အခန်း (၂၁၈)
Vol. 15 Ch. 218
တစ်ခါတလေမှာ ဟန်လုပ်ပြီး ထည်ထည်ဝါဝါ မနေလျှင် တခြားသောသူများသည် အရူးတစ်ယောက်ကဲ့သို့ သဘောထား ဆက်ဆံတတ်ကြသည်။
ထိုကြောင့် ကျွင်းချောင်ရှောင်းသည် ပလက်တီနံ ကတ်အား လက်ထဲတွင် အသာလွှဲရမ်းရင်း ရွှေရောင်ကတ် ကိုင်ဆောင်သူများ ရှေ့မှ မြောက်ကြွမြောက်ကြွ နှင့် လျှောက်ဝင်သားလိုက်သည်။
အရိုးသားဆုံး ပြောရလျှင် ဤလူများသာ အစကတည်းက သူ့အပေါ် မောက်မာခြင်း မရှိလျှင် သူ့အနေနှင့် ဘာတစ်ခုမှ ဟန်ထုတ်ပြီး မော်ကြွားနေမည် မဟုတ်ချေ။
ဟင်း ..။
ဟန်လုပ်ရတာလည်း မလွယ်ပါလား။
ချင်းယန်နိုင်ငံ၏ များပြားလှသော ကလန်များ ၊ ဂိုဏ်းများမှာတော့ လက်ရှိအချိန်တွင် စိတ်ချမ်းသာ နေကြ၏။
သူတို့သည် သူတို့ထက် ပို၍ သာသည်ဟု သွေးနားထင်ရောက်နေကြသော တစ်ဖက်နိုင်ငံများမှ ဤလူ့အနတ္တများအား နည်းနည်းလေးမှ ကြည့်မရကြချေ။
အားလုံး၏ ရှေ့တွင် ကျွင်းချောင်ရှောင်းသည် ပလက်တီနံကတ်အား ထုတ်ကိုင်လိုက်သည် ဆိုခြင်းမှာ ထိုသူများ၏ မျက်ခွက်အား ပယ်ပယ်နယ်နယ် ရိုက်နှက်လိုက်သည်နှင့် ဆင်တူပေသည်။ ထို့ကြောင့် သူတို့တွေ သဘောကျနေခြင်း ဖြစ်၏။
သို့ပေမဲ့ …။
အဆင့်ရှစ် ဂိုဏ်းတစ်ခု၏ လေလံအိမ်၏ အဆင့်မြင့်ဆုံးသော ပလက်တီနံ ကတ်အား ကိုင်ဆောင်ထားသည်ကို ကြည့်လိုက်သည်နှင့် သံမဏိအရိုးဂိုဏ်းနှင့် အိုက်မိသားစု ကြား ဆက်ဆံရေးသည် နက်ရှိုင်းလွန်းကြောင်း အားလုံးက သတိပြုမိလိုက်ကြသည်။
“ကောင်းကင်ဘုံ ….”
“ဂိုဏ်းချုပ် ကျွင်း က တကယ်ပဲ ပလက်တီနံ ကတ်ကိုကိုင်ထားတာလား”
“ဒါက ပိုက်ဆံ နဲ့ ဝယ်လို့ရတဲ့ အရာတစ်ခု မဟုတ်ဘူး”
ချင်းယန်နိုင်ငံ၏ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင်တော့ လေးစားမှုများနှင့် ပြည့်နှက်သွားတော့သည်။
…..
လေလံအိမ် အတွင်းဘက်တွင်တော့ လမ်းတစ်လျှောက်တွင် များပြားလှသော နာမည်ကျော် ပန်းချီကားများ ၊ ရှေးဟောင်းပစ္စည်းများဖြင့် အလှဆင်ထားပြီး ကြီးကျယ်ခမ်းနားသော နေရာတစ်ခု ဖြစ်ကြောင်း ဖော်ညွှန်းထားသည်။
ကျွင်းချောင်ရှောင်းသည် လုချင်းချင်းအား ဦးဆောင်ခေါ်ဆောင်လာရင်း လေလံအိမ်၏ အဝင်ဝတွင် ရပ်တန့်လိုက်၏။
လေလံအိမ်၏ အလယ်တွင် လေလံပွဲကျင်းပရာ စင်မြင့်တစ်ခု တည်ရှိနေပြီး ရှေ့ဘက်တွင်တော့ ထိုင်ခုံများ ခင်းကျင်းထားသည်။ ထိုနေရာသည် ကြေးကတ်ပြားကို ကိုင်ဆောင်သောသူများ အတွက် နေရာပင် ဖြစ်တော့သည်။
ရွှေရောင်ကတ်ကိုင်ဆောင်သူများမှာ ဒုတိယထပ်တွင် နေရာယူရပြီး သီးသန့်ခန်းနှင့် အတူ တန်ဖိုးကြီး အဆောင်အယောင်များနှင့် ဆင်ယင်ထား၏။
တတိထပ်မှာတော့ ပလက်တီနံကတ် ကိုင်ဆောင်ထားသူများ၏ နေရာဖြစ်ပြီး သီးသန့်ခန်းဖြစ်ရုံတင်မက အဆင်အယင်မှာလည်း ဘုရင့်နန်းတော်တစ်ခုထဲသို့ ရောက်ရှိသွားသလို ခမ်းနားလွန်းစွာ ဖြင့် ပြင်ဆင်ထားသည်။
“ဂိုဏ်းချုပ်ကျွင်း ..”
