← Chapters

အခန်း (၂၁၅)

Vol. 15 Ch. 215

အခန်း (၂၁၅)

Vol. 15 Ch. 215

စမ်းသပ်မှုမျှော်စင် ၏ ရည်မှန်းချက်သည် အလုံးစုံပိုမိုအားကောင်းလာစေရန် လေ့ကျင့်ခြင်းပင်ဖြစ်၏။

စမ်းသပ်မှုမျှော်စင်၏ ပထမအလွှာသည် ခန္ဓာကိုယ်အားအင် တိုးတက်လာစေရန် မြေဆွဲအားကို တွန်းကန်ရသည့် လုပ်ငန်းစဉ် ဖြစ်သည်။

သို့ပေမဲ့ ခန္ဓာကိုယ်အား ပိုမိုသန့်စင် အားကောင်းလာစေရန် အတွက်မူ ဤအချက်တစ်ချက်တည်း ဖြင့် မပြည့်စုံနိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်တစ်ခု အားကောင်းလာစေရန် ကြွက်သားများအားကောင်းနေရု နှင့် မလုံလောက်ပဲ အရိုးများပါ အားကောင်းရန် လိုအပ်နေ၏။

ကြွက်သား၊ အရေပြားအားလုံးသည် အခြေခံတစ်ခုဖြစ်သလို အရိုးသည်မှာလည်း အခြေခံကျသည့် အရာပင်ဖြစ်၏။ ထိုနှစ်ခု ပြည့်စုံစွာ ပေါင်းစပ်ပြီးမှသာလျှင် အလွန်အမင်းအားကောင်းသော ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သွားပေလိမ့်မည်။

ဆိုရမည်ဆိုလျှင် စမ်းသပ်မှုမျှော်စင်၏ ဒုတိယအလွှာသည် အရိုးအား ပိုမိုအားကောင်းစေရန် လေ့ကျင့်ခြင်းဖြစ်၏။

အရိုးအား သန်မာအားကောင်းအောင် ပြုလုပ်ရာတွင်တော့ မြေဆွဲအားများနှင့် မသက်ဆိုင်တော့ချေ။

အလွန်ထူးဆန်းလှသော မီးတောက်များသည် အရိုးနှင့် သွေးကြောများအား ကျွမ်းလောင်စေကာ သန့်စင်ခြင်း ဖြစ်သည်။

စုရှောင်မိုတို့ သုံးယောက်သည် ဒုတိယအလွှာသို ရောက်ရှိပြီးသည့်နောက်မှာတော့ ချက်ချင်းဆိုသလိုပဲ သူတို့၏ခန္ဓာကိုယ်အား ထူးဆန်းသည့်မီးတောက်များ၏ ရစ်ပတ်ခြင်း ခံလိုက်ရ၏။

ပြီးနောက် အရိုးနှင့် သွေးကြောပေါင်းမြောက်မြားစွာကို မီးတောက်များသည် စတင်၍ တိုက်စားလေတော့သည်။

အရိုး၊ ရိုးတွင်းချဉ်ဆီ နှင့် သွေးကြောမကြီးအားလုံးသည် ထူးဆန်းသည့် မီးတောက်များ၏ လောင်ကျွမ်း တိုက်စားခြင်းကို ခံရချိန်မှာတော့ သူတို့သည် အသည်းခိုက်မတတ် နာကျင်သွားကြသည်။

သေချာ ပြင်ဆင်ထားခြင်းမရှိသော စုရှောင်မိုတို သုံးယောက်သည် အလစ်အငိုက် ခံလိုက်ရ၏။

ထို့ကြောင့် မိနစ်အနည်းငယ်အတွင်းမှာပဲ သူတို့၏ ဝိညာဉ်များသည် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိသွားလေသည်။

ဒုတိယအလွှာ၏အပြစ်ပေးမှုသည် ပထမအလွှာ၏အပြစ်ပေးမှုထက် ပိုမို၍ ကြီးမားလှ၏။

စုရှောင်မိုတို့၏ တွန့်လိမ်ကောက်ကွေးနေသော ခန္ဓာကိုယ်အခြေအနေကို မြင်လိုက်ရသည်နှင့် နှစ်ရက်လောက်အတွင်း ပြန်လည်ကောင်းမွန်လိမ့်မည် မဟုတ်မှန်း အားလုံးက သတိပြုမိကြသည်။။

