အခန်း (၂၂၁)
Vol. 15 Ch. 221
ကျွင်းချောင်ရှောင်းဆီမှ ငါးသိန်း ဟူသော အော်သံကို ကြားလိုက်ရချိန်မှာတော့ အိုက်ရှန်းရီ သည် နှလုံးခုန်နှုန်းတွေ ရပ်တန့်သွားသလို ဖြစ်သွားခဲ့၏။
ဂိုဏ်းချုပ်ကျွင်းသည် အဘယ့်ကြောင့် ကိုယ်ဖော်သည့် ဆေး အား ကိုယ်ပြန်၍ ဈေးတိုးပေးနေသနည်း။
သို့ပေမဲ့ သူသည် စီးပွားရေးသမား တစ်ယောက်ဖြစ်သောကြောင့် သေသေချာချာ စဉ်းစားကြည့်မိသည့် နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ဈေးနှုန်းအား မြှင့်တင်ရန် ကြိုးစားနေကြောင်း ချက်ချင်းပဲ နားလည်လိုက်မိ၏။
ထိုအရာသည် အမှန်ပင် ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် ဈေးနှုန်းအား မြှင့်တင်နေခြင်းပင် ဖြစ်သည်။
ငွေလေးသိန်းတည်း နှင့် အဘယ့်ကြောင့် ဆေးလုံးအား ယူသွားခွင့် ပေးရမည်နည်း။
စနစ်သည် စောဒကတက်လိုက်၏။ "ဒီဆေးလုံးဖော်ဖို့က တော်တော်ခက်ခဲနေလိုလား။"
ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျူရှု၍ သူ၏ အကြည့်အား ဟုန်ယွင်ဂိုဏ်းဆီ ပိုဆောင်လိုက်၏။
ဆေးလုံးအတွက် ဈေးပေးနေသော အကြီးအကဲနှင့် မျက်လုံးချင်းဆုံချိန်မှာတော့ သူ၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာမိ၏။
"ယုတ်ညံ့တဲ့ကောင် ….."
အကြီးအကဲ၏ နှလုံးသားထဲမှာတော့ ဒေါသတရားတွေ ဖြစ်တည်လာသည်။
သူသည် ကျိန်းသေပေါက်အားဖြင့် ဤဆေးလုံးအား ရရှိမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းသည် အဘယ့်ကြောင့် သူ ရခါနီးတွင် ဈေးတိုးမြှင့်ပေးနေရသနည်း။
ဤအရာသည် ပိုက်ဆံကြောင့်မဟုတ်ပေ။ သို့ပေမဲ့ ဤအရာသည် ဂိုဏ်း၏ ဂုဏ်သိက္ခာလည်းဖြစ်နေသေး၏။
သေးငယ်လှသော အဆင့်ရှစ် ဂိုဏ်းတစ်ခုသည် သူတို့လို အဆင့်ငါး ဂိုဏ်းတစ်ခုနှင့် ပြိုင်၍ ဆေးလုံးအား ရရှိသွားမည်ဆိုလျှင် မည်ကဲ့သို့ မျက်နှာ ပြရမည်နည်း။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ဈေးတိုးပေးလိုက်သည့် အတွက်ကြောင့် ကြေးရောင်ကတ်ပြား ကိုင်ဆောင်ထားသည့် သိုင်းပညာရှင်များ၏ မျက်နှာများသည် အသက်ဝင်သွားကြ၏။
သံမဏိအရိုးဂိုဏ်းသည် အမှန်တကယ် ဟုန်ယွင်နှင့် ယှဉ်ပြိုင် ဈေးတိုးမြင့်ရဲနေ၏။ ဂိုဏ်းချုပ်ကျွင်းသည် အမှန်တကယ်ပဲ ထူးခြားသူတစ်ယောက်ဖြစ်သည်။
"ကောင်လေး …"
အကြီးအကဲသည် တီးတိုးပြောလိုက်၏။ "မင်းတကယ်ပဲ ဟုန်ယွင်ဂိုဏ်းနဲ့ ယှဉ်ပြိုင်ချင်တာလား။"
ဤအရာသည် သံမဏိအရိုးဂိုဏ်းအား သတိပေးခြင်းလည်း ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ပုခုံးတွန့်ကာ ပြောလိုက်သည်။ "လေလံပွဲရဲ့ စည်းမျဉ်းက ဈေးတိုးပေးလိုရတယ် မဟုတ်လား။ ကျုပ်ဆီမှာ ဒီလိုမျိုး ဈေးတိုးမြှင့်ပေးဖို့အတွက် အခွင့်အရေး မရှိဘူးလား။"
