အခန်း (၂၁၃)
Vol. 15 Ch. 213
နောက်တစ်ရက် တပည့်များ မနက်ခင်း လေ့ကျင့်ခန်း ပြုလုပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကြွက်သားတည်ဆောက်ခြင်း လေ့ကျင့်ခန်းထဲ၌ နှစ်လကြာ မလေ့ကျင့်ဖူးသော သူများကို စမ်းသပ်မှု မျှော်စင်ထဲသို့ ဝင်ရောက်ခွင့်မပြုကြောင်း တားဆီးလိုက်၏။
ထိုသူတို့သည် မြေဆွဲအားကို မခုခံနိုင်ကြပေ။ ထို့ကြောင့် ဝင်ဝင်ချင်းမှာပဲ ဒူးထောက်၍ တစ်ခါတည်းပြန်လည်ထွက်ခွာကြ၏။ ဤအချင်းအရာသည် အချိန်ဖြုန်းတာနှင့် ဆင်တူနေသည်။
"ဂိုဏ်းချုပ်"
လီချင်းယန် ပြောလိုက်သည်။ "လေ့ကျင့်ရေးခန်းမထဲမှာ ကြွက်သားတည်ဆောက်ခြင်းအခန်းတွေက အများအပြား မရှိဘူး။ တပည့် ငါးရာကျော်အတွက် စီစဉ်ရတာ အရမ်းခက်တယ်။"
သူတို့တွင် တပည့်အများအပြား ရှိလာပြီဖြစ်သောကြောင့် လေ့ကျင့်ရေး ခန်းမထဲရှိ ကြွက်သားတည်ဆောက်ခြင်း အခန်း အရေအတွက် ပံ့ပိုးပေးနိုင်မှုသည် နည်းပါးလာသည်။
လက်ရှိအချိန်တွင် တပည့်အရေအတွက်မှာလည်း ငါးရာခန့် ရှိနေပြီဖြစ်သောကြောင့် ပို၍ အခြေအနေဆိုးလာ၏။
ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားလိုက်ပြီး လေ့ကျင့်ရေး ခန်းမဆီသို့ သွားလိုက်၏။ ပြီးနောက် ကြွက်သားတည်ဆောက်ခြင်း အခန်းဆယ်ခန်းကို ဝယ်ယူခဲ့သည်။
ပြီးနောက် ဤနေရာ၌ နှစ်လတာ လေ့ကျင့်ခဲ့ဖူးသူသည် ထပ်မံလာရောက်၍ လေ့ကျင့်ရန်မလိုဟု အမိန့်ပေးလိုက်၏။
ဤသို့သော နည်းလမ်းဖြင့် သူသည် ပြဿနာအား ဖြေရှင်းခဲ့သည်။
ရေတိုဖြေရှင်းမှု တစ်ခုဖြစ်သော်လည်း တပည့်များသည် နေ့စဉ်နေ့တိုင်း အချိုးကျကျ လေ့ကျင့်နိုင်ခွင့် ရှိသွားပြီဖြစ်၏။
စိတ်ဝိညာဉ်အစီအရင်အဆောင်က အမြဲတန်းလိုလို အသက်သွင်းထားရသောကြောင့် ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀အား အသုံးပြုခဲ့ရသည်။
ထို့ကြောင့် သူ့တွင် ဂိုဏ်းစုဆောင်းမှတ် ၁၀၀သာ ကျန်ရှိတော့၏။
သို့ပေမဲ့ သူ့အနေနှင့် တပည့်များ ပိုမိုအားကောင်း၍ သန်မာသည့် ပြိုင်စံရှားဂိုဏ်းတစ်ခု ဖြစ်ပေါ်လာနိုင်ဖို့ ဆိုလျှင် သုံးစွဲခြင်းများအတွက် နှမြောတွန့်တိုစရာမလိုပေ။
“ဂိုဏ်းထဲမှာ ၄၇၉ ယောက်စာ နေရာလွတ်ကျန်နေသေးတယ်။ ဒီလူတွေကို ခေါ်ယူနိုင်မယ်ဆိုရင် ဂိုဏ်းစုဆောင်းမှတ်တွေ ပိုပြီးတော့ ရလာမှာပဲ။"
ကျွင်းချောင်ရှောင်း တီးတိုး ရေရွတ်လိုက်မိ၏။
သူ့အနေနှင့် တပည့်သစ်များ ခေါ်ယူရန် အစီအစဉ်ကို အစောကတည်းက စဉ်းစားထားပြီးသား ဖြစ်သည်။
…….
