← Chapters

အခန်း (၂၁၁)

Vol. 15 Ch. 211

အခန်း (၂၁၁)

Vol. 15 Ch. 211

တပည့်များသည် စမ်းသပ်မှု မျှော်စင်ထဲ ဝင်ရောက်ပြီး စိန်ခေါ်မှုအား ပြုလုပ်နိုင်သည်။ သို့ပေမဲ့ စိန်ခေါ်မှု ကျရှုံးပါက အပြစ်ပေးမှုကို ခံရမှာ ဖြစ်သည်။

ဥပမာအားဖြင့် စွေ့ပုကျန့် နှင့် တခြားသော တပည့်များလိုပင်။

၎င်းတို့သည် မြေပေါ်မှာ လှဲရင်း ပါးစပ်မှ အမြုပ်တွေ ထွက်ကာ တစ်ကိုယ်လုံး တွန့်လိမ်လျက် ရှိသည်။ ခန္ဓာကိုယ် အပြင် ဝိညာဉ်ပါ နာကျင်မှုကို ခံစားကြရသည်။

ခံစား၍ ကောင်းသည့်အရာတော့ မဟုတ်တာ သေချာ၏။

“ဟင်း …”

တပည့်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားရသည်ကို ကြားနေရတော့ ကျွင်းချောင်ရှောင်း ဦးခေါင်းအား ခါယမ်းကာပြောလိုက်သည် “ဒီတပည့်တွေက လေ့ကျင့်မှု မှာ လိုအပ်နေတာပဲ။ ပိုပြီး ကြမ်းကြမ်းတမ်းတမ်း လေ့ကျင့်ခိုင်းမှ ဖြစ်မယ်”

စနစ်မှ ပြောလိုက်သည် “အရမ်းခက်ကြတာပဲ”

“ခက်ခဲမှလည်း စိန်ခေါ်မှု ဖြစ်မှာပေါ့” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

ထိုအချိန်မှာပဲ အသံတစ်သံ ထွက်ပေါ်လာပြန်သည် “လီထျန်းရှန် .. စိန်ခေါ်မှု ကျရှုံး”

ဤတပည့်သည် လုံကျိရန် တို့နှင့် အတူတူ ဝင်ရောက်လာသော တပည့်ဖြစ်သည်။ လက်ရှိအချိန်တွင် မိုးဆွေ ဟောခန်းသို့ ပို့ဆောင်ခံရပြီး လှုပ်ရှားမှု နည်းစနစ်တွင် အထူးလေ့ကျင့်လျက်ရှိသည်။ ထို့ကြောင့် ခန္ဓာကိုယ် အားအင်သည် အနည်းငယ် အားနည်းနေ၏။

သို့ပေမဲ့ သေချာစဉ်းစားကြည့်လျှင် အလွန်ကောင်းမွန်သော ရလဒ်ဖြစ်ကြောင်း သိရှိနိုင်သည်။

တခြားဂိုဏ်းများမှ တပည့်များသာ ဤစမ်းသပ်မှု မျှော်စင်ထဲ ဝင်သွားမည် ဆိုလျှင် ဆယ်မိနစ်အတွင်း ပြန်ထွက်လာရလိမ့်မည်။

အချိန်တွေ ကုန်လွန်သွားပြီး မကြာခင်မှာပဲ မိနစ်လေးဆယ် ကြာမြင့်သွားခဲ့သည်။

ဤအတောအတွင်း တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်မှုမှ ရှုံးနိမ့်ကာ ထွက်ခွာလာရသည်။ ပထမအထပ်တွင် လောလောဆယ် လူအနည်းငယ်သာ ကျန်ရှိတော့၏။

အထူးသဖြင့် ထိုလူများသည် ဂိုဏ်း၏ ပထမအသုတ် တပည့်များ ဖြစ်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် အလွန်တရာ အားကောင်းလှသည်။ ထို့ကြောင့် လက်ရှိ အချိန်ထိ ခုခံနေနိုင်ကြသည်။

ဒုတိယအသုတ် တပည့်များဖြစ်သော လုံကျိရန် နှင့် လီယုဟွာတို့မှာတော့ ကျားကုတ်ကျားခဲ ကြိုးစား ခုခံနေကြရ၏။