ထိုအရာသည် အမှန်ပင် ဖြစ်သည်။ ဤနေရာသို့ ရောက်လာသူ အားလုံးသည် ဈေးတိုးမြှင့် ကမ်းလှမ်းပေးနိုင်သော အခွင့်အာဏာကို ပိုင်ဆိုင်ကြသည်။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းခေါင်းဆောင်၏ ခေါင်းထဲတွင် တစ်စုံတစ်ခု လွဲမှားနေပုံပေါ်၏။ ယခုဖြစ်နေသော ပြဿနာသည် ဤမျှ မရိုးရှင်းလှပေ။
ဤအရာသည်မှာလည်း အမှန်ပင် ဖြစ်၏။ သံမဏိအရိုးဂိုဏ်းခေါင်းဆောင်သည်သာ ဦးခေါင်းကောင်းမွန်သည့် လူတစ်ယောက်ဖြစ်မည်ဆိုလျှင် အဘယ့်ကြောင့် နတ်စမ်းချောင်းဂိုဏ်းနှင့် တစ်နှစ်အတွင်း ရင်ဆိုင်မည်ဟု စိန်ခေါ်ခဲ့မည်နည်း။
ထိုအရာကို တွေးမိချိန်မှာတော့ သိုင်းပညာရှင်များ၏ အပြုံးများသည် ပိုမို၍ အသက်ဝင်သွားမိ၏။
သံမဏိအရိုးဂိုဏ်း သေလမ်းရှာနေသည်ကို မြင်ရတော့ သူတို့ အလွန်ပျော်ရွှင်မိကြသည်။ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။
ဟမ့်။
ဟုန်ယွင်ဂိုဏ်းခေါင်းဆောင်၏ အကြီးအကဲသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
"ခြောက်သိန်း။"
"ခုနစ်သိန်း" ကျွင်းချောင်ရှောင်း အော် လိုက်သည်။
ဆက်လက်ဈေးတိုးမြှင့်ပေးနေသည်ကို ကြားရချိန်မှာတော့ အကြီးအကဲ၏ မျက်လုံးထဲရှိ ဒေါသများသည် မီးလိုပဲ တောက်လောင် လာတော့သည်။
လက်ရှိတွင် များပြားလှသော အင်အားများတည်ရှိနေ၏။ သံမဏိအရိုးဂိုဏ်းသည် အမှန်တကယ်ပဲ သူတို့၏ ဟုန်ယွင် ဂိုဏ်းနှင့် ယှဉ်ပြိူင်၍ ဈေးတိုးမြင့် ပေးရဲနေ၏။
"ဂိုဏ်းချုပ်ကျွင်း "
အကြီးအကဲသည် မှုန်ကုတ်ကုတ်နှင့် ပြောလိုက်၏။ "လူငယ်တွေက တော်ရုံပဲ လုပ်တာ ကောင်းပါလိမ့်မယ်။"
"အိုက်ရား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ် စီနီယာကို မဖုံးကွယ်တော့ပါဘူး။ ဂိုဏ်းထဲမှာ ဒဏ်ရာရထားတဲ့လူ ရှိတယ်လေ။ ဒါကြောင့် ဆေးလုံးကို ရမှ ဖြစ်မယ်။"
ထိုစကားသံကို ကြားတော့ အကြီးအကဲသည် သွေးအန်လုမတတ် ဖြစ်သွားမိ၏။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် မြောင်ဟွာဂိုဏ်း ဈေးတိုးမြှင့်ပေးစဉ်က လိုက်ပါ မဝယ်ယူခဲ့သနည်း။
ယခု သူတို့၏ ဟုန်ယွင်ဂိုဏ်း (ကံကြမ္မာဂိုဏ်း) အလှည့် ရောက်ချိန်မှာ ဈေးကို တစ်ခုပြီးတစ်ခု တိုးမြှင့်ကာ နှောက်ယှက်လျက်ရှိနေသည်။
"ရှစ်သိန်း။"
ဟုန်ယွင်ဂိုဏ်း အကြီးအကဲသည် အော်လိုက်၏။
"ကိုးသိန်း။" ကျွင်းချောင်ရှောင်းသည် ဈေးတိုးမြှင့်ပေးလိုက်ပြန်သည်။
ဟုန်ယွင်ဂိုဏ်းအကြီးအကဲ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ "ကြည့်ရတာ ဂိုဏ်းချုပ်ကျွင်းက အရမ်းချမ်းသာတဲ့ပုံပဲ။"