သူ ၏ ပြောင်းလဲစီစဉ်ပေးမှုကြောင့် သာမန်အားကောင်းလွန်းသော ခန္ဓာကိုယ်ကို မပိုင်ဆိုင်သေးသော ၊ ကြွက်သားတည်ဆောက်ခြင်း အခန်းထဲတွင် မလေ့ကျင့်ရသေးသော တပည့်များအနေဖြင့် စမ်းသပ်မှု မျှော်စင်ထဲကို ဝင်ခွင့်မရတော့ပေ။ ထို့ကြောင့်ပင် ဂိုဏ်းသားနှင့် လေ့ကျင့်ရေး အစီအရင်များသည် လိုက်လျောညီထွေ ပြန်လည် ဖြစ်တည်သွား၏။
ကျွင်းချောင်ရှောင်းသည် အလကားမနေပေ။
ညစာစားပြီးသည့်နောက်မှာတော့ သူသည် စမ်းသပ်မှု မျှော်စင်၏ ပထမအလွှာကို ဝင်ရောက်ပြီး သူ၏ ခန္ဓာကိုယ်အားအင်ကို စတင်၍ လေ့ကျင့်လိုက်တော့သည်။
သူ အဘယ့်ကြောင့် ညဘက်တွင် လာရောက်လေ့ကျင့်ရသနည်း။
အဘယ့်ကြောင့်ဆိုသော် တပည့်များသည် အားလုံးလေ့ကျင့်ပြီး ဖြစ်သွားသောကြောင့် ဤနေရာသို့ မလာကြတော့ပေ။ ထို့ကြောင့် သူတို့အနေနှင့် ဂိုဏ်းချုပ်၏ ဆိုးရွားလှသော အခြေအနေကို မမြင်တွေ့နိုင်တော့ သောကြောင့်ပင်ဖြစ်သည်။
ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူသည် အချိန်တိုင်း သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်ဖြစ်၏။
ဒုတိယအကြိမ်မြောက် လေ့ကျင့်သည့်အခါမှာတော့ ကျွင်းချောင်ရှောင်းသည် အလေးအနက်ထားလေ့ကျင့်ခဲ့၏။ သူသည် စိန်ခေါ်မှုကို အောင်မြင်ခဲ့ရုံသာမက လေးနာရီကျော်ကြာအောင် တောင့်ခံနိုင်ခဲ့သည်။
အားအင်အရဆိုလျှင် သူသည် ရှောင်ကျီထက် မည်သို့မှ အားမနည်းချေ။ ထို့အပြင် ကြွက်သားတည်ဆောက်ခြင်း အခန်းကို ဝယ်ယူ၍ ထိုထဲ၌ တစ်ညလုံးလည်း နေ့စဉ် နီးပါးလေ့ကျင့်ခဲ့သေးသည် မဟုတ်လော။
ဟူး
ညကောင်းကင်ယံကြီး၏ အောက်မှာတော့ ….
ကျွင်းချောင်ရှောင်းသည် မြက်ခင်းပြင်ထဲတွင် လှဲပြီး အသက်ကို မောကြီး ပန်းကြီး ရှူနေရ၏။
သူ၏ မျက်နှာမှာတော့ သက်တောင့်သက်သာ ဖြစ်နေသည်။ စမ်းသပ်မှုမျှော်စင်ထဲကို တတိယအကြိမ် ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူသည် ခြောက်နာရီကြာ သည်းခံနေထိုင်နေခဲ့သည်။
မှတ်တမ်းကို ချိုးဖြတ်ခဲ့သည် ဖြစ်သော်လည်း စမ်းသပ်မှုမျှော်စင်သည် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော သူ့အား အသိအမှတ် မပြုခဲ့ပေ။
ထားလိုက်တော့ ….. ထားလိုက်တော့။
မှတ်တမ်းဆိုတာက တပည့်များအတွက် စိတ်အားတက်ကြွစေသည့် အရာတစ်ခုဖြစ်သည်မို့ သူ့အတွက် မလိုအပ်ပေ။
ဟမ်။
ထိုအချိန်မှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုချင်းချင်းတစ်ယောက် ညနက်ကြီး၌ ဖြည်းဖြည်းချင်း လျှောက်လှမ်း၍ လာနေသည်ကို ကျင်းချောင်ရှောင်း မြင်လိုက်ရသည်။
