← Chapters

အခန်း (၂၂၃)

Vol. 16 Ch. 223

အခန်း (၂၂၃)

Vol. 16 Ch. 223

ရွှေပုံ၊ ငွေပုံ ဆိုသည်မှာ လုံလောက်သော ပိုက်ဆံအရင်းအမြစ် ပေါကြွယ်လာခြင်းအား ဆိုလိုခြင်း ဖြစ်သည်။

အကျိုးအမြတ်များခွဲဝေ ရရှိသည့်အပြင် သလင်းအမြူတေများအား ရောင်းချနိုင်ခဲ့ပြီးနောက် ကျွင်းချောင်ရှောင်းသည် သန်းငါးဆယ်ထိ ချမ်းသာလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် စနစ်၏ ဖုံးကွယ်ထားသော တာဝန်အား ကျေပွန်သလို ဖြစ်ခဲ့၏။

ဟင်း … ။

ဘာလဲ ရွှေပုံ၊ ငွေပုံ ..။ ကြည့်ရတာ ငါ စနစ်ရဲ့ ဗန်းစကားကိုတောင်မှ လေ့လာထားရမယ့်ပုံမှာ ရှိတယ်။

ကျွင်းချောင်ရှောင်းသည် သူ၏ သိစိတ်အား သိုလှောင်လက်စွပ်ထဲသို့ပို့ဆောင်လိုက်ချိန်မှာတော့ အတွင်း၌ ထားသိုနိုင်သော တည်နေရာသည် ကျယ်ဝန်းလာကြောင်း တွေ့ရှိလိုက်ရသည်။

သိုလှောင်လက်စွပ်အား သူသည် စနစ်ဆီမှ ရရှိခဲ့ခြင်းဖြစ်သည်။ သိုလှောင်နိုင်သော တည်နေရာသည် အစောကတည်းက မသေးကွေးချေ။ လက်ရှိအချိန်တွင် ငါးဆ ပိုမိုကျယ်ဝန်းသွားပြီ ဖြစ်သောကြောင့် တော်တော် ကျယ်သွားသည်ဟု ဆိုနိုင်၏။

အနာဂတ်မှာ ပစ္စည်းတော်တော်များများ ဆံ့သွားတာပေါ့။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အကြီးအကဲအိုက် … စိတ်ဝိညာဉ်ကျောက်တုံးတွေရော ရောင်းသေးလား။”

“ဒါက ….”

အိုက်ရှန်းရီ ခေါင်းခါယမ်းလိုက်သည် “ကျုပ်တို့ အိုက်မိသားစု ဆီမှ စိတ်ဝိညာဉ်ကျောက်တုံး နဲ့ ပတ်သက်တဲ့ စီးပွားရေး မရှိဘူး”

သူတို့သည် မလုပ်ချင်၍ မဟုတ်ပေ။ မလုပ်နိုင်ခြင်း ဖြစ်သည်။

ထိုသို့သော စီးပွားရေးမျိုးကို အလွန်တရာ ကြီးကျယ်ပြီး ချမ်းသာလွန်းသော ကလန်များကသာလျှင် ပြုလုပ်နိုင်ကြ၏။

ပို၍ အရေးကြီးသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးအား သန့်စင်နိုင်သော စိတ်ဝိညာဉ်ဆရာများသည် ရှားပါးလွန်းသည်။ အိုက်မိသားစု အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးဆိုင်တစ်ခု ဖွင့်ချင်သည် ဆိုလျှင်တောင်မှ ထိုဆရာများအား မငှားရမ်းနိုင်ချေ။

“ကောင်းပါပြီ”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည် “အိုက်ခေါင်းဆောင် …. လုပ်စရာလေးတွေ ရှိသေးလို့ အရင်သွားလိုက်ပါအုံးမယ်”

အိုက်ခေါင်းဆောင်၏ လိုက်ပါပို့ဆောင်မှုအောက်မှာပဲ ကျွင်းချောင်ရှောင်းသည် လုချင်းချင်းနှင့် အတူ လေလံအိမ်ထဲမှ ထွက်လာလိုက်သည်။ သူတို့သည် ဂိုဏ်းဆီသို့ တန်းမပြန်ခဲ့ပေ။ အဲအစား ဈေးသို့သွားလိုက်ကြ၏။

……..