မဖြစ်ဘူး … ငါ တောင့်ခံရမယ်။ ငါ အခုထက် ပိုပြီး အားကောင်းလာမှ ဖြစ်မယ်။

အလွန်ခိုင်မာသော ဇွဲလုံလ သည် လုံကျိရန် အား ထောက်ပံ့ပေးထားသည်။ ထို့ကြောင့် သူသည် အံကို တင်းတင်းကြိတ်ပြီး တောင့်ခံထား၏။ သူ၏ နဖူးပေါ်ရှိ သွေးကြောများပင်လျှင် ထောင်ထနေလျက်ရှိသည်။

အချိန်တွေ ကုန်လွန်ပြီး မိနစ်လေးဆယ်မှသည် မိနစ် ငါးဆယ်သို့ ရောက်ရှိလာ၏။

လုံကျိရန် နှင့် လီယုဟွာတို့သည် အတင်းခုခံထားကြတုန်းပင်။ သူတို့သည် ဒုတိယအသုတ် ဂိုဏ်းတပည့်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားတုန်း ဖြစ်သည်။

လီချင်းယန် နှင့် ရှောင်ကျီ တို့ကတော့ ဆက်လက် တောင့်ခံနေနိုင်တုန်းပင် ဖြစ်သည်။ သို့ပေမဲ့ မြေဆွဲအား သည် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲ နေရစဉ်ထက် ပို၍ ခက်ခဲကြမ်းတမ်းလှ၏။

တောင့်ခံထား …။

လက်ရှိ ရှိနေသော တစ်ဦးတည်းသော အမျိုးသမီး တပည့်ဖြစ်သည့် လုချင်းချင်းသည်လည်း ဇွဲကောင်းကောင်း နှင့် ရှိနေတုန်းပင် ဖြစ်သည်။ သိုပေမဲ့ မြေဆွဲအားကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို အောင့်အီး သည်းခံထားရသောကြောင့် သူမသည် မျက်မှောင်ကုတ်လျက်ရှိသည်။

အလန်းဆန်းအတက်ကြွဆုံးသူမှာ ရှောင်ကျီပင် ဖြစ်လေသည်။ ၎င်းသည် မတ်မတ်ရပ်နေသော တစ်ဦးတည်းသော သူဖြစ်၏။

သံမဏိအရိုးဂိုဏ်း၏ နံပါတ်တစ် ရှေ့ပြေးပီသစွာပဲ သူ၏ ခန္ဓာကိုယ်အားအင်သည် ကြောက်မက်ဖွယ်ရာကောင်း လွန်းလှသည်။

လာစမ်း .. ဒီထက်မက ကြမ်းတမ်းမှုတွေကိုတောင် ရင်ဆိုင်နိုင်တယ်။

ရှောင်ကျီသည် နှလုံးသားထဲတွင် ကြွေးကြော်လျက်ရှိသည်။ သူ၏ ခန္ဓာကိုယ်သည် အတိုင်းအထက်အလွန် ပိုမို၍ အားကောင်းလာရမည်။

ဒင် …။

မိနစ် အနည်းငယ်ကြာတော့ ပထမထပ်ဆီမှ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည် “တပည့် သုံးဆယ့်သုံးယောက် စိန်ခေါ်မှုုအောင်မြင်”

“ဝှစ် …”

ချက်ချင်းဆိုသလိုပဲ သူတို့၏ ရှေ့တွင် ဒုတိယထပ်သို့ တက်ရောက်နိုင်သော လှေကားတစ်ခု ပေါ်လာသည်။

“စိန်ခေါ်မှုအား အောင်မြင်သူများသည် ဒုတိယအထပ်သို့ တက်ရောက်နိုင်သည်။ လက်ရှိနေရာတွင် ဆက်နေ၍ ခန္ဓာကိုယ်အားအင်ကို ကျင့်ကြံနေ၍လည်း ရနိုင်သည်။ တပည့်များ စိတ်ဆန္ဒရှိသလို ပြုမူနိုင်ပြီး စမ်းသပ်မှု မျှော်စင်ဆီမှ ထွက်ခွာသွား၍လည်း ရသည်။”

အသံသည် အားလုံး၏ နားထဲသို့ ဝင်ရောက်လာ၏။

ဘုတ် ..

