← Chapters

အခန်း (၂၁၆)

Vol. 15 Ch. 216

အခန်း (၂၁၆)

Vol. 15 Ch. 216

ကျွင်းချောင်ရှောင်းသည် သူ၏ ဆက်ဆံနိုင်သော ပတ်ဝန်းကျင် နယ်မြေကို ချဲ့ထွင်နိုင်ရန် လေလံပွဲသို့ သွားချင်သည်။ ထို့အပြင် တခြားဂိုဏ်းများမှ အရေးပါ အရာရောက်သော အကြီးအကဲများနှင့် မိတ်ဖွဲ့ရသည်က အိမ်မှာ တံခါးပိတ်ပြီး အိပ်နေတာထက် ပိုကောင်းသည် မဟုတ်လား။

မြောင်ဟွာနန်းတော်သခင် ..

အင်း … တစ်သန်းမှာ တစ်ယောက် ရှိသည့် အလှပဂေးအား သူလည်းမြင်ချင်မိသည်။

ယောကျာ်းပင် မဟုတ်လော။

လှပမှုကို ကြည့်ရှုရခြင်းအား နှစ်သက်ခြင်းသည် ယောကျာ်းတစ်ယောက် အတွက် သာမာန်ပင် ဖြစ်သည်။

လှပတဲ့ မိန်းကလေးကို ကြည့်ရှုရတာ မနှစ်သက်ဘူးဟု သာ ပြောမည် ဆိုလျှင် ကျွင်းချောင်ရှောင်းသည် လိင်စွဲလန်းမှုနှင့် ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ရှိနေ၍ပင် ဖြစ်လိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း …”

အိုက်မိသားစု ခေါင်းဆောင်သည် မထွက်ခွာခင်မှာ သိုလှောင်လက်စွပ် နှစ်ကွင်းအား ပေးခဲ့သည် “ဒါတွေက လတ်တလော ကျုပ်စုဆောင်းထားတဲ့ ဆေးပင်တွေပါပဲ။”

“ကျေးဇူးတင်ပါတယ်”

ကျွင်းချောင်ရှောင်း မြန်မြန်ပဲ လက်ခံလိုက်သည် “မနက်ဖြန်မှာ ကျုပ် လေလံပွဲကို မဖြစ်မနေ လာခဲ့ပါမယ်။”

သူသည် သိုလှောင်လက်စွပ်နှင့် တကွ ဆေးပင်များ ရရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူအား မျက်နှာသာ ပြန်ပေးရပေလိမ့်မည်။

အိုက်မိသားစု ခေါင်းဆောင်ဆီမှ ဆေးပင်တွေ ရရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် ဆေးသန့်စင်ဆောင်ကို ဖွင့်၍ ဆေးလုံးများ သန့်စင်လိုက်တောာ့သည်။

မကြာမီမှာပဲ သူ့တွင် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး နှင့် ခန္ဓာကိုယ်ဖြစ်တည်ဆေး အများအပြား ရှိသွားတော့သည်။ မရီဒန်ဖွင့်ခြင်း ဆေးလုံးအပြင် ချီလေပွေ ဆေးလုံးများလည်း မနည်းပေ။

ချီစုစည်းခြင်းဆေးလုံး တစ်ထောင်ကျော် သန့်စ်နိုင်ခဲ့သည် ဆိုသော်လည်း တကယ်တန်း တပည့် ငါးရာ အတွက်မူ မလောက်ငှသေးချေ။

“ဟင်း …”

ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်သည် “အရင်းအမြစ် ၊ အရင်းအမြစ် .. အရင်းအမြစ်တွေ လိုတယ်”

ညအချိန်မှာတော့ လီချင်းယန်အား ဂိုဏ်းကိစ္စတစ်ချို့ကို ခိုင်းစေပြီးနောက် သူ စမ်းသပ်မှုမျှော်စင်ထဲ လေးနာရီလောက် ဝင်ရောက်လေ့ကျင့်လလိုက်သည်။ နောက်တစ်ရက် မနက်စာ စားပြီးသည့်နောက် သူသည် ဟူရန်မြို့ဆီသို့ ဦးတည်လိုက်တော့သည်။

