အခန်း (၂၀၉)
Vol. 15 Ch. 209
ဂိုဏ်းစုဆောင်းမှတ် နှစ်ရာကျော်အား အသုံးပြုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ စမ်းသပ်မှု မျှော်စင် ဆိုသည့်အရာကို ရရှိခဲ့၏။
ဈေးနှုန်းမှာ မြင့်မားလှသည်ဆိုသော်လည်း မောင်းပြန်နှင့် အကာအကွယ်နည်းစနစ်များကိုလည်း ရရှိသေး၏။
ထိုနှစ်ခုရသည်ကပင် refresh လုပ်၍ ကုန်ခဲ့သော ဂိုဏ်းစုဆောင်းမှတ် တစ်ရာသည် ထိုက်တန်သည်ဟု ဆိုရမည်။
ဂိုဏ်းချုပ်ကျွင်းသည် ထိုအရာကို စဉ်းစားမိချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ သဘောကျသွားမိ၏။
သူသည် ဂိုဏ်းစမ်းသပ်မှု မျှော်စင် အား ထုတ်ယူရန် စဉ်းစားလိုက်မိသည်။
စနစ်မှ ပြောလိုက်သည်။ “ဂိုဏ်းစမ်းသပ်မှု မျှော်စင် က သာမန် ကိုးထပ်အဆောက်အဦ တစ်ခုနဲ့ အရွယ်အစား တူညီတယ်။ ဒါကြောင့် လွတ်လွတ်ကင်းကင်း ရှင်းလင်းတဲ့ တည်နေရာတစ်ခုကို သွားပြီး ထုတ်ယူဖို့ အကြံပေးတယ်။”
“ဪ …”
ကျွင်းချောင်ရှောင်းသည် မည်သည့်နေရာမှာ ထားရမည်ဆိုသည်ကို စတင်စဉ်းစားလိုက်မိ၏။ နောက်ပိုင်းမှာတော့ သူသည် တောင်အနောက်ဘက်တွင် ထားရှိရန် ဆုံးဖြတ်လိုက်၏။
မကြာခင် မမေမြန်ဆိုသလို အချိန်တွင် ဂိုဏ်း၏ အဆောက်အဦများသည် ပြန်လည်၍ အဆင့်မြှင့်တင် တည်ဆောက်တော့မှာ ဖြစ်သည်။
ထို့ကြောင့် ထိုနေရာတွင် ဂိုဏ်းစမ်းသပ်မှု မျှော်စင် အား ထားရှိသည်မှာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် တောင်၏ အနောက်ဘက်ဆီသို့ မနက်စောစော ရောက်ရှိလာခဲ့ပြီး ဂိုဏ်းစမ်းသပ်မှု မျှော်စင် ထားရှိရမည့်နေရာကို သေသေချာချာ ရှာဖွေနေ၏။
ကိုးထပ်အဆောက်အဦ ဆိုသည်မှာအလွန်အမင်း ကြီးမားလှသည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း သေချာစဉ်းစားမိချိန်မှာတော့ လက်ထဲတွင် ကိုင်ထားသော စေတီ ပုံစံငယ်လေးအာ ကြည့်ရင်း ဆွံ့အနေမိ၏။ "မင်းဆိုလိုတာက သာမန်ကိုးထပ်အဆေက်အဦ လောက်ရှိတယ်လို့ ဆိုလိုတာလား။ ဒီဟာလေးကလေ"
“ဒါကို မြေပေါ်မှာထားရင် သူ့ဘာသာသူ အသက်ဝင်ပြီး မြေပေါ်မှာ ပြောင်းလဲသွားလိမ့်မယ်။”
“ဪ …”
ကျွင်းချောင်ရှောင်းသည် သေးငယ်လှသော စေတီလေးကို မြေပေါ်တွင် တင်၍ ခပ်ဝေးဝေး နေရာတစ်ခုဆီသို့ ရှောင်သွားလိုက်မိ၏။
အတော်ကြာသည့်နောက်မှာတော့ ဂိုဏ်းစမ်းသပ်မှု မျှော်စင် အသေးလေးသည် အနည်းငယ် လှုပ်ခါလာသည်။
ပြီးနောက် အထပ်တစ်ခုချင်းစီတိုင်း မှ အလင်းတန်းများ ပေါ်ထွက်လာပြီး မြန်မြန်ဆန်ဆန်ပဲ ကြီးမားလာ၏။
နောက်ဆုံးမှာတော့ ကိုးထပ်အဆောက်အဦတစ်ခုသည် တည်နေရာ မြင်ကွင်းထဲ၌ ပေါ်လာတော့သည်။
"ချီးတဲ့မှ …."