လုချင်းချင်းသည် စမ်းသပ်မှုမျှော်စင်၏ တံခါးရှေ့တွင် ရပ်လိုက်၏။
အဘယ့်ကြောင့် ဤမိန်းကလေးသည် နေ့ခင်းဘက်တွင် မလေ့ကျင့်ဘဲ ညဘက်ကြီးတွင် လာရောက် လေ့ကျင့်နေရသနည်း။
သူမ၏ လှပပြီး အေးစက်လှသည့် အသွင်အပြင်ကို ထိန်းသိမ်းရန် ညဘက်မှ လာရောက်ပြီး လေ့ကျင့်ခြင်းပင် ဖြစ်ပေလိမ့်မည်။
လုချင်းချင်းသည်လည်း သူမ၏ ဂိုဏ်းချုပ်ကို သတိပြုမိ၏။
သို့ပေမဲ့ တစ်ချက်လောက် လှည့်ကြည့်ပြီးနောက်မှာတော့ ချက်ချင်းဆိုသလိုပဲ စမ်းသပ်မှု မျှော်စင်ထဲသို့ ဝင်သွားတော့သည်။
ပထမအလွှာ၏ အလင်းသည် လင်းလက်သွားပြီး အသံတစ်ခု ပေါ်ပေါက်လာ၏။
“လုချင်းချင်း စမ်းသပ်မှုမျှော်စင်၏ ပထမအဆင့်ကို စိန်ခေါ်သည်။”
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။ "သူမက အရင်တုန်းက ကြွက်သားတည်ဆောက်ခြင်း အခန်းထဲကို တစ်ခါမှ မရောက်ဖူးဘူး။ ဒါပေမဲ့ ပထမအကြိမ်မှာပဲ နာရီအနည်းငယ်ကြာအောင် နေနိုင်ခဲ့တယ်။ဒီတစ်ကြိမ် ဘယ်လောက်ကြာအောင် နေနိုင်မလဲမသိဘူး။"
သူသည် စတိုး အား refresh လုပ်ချင်သောကြောင့် မဖြစ်မနေ ဝယ်ယူခဲ့ရသော နာရီကို သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်သည်။ ပြီးနောက် လုချင်းချင်းအတွက် အချိန်ကို စတင်မှတ်သားထားလိုက်သည်။
ပြောနေစရာမလိုပေ။ Refresh လုပ်ရန်အတွက် အသုံးမဝင်သည့်ပစ္စည်းများကို သူ ဝယ်ယူခဲ့သည် ဆိုသော်လည်း တစ်ချို့သော အချိန်များတွင် အသုံးဝင်သည့်အရာများ ဖြစ်ကြောင်း တွေ့မြင်နေရ၏။
တစ်နာရီခန့်ကြာမြင့်ပြီးနောက်မှာတော့ အသံတစ်ခုသည် ထပ်မံ ထွက်ပေါ်လာ၏။
“လုချင်းချင်း စိန်ခေါ်မှု အောင်မြင်။”
ကျွင်းချောင်ရှောင်း အံ့အား မသင့်ပေ။
သူ စိတ်ဝင်စားသည်မှာ ဤမိန်ူကလေးသည် လေးနာရီကြာအောင် နေနိုင်ပြီလား၊ မနေနိုင်ဘူးလား ဆိုသည့်အရာပင်ဖြစ်၏။
အချိန်များ ဆက်လက်ကုန်ဆုံးသွားသည်။
အလုံးစုံ မောပန်းလျက်ရှိသော ကျွင်းချောင်ရှောင်းသည် နောက်ဆုံးမှာတော့ မြက်ခင်းပြင်ပေါ်၌ အိပ်ပျော်သွားခဲ့၏။
သူ၏လက်ထဲရှိ နာရီကတော့ တတောက်တောက်နှင့် ဆက်လက်သွားလာနေ၏။
ငါးနာရီခန့် ကြာမြင့်ပြီးနောက်မှာတော့ စမ်းသပ်မှု မျှော်စင်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။
“တပည့်၏ စိန်ခေါ်မှု ပြီးဆုံး။”
လုချင်းချင်းသည် စမ်းသပ်မှုမျှော်စင်၏ ပထမအဆင့်တွင် အကြာရှည်နိုင်ဆုံး နေနိုင်သည့် မှတ်တမ်းအား ချိုးဖြတ်နိုင်ခဲ့သည်။