ထိုသုံးယောက်ရှေ့တွင် အသာရပ်ပြီး ကျွင်းချောင်ရှောင်းသည် ခေါင်းခါရမ်းကာ ပြောလိုက်၏။ "ပထမအလွှာနဲ့တောင် အသားကောင်းကောင်းမကျသေးဘူး။ဒုတိယအလွှာကို သွားတာကိုး။မင်းတို့ တော်တော်ရဲတဲ့ကောင်တွေပဲ။"

အသားကျခြင်းလုပ်ငန်းစဉ် ဆိုသည်မှာ အလွန်အရေးကြီးလှ၏။

ပထမအလွှာတွင် နာရီအတော်ကြာအောင် ခုခံရပ်တည်နိုင်ခြင်းမရှိသေးဘဲနှင့် တစ်ခြားအလွှာသို့ ထပ်၍သွားသည်ဆိုသည်မှာ အလွန်တရာ ရဲတင်းလွန်းသော ကိစ္စပင်ဖြစ်သည်။

သူတို့၏စီနီယာအစ်ကိုသုံးယောက်ကို ဥပမာယူပြီး သံမဏိအရိုးဂိုဏ်းတပည့်များသည် ပထမအလွှာမှာပဲ ခန္ဓာကိုယ်အား ပိုမိုကြံ့ခိုင်အောင် ပြုလုပ်ကြတော့သည်။

သူတို့သည် မြေဆွဲအားဆယ်ဆအား တွန်းလှန်ရင်း တစ်နာရီကျော် နေထိုင်ပြီးသည့်နောက်မှာတော့ နာကျင်မှုကို မခံစားရတော့ချေ။ သို့ပေမဲ့ ဆက်လက်၍ လေ့ကျင့်နေကြသေး၏။

တစ်နေ့ကို တစ်နာရီလောက် လေ့ကျင်လျှင်ပင် ခန္ဓာကိုယ်အားအင် တိုးတက်မှုသည် အလွန်တရာ အားကောင်းလှသည်။

လီချင်းယန်သည် ထိုအရာကို နားလည်ပြီးဖြစ်၏။ ထို့ကြောင့် သူသည် စမ်းသပ်မှုမျှော်စင်၏ ပထမအလွှာတွင် နှစ်နာရီ ကြာသာ လေ့ကျင့်၏။ ပြီးနောက် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို ကျန်သည့်အချိန်များတွင် လေ့ကျင့်ရင်း ဂိုဏ်းချုပ်အား ဂိုဏ်းကိစ္စနှင့် ပတ်သက်၍ ကူညီပေး၏။

စုရှောင်မို၊လီဖေးနှင့် တစ်ခြားသူများလည်း ထိုသို့ပင်ဖြစ်သည်။

သူတို့၏ အမြင်အရဆိုလျှင် ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ပြုလုပ်ခြင်းသည် ကျင့်ကြံခြင်း၏ အစိတ်အပိုင်း တစ်ခုသာဖြစ်၏။ စိတ်ဝိညာဉ်စွမ်းအင်များကို သန့်စင်ဖို့အရာကိုလည်း လျစ်လျူရှုထား၍ မရပေ။

စမ်းသပ်မှုမျှော်စင်ကို ရရှိပြီးနောက် စိတ်အားတက်ကြွစွာဖြင့် အလွန်အမင်း လေ့ကျင့်နေကြသော တပည့်များသည် အချိန်အနည်းငယ် ကြာမြင့်ပြီးနောက်မှာတော့ ပြန်လည်တည်ငြိမ်သွားကြသည်။

သူတို့သည် ပုံမှန်လုပ်ငန်းစဉ်သဘောအနေဖြင့် စမ်းသပ်မှုမျှော်စင်ထဲတွင် အချိန်အတိုင်းအတာတစ်ခုအထိသာ လေ့ကျင့်ကြတော့၏။

သို့ပေမဲ့ ရှောင်ကျီနှင့် ရီရှင်းချန်တိုမှာတော့ အဆုံးစွန်ထိ လေ့ကျင့်လျက် ရှိနေသေးသည်။

