← Chapters

အခန်း (၂၁၉)

Vol. 15 Ch. 219

အခန်း (၂၁၉)

Vol. 15 Ch. 219

ကျွင်းချောင်ရှောင်းသည် သူ၏ ဆွဲဆောင်မှုရှိလှသော ဟန်အမူအယာကို ထုတ်ဖော်၍ တစ်ချက်ကလေးမှ အကြည့်မလွှဲသည့်အပြင် မျက်တောင်တောင်တစ်ချက်မခတ်ဘဲ မိန်းကလေးအား စူးစိုက်ကြည့်ရှုခဲ့၏။

သို့ပေမဲ့ ရှစ်ကျန်းရွှမ် သည်လည်း တစ်ချက်ကလေးမှ ရှက်ရွံ့သည့် ဟန်ပန်ဖြင့် မျက်လုံးလွှဲမသွားချေ။ သူ့အား အပြန်အလှန်ဆိုသလို စူးစိုက်ကြည့်ရှုနေသည်။

ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲနေရသည့် အကြီးဆုံးသော စီမံအုပ်ချုပ်သူတစ်ယောက် ဖြစ်သော်လည်း တစ်ခါတရံ တွင် ကလေးဆန်လှ၏။

ထို့ကြောင့် အလျော့မပေးဘဲ မိန်းကလေးနှင့် အပြိုင်ကြည့်ရှုလျက်ရှိ၏။ သူသည် မျက်တောင်မခတ်ရလွန်း၍ မျက်လုံးများပင် ဝေဝါးလာမိသည်။

သို့ပေမဲ့ ယောကျာ်းတစ်ယောက်၏ ဂုဏ်သိက္ခာကို ခုခံကာကွယ်သည့်အနေဖြင့် တစ်ချက်ကလေးမှ အလျော့မပေးခဲ့ချေ။

သို့သော်ငြား လုချင်းချင်း ရောက်လာပြီး ပြောဆိုလိုက်သည့် စကားကို ကြားလိုက်ချိန်မှာတော့ သူသည် နေရာမှာတင် တွေတွေကြီး ရပ်နေမိတော့၏။

အချိန်အတော်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဒီမိန်းကလေးက ကန်းနေတာလား။"

"ဟုတ်တယ်လေ" လုချင်းချင်း ပြောလိုက်၏။

"သူမက မွေးကတည်းက ကန်းနေတာ။ ဝောာနက်ထဲမှာ သူမရဲ့ မိဘတွေက စွန့်ပစ်သွားခဲ့တယ်။ အရင် မြောင်ဟွာ ခန်းမရဲ့ သခင်ဟောင်းက သူမကို ခေါ်လာပြီးတော့ မွေးစားခဲ့တာပဲ။"

"ဒီလောက်အဖြစ်ဆိုးတာလား။"

ရှစ်ကျန်းရွှမ် ကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူမ၏ မျက်လုံးများမှာ ရေခဲလို ကြည်လင်နေသော်လည်း အမှန်တကယ်အားဖြင့် အသက်ဝင်ခြင်း ကင်းမဲ့နေကြောင်း သတိပြုမိလိုက်၏။

သေချာသည်။ သူမတွင် မျက်လုံးရောဂါရှိလို့နေသည်။

သူမအား အားလုံးထက် ထူးခြားသည့် အမျိုးသမီးဟု ခေါ်ဆိုသမုတ်ကျသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

သူမသည် အလင်းကို မမြင်နိုင်သော မိန်းကလေးတစ်ယောက်ဖြစ်သည် ဆိုသော်လည်း အဆင့်လေးဂိုဏ်း တစ်ခု၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေသည် မဟုတ်လော။

လုချင်းချင်း ပြောလိုက်၏။ "သူမက ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတွေနဲ့ သူမရဲ့ ရောဂါကို ပြန်လည်ကုသဖို့ မျှော်လင့်နေတာကြောင့် လေလံပွဲကို လာခဲ့တာပဲ။"