ခြောက်နာရီ။ သူမသည် အမှန်တကယ်ပဲ ရှောင်ကျီ၏ မှတ်တမ်းကို ချိုးဖြတ်နိုင်ခဲ့ပြီဖြစ်၏။
သူမ၏ဒုတိယအကြိမ်မြောက် ကြိုးစားမှုနှင့်ပင် ချိုးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကံဆိုးစွာဖြင့် ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ မောပန်းနွမ်းနယ်နေ၏။ ထို့ကြောင့် ဝက်သေကြီးတစ်ကောင်ကဲ့သို အိပ်နေပြီဖြစ်သောကြောင့် မည်သည့်အသံကိုမှ မကြားရတော့ချေ။
ကျွီ
စမ်းသပ်မှု တံခါးပွင့်သွားပြီး လုချင်းချင်းသည် ဖြူလျှော်နေသော မျက်နှာဖြင့် ထွက်လျှောက်လာ၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို မြင်ပါက အလွန်အမင်း အံ့အားသင့်သွားလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ခြောက်နာရီကြာ နေထိုင်ခဲ့ပြီးသည့်နောက်မှာတော့ သူမသည် ကောင်းကောင်း လမ်းလျှောက်ရန် အားအင်ကျန်နေသေးသည် မဟုတ်လော။
"စမ်းသပ်မှု မျှော်စင်ရဲ့ခန္ဓာကိုယ်လေ့ကျင့်ခြင်းက ထိုက်ရွှန်အအေးမျှော်စင်ရဲ့ လေ့ကျင့်ရေး အစီအရင် ထက် ပိုပြီးတော့ ကောင်းတာပဲ။" လုချင်းချင်း တီးတိုး ရေရွတ်လိုက်မိ၏။
ပြီးနောက် အဝေးတစ်နေရာတွင် ဟောက်လျှက်အိပ်ပျော်နေသော ဂိုဏ်းချုပ်အား လှမ်းကြည့်လိုက်သည်။
သူမသည် သူမ၏ အားနည်းနေသော ခန္ဓာကိုယ်ကို အသာဖေးမ၍ အတွင်းခြံဝန်းထဲသို့ လျှောက်ဝင်သွားလိုက်၏။
သို့ပေမဲ့ ခဏလောက်ကြာတော့ ကျွင်းချောင်ရှောင်းရှေ့သို့ ပြန်ရောက်လာတော့၏။ သူမ၏ မျက်လုံးများကတော့ အေးစက်နေသည်။
…….
အာရုံတက်ချိန် ရောက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မျက်လုံးပွင့်လာ၏။
"ငါတကယ်ပဲ အိပ်မောကျသွားတာပဲ။"
ဟမ်။
သူ အိပ်ယာက နိုးလာချိန်မှာတော့ သူ၏ ကိုယ်ပေါ်တွင် စောင်တစ်ထည်ရောက်လာသည်ကို မြင်လိုက်ရ၏။
ထိုစောင်သည် မွေးပျံ့လျက်ရှိ၏။ ဤအမွေးနံ့သည် လုချင်းချင်း၏ အမွှေးနံ့ဖြစ်ကြောင်း ဂိုဏ်းချုပ်ကျွင်း ချက်ချင်းသိလိုက်၏။
သူသည် တစ်ကိုယ်တည်း ရည်းစားမရှိဘဲ နေထိုင်ခဲ့ရသော်လည်း ဤအမွှေးနံ့သည် မည်သူ၏ အမွှေးနံ့ဖြစ်ကြောင်းကို တစ်ချက်ရှူကြည့်လိုက်ရုံနှင့် သိရှိခဲ့၏။ အလွန်တရာ ပါရမီရှိသည်ဟု ဆိုရမည်။
ကျွင်းချောင်ရှောင်းသည် စောင်ကို ခေါက်ကာဖြင့် တီးတိုး ရေရွတ်လိုက်မိ၏။
"သူမရဲ့ ဂိုဏ်းချုပ်ကိုတော့ ဘယ်လို ဂရုစိုက်ရမယ်ဆိုတာတော့ သိသေးတာပဲ။သူမက အပြင်ပိုင်းအရသာ အေးစက်နေတာ နှလုံးသားက အေးစက်မနေဘူး။