ကျွင်းချောင်ရှောင်း မော့ကြည့်ကာ အော်လိုက်သည်။ "ဒါကြီးက အမြင့်ကြီးပါ့လား။"
"ဟမ် … ကြည့်အုံး …. ဒါကြီးက ဘာကြီးလဲ။"
"မျှော်စင်ကြီးပါ့လား။ ထူးဆန်းလိုက်တာ …. မနေ့တုန်းက အဲဒီမှာ ဘာမှ မရှိပါဘူး။ ရုတ်တရက်ကြီး ဘယ်လိုလုပ် ပေါ်လာတာပဲ။"
မနက်ခင်း လေ့ကျင့်ရန် ပြင်ဆင်နေကြသော တပည့်များသည် အပြင် ခြံဝန်းထဲသို့ ရောက်ရှိရန် ပြင်ဆင်နေကြစဉ် အဓိက ဟောခန်း၏ နောက်ဘက်တွင် ကြီးမားရှည်လျားသော မျှော်စင်ကြီးတစ်ခု ရှိသည်ကို မြင်လိုက်ရ၏။
"ဒုတိယ စီနီယာအစ်ကို …."
စုရှောင်မို ကြောင်သွား၏။ "အဲ့မှာ အဆောက်အဦးဆောက်ဖို လက်သမားတွေ ခေါ်ထားသေးတာလား။"
"မခေါ်ပါဘူး။" လီချင်းယန်လည်း ဆွံ့အနေမိသည်။
"ဒါဆိုသွားကြည့်ရအောင်။"
မနက်ခင်း လေ့ကျင့်ခန်းများ မလုပ်ရသေးသော တပည့်များသည် ချက်ချင်းဆိုသလိုပဲ တောင်အနောက်သို့ ရောက်ရှိလာကြပြီး ကြီးမားလှသော မျှော်စင်ကြီးအား ကြည့်ရှုလျက်ရှိသည်။
အလွန်အမင်း အားကောင်းလှသည့် အော်ရာများကို ခံစားမိသည့်နောက် ရီရှင်းချန်သည် တုန်လှုပ်မိသွားသည်။ "ဒီ မျှော်စင်က ရတနာတစ်ခုပဲ။"
ညအင်ပါယာဆိုသည်အတိုင်း သူသည် ရတနာများနှင့် ပတ်သက်၍လည်း ကောင်းကောင်း နားလည်နေ၏။
ဂိုဏ်းစမ်းသပ်မှု မျှော်စင် ၏ တံခါးသည် တင်းတင်းပိတ်ထားလျက်ရှိသည်။
တံခါးပေါ်မှာတော့ တလက်လက်နှင့် အလင်းတန်းများ ပြေးလျက်ရှိ၏။
ထိုအချိန်မှာတော့ မျှော်စင်၏ ပထမအဆင့်သည် လင်းလက်သွားပြီး အသံတစ်ခု ပေါ်ထွက်လာသည်။
“ကျွင်းချောင်ရှောင်း ဂိုဏ်းစမ်းသပ်မှု မျှော်စင် ပထမအဆင့်ကို စိန်ခေါ်သည်။”
"ဂိုဏ်းချုပ် ဝင်သွားတာလား။"
တပည့်များသည် အလောတကြီးဖြင့် ခေါင်းကို မော့ပြီး ပထမထပ်၏ တံခါးပေါက်မှ တဆင့် ဂိုဏ်းချုပ်ကို မြင်ရမလားဆိုပြီး လှမ်းကြည့်လိုက်ကြသည်။
သို့ပေမဲ့ သူတို့မြင်နေရသည်မှာ အလင်းတန်းများသာ ဖြစ်ပြီး တစ်ခြား မည်သည့်အရာကိုမှ မမြင်ရချေ။
" ဂိုဏ်းစမ်းသပ်မှု မျှော်စင် ဟုတ်လား။" ရီရှင်းချန် တွေးလိုက်မိ၏။