သို့ပေမဲ့ …

တောင်ပေါ်မှ ဆင်းသက်လာချိန်တွင် နှင်းလိုဖြူစင်လွန်းသော ဝတ်စုံအား ဝတ်ဆင်ထားသည့် လုချင်းချင်းသည် သစ်ပင်တစ်ပင် အောက်တွင် ရပ်လျက်ရှိနေသည်ကို သူမြင်လိုက်ရ၏။

ကျွင်းချောင်ရှောင်း ဇဝေဇဝါ ဖြစ်မိသွားသည် “ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”

လုချင်းချင်း ပြောလိုက်သည် “ဂိုဏ်းချုပ် လေလံပွဲသွားမယ် ဆိုတဲ့ သတင်းကို ဒုတိယ ဂျူနီယာ မောင်လေး ဆီကနေ ကြားခဲ့တယ်။ ကျွန်မလည်း လိုက်ကြည့်ချင်လို့”

“မင်း တနေကုန် လေ့ကျင့်နေခဲ့တာပဲ။ အပန်းဖြေဖို့ အချိန်ရောက်ပြီ” ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သွားစို့ … ဟူရန် မြို့ ကို သွားမယ်”

ပြီးနောက် နှစ်ယောက်သား သံမဏိအရိုးတောင်မှ ဆင်းသက်လိုက်ကြတော့သည်။

ဂိုဏ်းအခြေချပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဤတောင်အား အမည်မဲ့တောင် အဖြစ်မှသည် သံမဏိအရိုးတောင် အဖြစ်သို့ နာမည်ပြောင်းလဲ့သည်။ ထို့အပြင် တခြားဂိုဏ်းများသည်လည်း ထိုသို့ပင် တောင်တန်းများအား သူတို့၏ ဂိုဏ်းနာမည်များ ပေးကြသည် မဟုတ်လား။

ထိုအရာသည် ဤလောကကြီး၌ အသားကျနေသည့် အရာဖြစ်သည်။

ရောမ ရောက်ပြီ ဆိုမှတော့ သူလည်း ရောမလို ကျင့်မှ ဖြစ်မည်။

…….

မနက်ခင်းစောစော ဖြစ်သည်မို့ နေရာအနှံ့သည် ငြိမ်သက် တိတ်ဆိတ်နေသည်။

အရှေ့ဘက် မိုးကုတ်စက်ဝိုင်း ဆီမှ ခပ်ဖျော့ဖျော့ အလင်းများ ထွက်ပေါ်လာသည်။ နေ့တစ်နေ့၏ အစကို စတင် ဝင်ရောက်ခဲ့ပြီဖြစ်၏။

ကျွင်းချောင်ရှောင်းနှင့် လုချင်းချင်း တို့သည် မနက်ခင်းနှင်းမြူတွေကြားထဲတွင် လမ်းလျှောက်လာကြသည်။ သူတို့နှစ်ယောက်သည် သေမျိုးလောကထဲသို့ ဆင်းသက်လာသော အင်မော်တယ်စုံတွဲ တစ်တွဲ လိုပင် အလွန်တရာ ကြည့်ကောင်းလွန်းနေသည်။

နှစ်ယောက်တည်း သီးသန့် အတူတကွ ခရီးထွက်လာသည်မှာ ဤတစ်ကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ပထမ အကြိမ်သည် ချင်းယန်မြို့၏ ဂိုဏ်းတရာ လူသစ်စုဆောင်းပွဲသို့ သွားခဲ့ရသည့် ခရီးဖြစ်၏။

အဲအချိန်တုန်းက ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကူးပြောင်းလာစဖြစ်ပြီး လောကကြီးတွင် အစိမ်းသက်သက် ဖြစ်ခဲ့သည်။ အခြားတစ်ဖက်မှာတော့ လုချင်းချင်းသည် နတ်သမီးတစ်ပါး အလား လှပခဲ့သည်။ ထို့ကြောင့် နှစ်ယောက်သားသည် တာတေကြီး နှင့် မဖဲဝါကဲ့သို့ မလိုက်ဖက်ခဲ့ကြချေ။