ကျွင်းချောင်ရှောင်း ပေါ်လာလာချင်းမှာပဲ အိုက်မိသားစု ခေါင်းဆောင်သည် အပြေးတပိုင်း လာရောက် နှုတ်ဆက်လေသည် “ထွက်မကြိုနိုင်တဲ့အတွက် ခွင့်လွှတ်ပါ ဂိုဏ်းချုပ်ကျွင်း ….”
အနီးပတ်ဝန်းကျင်ရှိ ကြေးကတ် ကိုင်ဆောင်သော ကျင့်ကြံသူများသည် အံ့အားတသင့်ဖြင့် လှည့်ကြည့်လာကြသည်။
အိုက်မိသားစုသည် နာမည်ကြီး ဆေးလုံးနှစ်မျိုးကို လေလံစတင်ပြီးကတည်းက များပြားလှသော ဂိုဏ်းများကြားတွင် အဆင့်အတန်း ပိုမို တိုးတက်လာခဲ့ကြသူများ ဖြစ်ကြသည်။ ယခုကဲ့သို့ အဆင့်ရှစ် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်အား ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေမည် ဟု သူတို့ မထင်မှတ်မိခဲ့ကြချေ။
ဒုတိယထပ်တွင် ရှိနေသော ဂိုဏ်းအသီးသီး၏ အကြီးအကဲများသည် အဝင်ဝတွင် ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းအား ကြည့်မိလိုက်ကြသည်။
တစ်ချို့က အတွေးနက်သွားကြပြီး တစ်ချို့က အထင်အမြင်သေးသလိုကြည့်မိကြသည်။ တစ်ချိုု့မှာတော့ ပြုံးမိနေကြ၏။
“သူက ကျွင်းချောင်ရှောင်းလား”
တတိယထပ်ရှိ အလွန်တရာ ခမ်းနားလှသော အခန်းတစ်ခုထဲတွင် ရှိနေသော ငယ်ရွယ်လှပလွန်းသည့် မိန်းကလေး တစ်ယောက်သည် ကျွင်းချောင်ရှောင်း ရှိရာ နေရာဆီသို့ လှမ်းကြည့်ရင်း တီးတိုးပြောလိုက်၏။
ဤမိန်းကလေးသည် နှစ်ဆယ်ကျော်လောက် ဖြစ်ပြီး သူမ၏ ရှည်လျား၍ ပျော့ပြောင်းလွန်းသော အနက်ရောင် ဆံနွယ်များသည် ပခုံးထက်မှ တဆင့် နောက်ကျောဘက်ဆီသို့ ဖြောင်းစင်းစွာ ကျဆင်းနေသည်။ သူမ၏ ဆံမြိတ်လေးများသည် မျက်နှာတစ်ဝက်လောက်အား ဖုံးကျထားသည်အထိ ရှည်လျားနေပြီး အသားအရေမှာ ချောမွေ့လှပလွန်းကာ ပုလဲအရောင်တောက်လျက်ရှိသည်။
သူမ၏ ခန္ဓာကိုယ်ဆီမှ ကြီးကျယ်လှသော အရှိန်အဝါများ ထွက်ပေါ်နေပြီး သာမာန်လူများ အနေနှင့် သူမ နား မကပ်ဝံ့ကြချေ။
ကျွင်းချောင်ရှောင်းသည် ယောကျာ်းချင်း ကြည့်ရှုသည့် အကြည့်များအား သတိမပြုမိသော်လည်း ဆန့်ကျင်ဘက် လိင်ဖြစ်သော မိန်းကလေးတစ်ယောက်၏ အကြည့်ကို ခံရချိန်မှာတော့ ချက်ချင်းပဲ ခေါင်းမော့ကာ ပြန်ကြည့်မိသည်။
ဤမိန်ကလေးသည် … အလွန့် .. အလွန် လှပလွန်း၏။
သူ တစ်ချက်ကြည့်ရှုပြီးနောက် ချက်ချင်းပဲ အကြည့်လွှဲလိုက်မိသည်။ ပြီးနောက် လက်သီးဆုပ်ကာ ဖြင့် ပြုံးကာ ပြောလိုက်သည် “အိုက်ခေါင်းဆောင် က လေလံပွဲအတွက် လုပ်ရအုံးမှာ မဟုတ်လား။ ကိုယ်တိုင်လာကြိုတော့ အားနာမိပါတယ်။”