"ဒါအမှန်ပဲလေ"
ကျွင်းချောင်ရှောင်း ပုခုံးတွန့်ကာ ပြောလိုက်သည်။ "ဟောင်ချီဂိုဏ်းနဲ့ ပြိုင်တုန်းက ကျုပ် ဆယ်သန်းတိတိ ရထားတယ်။ ဒီပိုက်ဆံတွေ အကုန်လုံး ကုန်သွားမယ်ဆိုရင်တောင် ကိစ္စမရှိဘူး"
များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြ၏။
ဟောင်ချီဂိုဏ်းနှင့် အလောင်းအစားပြုလုပ်၍ ငွေဆယ်သန်းအား သံမဏိအရိုးဂိုဏ်း ရရှိထားသည် ဆိုသည်ကို အားလုံးပဲ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းတွင် ပိုက်ဆံတော်တော်များများ ရှိနေပေလိမ့်မည်။
သို့ပေမဲ့ အဆင့်ငါးဂိုဏ်းတစ်ခု၏ ရှေ့တွင် ပိုက်ဆံအား ဂရုမစိုက်ဟု ပြောဆိုနေခြင်းမှာ အလွန်တရာ မောက်မာလှချေ၏။
"သေစမ်း …အဆင့်ရှစ် ဂိုဏ်းလေးတစ်ခုက ငါ့ရှေ့မှာလာပြီးတော့ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ထုတ်ဖော်ကြွားဝါရဲတယ်ပေါ့။"
“၁.၅သန်း …”
(ဟုန်ယွင်ဂိုဏ်း) ကံကြမ္မာဂိုဏ်း၏ အကြီးအကဲသည် လေးလေးနက်နက်နှင့် ပြောလိုက်မိသည်။
ဂိုဏ်းတစ်ခုဆိုသည်မှာ ဂုဏ်သိက္ခာတရား ရှိရ၏။ သူတို့သည် အနိုင်ရရှိဖိုအတွက် ဈေးကို ရဲရဲရင့်ရင့် တိုးမြှင့်ပေးရန် ဆုံးဖြတ်လိုက်မိ၏။
"ကျုပ် အလျှော့ပေးတယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဟမ်။
ဟုန်ယွင်ဂိုဏ်း၏ အကြီးအကဲသည် တွေဝေသွားမိ၏။ "ဘာလို့ ဆက်ပြီးတော့ ဈေးမတိုးပေးတာလဲ။ ဘာလို့ လက်လျော့လိုက်တာလဲ။"
၁.၅သန်းအဖြစ် ဈေးခေါ်ပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းသည် လိုက်ပါ၍ ဈေးတိုးမြှင့်ပေးလိမ့်မည် ဟု သူတွက်ဆထားမိသည်။ ထိုသို့သော အချိန်ရောက်မှ သူသည် အလျော့ပေးလိုက်ရန် ဆုံးဖြတ်ထားမိသည်။
ဟုန်ယွင် ဂိုဏ်းအကြီးအကဲသည် လူညံ့တစ်ယောက်တော့ မဟုတ်ပေ။
သူသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအား အလွန်တရာ မြင့်မားသော ဈေးနှင့် ပေး၍ ဝယ်ယူလိမ့်မည် မဟုတ်ချေ။
တစ်ဖက်လူသည် အမှန်တကယ် ချမ်းသာသည် ဟုပြောဆိုနေခြင်းကြောင့် ထိုပိုက်ဆံများ ကုန်ဆုံးသွားစေရန် သူ တမင်သက်သက်ဖြင့် ၁.၅သန်း ဈေးခေါ်လိုက်ခြင်းပင် ဖြစ်၏။
ဆိုးရွားသည်မှာ ကျွင်းချောင်ရှောင်းသည်လည်း လူညံ့တစ်ယောက် မဟုတ်ခဲ့ခြင်းပင်။
သူသည် ဈေးနှုန်းအား မြှင့်တင်ချင်၍ တမင် ဈေးတိုးပေးနေခြင်းဖြစ်၏။ သူ၏ သတ်မှတ်ထားသော ဈေးနှုန်းမှာ တစ်သန်းသာ ဖြစ်၏။
တစ်ဖက်လူသည် ၁.၅သန်းထိ တိုးမြင့်ပေးလိုက်ပြီဖြစ်သောကြောင့် သူသည် ချက်ချင်း အလျော့ပေးကာ ဈေးပြိုင်ပေးခြင်းမှ နှုတ်ထွက်လိုက်သည်။
“ဟုန်ယွင်ဂိုဏ်း ၁.၅သန်းဖြင့် ဆေးကို ရရှိသွားတယ်။”
ဒုံး ….။