လက်ရှိအချိန်မှာတော့ သူသည် သိုင်းဆရာ အဆင့်ငါး ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဂိုဏ်းချုပ်တစ်ယောက် ၏ အရှိန်အဝါမျိုးသည်လည်း ခန္ဓာကိုယ်မှ ထွက်ပေါ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ ဂုဏ်သရေ နှင့် ခန့်ညားမှုများသည် တိုးတက်လာခဲ့၏။

ဆိုရလျှင် လွန်ခဲ့တဲ့ လအနည်းငယ်ကနှင့် ယှဉ်လျှင် ကျွင်းချောင်ရှောင်း အပေါ် လုချင်းချင်း၏ ဆက်ဆံပုံသည်လည်း ပြောင်းလဲလာခဲ့သည်။ ယခင်ကလို ရင်နာစေသည့် စကားမျိုး သိပ်မပြောတော့ချေ။

“ချင်းချင်း …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါတို့ ချင်းယန်မြို့ လူသစ်စုဆောင်းပွဲကို သွားခဲ့တုန်းကလည်း ဂိုဏ်းမှာ လူဦးရေ နှစ်ယောက်တည်းနော်။ အခုတော့ ဂိုဏ်းက လူငါးရာကျော်နဲ့ တိုးတက်လာခဲ့ပြီ။ တွေးကြည့်လိုက်ရင် မယုံနိုင်စရာပဲ။”

လုချင်းချင်း ပြောလိုက်သည် “ဂိုဏ်းကြီးတွေ အနေနဲ့ တပည် တစ်ထောင်ကျော်လောက် အနည်းဆုံး ရှိသင့်တယ်။ ဂိုဏ်းချုပ် အနေနဲ့ ခရီးရှည်ကြီး လိုပါသေးတယ်။”

သူမ ထိုသို့ပြောဆိုလိုက်သည် ဆိုသော်လည်း စိတ်ထဲမှာတော့ အသိအမှတ် ပြုမိ၏။

သံမဏိအရိုးဂိုဏ်းသည် ဂိုဏ်းချုပ်၏ စီမံမှုအောက်တွင် တနေ့တခြား ပိုမို၍ အားကောင်းလာကြောင်း သူမ မျက်စိမြင်နေရသည် မဟုတ်လား။

သူမသာ ဂိုဏ်းချုပ်ဖြစ်လာလျှင် ချင်းယန်နိုင်ငံတစ်ခုလုံးကို လွှမ်းမိုးနိုင်မည်ဟု တစ်ခါက ပြောခဲ့ဖူးသည်။ ကြည့်ရသည်မှာ ထိုသို့သော အရာကို ဂိုဏ်းချုပ်သည် အချိန်တိုအတွင်း၌ ပင် လုပ်နိုင်မည်ဟု သူမ အသိအမှတ် ပြုမိ၏။

သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးအား လွှမ်းမိုးနိုင်ဖို့ ဆိုသည်မှာတော့ ….

ထိုအရာသည် အိမ်မက်တစ်ခုသာ ဖြစ်မည်ဟု လုချင်းချင်း ထင်မှတ်မိသည်။

“မင်း ပင်ပန်းနေပြီလား။ အနားယူမလား”

“မပင်ပန်းပါဘူး”

“ဆာနေပြီလား။ တစ်ခုခု စားအုံးမလား”

“မဆာပါဘူး”

ဤမိန်းကလေး၏ အေးစက်သည့် ဆက်ဆံရေးကို အသားကျနေပြီ ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ မည်သို့မှ မခံစားမိချေ။ သူ မေးလိုက်သည် “မင်း မြောင်ဟွာနန်းတော် ဆိုတာကို ကြားဖူးလား”

လုချင်းချင်း ပြောလိုက်၏ “အသစ်ထွန်းတောက်လာတဲ့ အဆင့်လေး ဂိုဏ်းတစ်ခုပဲ။ နန်းတော်သခင်ကို ရှီကျင်းရွှမ် လို့ ခေါ်တယ်။ လောကမှာ အထူးချွန်ဆုံး အမျိုးသမီးလို့ လူသိများတယ်”

ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည် “မင်း က နန်းတော်သခင်ရဲ့ နာမည်ကိုတောင် သိနေတာပဲ။”