“ဒါက ဂိုဏ်းကြီးတွေမှာ သူတို့ရဲ့ တပည့်တွေကို အတွေ့အကြုံရအောင် ပြုလုပ်ပေးနိုင်တဲ့ လေ့ကျင့်ရေး တည်နေရာလို နေရာမျိုး ဖြစ်မယ်နဲ့ ထင်တယ်။”
လုချင်းချင်းသည်လည်း ရောက်ရှိလာသည်။ သူမသည်သစ်ပင်ကို မှီပြီး လှမ်းကြည့်နေသည်။ "ဒါက ထိုက်ရွှန် အအေးလေ့ကျင့်ရေး အစီအရင် နဲ့ ပုံစံတူ ဖြစ်မယ်ထင်တယ်။"
စေတီ ပုံစံ မျှော်စင် အတွင်း၌ ဖြစ်ပျက်နေသော အရာများကို သူတို့ မမြင်ရချေ။ ထို့ကြောင့် တပည့်များသည် အပြင်ဘက်တွင်တော့ စောင့်နေရ၏။
တစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ မျှော်စင်၏ အလင်းတန်းများသည် အားဖျော့လာ၏။ ပြီးနောက် အသံတစ်ခု ထွက်ပေါ်လာသည်။ "ကျွင်းချောင်ရှောင်း စိန်ခေါ်မှုအောင်မြင်"
"အရမ်းကြမ်းတဲ့ ဂိုဏ်းချုပ် ….. အရမ်းကြမ်းတဲ့ ဂိုဏ်းချုပ်။"
သူတို့ ဂိုဏ်းချုပ် မည်သည့် အရာကို စိန်ခေါ်ခဲ့ကြောင်း မသိရှိကြသော်လည်း အားလုံးသည် အောင်မြင်သည်ဆိုသည်နှင့် ချက်ချင်းပဲ ချီးကျူးထောပနာပြုလိုက်ကြ၏။
ကျွီ …။
ထိုအချိန်မှာပဲ ခပ်တင်းတင်း ပိတ်ထားသော စေတီ မျှော်စင် ၏ တံခါးသည် ပွင့်လာသည်။
ကျွင်းချောင်ရှောင်းသည် တံခါးကို အသာဆွဲဖွင့်၍ တုန်ရင်နေသော ခြေလှမ်းများဖြင့် လျောက်ထွက်လာ၏။
သူ၏ မျက်နှာပေါ်တွင် ရှိသော အမူအရာများမှာ အလွန်အမင်း စိတ်ဝင်စားစရာ ကောင်းလှသည်။
ရှောင်ကျီသည် အလောတကြီးဖြင့် ပြေးလာပြီး ဂိုဏ်းချုပ်အား ဖေးမလိုက်သည်။ "ဂိုဏ်းချုပ် အဆင်ပြေရဲ့လား။"
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို မြှောက်ကာ နဖူးပေါ်ရှိချွေးများကို သုတ်လိုက်၏။
သူ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ရင်နေသည်။ “တကယ့်ကို အံ့အားသင့်စရာပဲ။”
"ဂိုဏ်းချုပ်"
စုချောင်မိုသည် အသာတိုးကပ်လာပြီး မေးလိုက်သည်။ "ဒါက ဘာကြီးလဲ။"
"မင်း သိချင်လား။"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "ဒါဆို အထဲဝင်ပြီး ကြည့်လိုက်လေ။"