ကျွင်းချောင်ရှောင်း ခေါင်းကို ခါယမ်းလိုက်မိ၏။ "ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးဆိုတာ ဒဏ်ရာတွေကို ကုသတဲ့ နေရာမှာပဲ သုံးလို့ရတယ်။ ဘယ်လိုလုပ် ဒီမျက်လုံးကန်းတဲ့ရောဂါကို ကုနိုင်မှာလဲ။"

ဟင်း။

"ငါ မျက်လုံးကန်းနေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး မျက်လုံးချင်းဆုံအောင် စူးစိုက်ကြည့်မိတာပါလိမ့်။"

ကျွင်းချောင်ရှောင်းသည် သူ၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းပြီး သူ၏ ကလေးဆန်သော အပြုအမူ အတွက် နောင်တရမိနေ၏။

ပြတင်းပေါက်၏ တစ်ဖက်တစ်ချက်တွင် ရှိသော ရှစ်ကျန်းရွှမ် သည် ပြုံးကာ ပြောလိုက်သည်။

"ခုနကတုန်းက ကျွန်မကို ကြည့်နေတာလား။"

ရှစ်ကျန်းရွှမ် ၏ အပြုံးသည် အလွန်တရာ တောက်ပလွန်းလှသည်။ သူမ၏ အပြုံးသည် လေပြေညှင်းများ တိုက်ခတ်လိုက်သလို အလွန်တရာ အေးချမ်းလှသည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

ဆိုးတာပဲ …. ဒီလို လှပတဲ့ မိန်းကလေးက အလင်းရောင်ကို မမြင်ရဘူး။ ပြီးတော့ ကောင်းကင်နဲ့ မြေကြီး ကြားမှာ ရှိတဲ့ လှပလွန်းတဲ့ မြစ်ချောင်း၊ အင်းအိုင်တွေနဲ့ တောင်တန်းတွေကိုလည်း မမြင်ရဘူး။ ဒါမဖြစ်သင့်ဘူး။ ကျွင်းချောင်ရှောင်း တွေးလိုက်မိသည်။

“ခန်းမသခင်ရှစ်က ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ သာမန်ထက်ပိုပြီး လှပတဲ့ မိန်းကလေးလို့ လူတွေပြောနေတာကို ကျွန်တော်ကြားခဲ့ရတယ်။အခုတော့ မျက်မြင်တွေ့ခဲ့ရပြီ။ ကြားခဲ့ရတဲ့ စကားတွေက အမှန်ပဲကိုး။”

ရှစ်ကျန်းရွှမ် ရယ်ကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျွင်းရဲ့ သံမဏိအရိုးဂိုဏ်းက ဟောင်ချီဂိုဏ်ကိုတောင် အနိုင်ယူနိုင်ခဲ့သေးတယ်လေ။ ဒီအတွက် ကျွန်မ ချီးကျုးမိတယ်။"

ထိုအရာသည် အစစ်အမှန် ချီးကျူးမိခြင်းပင်ဖြစ်၏။ တစ်ခြားသူများကဲ့သို့ လှောင်ပြောင်ခနဲ့ခြင်း မဟုတ်ပေ။

ကျွင်းချောင်ရှောင်းသည် ယဉ်ကျေးသည့်စကားတစ်ခုခုကို ပြောရန်ပြင်ဆင်လိုက်၏။

သို့ပေမဲ့ ရှစ်ကျန်းရွှမ် ၏ရှေ့သို အမျိုးသမီးတစ်ယောက် ရောက်လာပြီး သူ့အား စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ "ခန်းမသခင် ဒီကို လာတဲ့အချိန်တုန်းက အကြီးအကဲကြီးက သူစိမ်းတွေနဲ့စကားမပြောဖို့ မှာထားတယ်လေ။ အထူးသဖြင့် ဒီလိုမျိုး မျက်နှာရူးမျိုးနဲ့ပေါ့"

"မျက်နှာရူး ဟုတ်လား။ သူမ ဘာကို ဆိုလိုတာလဲ။ ငါ့ကို ပြောတာလား။"