သူတို့သည် ခြောက်နာရီကြာ မရပ်မနား ခန္ဓာကိုယ်အား သန့်စင်လျက်ရှိ၏။

ခန္ဓာကိုယ်အားအင် ပိုမိုအားကောင်းစေရန် ပြုလုပ်ခြင်းသည် အကျိုးရှိသည့်ကိစ္စတစ်ခုဖြစ်သော်လည်း အကျိုးမရှိသည့်ကိစ္စမှာ လေ့ကျင့်ပြီးသည့်နောက်မှာ တစ်နေကုန်အားပြတ်၍ မလှုပ်ချင်မကိုင်ချင် ဖြစ်သွားခြင်းပင် ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းသည် ထိုနှစ်ယောက်၏ ပြင်းပြင်းထန်ထန် လေ့ကျင့်နေမှုအား မတားဆီးပေ။ တပည့်များအနေနှင့် ကိုယ်ပိုင်လမ်းစဉ်ကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိသည် မဟုတ်လော။

သူ့အနေနှင့် တပည့်များ လမ်းမှန်ကို ရောက်ရှိရေးနှင့် တစ်ခြားသူများ၏ အနိုင်ကျင့်မှုကို မခံရရေးကိုသာ အာရုံစိုက်ထားခဲ့သည်။

သိုင်းဘုရင် သို့မဟုတ် သိုင်းအင်ပါယာပဲဖြစ်ဖြစ် မည်သူမှ သူ၏တပည့်များကို ထိခိုက်အောင် ပြုလုပ်ခွင့်မပေးနိုင်ချေ။

ဤအတောအတွင်း ကျွင်းချောင်ရှောင်းသည် တောင်ကွဲလက်ဝါးနှင့် စည်းအတားအဆီး နည်းစနစ်တို့အား တပည့်များကို ပေးအပ်လိုက်၏။

တောင်ကွဲလက်ဝါးသည် အလွန်အမင်း အားကောင်းလှသော လက်ဝါးနည်းစနစ်တစ်ခုဖြစ်ပြီး လက်ဝါးတွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ အားကောင်းလှသည့် ရိုက်ချက်များကို ထုတ်ဖော်နိုင်၏။ တောင်နှင့် ကျောက်တုံးများကိုပင် ကွဲအက်စေနိုင်သည်။

စည်းအတားအဆီးမှာတော့ ခုခံခြင်း နည်းစနစ်တစ်ခုဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင်များသည် အသုံးပြုသူ၏ ခန္ဓာကိုယ် အရှေ့ဘက်တွင် အကာအကွယ်တစ်ခုအနေဖြင့် ဖြစ်တည်လာပေလိမ့်မည်။

ဤကျင့်ကြံခြင်း နည်းစနစ်နှစ်ခု၏ အဆင့်များသည် မြင့်မားလှသည် မဟုတ်သော်လည်း ကျင့်ကြံရသည်မှာ အလွန်အမင်း ရိုးရှင်းလှ၏။

ပိုမိုအားကောင်းသည့် တိုက်ခိုက်ရေး စွမ်းရည်များကို ထုတ်ဖော်နိုင်ရန် အတွက်မှာမူ ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်း အဆင့် ရှိရန် လိုအပ်နေသည်။

…….

စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်ဆယ်ပုလင်းကို ထုတ်ယူကာ ပြောလိုက်၏။

"မင်းတို့အားလုံး သေမင်းတောင်ကြားကို သွားတဲ့ခရီးမှာ ကောင်းကောင်းအလုပ်လုပ်ခဲ့ကြတယ်။ ဒါ့ကြောင့် ဒီဆေးရည်ကိုယူပြီး သောက်လိုက်။"

ကျန်းဝေ နှင့် တစ်ခြားသော အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော တပည့်များအားလုံးသည် ရှေ့သို့ လှမ်းတက်လာပြီး ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် တစ်ပုလင်းဆီကိုယူလိုက်ကြသည်။

သောက်သုံးပြီးသည့်နောက်မှာတော့ သူတို့၏အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်များသည် အဆင့်မြင့် စိတိဝိညာဉ်အမြစ်ဆီသို့ ပြောင်းလဲသွားလေ၏။