ပြောပြီးသည့်နောက် သူ တစ်ချက် စဉ်းစားမိသွား၏။ "ဒီမိန်းကလေး စမ်းသပ်မှုအခန်းထဲမှာ ဘယ်လောက်ကြာကြာနေသွားလဲ။"
အမှတ်မထင် ကျွင်းချောင်ရှောင်းသည် စမ်းသပ်မှုမျှော်စင်ကို လှမ်းကြည့်လိုက်၏။
မှတ်တမ်းရေးထိုးထားသော စာတမ်းကို ဖတ်မိလိုက်၏။
မှတ်တမ်းရှင် - လုချင်းချင်း။ အချိန် - ခြောက်နာရီ။
ဟမ်။
သူ ဆွံအသွားမိ၏။
ဤမိန်းကလေးသည် အမှန်တကယ်ပင် မှတ်တမ်းအား ချိုးဖြတ်နိုင်ခဲ့၏။
မနက်ခင်းလေ့ကျင့်ခန်းများ ပြုလုပ်ပြီး မနက်စာ စားပြီးသည့်နောက်မှာတော့ လီချင်းယန်နှင့် တစ်ခြားသော သူများသည် စမ်းသပ်မှု မျှော်စင် ဆီ လာရောက် လေ့ကျင့်ကြသည်။
သူတို့သည် လုချင်းချင်း၏ မှတ်တမ်းကို မြင်လိုက်ချိန်မှာတော့ ဆွံ့အသွားမိကြသည်။
"ကောင်းကင်ဘုံ။"
စုရှောင်မို ထအော်လိုက်မိ၏။ "စီနီယာအစ်မကြီး မနေ့က လာတာကို မတွေ့ပါဘူး။ ဘယ်လိုလုပ်ပြီးတော့ ဂျူနီယာညီလေးရှောင်ရဲ့ မှတ်တမ်းကို ချိုးဖြတ်သွားတာလဲ"
ရှောင်ကျီသည် သူ၏ ခေါင်းကို ကုတ်ကာ ချီးကျူးလိုက်မိ၏။ "စီနီယာအစ်မကြီးက တကယ့်ကို အံ့အားသင့်စရာပဲ။"
သူသည် ဒုတိယအကြိမ်ထက် မိနစ်နှစ်ဆယ်ကျော် ကြာအောင် နေထိုင်နိုင်ခဲ့၏။ ဤနှုန်းနှင့်ဆိုလျှင် ခြောက်နာရီကြာအောင် ရက်အနည်းငယ်လောက် သူ ကြိုးစားရပေဦးမည်။
ဒီမိန်းကလေးက မရိုးရှင်းဘူးပဲ။ ရီရှင်းချန် တွေးလိုက်မိသည်။ သေမင်းတောင်ကြားထဲတွင် ရေခဲဓာတ် သဘာဝကို ထုတ်သုံးနိုင်ပြီးကတည်းက သူ အလွန်အမင်း အံ့အားသင့်ခဲ့ရ၏။ လက်ရှိအချိန်တွင် သူမသည် စမ်းသပ်မှု မျှော်စင်၌ အချိန် ခြောက်နာရီကြာအောင် နေနိုင်ခဲ့သေးသည်။ သူမ၏ အားအင်အဆင့်သည် အထင်သေး၍ ရသည့်အရာမျိုး မဟုတ်ပေ။
စမ်းသပ်မှုမျှော်စင်၏ အဆင့်ကို ချိုးဖြတ်ခဲ့သူမှာ အမျိုးသမီးတစ်ယောက်ဖြစ်သော လုချင်းချင်း ဖြစ်သည်မို့ တစ်ခြားသော အမျိုးသမီးတပည့်များသည် ပျော်ရွှင်သွားကြ၏။
သူတို့သည် ပထမတုန်းက ထိုစမ်းသပ်မှုမျှော်စင်ထဲသို မသွားရဲကြချေ။
စီနီယာအစ်မကြီး၏ မှတ်တမ်းကို သိရှိပြီးနောက်မှာတော့ အားလုံးသည် စမ်းသပ်မှုမျှော်စင်ထဲသို့ ဝင်ရောက်ရန် စိတ်ဆန္ဒများထက်သန်သွားကြသည်။
လင်းယွမ်ရွှယ်သည်လည်း စမ်းသပ်မှုမျှော်စင်ထဲသို့ ဝင်ရောက်ခဲ့သည်။
သူမသည် စိန်ခေါ်မှုကို ကျရှုံးခဲ့သည်ဆိုသော်လည်း ဝင်ပြိုင်ရဲသည့် သတ္တိမျိုးတော့ ရှိလာခဲ့ပြီဖြစ်၏။