ကျွင်းချောင်ရှောင်းသည် မိန်းကလေးနှင့် ဖက်ပြိုင်၍ ငြင်းခုန်လိုက်ချင်၏။

သို့ပေမဲ့ သူမသည် ရှစ်ကျန်းရွှမ်ကို ပြတင်းပေါက်အနားမှ ဆွဲခေါ်သွားခဲ့ပြီ ဖြစ်သည်။

"ချင်းချင်း …"

ကျွင်းချောင်ရှောင်း ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ငါက မျက်နှာရူးများ ဖြစ်နေလား။"

လုချင်းချင်း ပြောလိုက်သည်။ "ခုနတုန်းက ဂိုဏ်းချုပ်လုပ်နေတဲ့ အမူအရာတွေကို ကြည့်လိုက်ရင်တော့ သူတို့ မျက်နှာရူးလို့ ထင်တာ မမှားဘူးလေ။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်လိုက်မိ၏။

သူသည် ယောကျာ်းတစ်ယောက်၏ အလွန်တရာ ခံညားချောမောလှသည့် အသွင်အပြင်ကို ထုတ်ဖော်ပြသခဲ့ခြင်းသာဖြစ်သည်။

မျက်နှာရူး မဟုတ်ခဲ့ပေ။

"ဂိုဏ်းချုပ်"

လုချင်းချင်း ပြောလိုက်သည်။ "မြောင်ဟွာ ခန်းမသခင်ကို ဘယ်လိုထင်လဲ။"

ကျွင်းချောင်ရှောင်း ရိုးသားစွာပြောလိုက်သည်။ "သူမအသံက သာယာလွန်းတယ်။ ပြီးတော့ ပြုံးလိုက်ရင် အရမ်းပဲလှတယ်"

သူ၏ စကားတွင် တစ်ခြားသော အဓိပ္ပာယ် ရှိနေသေး၏။

သူ၏ အကြီးဆုံးတပည့်အား ချိုသာစွာပြုံးပါက ပို၍ ချစ်ဖို့ကောင်းသည်ဆိုကြောင်းကိုလည်း သွယ်ဝှိက်၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လုချင်းချင်းသည် သူမ၏ အကျင့်အတိုင်း အေးစက်စက် ပြောလိုက်၏။ "ဂိုဏ်းချုပ်က ပြင်ပသွင်ပြင်ကိုပဲ ကြည့်နေတာကို။ ကျွန်မသိသလောက်ဆိုရင် ဒီရှစ်ကျန်းရွှမ် က အရမ်းကို ရက်စက်တဲ့ လူတစ်ယောက်ပဲ။"

ဟမ်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဘယ်လိုမျိုး ရက်စက်တာလဲ။"

"သူမက ခန်းမသခင်နေရာကို ရယူပြီးတဲ့နောက်မှာ သူမရဲ့ မိဘအရင်းတွေကို ရှာဖွေဖို့ တပည့်တွေကို အမိန့်ပေးခဲ့တယ်။" လုချင်းချင်း ပြောလိုက်သည်။

"ဒါ လူသားတွေရဲ့ သဘာဝပဲလေ။" ကျွင်းချောင်ရှောင်း ပြောလိုက်၏။ အခြေအနေတစ်ခုထိ တည်ငြိမ်သွားပြီ ဆိုလျှင် မိဘများအား ပြန်လည်ရှာဖွေသည် ဆိုခြင်းမှာ လူသားသဘာဝပင် ဖြစ်သည် မဟုတ်လား။

လုချင်းချင်း ပြောလိုက်သည်။ "ရှစ်ကျန်းရွှမ် က သူမရဲ့ မိဘတွေကို ရှာတွေ့ပြီးတဲ့နောက်မှာ သူမရဲ့လက်နဲ့ မိဘ အရင်းတွေကို သတ်ဖြတ်ခဲ့တယ်။"

"ဘာ" ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားမိ၏။

ကိုယ်ကိုယ်တိုင် မွေးမြူထားသည့် ကလေးတစ်ယောက်ကို စွန့်ပစ်ခြင်း ဆိုသည်မှာ အလွန်တရာ ယုတ်ညံ့သော အလုပ်တစ်ခုဖြစ်၏။