သေမင်းတောင်ကြားထဲတွင် လေ့ကျင့်သည့် အချိန်အတောအတွင်း လုံကျိရန်နှင့် လီယုဟွာတို့၏ လုပ်ဆောင်ချက်များသည်လည်း မဆိုးလှချေ။ သို့ပေမဲ့ သူတို့သည် ဂိုဏ်းထဲသို နောက်ကျမှ ဝင်ရောက်လာခြင်းဖြစ်၏။

ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် အရင်ဝင်သည့်တပည့်များအား ပိုမို၍ဦးစားပေးရန် ဆုံးဖြတ်လိုက်သည်။

တပည့်များသည် အများအပြားရှိသည် ဖြစ်ပေမယ့် အရင်းအမြစ်များမှာတော့ အကန့်အသတ်ရှိလို့နေ၏။ သူ့အနေနှင့် ဂိုဏ်းသိုဝင်ရောက်လာသည့် အချိန်အတိုင်းပဲ တပည့်များကို ဝေခြမ်းပေးရန် စဉ်းစားထားမိ၏။

"ဒါဘယ်လိုဆေးရည်မျိုးလဲ ။သောက်ပြီးတာနဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်တွေက ချက်ချင်းပဲ တိုးတက်သွားတယ်။ မယုံနိုင်စရာပဲ။"

တပည့်ဆယ်ယောက်တို့သည် တုန်လှုပ်သွားမိကြ၏။

သူတို့၏ စိတ်ဝိညာဉ်အမြစ်များသည် အဆင့်မြင့်သို ရောက်ရှိပြီးသည့်နောက်မှာတော့ မထင်မှတ်ထားသောအရာများသာ ဖြစ်ပေါ်မလာပါက အနာဂတ်တွင် ၎င်းတို့သည် အတွင်းစည်းတပည့်များ ဖြစ်လာမှာ ကျိန်းသေသည်။

ကျင့်ကြံခြင်းအဆင့် မမြင့်မားကြသော တပည့်များသည် ကြွက်သားတည်ဆောက်ခြင်းအခန်းနှင့် စိတ်ဝိညာဉ်အစီအရင်ထဲသို့ ဝင်ရောက်၍ သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို မြင့်မားအောင် ကြိုးစားလျက်ရှိ၏။

ပိုမိုအားကောင်းသည့် လူများမှာတော့ စမ်းသပ်မှုမျှော်စင်ထဲသို့ ဝင်ရောက်ကာ လေ့ကျင့်ကြသည်။

တပည့်များ၏ ကျင့်ကြံခြင်းလုပ်ငန်းများသည် အရှိန်အဟုန်ကောင်းကောင်းနှင့် လည်ပတ်လျက်ရှိ၏။

သံမဏိအရိုးဂိုဏ်းသည် ပိုမို၍ ရှင်းလင်းပြီး စံသတ်မှတ်ချက်များနှင့် ပြည့်စုံသည့် ဂိုဏ်းတစ်ခု ဖြစ်၍ လာခဲ့သည်။

တပည့်များ၏ လေ့ကျင့်မှု ပြဿနာများအား ဖြေရှင်းပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ့၌ပြဿနာတစ်ခုရှိနေကြောင်း သတိပြုမိသည်။

ထိုအရာမှာ အရင်းအမြစ်ပင်ဖြစ်၏။

သိုင်းပညာနှင့် ပတ်သတ်သည့် အရင်းအမြစ်ဆိုသည်မှာ ဆေးလုံး၊လက်နက်နှင့် စိတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်၏။

ဆေးလုံး နှင့် လက်နက်များသည် ဆေးခန်းမဆောင် ၊ ပန်းပဲခန်းမဆောင်ဆီမှ ရရှိခြင်းဖြစ်သော်လည်း စိတ်ဝိညာဉ်ကျောက်တုံးများမှာတော့ ရရှိရန် အလွန်ခက်ခဲလှသည်။

ဈေးကွက်တွင် စိတ်ဝိညာဉ်ကျောက်တုံးတစ်လုံးသည် ငွေတေလ်း တစ်သောင်းနှင့် ညီမျှသည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းအနေနှင့် သူ၏ချမ်းသာမှုများ အားလုံးကို စိတ်ဝိညာဉ်ကျောက်တုံးနှင့် လဲလှယ်မည်ဆိုလျှင်တောင်မှ စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက်သာ ရရှိပေလိမ့်မည်။