ဘုတ်…။

အသံ ထွက်ပေါ်လာချင်းချင်းမှာပဲ လုံကျိရန် ၊ လီယုဟွာ နှင့် တခြားသူများသည် နှစ်နာရီကြာ တောင့်ခံပြီးနောက်မှာတော့ စိတ်ကို လျော့ချလိုက်ကြသည်။ ထို့ကြောင့်ပင် မြေပေါ် လဲကျသွားတော့သည်။

ဝှစ် … ဝှစ် ..။

ချက်ချင်းဆိုသလိုပဲ အားလုံး၏ ဝိညာဉ်များသည် တည်နေရာမှ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားသည်။ သူတို့၏ ခန္ဓာကိုယ်သည် တခြားတပည့်များလိုပင် တွန့်လိမ်လျက်ရှိ၏။

စွေ့ပုကျန့်တို့လို ပါးစပ်ထဲမှ အမြုပ်တွေ ထွက်သည်အထိ မဖြစ်သော်လည်း မြေဆွဲအားကို နှစ်နာရီကြာ ခံယူပြီးနောက်တွင် ၎င်းတို့၏ ခြေထောက်နှင့် အောက်ပိုင်းတို့သည် ရောင်ကိုင်းနေပြီ ဖြစ်သည်။

ယခုအချိန်မှာတော့ ဂိုဏ်းချုပ်အဘယ့်ကြောင့် ယိုင်တိုင်တိုင် နှင့် ထွက်လာရသနည်း ဆိုသည်ကို အားလုံး နားလည်သွားကြပြီဖြစ်၏။

…..

သို့ပေမဲ့ အားလုံးအပြင်သို့ ပြန်ထွက်လာခြင်း မဟုတ်ပေ။ လီချင်းယန် နှင့် ရှောင်ကျီ တို့သည် မြေဆွဲအားကို ခုခံနေတုန်းပင် ဖြစ်သည်။ ဤအရာသည် သူတို့၏ ခန္ဓာကိုယ် ကို သန့်စင်နိုင်သော အခွင့်အရေးကောင်း ဖြစ်သည်။

လုချင်းချင်းသည် ဒုတိယထပ်သို့ သွားရန် အစီအစဉ်မရှိသလို ထွက်ခွာသွားဖို့လည်း မရှိချေ။

ထို့ကြောင့် အတွင်းစည်း တပည့်များအားလုံးသည် ပထမအထပ်တွင် ခန္ဓာကိုယ်ကို ဆက်လက် သန့်စင်လျက် ရှိသည်ဟု ဆိုရမည်။

လီဖေး နှင့် ထျန်းချီ တို့သည် နောက်ထပ်တစ်နာရီခွဲလောက် ခုခံပြီးနောက်တွင် ဘယ်လိုမှ မခံနိုင်တော့ဘဲ အပြင်ဘက်ဆီသို့ ထွက်လိုက်ရသည်။

စုရှောင်မိုသည် သူတို့ထက် စာလျှင် အနည်းငယ် ပို၍ အားကောင်းသည်ဟု ဆိုရမည်။ နောက်ထပ် ဆယ်မိနစ် ထပ်နေနိုင်ခဲ့၏။

ပြီးနောက်မှာတော့ သုံးယောက်သား တုန်ရင်နေသော ခြေလှမ်းတွေနှင့် အပြင်ဘက်သို့ ကြိုးစား လျှောက်ထွက်လာကြသည်။ ၎င်းတို့သည် အသက်ကိုပင် မနည်းလု၍ ရှုနေကြရသည်။

အနားမလှမ်းမကမ်းတွင် ရှိသော ကျွင်းချောင်ရှောင်းသည်အသာ ပြုံး၍ ပြောလိုက်သည် “ခံစားလို့ကောင်းလား”

“………” သုံးယောက်လုံး မျက်ရည်တွေပင် ဝိုင်းလာကြ၏။

ကြောက်စရာကောင်းလွန်းသည်။ သေအောင် ရိုက်မည် ဆိုလျှင်တောင်မှ ထိုမျှော်စင်ထဲသို့ ထပ်မသွားရန် သူတို့ ဆုံးဖြတ်လိုက်ကြသည်။

လီလိုရှု တီးတိုးရေရွတ်လိုက်သည် “အထဲမှာ အတွင်းစည်း တပည့်တွေ ကျန်သေးတယ်။ ဘယ်လောက် တောင့်ခံနိုင်မလဲ မသိဘူး”

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ကြာလေ ကောင်းလေပဲ”

ဟုတ်ပေသည်။ မြေဆွဲအားသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ ထို့အတူ ကြာကြာ နေနိုင်လျှင် ခန္ဓာကိုယ်အားအင်သည်လည်း ပိုမို၍ အားကောင်းလာသည်။