သို့ပေမဲ့ သားသမီးတစ်ယောက်အနေ နှင့် မိမိအား မွေးထားသော အဖေ နှင့် အမေအား သတ်ဖြတ်သည် ဆိုသည်မှာ အလွန်အမင်း ရက်စက်ပြီး မလျော်ညီသော ကိစ္စပင် ဖြစ်သည်။

လှပသော အမျိုးသမီးတစ်ယောက်သည် ဤကဲ့သို့ ရက်စက်သည့် ကိစ္စမျိုးကို ပြုလုပ်လိမ့်မည်ဟု ကျွင်းချောင်ရှောင်း စိတ်ကူးနှင့်ပင် တွေးတော၍ မရနိုင်ပေ။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်က လူတစ်ယောက်က မြောင်ဟွာ ခန်းမကို အပြစ်ပြုမိတယ်။ သုံးရက်ကြာတဲ့ နောက်မှာ အဲ့ဂိုဏ်းမှာရှိတဲ့ တပည့်ငါးထောင်ကျော်က အသက်ခံလိုက်ရတယ်။ လူတွေတင် မဟုတ်ဘူး အဲ့ဒီ ဂိုဏ်းထဲမှာ မွေးထားတဲ့ တိရိစ္ဆာန်တွေတောင်မှ တစ်ကောင်မျကန် အသက်ခံလိုက်ရတယ်။"

"ချီးတဲ့မှ …."

ကျွင်းချောင်ရှောင်း တုန်လှုပ်သွားမိ၏။ "အဲ့လောက်ကြီး ရက်စက်လွန်းတာလား။"

ဂိုဏ်းချုပ်ကျွင်းသည်လည်း တစ်ခြားသောဂိုဏ်းများအား အမြစ်ပြတ်နှိမ်နင်းခဲ့ဖူး၏။

သို့ပေမဲ့ သူသည် တရားမျှတမှုအတိုင်း ပြုလုပ်ခဲ့သူဖြစ်သည်။ အကြွေးရှိသူထံမှသာ အကြွေးတောင်းခဲ့ခြင်း ဖြစ်ပြီး သူသည် စိတ်ဝိညာဉ်နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများကိုသာ သတ်ဖြတ်ခဲ့၏။ ကျန်သောတပည့်များကို အသက်ချမ်းသာခွင့်ပေးခဲ့သည်။

ဤကဲ့သို့ ရက်စက်စွာဖြင့် သွေးချောင်းစီးသတ်ဖြတ်သည့်ကိစ္စမှာ အလွန်တရာ ကြမ်းတမ်း ရက်စက်လှ၏။

"မြောင်ဟွာခန်းမ က မိစ္ဆာဂိုဏ်းတစ်ခုလား။"

"မဟုတ်ပါဘူး"

"ဒါဆို သူတို့ကို အပြစ်ပြုမိတဲ့ အဆင့်ခြောက်ဂိုဏ်းတစ်ခုကရော မိစ္ဆာဂိုဏ်းတစ်ခုလား။"

"မဟုတ်ပါဘူး။"

"ဒါဆို သူတို့နှစ်ဖွဲလုံးက လူကောင်းတွေပဲလေ။ ဘာလို့ သူတို့ အဆင့်ခြောက်ဂိုဏ်းတစ်ခုကို အမြစ်ပြတ် နှိမ်နင်းတဲ့အချိန် တစ်ခြားသူတွေက တစ်ခုမှ မပြောကြတာလဲ။"

"ဟုတ်တယ်။"

လုချင်းချင်း ပြောလိုက်သည်။ "နောက်ကွယ်ကနေ ပံ့ပိုးပေးထားတဲ့ အဆင့်လေး ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်တစ်ယောက်က မြောင်ဟွာ ခန်းမဆီကို လာပြီး စိန်ခေါ်ခဲ့တယ်။ ဒါပေမဲ့ သူကလည်း ရှစ်ကျန်းရွှမ် ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တယ်။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ရင်သွား၏။

