခြင်း ဖြစ်သည်။ ထိုအရာသည်သူတို့အား အလွန်အမင်း အံ့အားသင့်မိစေ၏။
သူတို့သည် သိုင်းဆရာ အဆင့်တစ် ကျင့်ကြံသူများ ဖြစ်သောကြောင့် သူတို့၏ အားအင်သည် ဂျင် နှစ်သောင်းခွဲနီးပါး ရှိသည်။ သို့ပေမဲ့ ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံးကို သောက်သုံးပြီးချိန်မှာတော့ သူတို့၏ အားအင်အဆင့်သည် ဂျင် သုံးသောင်းခွဲထိ ရောက်ရှိသွားခဲ့သည်။
သူတို့သည် အဆင့်နိမ့် ကျင့်ကြံသူများအဖြစ်မှ သာမာန်အဆင့် ကျင့်ကြံသူများအဖြစ်သို့ တိုးတက်သွားခဲ့သည် ဟု ဆိုရမည်။
အဘယ့်ကြောင့် ဆိုသော် ပါရမီရှင် သိုင်းဆရာ အဆင့်တစ် တစ်ယောက်၏ အားအင်သည် ၄၅၀၀၀ ဂျင် ရှိပြီး ထိပ်တန်း ပါရမီရှင်များ ဆိုလျှင် ၅၅၀၀၀ ထိ အားကောင်းကြသောကြောင့်ပင်။
စုန့်ဟိုင်တို့ အံ့အားသင့်နေုတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် လခြမ်းဓားကွက် နှင့် ပေါက်ကွဲ လက်သီးနည်းစနစ် ကို လှမ်းပေးကာ ပြောလိုက်သည် “ချင်းယန် က ခင်ဗျားတို့ နေထိုင်ဖို့ အားလုံး စီစဉ်ပေးလိမ့်မယ်”
“ကောင်းပါပြီ”
ချင်းယန်သည် သူတို့အား အဆောင်ဆီသို့ ခေါ်ဆောင်သွားသည်။ လမ်းတစ်လျှောက်တွင် မြင်ရသော ခမ်းနားလှသည့် အဆောက်အဦ များအား မြင်တော့ စုန့်ဟိုင် တို့သည် ရင်သပ်ရှုမော ဖြစ်နေကြသည်။ အဆင့်ခြောက် ဂိုဏ်းတစ်ခုပင်လျှင် ဤမျှ ခမ်းနားလှပလိမ့်မည် မဟုတ်သည်ကို သူတို့ သိရှိကြ၏။
“အစ်ကိုဟိုင်”
သုံးယောက်သား အခန်းထဲတွင်ထိုင်ပြီးသည့်နောက် ရွှယ်ရှောင်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည် “သံမဏိ အရိုးဂိုဏ်းက အံ့အားသင့်စရာပဲ”
ကျင်းလန် ကလည်း တုန်လှုပ်စွာ ပြောမိ၏ “ခန္ဓာကိုယ်အားအင်ကို တိုးတက်စေတဲ့ ဆေးလုံးတဲ့။ အံ့အားသင့်စရာကြီး”
စုန့်ဟိုင် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းထဲ ဝင်ဖို့ ဆုံးဖြတ်လိုက်တာ ငါတို့ တစ်သက်တာမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ”
ဤအတွေးသည် လခြမ်းဓားကွက် နှင့် ပေါက်ကွဲလက်သီးနည်းစနစ်များအား လှန်ကြည့်ပြီးသည့်နောက်မှာတော့ ပိုမို၍ ခိုင်မာသွားတော့သည်။ စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်များသည် တန်ဖိုးကြီးလွန်းသော ရတနာများပင် ဖြစ်၏။
သူတို့ ဂိုဏ်းချုပ်ကို ပေးလိုက်သော သိုလှောင်လက်စွပ်များသည် မည်မျှတန်ကြေးရှိသနည်း။ တစ်သောင်းလား။
ဤကဲသို့ ဂိုဏ်းမျိုးမှန်းသိပါက တစ်သိန်းပေးဝင်ရမည် ဆိုလျှင်ပင် ထိုက်တန်သည်ဟု သူတို့ တွေးလိုက်မိကြ၏။ ပိုက်ဆံမပေးချင်၍ ထွက်ခွာသွားတော့ သောက်ရူးများအတွက်ကတော့ ရင်နာစရာပင်။