လုချင်းချင်း ပြောလိုက်၏ “လောကကြီးရဲ့ အင်အားစုတွေ အကြောင်းကို ဂိုဏ်းချုပ်လည်း သိထားသင့်တယ်။ ဒါမှ ဘယ်ဂိုဏ်းက ဘယ်လိုနောက်ခံရှိလို့ အပြစ်မပြုသင့်ဘူး ဆိုတာကို နားလည်မှာပေါ့”

“ငါက တခြားသူကို ပြဿနာရှာနေတာမှ မဟုတ်တာ။ ဘာလို့ တခြားဂိုဏ်းတွေ အကြောင်း သိထားရမှာလဲ။” ကျွင်းချောင်ရှောင်း ခဏလောက် ရပ်တန့်ကာ ပြောလိုက်သည် “သူတို့လည်း ငါတို့ သံမဏိအရိုးဂိုဏ်း အကြောင်း သိထားသင့်တယ် လို့ ငါထင်တယ်”

“ပြဿနာမရှာဘူး ဟုတ်လား။”

လုချင်းချင်း ပြောလိုက်သည် “လင်းယန်နက်ဂိုဏ်း ရဲ့ ဒုဂိုဏ်းချုပ် နဲ့ တပည့်တွေကို သတ်လိုက်တာက ပြဿနာရှာတာ မဟုတ်ဘူးလား။ သံမဏိအရိုးဂိုဏ်း လုပ်တာကိုသာ သိသွားရင် သူတို့က လွှတ်ပေးမှာမဟုတ်ဘူး”

“သူတို့ကို တောနက်ထဲမှာ သတ်ခဲ့တာလေ။ ပြီးတော့ အလောင်းတွေ အားလုံးကို မီးရှို့လိုက်ပြီ။ ဘယ်လိုလုပ် အစကောက်မလဲ”

ကျွင်းချောင်ရှောင်း ယုံကြည်ချက် ရှိရှိ ဖြင့် ပြောလိုက်သည်။

သူသည် မည်သည့် သဲလွန်စမှ မကျန်ရစ်လေအောင် သပ်ရပ်မီးကို အသုံးပြု၍ အလောင်းများအား ရှင်းလင်းခဲ့သည် မဟုတ်လား။

လုချင်းချင်း ပြောလိုက်၏ “အဆင့်ခုနှစ် ဂိုဏ်းတစ်ခုကို အထင်မသေးနဲ့။ ပြီးတော့ မိစ္ဆာဂိုဏ်းလေ။ ဘာမှန်းမသိတဲ့ နည်းလမ်းတွေ ရှိနေနိုင်တယ်။ ပြီးတော့ လင်းယုန်နက်ဂိုဏ်း ကျွန်မတို့ကို လုယက်မယ့်အကြောင်း တခြား ကျင့်ကြံသူတွေ သိနေနိုင်တယ်။ လုယက်မယ် ဆိုပြီး ထွက်သွားပြီး ပြန်ပေါ်မလာတော့ရင် ကျွန်မလုပ်ကြောင်း သိမှာပဲ။ ပြီးတော့ မိစ္ဆာဂိုဏ်းတစ်ခု ဖြစ်တာမို့ ဘယ်လိုပဲဖြစ်ဖြစ် မှန်တာ၊ မှားတာကို ကြည့်မနေဘဲ လုပ်ချင်ရာ လုပ်မှာ သေချာတယ်”

သူမသည် စကားတွေ အများကြီး ပြောခဲ့သည်။ အဓိက အားဖြင့် ဂိုဏ်းချုပ်အား သတိထားစေချင်၍ ဖြစ်သည်။

“အဓိပ္ပာယ်ရှိတယ်”

ကျွင်းချောင်ရှောင်း သူ၏ မေးစေ့ကို ပွတ်သပ်ပြီး ပြောလိုက်သည် “လင်းယုန်နက်ဂိုဏ်းကို သတိထားမှ ဖြစ်မယ်”

လုချင်းချင်း ပြောလိုက်၏ “ကျွန်မ အတွေးကတော့ အနာဂတ်မှာ ပြဿနာ လာရှုပ်မယ့် တူတူ ဂိုဏ်းချုပ် ဦးဆောင်ပြီး မိစ္ဆာဂိုဏ်းကို အရင်သွားရှင်းလိုက်တာ ပိုကောင်းမယ် ထင်တယ်”