ဤအမျိုးသမီးသည် အပြစ်ကင်းစင်လှသည့် သွင်ပြင်အမူအရာမျိုး ဖြစ်ပေါ်နေသည်ဆိုသော်လည်း တကယ်တန်းမှာတော့ မျက်နှာနှစ်ဖက်နှင့်လူသားကဲ့သို့ပင် အလွန်ရက်စက်လွန်းနေ၏။

ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ မျက်လုံးရှေ့တွင် မြင်ကွင်းတစ်ခုပေါ်လာ၏။

မဲမှောင်နေသည့် အခန်းထဲမှာတော့ ရှစ်ကျန်းရွှမ် သည် သူ့အား နောက်ကျောပေး၍ ရပ်နေသည်။

ပြီးနောက် ဖြေးဖြေးချင်းလှည့်လိုက်ချိန်မှာတော့ သူမ၏ လက်ထဲတွင် သွေးတွေစီးကျနေသော ဓားမော့ကြီး တစ်ချောင်းရှိနေပြီး သူ့အား စပ်ဖြီးဖြီးနှင့် ကြည့်လျက်ရှိသည်။

ထိုအရာကို မြင်ယောင်ကြည့်မိတော့ ဂိုဏ်းချုပ်ကျွင်း ပုခုံးတွန့်ကာ စဉ်းစားလိုက်မိ၏။ "သူမပုံစံက တကယ့်ကို ရက်စက်မယ့်ပုံပဲ။"

……

တစ်ခြားတစ်ဖက်ခန်းမှာတော့ ရှစ်ကျန်းရွှမ် သည် ပြုံး၍ ထိုင်ကာ ပြောလိုက်သည်။ "လီအာ …. သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ရဲ့ အသံက ငယ်ရွယ်တဲ့ပုံပဲ။"

သူမ၏ မျက်လုံးများသည် ကြည်လင်ရှင်းသန့်နေ၏။ သို့ပေမဲ့ ကံဆိုးစွာပဲ ထိုမျက်လုံးများသည် မည်သည့်အရာကိုမှ မြင်နိုင်စွမ်းမရှိချေ။

"ခန်းမသခင်"

လီအာ ဟုခေါ်သော မြောင်ဟွာ ခန်းမ၏ တပည့်သည် ပြောလိုက်၏။ "ဒီလူက အသက်ဆယ့်ရှစ်နှစ်လောက်ပဲ ရှိပုံပေါ်တယ်။"

ရှစ်ကျန်းရွှမ် တီးတိုးရေရွတ်လိုက်မိ၏။ "သူကအဆင့်ရှစ်ဂိုဏ်းတစ်ခုအနေနဲ့ အဆင့်ခြောက်ဂိုဏ်းတစ်ခုကို အနိုင်ယူနိုင်တယ်ဆိုတော့ အံ့အားသင့်စရာ လူတစ်ယောက်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ကံဆိုးတာက ….."

သူမသည် ဦးခေါင်းကို ငုံ့လိုက်မိ၏။ ပြီးနောက် စိတ်တက်ကျစွာဖြင့် ပြောလိုက်မိ၏။ “သူက ဘယ်လိုပုံစံလဲဆိုတာ ငါ့ရဲ့ ကိုယ်ပိုင်မျက်လုံးတွေနဲ့ မမြင်နိုင်တာ ဆိုးတာပဲ။”

လီအာ ၏ အမူအရာသည် ပြောင်းလဲသွား၏။ ပြီးနောက် အလောတကြီးဖြင့် ပြောလိုက်သည်။ "ခန်းမသခင် … ဒါက လေလံပွဲပါ။ ဒီမှာ ဂိုဏ်းတော်တော်များများလည်း ရောက်နေတယ်။ အဲ့ဒီတော့ အရမ်းကြီး မတွေးတောထားတာ ကောင်းမယ်။"