“ဂိုဏ်းချပ်ကျွင်းက ဂုဏ်သရေရှိ ဧည့်သည်ပဲလေ။ ဘယ်လောက် အလုပ်များများ ကိုယ်တိုင်လာကြိုရမှာပေါ့”
အိုက်မိသားစု ခေါင်းဆောင်၏ အသံသည် အလွန်ကျယ်၏ ။ သူသည် ရှိရှိသမျှသော ကျင့်ကြံသူများအား ကြားစေချင်၍ ထိုကဲ့သို့ ကျယ်ကျယ်ပြောခြင်းလည်း ဖြစ်၏။
ရလဒ်အနေဖြင့် များပြားလှသော ကျင့်ကြံသူများသည် အိုက်မိသားစု အနေနှင့် သံမဏိအရိုးဂိုဏ်းချုပ် အား မည်မျှ တန်ဖိုးထားသနည်း ဆိုသည်ကို သိရှိသွားကြတော့သည်။
“ဂိုဏ်းချုပ်ကျွင်း .. ကျေးဇူးပြုပြီး တတိယထပ်ကို ကြွပါ”
အိုက်ရှန်းရီသည် ဖိတ်ခေါ်ပြီး ကျွင်းချောင်ရှောင်းအား လှေကားထိပ်ဆီသို့ လိုက်ပို့လိုက်သည်။
တတိယထပ်လား။
သံမဏိအရိုးဂိုဏ်းချုပ် က ပလက်တီနံကတ်ကို ကိုင်ဆောင်သူလား။
များပြားလှသောအင်အားစုများ၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူတို့သည် ပို၍ တုန်လှုပ်မိသွားကြ၏
“ဂိုဏ်းချုပ်ကျွင်း …”
လှေကားထိပ်နားရောက်ချိန်မှာတော့ အိုက်ရှန်းရီသည် တီးတိုးပြောလိုက်သည် “စောနက ခင်ဗျား မော့ကြည့်လိုက်တဲ့ ကောင်မလေးက မြောင်ဟွာခန်းမသခင် ရှီကျန်းရွှမ်ပဲ။”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ထင်ပါတယ်”
တစ်ချက်သာ လှမ်းကြည့်လိုက်မိသည် ဆိုပေမဲ့ တစ်ဖက်လူ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်နေသော အရှိန်အဝါများ သည် ခမ်းနားလွန်းနေ၏။ ထို့ကြောင့် မြောင်ဟွာခန်းမဆောင်မှ ဖြစ်မည်ဟု သူတွေးထားပြီး ဖြစ်သည်။
သူမသည် သူ့အား မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ကြည့်ရှုနေခဲ့သည်။ သူ အလွန်ချောမောသောကြောင့် ပင်ဖြစ်ရမည်။
သူ၏ ချောမောခန့်ညားမှုအောက်တွင် သာမာန်ထက်ပို၍ ထူးချွန်ပါသည် ဆိုသော အမျိုးသမီးလေးပင်လျှင် မလွန်ဆန်နိုင်ခဲ့ပုံပင်။
စနစ်သည် ဆက်လက်သည်းမခံနိုင်တော့သောကြောင့် မြန်မြန်ဝင်ပြောလိုက်သည် “ဒီလောက် အရှက်မဲ့တဲ့သူ တွေ့တောင်မတွေ့ဖူးဘူး”
“ဘယ်လိုထင်လဲ”
အိုက်ရှန်းရီ ပြုံးကာ ပြောလိုက်သည် “နတ်သမီးတစ်ပါးလို လှပတယ် မဟုတ်လား”
“အင်း …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မဆိုးပါဘူး”
“………” အိုက်ရှန်းရီ။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ နောက်မှ လိုက်လှသော လှပလွန်းသည့် မိန်းကလေး ချင်းချင်းအား ကြည့်လိုက်မိတော့ ဂိုဏ်းချုပ်ကျွင်း မဆိုးပါဘူးလောက် ပြောသည်ကပင် ဂုဏ်ယူလောက်စရာ ဖြစ်နေပြီမှန်း သူ နားလည်သွားမိသည်။
…….