ဟူရန်မြို့၏ ဈေးသည် ကြီးမားပြီး အမျိုးအစား အစုံလည်း ရနိုင်သည်။ ထန်ကလန်ဟု ရေးသားထားသော ဆိုင်းဘုတ်ကြီး ရှိရာ ဆိုင်သည် အလွန်ခမ်းနားသော အသုံးအဆောင် အဆင်အယင်များဖြင့် အလှဆင်ထားသည်ကို မြင်နိုင်သည်။

ထန်ကလန်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ ထိပ်တန်းကလန် များထဲမှ တစ်ခု ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ နိုင်ငံအတွင်း များပြားလှသော စီးပွားရေး လုပ်ငန်းများအား ပိုင်ဆိုင်၏။

ချင်းယန်နိုင်ငံရှိ မြို့ကြီးရှစ်မြို့တွင် ထန်ကလန်၏ စိတ်ဝိညာဉ်ကျောက်တုံး အရောင်းဆိုင်များ တည်ရှိသည်။ အိုက်ကလန်၏ စီးပွားရေး လုပ်ငန်းများသည် ထန်ကလန် အတွက်တော့ ဘာမှကိုမဟုတ်ချေ။ အလွန်သေးငယ်သော စီးပွားရေးသာ ဖြစ်နေသည်။

ကံကောင်းစွာဖြင့် ထန်ကလန်သည် ဆေးပင်နှင့် ဆေးလုံး လုပ်ငန်းများအား စိတ်မဝင်စားဘဲ စိတ်ဝိညာဉ်ကျောက်တုံးများ ပေါ်တွင်ပဲ အာရုံစိုက်ထားကြသည်။ ထို့ကြောင့်ပင် အိုက်ကလန် အနေနှင့် ဆေးပင်လုပ်ငန်းများအား စိတ်လွတ်ကိုယ်လွတ် လုပ်နေနိုင်ခြင်း ဖြစ်၏။

ဟူရန်မြို့တွင် စိတ်ဝိညာဉ်ကျောက်တုံးရောင်းချသော ဆိုင်တစ်ဆိုင်တည်းသာ ရှိပြီး ထိုဆိုင်အား ထန်ကလန် ပိုင်ဆိုင်သည်။ ကျွင်းချောင်ရှောင်း ဤဆိုင်သို့ ရောက်လာခဲ့ခြင်းမှာ စိတ်ဝိညာဉ်ကျောက်တုံး ဝယ်ယူရန်ပင် ဖြစ်တော့သည်။

လုချင်းချင်းအား ခေါ်ဆောင်လာပြီးနောက် သူသည် စိတ်ဝိညာဉ်ကျောက်တုံးများ ဝယ်ယူရန် ဆုံးဖြတ်ခဲ့၏။ ထို့ကြောင့်ပင် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းဖိုး ဝယ်ယူခဲ့၏။

သူတို့ ပြန်လည်ထွက်ခွာသွားသည်ကို ကြည့်ရင်း ထန်ကလန် ဆိုင်တာဝန်ခံသည် အံ့အားတသင့်နှင့် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းခေါင်းဆောင်က တကယ့်ကို ချမ်းသာတာပဲ”

စိတ်ဝိညာဉ်ကျောက်တုံး လဲလှယ်နေသော ကျင့်ကြံသူ တစ်ယောက်သည် အရွှမ်းဖောက်လိုက်သည် “အခုလေးတင် လေလံအိမ်မှာတုန်းက အဆင့်ငါး ဂိုဏ်းနှစ်ခုကိုတောင်မှ သူဘယ်လောက် ချမ်းသာကြောင်း ဂိုဏ်းချုပ်ကျွင်း ကြွားဝါနေသေးတယ်။”

“ကံကြမ္မာဂိုဏ်း နဲ့ မိုးရေစက်ဂိုဏ်း နှစ်ခုလုံးက ကျော်ကြားတဲ့ဂိုဏ်းတွေပဲ။ သူတို့က အဆင့်နိမ့် ဂိုဏ်းတွေကို ဂရုမစိုက်၊ စိတ်ထဲမထားကြဘူး။ မဟုတ်ရင် ဘယ်လွယ်မလဲ”

“စိတ်မပူနဲ့။ နတ်စမ်းချောင်းဂိုဏ်းဆီ သွားရင် ဂိုဏ်းချုပ်ကျွင်း နာမှာပဲ”

ထိုပြောင်လှောင်နေကြသော ကျင့်ကြံသူများသည် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့မှ ဖြစ်ကြသည်။ သူတို့သည် အခွင့်အရေး ရရင် ရသလို ဂိုဏ်းချုပ်ကျွင်းအား လှောင်ပြောင်ချင်ကြသည်။

……..