ကျွင်းချောင်ရှောင်း တွန့်ခနဲဖြစ်သွားမိသည် “ဒါက နည်းနည်း ရက်စက်လွန်းရာ မကျဘူးလား”

လုချင်းချင်း၏ မျက်လုံးများသည် အေးစက်နေ၏ “မျက်စိရှေ့က လှံကို ရှောင်ဖို့ ခက်တယ် ဆိုပေမဲ့ နောက်ကွယ်က ပစ်လိုက်တဲ့ မြှားကို ရှောင်ဖို့က ခက်တယ်။ ဒီတော့ ခုခံနေရတာထက်စာရင် သွားပြီး တိုက်ခိုက်ပြီး ရှင်းလိုက်တာ က ပိုကောင်းမယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “လေလံပွဲပြီးရင် အဲကိစ္စကို ပြောကြတာပေါ”

သူသည်လည်း လုချင်းချင်း၏ အဆိုပြုချက်ကို သဘောတူသည်။ ထို့အပြင် မိစ္ဆာဂိုဏ်း၏ လုပ်ဆောင်မှုများသည် မိုးဆွေအဆောက်အဦ ၏ လုပ်ဆောင်မှုများနှင့် တူညီနေသည်။ ထို့ကြောင့် စဦးသွားရောက် ရှင်းလင်းလိုက်သည်က ပို၍ ထိရောက်ပြီး ဘေးကင်းလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် မျက်နှာချင်းဆိုင် လာရောက်တိုက်ခိုက်မည် ဆိုပါက မည်သည့်အရာကိုမှ မကြောက်ရွံ့ချေ။ သို့ပေမဲ့ နောက်ကွယ်ကနေ အမျိုးမျိုး ကောက်ကျစ်စွာ အစီအစဉ် ချမှတ်နေမည်ကိုတော့ စိုးရွံ့မိသည်။

စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသည် ဥပမာကောင်းဖြစ်သည်။

သူသာ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းဆီ သွားရောက်၍ မရှင်းလင်းဘူးဆိုလျှင် နောက်ကွယ်ကနေ မည်မျှ ယုတ်မာစွာနှင့် ထောင်ချောက်ဆင်နေမည်နည်း မသိနိုင်ပေ။

“ဒါက မိစ္ဆာဂိုဏ်းလေးတစ်ခုပဲ”

ဟူရန် မြို့သို့ သွားရာလမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်သည် “သူတို့ကို ဖျက်ဆီးပစ်ရတာ ပြဿနာမရှိလောက်ပါဘူး”

သူသည် လုချင်းချင်း၏ အကြံပြုချက်အတိုင်း ကြိုတင်၍ အန္တရာယ်ကို ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ဤနည်းလမ်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်၏။

အဘယ့်ကြောင့် ဆိုသော် လင်းယုန်နက်ဂိုဏ်းသည် သူတို့၏ ဒုဂိုဏ်းချုပ် ပေါ်မလာသည်ကို သိရှိပြီးနောက် အခြေအနေကို လိုက်ပါ စုံစမ်းနေပြီဖြစ်သည်။

သံမဏိအရိုးဂိုဏ်းအား လုယက်ရန် ထွက်သွားသည်ဆိုသော အကြောင်းကိုသာ သိရှိသွားလျှင် ချင်းယန်နိုင်ငံသို့ လာ၍ ပြဿနာရှာမှာ သေချာ၏။

မိစ္ဆာဂိုဏ်းသည် သံသယ ရှိသည် ဆိုရုံဖြင့် လူသတ်သည့်အလုပ်ကို လုပ်မှာ သေချာသည်။ သက်သေတွေ တိတိကျကျ အချိန်ကုန်ခံ၍ ရှာနေမည် မဟုတ်ချေ။

ထို့ကြောင့် ကျွင်းချောင်ရှောင်း ရှင်းလင်းပစ်ရန် စဉ်းစားဆုံးဖြတ်လိုက်သည်မှာ မှန်ကန်သည့် ဆုံးဖြတ်ချက်ပင် ဖြစ်လေတော့သည်။

All Chapters