တတိယထပ်၏ သီးသန့်ခန်းထဲမှာတော့ …
ကျွင်းချောင်ရှောင်း နှင့် လုချင်းချင်းတို့ လျှောက်ဝင်သွားလိုက်သည်။
အခန်းသည် အလွန်ကျယ်ပြီး တန်ဖိုးကြီးလွန်းသော အဆင်တန်ဆာများနှင့် အလှခြယ်မှုန်းထား၏
ထိုင်ခုံများသည်ပင်လျှင် အရည်အသွေးမြင့် သစ် နှင့် သားရေများ အသုံးပြုကာ ဖန်တီးထားသည်။
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသည် ဆိုသော်လည်း သူ၏ မျက်နှာသွင်ပြင်မှာမူ တည်ငြိမ်နေတုန်းပင် ဖြစ်၏။
ထို့အပြင် သူသည် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သောကြောင့် မမြင်ဖူးတာတွေ မြင်ရလျှင်တောင် အလွန်အမင်း အံ့အားသင့်ပြနေ၍ မဖြစ်ချေ။
အိုက်မိသားစု ခေါင်းဆောင်သည် အခန်းဝသို့ ရောက်ချလာပြီး ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်း … ကျုပ် ဧည့်သည်တွေ သွားကြိုဆိုလိုက်အုံးမယ်။ လိုအပ်တာရှိရင် အပြင်ဘက်က အစေခံတွေကို ခိုင်းစေလို့ ရပါတယ်”
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်း ပြောရင်း သေချာကြည့်လိုက်တော့ အခန်း၏ ပြတင်းပေါက်ဆီမှ သေချာကြည့်လျှင် မြောင်ဟွာခန်းမသခင်၏ အခန်းနှင့် တည့်တည့်ဖြစ်နေသည်ကို မြင်လိုက်ရ၏။
တိုက်ဆိုင်စွာဖြင့် ကျွင်းချောင်ရှောင်းသည် ပြတင်းပေါက်တွင် ရပ်နေသောကြောင့် သူမ၏ အကြည့်သည်လည်း သူ့ဆီ ရောက်ရှိလာသည်။
သူတို့နှစ်ယောက်သည် စောနတုန်းကလည်း အကြည့်ချင်းဆုံခဲ့သည်။ ယခုလည်း အကြည့်ချင်းဆုံမိသွားကြ၏။
ပထမအကြိမ်တုန်းက လူအများကြီးရှေ့တွင်ဖြစ်သည်မို့ လှပသည့် မိန်းကလေး တစ်ယောက်အား အချိန်အတော်ကြာ စိုက်ကြည့်နေ၍ မသင့်တော်ချေ။ သို့ပေမဲ့ လက်ရှိအချိန်တွင်တော့ ဂိုဏ်းချုပ်ကျွင်းသည် အခန်းတစ်ခုထဲတွင် ရှိနေသည်မို့ တခြားသူများအား ဂရုပြုစရာမလိုဘဲ လွတ်လွတ်လပ်လပ် ငမ်း .. အဲ .. ကြည့်ရှုနိုင်သည်။
မင်းကြည့်ရင် ငါကြည့်မယ်။ လာခဲ့ .. အကြည့်ချင်း ပြိုင်ကြတာပေါ့။
ဤမိန်းကလေးသည် အသားအရေ အလွန်လှပသည်။ မျက်နှာတစ်ဝက်လောက်အား ဆံမြိတ်များဖြင့် ဖုံးကွယ်ထားသည် ဆိုပေမဲ့ အလွန်လှပကြောင်းလည်း ထင်ရှားသည်။
ပေါကြွယ်လှသော စိတ်ဝိညာဉ်စွမ်းအင်များတည်ရှိရာ နေရာတွင် ဤသို့ လှပလွန်းသော မိန်းကလေး မွေးဖွားလာသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။
ယောကျာ်းနှင့် မိန်းမသည် အကြည့်ချင်း ဆုံနေသည်ဆိုခြင်းမှာ သင့်လျော်လှသည့် ကိစ္စတော့ မဟုတ်တာ သေချာသည်။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် မျက်နှာအရေထူသူ တစ်ယောက်ဖြစ်၏။ သူမ တောင် ကြည့်ရှုနေမှတော့ သူလည်း ပြန်ကြည့်မည် ဆိုသော အနိုင်မခံ အရှုံးမပေး စိတ်ဓာတ် ရှိသူလည်း ဖြစ်ပြန်၏။