"ကျွန်တော်တို ဝင်လို့ရလား။" စုရှောင်မို ပျော်သွား၏။ ပြီးနောက် တံခါးမပိတ်ခင်မှာပဲ စေတီထဲသို့ လှစ်ခနဲ တိုးဝင်လိုက်သည်။
ရီရှင်းချန် ၊ ထန်းချီနှင့် လီဖေးတို့ကလည်း အနောက်မှ ကပ်လိုက်လာကြ၏။
ပြီးနောက်မှာတော့ ဂိုဏ်းစမ်းသပ်မှု မျှော်စင် သည် အသက်ဝင်သွားတော့သည်။
လီချင်းယန် နှင့် လုချင်းချင်းတို့သည်လည်း ခဏလောက်စဉ်းစားပြီးသည့်နောက် အထဲသို့ လှမ်းဝင်လိုက်သည်။
"ဂိုဏ်းချုပ် "
ဂိုဏ်းချုပ်ကို နားနေရာတစ်ခုသို ပိုဆောင်ပြီးသည့်နောက် ရှောင်ကျီသည် သူ၏ ဦးခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ကျွန်တော်လည်း ဝင်သွားလို့ရလား။"
ကျွင်းချောင်ရှောင်း သူ၏ လက်ကို ယမ်းခါပြီး ပြောလိုက်သည်။ “သွား ….သွား။”
ရှောင်ကျီသည် ချက်ချင်းပဲ သူ့အတွက် နေရာမရှိတော့မှာကို စိုးရိမ်သည့်အလား ချက်ချင်းပဲ ပြေးထွက်သွားတော့၏။
လီလိုရှုသည် အသာလျှောက်လာပြီး စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။ "ဂိုဏ်းစမ်းသပ်မှု မျှော်စင် က မရိုးရှင်းဘူးနဲ့တူတယ်”
“လုံးဝ မရိုးရှင်းဘူး" ကျွင်းချောင်ရှောင်းသည် မောပန်းစွာ ပြောလိုက်သည်။
လီလိုရှု ပြောလိုက်သည်
"ဂိုဏ်းချုပ် ဝင်သွားပြီးတော့ အထဲမှာ လေ့ကျင့်ခဲ့တယ်။ အခု သူတို့ ဝင်သွားတယ် ဆိုတော့ တော်တော်ဆိုးရွားတဲ့ အရာတွေ ဖြစ်ပေါ်လာမှာတောင် စိုးရိမ်မိတယ်။”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သူတို့အနေနဲ့ ဒီနေရာမှာ ပြင်းပြင်းထန်ထန် မလေ့ကျင့်ဘူးဆိုရင် ဒါကြီးရှိနေလို့ ဘာထူးမှာလဲ"
လီလိုရှု ခေါင်းခါယမ်းလိုက်သည်။
ပြီးနောက် သူမသည် အထဲဝင်သွားသည့် တပည့်များ ဂုဏ်သိက္ခာရှိရှိ ထွက်လာစေရန် တိတ်တဆိတ် ကြိတ်ကာ ဆုတောင်းနေမိတော့၏။
ကျွီ ….။
ရုတ်တရက်ဆိုသလိုပဲ မျှော်စင်၏ တံခါးသည် ပိတ်သွားခဲ့သည်။
ပြီးနောက် အလွန်တရာ အားကောင်းလှသော အော်ရာများသည် အပြင်ဘက်ဆီသို့ စိမ့်ထွက်လာတော့သည်။
အသံတစ်ခုသည် ဂိုဏ်းစမ်းသပ်မှု မျှော်စင် ဆီမှ ထွက်ပေါ်လာ၏။
“ဂိုဏ်းစမ်းသပ်မှု မျှော်စင် ဖွင့်သည်....”