ထိုအရာကို သူကိုယ်တိုင် စုပ်ယူလျှင်ပင် မလုံလောက်သေးချေ။

ထို့ကြောင့် တပည့်ငါးရာနီးပါးအား ဖြန့်ဝေပေးဖိုဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်။

"ငါတော်တော်ဆင်းရဲတာပဲ။" ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်၍ သူ၏ဂုတ်ပိုးအား ပွတ်သပ်လိုက်မိ၏။

သူသာ ဤသောက်စနစ်နှင့် ပေါင်းစည်းထားခြင်းမရှိလျှင် သူ့ဘာသာသူ ဖြည်းဖြည်းချင်း တိုးတက်သွားအောင် ပုံမှန်အတိုင်း လုပ်ဆောင်သွားနိုင်သည်။

သို့ပေမဲ့ စောဒကတက်ခြင်းဖြင့် မည်သည့်အရာကိုမှ မဖြေရှင်းနိုင်ပေ။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သိုင်းအရင်းအမြစ်များကို မည်သို့ရရှိရမည်ဆိုသည်ကို စတင်၍ တွေးတောနေမိ၏။

တကယ်တန်းမှာတော့ စမ်းသပ်မှုမျှော်စင်ကြောင့် တပည့်များသည် ပိုမို၍ အားကောင်းလာကြပြီး ဂိုဏ်းသည်လည်း ပိုမို၍ အားကောင်းလာသည်။ သို့ပေမဲ့ သူသည် ထို့ထက် ပို၍ မြန်ဆန်ချင်နေသေး၏။

အဓိကတာဝန်၏ အချိန်အကန့်အသတ်မှာ နှစ်တစ်ရာသာလျှင်ရှိ၏။ ထို့ကြောင့် သူ ဖြစ်နိုင်သမျှ အမြန်ဆုံး ဂိုဏ်းအားပိုမိုအားကောင်းစေချင်မိသည်။

"ငါ အိုက်မိသားစုကို ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးတွေ များများထပ်ပေးရမယ်နဲ့တူတယ်။" ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်မိ၏။

သူသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးများကိုတော့ များများစားစားပေးရန် မစဉ်းစားထားချေ။

ထိုဆေးလုံးသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးထပ်ပို၍ ကောင်းကင်မှ ငြင်းပယ်ရလောက်သည့် ဆေးလုံးအမျိုးအစားမျိုးဖြစ်၏။

အရေအတွက်များများနှင့်သာ ရောင်းချနိုင်မည်ဆိုလျှင် လူများ၏ အာရုံစူးစိုက်မှုကို ရကာ ပိုက်ဆံ များများ ရရှိနိုင်မှာ ဖြစ်ပေမဲ့ အားကောင်းလှသော ရန်သူများကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။

"ဂိုဏ်းချုပ်"

ထိုအချိန်မှာတော့ လီချင်းယန်သည် လျှောက်ဝင်လာကာ ပြောလိုက်၏။ "အိုက်မိသားစုခေါင်းဆောင်က လာတွေ့ပါတယ်။"

"သူရောက်လာပြန်ပြီလား။"

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "အဓိကဟောခန်းထဲကို ခေါ်လိုက်လေ။"

"ကောင်းပါပြီ။"

အိုက်မိသားစုခေါင်းဆောင် နောက်ဆုံးအကြိမ်ရောက်ရှိလာခဲ့စဉ်က ကျွင်းချောင်ရှောင်းသည် တပည့်များကို ခေါ်ဆောင်ကာ သေမင်းတောင်ကြားထဲသို့ သွားနေခဲ့၏။ ထို့ကြောင့် တွေ့ဆုံခဲခြင်း မရှိပေ။

လက်ရှိ လာရောက်သည့်ရည်ရွယ်ချက်မှာတော့ လေလံပွဲသို့ လာရောက်ရန် ဖိတ်ခေါ်ခြင်းပင်ဖြစ်၏။

"ဒါက …"

အိုက်မိသားစုခေါင်းဆောင်၏ ရည်ရွယ်ချက်ကို သိရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားလိုက်မိ၏။