အချိန်ကြာလျှင် မိန်းကလေး ဘက်ကသာ လက်လျော့ အရှုံးပေးသွားရပေလိမ့်မည်။ မိန်းကလေး များ ဆိုသည်မှာ အရှက်အကြောက် ကြီးကြသည် မဟုတ်လော။
သို့ပေမဲ့ ရှစ်ကျန်းရွှမ် သည် သာမာန်မိန်းကလေးတော့ မဟုတ်ချေ။ သူမသည် ဂိုဏ်းချုပ်ကျွင်းအား ကြည့်နေတုန်းဖြစ်ပြီး တစ်ချက်ကလေးမှ အကြည့်မလွှဲသွားသလို မျက်တောင်ပင် မခတ်ခဲ့ချေ။
အမျိုးသမီးတစ်ယောက်သည် အဘယ့်ကြောင့် ဤမျှ အရည်ထူရသနည်း။
သူသည် အလွန်တရာ ချောမောခန့်ညားနေ၍သာ အကြည့်မလွှဲနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
ကောင်းပြီ။ ကောင်းပြီ။ ဒီနေ့မှာ ငါ့ရဲ့ ဆွဲဆောင်မှုအပြည့်နဲ့ အကြည့်ကို ထုတ်ပြရမှာပေါ့။
ကျွင်းချောင်ရှောင်းသည် သူ၏ ဆံပင်များအား အသာသပ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခု ပေါ်ပေါက်လာ၏။
သူသည် ဆွဲငင်ဓာတ် အပြည့်ပါသော အကြည့်နှင့် ကြည့်လိုက်ခြင်း ဖြစ်သည်။ သို့ပေမဲ့ မြောင်ဟွာခန်းမသခင် သည် မည်သည့် ခံစားချက်မှ မပါတေသာ မျက်ဝန်းတစ်စုံဖြင့် သူ့အား ပြန်လည် စိက်ကြည့်၍ နေသေး၏။
ချီးတဲ့မှ .. ငါ့ရဲ့ ဆွဲဆောင်မှုအောက်မှာ မကျရှုံးသေးဘူးလား။
သူ၏ ဆွဲဆောင်မှုရှိလှသောအသွင်အပြင်နှင့် အကြည့်အား ယုံကြည်ချက် အလွန်မြင့်မားသော ဂိုဏ်းချုပ်ကျွင်းသည် စိတ်ဓာတ်ကျမိနေသည်။ သူ၏ အကြည့်အား မိန်းကလေးသည် မတုန်မလှုပ် တုံ့ပြန်နေနိုင်သည် မဟုတ်လား။
သူ နောက်တစ်နည်းပြောင်းလိုက်သည်။ ခန္ဓာကိုယ်အား မတ်မတ်ထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟိတ်ဟန်အပြည့်နှင့် ကြည့်လိုက်သည်။
တစ်ခါတလေမှာ သူသည် မျက်မှောင်ကုတ်မိသည်။ တစ်ခါတလေ စိတ်ဓာတ်ကျမိသည်။ တစ်ခါတလေ အတွေးနက်နေမိသည်။ တစ်ခါတလေမှာတော့ လေပြည်ညှင်းတွေ တိုက်ခတ်လိုသလိုမျိုး ညှင်သာစွာ ပြုံးမိသည်။
မည်သို့ပင်ဖြစ်ဖြစ် ဂိုဏ်းချုပ်ကျွင်းသည် မျက်လုံးခြင်း ကြည့်ရှုခြင်းအား မလွှဲခဲ့ပေ။ အချိန်အတော်ကြာ စိုက်ကြည့်နေသောကြောင့် မျက်လုံးများပင် ဝေဝါးလာသလို ခံစားမိလာ၏။
သို့ပေမဲ့ သူသည် အရှုံးမပေးသေးချေ။ ဆက်လက် ကြည့်နေတုန်းပင်။
ယောကျာ်းတစ်ယောက်၏ ဂုဏ်သိက္ခာအတွက် သူသည် အကြည့်လွှဲ၍ မဖြစ်ချေ။
ထိုအချိန်မှာပဲ လုချင်းချင်းသည် ရှေ့သို့လျှောက်လာပြီး ရှစ်ကျန်းရွှမ် အား သေချာစူးစိုက်ကြည့်လိုက်သည်။ ပြီးနောက် သနားသလို ပြောလိုက်၏ “မြောင်ဟွာ ခန်းမသခင်က အရမ်းလှတယ် ဆိုပေမဲ့ မျက်လုံးကွယ်နေတာ နှမျောစရာပဲ။”
ကျွင်းချောင်ရှောင်း “……….”
သူသည် နေရာမှာတင် တွေတွေကြီး ရပ်နေမိတော့သည်။