မျှော်စင် ၏ တံခါးပိတ်သွားပြီးသည့်နောက် မူလက မဲမှောင်နေသောနေရာ တစ်ခုလုံးသည် ရုတ်တရက် ဆိုသလိုပဲ လင်းထိန်လာသည်။
ချင်းယန်နှင့် တစ်ခြားသော တပည့်များသည် ထိုတည်နေရာတွင် အပေါ်ထပ်ဆီသို့ တက်သော လှေကားထစ် တစ်ခု တည်ရှိနေသည်ကို မြင်လိုက်ရ၏။
အားလုံးသည် ရှေ့သို့ လမ်းလျှောက်လိုက်ချိန်မှာတော့ သူတို့၏ ခန္ဓာကိုယ်များသည် မလှုပ်ရှားနိုင်သည်ကို မြင်လိုက်ရ၏။ တစ်စုံတစ်ခုသော အားအင်သည် သူတို့အား ချုပ်နှောင်ထားသလို ဖြစ်နေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ။"
"စီနီယာအစ်ကို ကျွန်တော် ဘာလို့ လှုပ်လို့ မရတာလဲ။" တပည့်များသည် ထအော်လိုက်မိ၏။
မကြာခင်မှာပဲ သူတို့၏ ဝိညာဉ်သည် တစ်စုံတစ်ခု နှင့်အရိုက်ခံလိုက်ရသလိုဖြစ်ပြီး အပြင်ဘက်သို့ လွင့်စင်သွားတော့သည်။
အသိဝင်လာချိန်မှာတော့ သူတို့သည် လှေကားထစ်၏ အရှေ့၌ ရပ်လျက်ရှိနေသည်ကို မြင်လိုက်ရ၏။
အားလုံး၏ အမူအရာများသည် ရုတ်တရက်ဆိုသလိုပဲ ထိပ်လန့်သွားမိကြသည်။ “စောနလေးတွင် ဟိုနားမှာ ရှိနေတာ။ ဘယ်လိုလုပ် ဒီနားကို ရောက်လာတာလဲ။"
"ဒုတိယ စီနီယာအစ်ကို"
စုရှောင်မိုသည် တုန်ရင်နေသော အသံဖြင့် ပြောလိုက်သည်။ "အစ်ကိုရဲ့ ခန္ဓာကိုယ်ကို ဘာလို့ ထွင်းဖောက်မြင်နေရတာပဲ။"
ပြောနေတုန်းမှာပဲ သူ ရပ်တန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တိုင်လည်း ထိုကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိသွားသော ကြောင့် ဖြစ်၏။
တိတိကျကျပြောရမည်ဆိုလျှင် လှေကားထစ်နားတွင် ရပ်လျက်ရှိသော တပည့်များ အားလုံးသည် ထိုကဲ့သို့ အခြေအနေကို ဖြစ်နေသည်။
"အနောက်ကို လှည့်ကြည့်လိုက်။" လီဖေးထအော်လိုက်သည်။
အားလုံးပဲ ပြိုင်တူဆိုသလိုပဲ နောက်ကို လှည့်ကြည့်လိုက်ကြ၏။
တည်နေရာတွင် ရပ်နေကြသော တပည့်များအားလုံးတို့သည် တုန်ရင်သွားကြသည်။
"ဒါက" ရီရှင်းချန်နှင့် တစ်ခြားသူများလည်း ဆွံ့အနေကြသည်။
"ဒါက … "