များပြားလှသော မြောင်ဟွာခန်းမဆောင်၏ တပည့်များသည်လည်း ကြောက်လန့်သွားကြသည်။ သူတို့သည် ချက်ချင်းဆိုသလိုပဲ ရှေ့သို ပြေးလာပြီး သူတို၏ ခန်းမသခင်အား အလုအယက်နှင့် နှစ်သိမ့်လိုက်ကြ၏။

ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ရှစ်ကျွင်းရှန်သည် ဦးခေါင်းကို မော့လိုက်သည်။ သူမ၏ စိတ်ဓာတ်ကျသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

သူမပြောလိုက်သည်။ "ငါသိပြီ ငါသိပြီ။"

ဟူး ….။

သူတို့ခန်းမသခင်၏ ပြုံးရွှင်နေသော မျက်နှာကို မြင်ပြီးနောက် တပည့်များသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။ သူတို့၏ စိတ်ထဲတွင် ရှိသော တင်းမာနေသော ခံစားချက်များသည်လည်း ပြေလျော့သွားတော့သည်။

"ကျွင်းချောင်ရှောင်း"

ရှစ်ကျန်းရွှမ် သည် တီးတိုးရေရွတ်လိုက်မိ၏။ "မျက်လုံးရောဂါ ကုသပြီးတဲ့တစ်နေ့မှာ ရှင်က ဘယ်လိုလူလဲဆိုတာ ကျိန်းသေပေါက်လာကြည့်မယ်။"

လီအာ ပြောလိုက်သည်။ "ခန်းမသခင် အဆင့်ရှစ်ဂိုဏ်းတစ်ခုအကြောင်းကို စဉ်းစားမနေနဲ့။ တစ်နေ့မှာ အခြားသူတွေရဲ့ ဖျက်ဆီးခြင်းကို ခံသွားရနိုင်တယ်။"

အမျိုးသမီးတပည့် တစ်ယောက် က ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းနဲ့ နတ်စမ်းချောင်းဂိုဏ်းတို့က တစ်နှစ်ကြာရင် ယှဉ်ပြိုင်မယ်လို့ ကျွန်မကြားထားတယ်။ သူတို့ရှုံးသွားပြီဆိုရင် အနာဂတ်မှာ ဆက်ပြီး တည်ရှိနေနိုင်ဖို့ ခက်ခဲသွားလိမ့်မယ်။"

ဟမ်။

ရှစ်ကျန်းရွှမ် အံ့အားသင့်သွား၏။

"ဂိုဏ်းချုပ်ကျွင်းက အဆင့်ငါးဂိုဏ်းတစ်ခုကိုလည်း စိန်ခေါ်မှာလား။"

လီအာ ပြောလိုက်သည်။ "သူက သူ့ရဲ့ကိုယ်ပိုင် အားအင်အဆင့်ကို မသိဘူးလေ။ဒါကြောင့် နတ်စမ်းချောင်းဂိုဏ်းကို စိန်ခေါ်ရဲတာ။ ပြောရရင်သေလမ်းရှာတာနဲ့ အတူတူပဲ။ဒီတော့ ဂိုဏ်းချုပ် စိတ်ပူမနေနဲ့။ သူတို့အကုန် သေကြမှာပဲ"

“လေလံပွဲပြီးသွားရင် သံမဏိအရိုးဂိုဏ်း နတ်စမ်းချောင်းဂိုဏ်းဆီ ဘယ်အချိန်သွားပြီး စိန်ခေါ်မှာလဲဆိုတာကို စုံစမ်းကြ။ ငါအားရင် အဲကို သွားပြီး ကြည့် … အမ် ….. နားထောင်မယ်။”

ရှစ်ကျန်းရွှမ်သည် မျှော်လင့်တကြီးနှင့် ပြောလိုက်သည်။

တပည့်များအားလုံးသည် ဆွံ့အသွားကြသည်။

အဘယ့်ကြောင့် ဘာမှမဟုတ်သော သံမဏိအရိုးဂိုဏ်းအကြောင်းကို ခန်းမသခင် အများကြီး တွေးတော နေရသနည်းဆိုသည်ကို သူတို့ နားမလည်နိုင်ပေ။

All Chapters