ဤသို့နှင့်ပဲ လုချင်းချင်း၏ မှတ်တမ်းသည် အရှုံးကို လက်မခံနိုင်သော အမျိုးသား တပည့်များအတွက် ပို၍ အရူးအမူး လေ့ကျင့်စရာလည်း ဖြစ်လာတော့သည်။
သံမဏိအရိုးဂိုဏ်းတစ်ခုလုံးသည် ကျင့်ကြံခြင်း လုပ်ငန်းစဉ် နှင့် ပတ်သက်၍ အလွန်အမင်း တက်ကြွလျက်ရှိသည်။
စမ်းသပ်မှု မျှော်စင်၏ အပြင်ဘက်တွင်ရှိသော ကျွင်းချောင်ရှောင်းသည် တက်ကြွပြီး ဝင်လိုက်ထွက်လိုက် ပြုလုပ်နေကြသော တပည့်များကို ကြည့်ကာ အသာပြုံးလိုက်မိ၏။
ညသန်းခေါင်အချိန်မှာတော့ သူသည် စမ်းသပ်မှု မျှော်စင်ထဲသို့ မဝင်ရောက်ချေ။ လုချင်းချင်းကိုသာ စောင့်မျှော်နေမိ၏။
မကြာခင်မှာပဲ မိန်းကလေးသည် ရောက်ရှိလာသည်။
ဟေး။
ကျောက်တုံးပေါ်တွင် ထိုင်နေသော ကျွင်းချောင်ရှောင်းသည် အော်လိုက်၏။ "ဒီနေ့ နောက်ကျတယ်။ လေ့ကျင့်ရမယ့်အစား အိပ်ပျော်နေတာလား။"
"ဂိုဏ်းချုပ် မအိပ်သေးဘူးလား။" လုချင်းချင်း မေးလိုက်သည်။
ကျွင်းချောင်ရှောင်းသည် စောင်ကို ထုတ်ယူကာ ပြောလိုက်သည်။ "ဒီဟာ မင်းဟာ မဟုတ်လား။"
"ဂိုဏ်းချုပ်က ကျွန်မကို လက်ကောက်ပေးထားတယ်လေ။ ဒါကြောင့် ကျွန်မက စောင်ပြန်ပြီးပေးတာ။" လုချင်းချင်း ပြန်ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း ဆွံအသွားမိ၏။ "ငါမင်းကို ပေးတာ ရေခဲလက်ကောက်လေ။ မင်းက ငါ့ကို စောင်လေးပဲ ပြန်ပေးတာလား။ မင်းပြန်ပေးတဲ့ လက်ဆောင်က ဈေးပေါလွန်းတယ်လို့ မထင်ဘူးလား။"
"..." လုချင်းချင်း တိတ်ဆိတ်သွားမိ၏။
သေမင်းတောင်ကြားမှာတုန်းက သူမသည် ရေခဲလက်ကောက်အား ဝတ်ဆင်လိုက်ချိန်တွင် ရေခဲဓာတ်သဘာဝများ ပိုမိုတိုးတက်သွားကြောင်း ချက်ချင်း နားလည်လိုက်မိသည်။ မဟုတ်ပါက မီးနဂါးကြီးအား အသက် လေး၊ ငါးရှိက်စာ စည်းခတ်ထားနိုင်ဖို့ ဆိုသည်မှာ လုံးဝမဖြစ်နိုင်ချေ။
လုချင်းချင်း ပြောလိုက်သည်။ "စမ်းသပ်မှုမျှော်စင်က အဆင့်မြှင့် ရတနာတစ်ခုပဲ။ဂိုဏ်းချုပ်အနေနဲ့ ဒါကို အမျိုးသားနှင့် အမျိုးသမီး လေ့ကျင့်ခန်းမဆိုပြီး ခွဲခြားပေးပါ့လား။"
ကျွင်းချောင်ရှောင်း ခဏလောက်စဉ်းစားမိလိုက်သည် "ကောင်းပြီ။"
"ဒါပေမဲ့"
သူ အသာထလျှောက်လာပြီး ပြောလိုက်သည်။ “ဒီနေ့ မင်း ငါနဲ့အတူတူ မျှော်စင်ထဲ ဝင်ရမယ်။”
လုချင်းချင်း မျက်မှောင်ကုတ်မိသွားသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ငါ့ရဲ့ အကြီးဆုံးတပည့်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ထိ အားကောင်းတာလဲဆိုတာကို ငါ ကိုယ်တိုင် မြင်ချင်သေးတယ်။”