ပထမအထပ်တွင်ရှိသော သူ၏ တပည့်များသည် ထိုအရာကို သိရှိသောကြောင့် အံကြိတ်ကာ ဆက်လက် ခုခံနေတာပင် ဖြစ်ရမည်။

မကြာမီမှာပဲ အချိန် နှစ်နာရီ ကုန်ဆုံးသွား၏။

လီချင်းယန် နှင့် ရီရှင်းချန်တို့သည် နဖူးမှ ချွေးတွေ တပေါက်ပေါက် နှင့် ကျလျက်ရှိသည်။ သူတို့၏ နဖူးပေါ်ရှိ သွေးကြောကြီးများသည် ဖောင်းကြွလျက်ရှိနေသည်။

လုချင်းချင်းသည်လည်း မျက်မှောင်ပို၍ ကုတ်လာသည်။ နောက်ထပ် မိနစ်နှစ်ဆယ်လောက် ခုခံပြီးနောက်မှာတော့ သူမသည် ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့၏။

ထို့ကြောင့် ပထမထပ်တွင် လီချင်းယန် ၊ ရှောင်ကျီ နှင့် ရီရှင်းချန် တို့သာ ကျန်ရှိတော့သည်။

သုံးယောက်လုံးသည် အလွန်အမင်း နာကျင်နေကြသော်လည်း အလျော့ပေးရန် အစီအစဉ် မရှိကြချေ။

မကြာမီမှာပဲ .. သုံးနာရီကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

လီချင်းယန် နှင့် ရီရှင်းချန် တို့သည် တောင်ကြီးတစ်တောင်အား ထမ်းပိုးထားရသလိုခံစားလာကြ၏။

လေးနာရီမြောက် ကြာမြင်ချိန်မှာတော့ လီချင်းယန် သည် တံခါးဝမှ လျှောက်ထွက်လာတော့သည်။ သူ၏ ခြေထောက်များသည် လေဖြတ်ထားသော အဘိုးအိုကြီးကဲ့သို့ တုန်ချိတုန်ချိ နှင့် ပင်။ အချိန်မရွေး မေ့လဲသွားနိုင်သည် ကိုယ်ဟန်မျိုးနှင့် ဖြစ်သည်။

“ချီးတဲ့မှ ….” နောက်ထပ် ထွက်လာသူမှာတော့ မာနကြီးလွန်းသော ရီရှင်းချန် ပင် ဖြစ်တော့သည်။ “အရင်ဘဝတုန်းက ခန္ဓာကိုယ်သာဆိုရင် ဒီထဲမှာ ပျံတောင် ပျံပြလိုက်အုံးမယ်”

“ရှောင်ကျီ ပဲ ကျန်တော့တယ်”

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည် “နေ့လည်စာ စားချိန်ထိ တောင့်ခံနိုင်မလား”

လက်ရှိအချိန်မှာတော့ ရှောင်ကျီ၏ ခြေထောက်များသည် ကွေးညွတ်နေပြီ ဖြစ်သည်။ သူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့လျက် ရှိ၏။

မည်မျှ စိတ်ဆန္ဒက မာကျောသည် ဆိုဆို လူတစ်ယောက်၏ ခန္ဓာကိုယ် ဆိုသည်မှာ အကန့်အသတ် တစ်ခု ရှိ၏။ လေးနာရီခွဲ အချိန် ကြာမြင့်ခဲ့ပြီးနောက်မှာတော့ သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ပြန်ရောက်သွားခဲ့ရတော့သည်။

“တပည့်များ၏ စိန်ခေါ်မှု ပြီးဆုံးသည်။ လေးနာရီခွဲကြာအောင် နေထိုင်နိုင်ခဲ့သည့်အတွက် တပည့် ရှောင်ကျီသည် မျှော်စင်၏ လက်ရှိ မှတ်တမ်းရှင် ဖြစ်သွားသည်။”

မျှော်စင်မှ သတိပေးသံ ထွက်ပေါ်လာ၏။

ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်။ “ငါကျတော့ ဘာလို့ မှတ်တမ်းထဲမပါတာလဲ”

စနစ်မှ ပြောလိုက်၏ “လက်ခံသူက ဂိုဏ်းချုပ်လေ။ ဘာလို့ တပည့်တွေကြားထဲ ပါချင်ရတာလဲ”

“ဒါလည်း ဟုတ်တာပဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါက ဂိုဏ်းချုပ်လေ။ ဘာလို့ မှတ်တမ်းတွေကို ဂရုစိုက်နေရမှာလဲ”

All Chapters