မိမိကိုယ်ကို တစ်ခြားနေရာတွင် ပြန်မြင်နေရသည်မှာ အလွန်အမင်း ထိပ်လန့်ဖွယ်ရာ ကောင်းလှ၏။ စဉ်းစားကြည့်လေ သူတို့၏ ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်လာလေဖြစ်သည်။
"ဒါ ဝိညာဉ်များလား။" ရီရှင်းချန် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။
"ကျုပ်တို့က အခု ဝိညာဉ်ပုံစံဖြစ်နေတာလား။"
"ဝိညာဉ်လား။"
အားလုံးက ဇဝေဇဝါဖြစ်သွားမိ၏။
ရီရှင်းချန် ပြောလိုက်မိသည် “မမှားဘူးဆိုရင် ဒီစမ်းသပ်ခြင်းမျှော်စင်က ကျုပ်တို့ကို ချုပ်နှောင်ထားလိုက်ပြီး ဝိညာဉ်ကိုပဲ လေ့ကျင့်ဖို့ စေလွှတ်လိုက်တာ။”
ရှင်းပြပြီးသည့်နောက် အားလုံးသည် ချက်ချင်းဆိုသလိုပဲ နားလည်သွားကြသည်။
အနောက်ဘက်တွင် ရပ်၍ ကျန်ခဲ့သည်မှာ သူတို့၏ ခန္ဓာကိုယ်ဖြစ်နေပြီး လက်ရှိ သူတို့ ရောက်ရှိနေသည်မှာ ဝိညာဉ်အဖြစ် ဖြစ်နေ၏။
ဤအရာသည် စေ့စေ့တွေးကြည့်လျှင် ခြောက်ခြားစရာပင် ဖြစ်နေတော့သည်။
စုရှောင်မိုသည် သူ၏ ဝိညာဉ်အခြေအနေ ၊ ခန္ဓာကိုယ်အခြေအနေတွေကို ဂရုမစိုက်ပေ။ သူ၏ ခြေပုတိုများကို အသုံးပြု၍ လှေကားထစ်များပေါ်သို့ လျှောက်တက်လိုက်၏။
သံမဏိအရိုးဂိုဏ်းတပည့်များသည်လည်း အလောတကြီးဖြင့် သူ၏ နောက်မှ လိုက်ပါသွားကြသည်။
ဝှစ်။
သူတို့အပေါ်ကို ရောက်ချိန်မှာတော့ စမ်းသပ်ခြင်းမျှော်စင်၏ ပထမအဆင့်ကို ရောက်ရှိသွားကြပြီ ဖြစ်ပြီး ပထမအဆင့်သည် ရုတ်တရက်ဆိုသလိုပဲ အလင်းတွေနှင့် တောက်ပသွားသည်။
ပြီးနောက် အသံတစ်ခု ပေါ်ထွက်လာသည်။ “တပည့်ငါးဆယ့်သုံးယောက်သည် စမ်းသပ်၍ စမ်းသပ်ခြင်းအဆင့်၏ ပထမအဆင့်ကို စမ်းသပ်ခဲ့သည်။”
"စတော့မှာပဲ။"
ကျွင်းချောင်ရှောင်းသည် သူ ကြုံတွေ့ခဲ့ရများသည်ကို စဉ်းစားလိုက်မိ၏။ သူ၏ ကျောရိုးတစ်ခုလုံးသည် စိမ့်တက်သွားသည်။ ပြီးနောက် စပ်ဖြီးဖြီးဖြင့် ပြောလိုက်သည်။ "ကလေးတို့ မင်းတို့ရဲ့ အစစ်အမှန် စွမ်းရည်တွေကို ပြသဖို့ အချိန်ရောက်ပြီပဲ။"
ဤအပြုံးသည် အလွန်ပဲ မိစ္ဆာဆန်လှ၏။
ထိုအရာကို မြင်တော့ လီလိုရှုသည် အသာ ခေါင်းခါယမ်း၍ ပြောလိုက်သည်။ "ကံကောင်း ကြပါစေ။"