လေလံပွဲ၏ အထိမ်းအမှတ် တူထုသံထွက်ပေါ်လာ၏။
ဟုန်ယွင်ဂိုဏ်း၏ အကြီးအကဲသည် ကျွင်းချောင်ရှောင်း၏ လှည့်စားမှုအောက်တွင် မျောပါသွားမိ၏။ သူသည် ဒုတိယမြောက် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအား ၁.၅သန်းဖြင့် ဝယ်ယူခဲ့ရသည်။
သူ အလွန်အမင် ဒေါသထွက်နေသည်။
အိုက်ရှန်းရီ သည် တီးတိုးရေရွတ်လိုက်မိသည်။ "ဂိုဏ်းချုပ်ကျွင်း အဆင့်ငါးဂိုဏ်းတစ်ခုကို အပြစ်ပြုမိမှာ မစိုးရိမ်ဘူးလား။"
လေလံပွဲသည် ဆက်လက်ဖြစ်တည်နေ၏။
ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး၏ စတင်ခြင်းသည် သုံးသိန်းဖြစ်သည်။
အခြားသော အဆင့်ငါးဂိုဏ်းတစ်ခုဖြစ်သည့် မိုးရေစက် ခန်းမဆောင်သည် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ သို့ပေမဲ့ အခုချိန်မှာတော့ သူတိုသည် ငွေလေးသိန်းအဖြစ် စတင်၍ ဈေးခေါ်လိုက်လေသည်။
သံသယရှိစရာမလိုဘဲ မည်သူတစ်ဦးတစ်ယောက်ကမှ ထိုထက်ပို၍ မတိုးပေးရဲပေ။
သူတို့အားလုံးသည် သံမဏိအရိုးဂိုဏ်းရှိရာ နေရာဆီသို့ လှမ်းကြည့်လိုက်ကြ၏။
"သူတို့ထပ်ပြီး ဈေးတိုးပေးဦးမှာလား။"
"ငါးသိန်း" ကျွင်းချောင်ရှောင်း အော်လိုက်သည်။
သေချာပြီ။ ဤကောင်လေးသည် အဆင့်ငါး ဂိုဏ်းတစ်ခုအား ထပ်မံ၍ စိန်ခေါ်ချင်နေပြန်သည်။
"ခြောက်သိန်း"
မိုးရေစက် ခန်းမဆောင်၏ သခင်လေးသည် ထူးမခြားနားသလို ပြောလိုက်၏။
"ကောင်လေး မင်း ပထမဦးဆုံး ဟုန်ယွင်ဂိုဏ်းနဲ့ ဈေးပြိုင်ခဲ့တယ်။ အခု မိုးရေစက်ခန်းမဆောင်နဲ့ ဈေးပြိုင်နေပြန်ပြီ။ ကျားသစ်အသဲများ စားထားလို့ ဒီလောက် သတ္တိကောင်းနေတာလား။” ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် တီးတိုးရေရွတ်မိလိုက်ကြသည်။
"ရှစ်သိန်း။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"တစ်သန်း"
မိုးရေစက်ခန်းမဆောင်၏ သခင်လေးသည် အသက်နှစ်ဆယ်ကျော်ကျော်ပဲ ရှိနေသေး၏။ သူသည် အဘယ့်ကြောင့် အဆင့်ရှစ်ဂိုဏ်းတစ်ခု၏ မောက်မာမှုကို သည်းခံနေနိုင်မည်နည်း။
"ငါ အလျော့ပေးတယ်။"
ဈေးနှုန်းသည် တစ်သန်းတိတိသို့ ရောက်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရည်ရွယ်ချက်ရှိရှိနှင့် အလျော့ပေးလိုက်၏။
အားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားကြသည်။
ဤလူငယ်သည် ကျိန်းသေပေါက် ဈေးမြင့်တက်အောင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သူတို့အားလုံး နားလည်လိုက်မိ၏။
ဟုန်ယွင်ဂိုဏ်းနှင့် မိုးရေစက် ခန်းမဆောင်သည်လည်း ထိုအချင်းအရာကို နားလည်မိကြသည်။ ထို့ကြောင့် အခန်းထဲတွင် ရှိသော တပည့်များအားလုံးသည် ကျွင်းချောင်ရှောင်းအား ဝိုင်းဝန်း၍ ကြည့်ရှုနေကြသည်။
ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ ဂရုမစိုက်ပေ။
ဤအင်အားစုများအားလုံးသည် တစ်ခြားနိုင်ငံမှ လူများဖြစ်၏။ ထို့ကြောင့် လေလံပွဲပြီးလျှင် ထပ်မံတွေ့ဆုံရန် ခက်ခဲလှချေ၏။
သူ့အနေနှင့် အပြစ်ပြုမိသည်ဟုသာ သဘောထားလိုက်ရုံပင်။ ထို့အပြင် တစ်ခြားထူးထွေသည့်ကိစ္စလည်း မဟုတ်ပေ။ ဆေးလုံးအတွက် ဈေးတိုးမြှင့်ပေးခြင်း ဖြစ်၏။
နည်းပါးလှသော ပိုက်ဆံအရေအတွက်လေးကို ဂရုစိုက်မည်ဆိုလျှင် စိတ်သဘောထားကျဉ်းမြောင်းလှကြောင်း ထင်ပေါ်သွားနိုင်သည် မဟုတ်လော။
အဆင့်ငါးဂိုဏ်းနှစ်ခုသည် ယေဘုယျအားဖြင့် ငွေတစ်သန်းလောက်ကို စကားလုံးထဲပင် ထည့်မည် မဟုတ်ပေ။
သူတို့အနေနှင့် ဂရုစိုက်နေသည်မှာ အဆင့်ရှစ်ဂိုဏ်းတစ်ခုက သူတို့နှင့် ပြိုင်၍ ဈေးပေးနေသည့် ကိစ္စရပ်ပင်ဖြစ်သည်။
သို့ပေမဲ့ လေးခုမြောက် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး၏ လေလံပွဲစတင်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အရင်ဆုံး ပြောလိုက်သည်။ "လေးသိန်း"
သူသည် ပြဿနာရှာချင်၍ မဟုတ်ဘဲ ဤဆေးလုံးအား အမှန်တကယ် လိုချင်၍ ဖြစ်ကြောင်း ရှိနေကြသော ကျင့်ကြံသူများကို သိစေချင်၏။ ထို့ကြောင့်ပဲ သူသည် အရင်ဦးဆုံး ဈေးခေါ်လိုက်ခြင်းပင်ဖြစ်သည်။
မိုးရေစက်ခန်းမဆောင်၏ သခင်လေးက ချက်ချင်းဆိုသလိုပဲ အော်လိုက်၏။ "ငါးသိန်း။"
ကောင်လေး မင်း ငါ့ကို ပိုက်ဆံခြောက်သိန်း ကုန်အောင် လုပ်ခဲ့တယ်။ ဒါ့ကြောင့် ငါကလည်း မင်းကို လွယ်လွယ်ကူကူနဲ့ ဒီဆေးလုံး ပေးမယူသွားဘူး။
"ခန်းမသခင်လေး" တပည့်တစ်ယောက်က သတိပေးလိုက်၏။
"ကျွန်ဝောာ်တို့ တစ်ခုဝယ်ပြီးသွားပြီ။ လေလံရဲ့ စည်းမျဉ်းအရ နောက်တစ်ခုကို ငါးသိန်းနဲ့ ဝယ်တယ်ဆိုရင်တောင်မှ နှစ်ဆဖြစ်တဲ့ ငွေတစ်သန်း ပေးရလိမ့်မယ်။"
သခင်လေးက ပြောလိုက်သည်။ "ငါ သက်သက်မဲ့ ဈေးကို မြှင့်နေတာ။ ဒီကောင်လိုက်လာရင် အလျော့ပေးလိုက်မယ်။"
"ခြောက်သိန်း”
“ခုနစ်သိန်း”
“ရှစ်သိန်း”
“ကိုးသိန်း။"
ဈေးနှုန်း ပိုမိုမြင့်တက်လာသည်ကို မြင်ရချိန်မှာတော့ မိုးရေစက်ခန်းမဆောင် သခင်လေးသည် အလျော့ပေးရန် စဉ်းစားလိုက်မိ၏။
"အလျော့ပေးတယ်"
ဟမ်။
အလျော့ပေးရန် စဉ်းစားထားသော မိုးရေစက်ခန်းမ၏ သခင်လေးသည် ရုတ်တရက်ဆိုသလိုပဲ တွေဝေသွားမိသည်။ "သူဘာလို့ အလျော့ပေးရတာလဲ။"
အိုက်မိသားစုခေါင်းဆောင်က အော်လိုက်သည်။
“မိုးရေစက်ခန်းမဆောင်က လေးလုံးမြောက် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအတွက် ငွေတစ်သန်းနဲ့ ပေးခဲ့တယ်။ဒီတော့ စည်းမျဉ်းအရဆိုရင် ခင်ဗျားတို့ နှစ်သန်းပေးရမှာ။”
"...."
အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြ၏။
မိုးရေစက်ခန်းမဆောင်၏ သခင်လေးသည် ကျွင်းချောင်ရှောင်း ဈေးပိုပေးရန်အတွက် ဈေးအား လိုက်လံ၍ တိုးမြှင့်ပေးနေသည်ဖြစ်ကြောင်း သူတို့အားလုံး နားလည်မိသည်။
‘ဟား ဟား”
ကျွင်းချောင်ရှောင်းသည် အခန်းထဲမှာ ခြေချိတ်ထိုင်ပြီး ထူးမခြားနားသလို ပြောလိုက်သည်။ "မင်းက ငါ့နဲ့ တိုက်ခိုက်ချင်တယ် ဟုတ်လား။ ဒါပေမဲ့ နုပါသေးတယ်။"
"ယုတ်ညံ့လိုက်တဲ့ကောင်"
မိုးရေစက်ခန်းမဆောင်၏ သခင်လေးသည် အလွန်တရာ ဒေါသထွက်လွန်းသောကြောင့် ထိုင်ခုံအား ခပ်တင်းတင်း ဆုတ်ကိုင်ထားမိ၏။
လေလံပွဲသည် ဆက်လက်၍ ဖြစ်တည်နေသည်။
ကျွင်းချောင်ရှောင်း သည် အမှန်တကယ်ပဲ ဆေးလုံးကို လိုအပ်နေသည်မှန်း သိအောင် အိုက်မိသားစုခေါင်းဆောင် ဈေးနှုန်း ကြေညာသည်နှင့်တစ်ပြိုင်တည်း အော်လိုက်၏။ "လေးသိန်း"
"ငါးသိန်း"
မိုးရေစက်ခန်းမဆောင်၏ သခင်လေးသည် ဈေးကို ထပ်မံ တိုးပေးပြန်သည်။
ဤတစ်ကြိမ်တွင် သူသည် အမှန်တကယ် ဤလူငယ်အား ဒုက္ခပေးရန် စီစဉ်ထားမိသည်။ မဟုတ်လျှင် အဆင့်ငါးဂိုဏ်းတစ်ခု၏ သခင်လေးအနေနဲ့ သူ၏ ဂုဏ်သိက္ခာ ဘယ်မှာ ထားရတော့မည်နည်း။ ထို့ကြောင့် တစ်သန်းနား ကပ်လာလျှင် စောစော လက်လျော့ကာ ကျွင်းချောင်ရှောင်း ဟူသော ကလိမ်ကကျစ်ကောင်အား ဒုက္ခပေးမည်ဟု ဆုံးဖြတ်လိုက်မိသည်။
"အလျော့ပေးတယ်။" ကျွင်းချောင်ရှောင်း၏ အသံပေါ်လာသည်။
ဟမ်။
မိုးရေစက် ခန်းမဆောင်၏ သခင်လေးသည် အူကြောင်ကြောင်နှင့် ဖြစ်မိသွား၏။ "ဒီကောင်ဘာလို့ ဒီလောက်မြန်မြန်နဲ့ အလျော့ပေးရတာလဲ။ အခုမှ ငါးသိန်းထဲ ရှိသေးတယ်လေ"