"အိုက်ခေါင်းဆောင် …. ဂိုဏ်းမှာ ကျွန်တော့်အနေနဲ့ လုပ်စရာတွေ အများကြီးရှိတယ်။ဒါ့ကြောင့် မနက်ဖြန် လေလံပွဲမှာ မတက်ရောက်ဖြစ်လောက်ဘူး။"

သူသည် လေလံပွဲနှင့် ပတ်သက်၍ အမှန်တကယ်ပင် စိတ်မဝင်စားချေ။

"ဂိုဏ်းချုပ်ကျွင်း …." အိုက်မိသားစုခေါင်းဆောင်ပြောလိုက်၏။

"လေလံပွဲမှာ နိုင်ငံအသီးသီးက များပြားလှတဲ့ ကျွမ်းကျင်သူတွေနဲ့ အဓိကအင်အားစုကြီးတွေ လာကြမှာ ။ ဒီတော့ ခင်ဗျားအနေနဲ့ လေလံပွဲကို လာပြီးတော့ ကိုယ့်ရဲ့ အပေါင်းအသင်းမိတ်ဆွေ နယ်ပယ်ကို ချဲ့ထွင်သင့်တယ်။ပြီးတော့ …"

ခဏလောက်ရပ်တန့်ကာ ဆက်ပြောလိုက်၏။ "အဆင့်လေး ဂိုဏ်းတစ်ခု ဖြစ်တဲ့ မြောင်ဟွာခန်းမ သခင်လည်းလာမှာ။"

ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်။

"ဒီတစ်ကြိမ် ခင်ဗျားရဲ့လေလံပွဲက အဆင့်လေးဂိုဏ်းတစ်ခုကိုတောင်မှ အာရုံစူးစိုက်စေတယ် ဟုတ်လား။"

အိုက်မိသားစုခေါင်းဆောင် ပြုံးကာပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း မြောင်ဟွာခန်းမ သခင်အကြောင်းကို ကြားဖူးလား။"

"မကြားဖူးဘူး။"

ကျွင်းချောင်ရှောင်းပြောလိုက်သည်။

အိုက်မိသားစုခေါင်းဆောင်က ပြောလိုက်၏။ "မြောင်ဟွာခန်းမ သခင်က ဂိုဏ်းချုပ်ကျွင်းလိုပဲ။ သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုဏ်းတစ်ခုကို ဦးစီးနေတာ။ပြီးတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ထူးဆန်းပြီး ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရတယ်။"

"သြော်"

ကျွင်းချောင်ရှောင်းပြောလိုက်သည်။

"မြောင်ဟွာခန်းမ သခင်က အမျိုးသမီးလား။"

"အမှန်ပါပဲ။"

အိုက်မိသားစုခေါင်းဆောင်ပြောလိုက်၏။ "မြောင်ဟွာခန်းမ က အမျိုးသမီးတပည့်တွေကိုပဲ လက်ခံတယ်။"

"သူမက အသက်ဘယ်လောက်လောက်ရှိပြီလဲ။" ကျွင်းချောင်ရှောင်း မေးလိုက်၏။

အိုက်မိသားစုခေါင်းဆောင်ပြောလိုက်သည်။

"မြောင်ဟွာခန်းမသခင်က အသက်နှစ်ဆယ်လောက်ပဲရှိအုန်းမယ်။သူမက အရမ်းတော်ပြီး … အရမ်းလှတယ်။"

"အင်း"

ကျွင်းချောင်ရှောင်း လေးလေးနက်နက်ပြောလိုက်၏။ "အိုက်မိသားစုခေါင်းဆောင်က ကျုပ်ကို ထပ်ခါထပ်ခါဖိတ်နေတယ်ဆိုတော့ ကျုပ် ဆက်ပြီး ငြင်းရင် ရိုင်းရာကျတော့မှာပေါ့။"

သူသွားရန် ဆုံးဖြတ်လိုက်မိ၏။

လှပလွန်းသည် ဆိုသော မိန်းကလေးကို ကြည့်ရှုရန်မဟုတ်ပေ။ သူ၏ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ပိုမို ချဲ့ထွင်ရန်သာဖြစ်လေသည်။

All Chapters