စိတ်ဝိညာဉ်ကျောက်တုံး ဆိုင်မှ ထွက်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဈေးသို့ လျှောက်သွားပြီး မတူညီသည့် အရည်အသွေးနှင့် ကျောက်ရိုင်းတုံးများအား တစ်သန်းဖိုး ဝယ်ယူလိုက်၏။

ပန်းပဲလုပ်ငန်းစဉ်တွင် သူ့အနေနှင့် ကျောက်ရိုင်းများစုဆောင်းထား ရန် လိုအပ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် လိုလိုပိုပို စုဆောင်းထားခြင်း ဖြစ်သည်။ စစ်မရောက်ခင် မြှားပြင်မှ ဖြစ်မည်။

“တုတု အတွက် ပစ္စည်းတွေ ဝယ်ရအုံးမယ်”

ကျွင်းချောင်ရှောင်းသည် ကုန်စုံဆိုင်ထဲသို့ ဝင်၍ ဝယ်စရာရှိသည်များကို သေချာ ဝယ်ယူလိုက်တော့သည်။

အရာအားလုံး ဝယ်ယူပြီးသည့်နောက် သူသည် လုချင်းချင်းအား ခေါ်၍ ဂိုဏ်းသို့ ပြန်လာလိုက်၏။

လေလံအိမ်သို့လာသည့် ခရီးစဉ်သည် ပိုက်ဆံတော်တော် ရရှိခဲ့သည်။ ထို့အပြင် ဂိုဏ်းကြီးများ၏ ချမ်းသာ ကြွယ်ဝမှုကိုလည်း မျက်မြင်တွေ့ခဲ့ရသည်။ ထိုဂိုဏ်းများသည် သန်းနီချီ အသုံးပြုခဲ့ကြသော်လည်း တစ်ချက်ကလေးမှ မျက်တောင်မခတ်ကြချေ။

တစ်စုံတယောက်သည် ပိုက်ဆံရှိပါက မိမိလုပ်ချင်ရာကို လုပ်နိုင်သည်။

“ဂိုဏ်းချုပ် …”

လမ်းမှာတော့ လုချင်းချင်း မေးလိုက်သည် “ဘယ်အချိန် လင်းယုန်နက်ဂိုဏ်းကို သွားပြီး ဖြိုခွင်းမှာလဲ”

ကျွင်းချောင်ရှောင်းသည် ထိုကိစ္စကို မေ့နေနိုင်သည်။ ထို့ကြောင့် သူမ သတိပေးခဲ့ခြင်း ဖြစ်၏။

“ဂိုဏ်းကို ပြန်ရောက်မှ ပြောကြတာပေါ့”

“ဂိုဏ်းချုပ် … ဂျုနီယာမောင်လေးတွေကို ခေါ်ပြီး လင်းယုန်နက်ဂိုဏ်းဆီ သွားမှာလား”

“အဲလိုမဟုတ်ရင် ဘယ်လိုသွားမလဲ”

“သူတို့က မိစ္ဆာဂိုဏ်းလေ။ အရမ်းရက်စက်တယ်။ ဒီတော့ ကျွန်မတို့ နှစ်ယောက်ပဲ သွားရင်ရော ….”

“…….”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ရင်သွားသည်။

သူသည် လင်းယုန်နက်ဂိုဏ်းအား မျက်စိထဲမထည့်ဘူးဆိုသော်လည်း မည်သို့ပင် ဆိုစေကာမူ တစ်ဖက်လူများသည် အဆင့်ခုနှစ် ဂိုဏ်းတစ်ခုဖြစ်၏။ နှစ်ယောက်တည်းသွား၍ ဖျက်ဆီးလိုက်မည် ဆိုလျှင် မလေးစားရာ ကျပေလိမ့်မည်။

လုချင်းချင်း မေးလိုက်သည် “ဂိုဏ်းချုပ် .. ကြောက်သွားပြီလား”

“မကြောက်ပါဘူး”

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ရှားရှားပါးပါး အတွေ့အကြုံကို တပည့်တွေ ယူမှ ဖြစ်မယ်။ ဒါမှ ရက်စက်လှတဲ့ လောကကြီးမှာ နေထိုင်ဖို့ အသားကျမှာ”

“ကောင်းပါပြီ။”

လုချင်းချင်း ဆက်မပြောတော့ချေ။

သူမသည် သူမ၏ သဘောထားကို ထုတ်ပြောခြင်းသာ ဖြစ်သည်။ ဆုံးဖြတ်ချက်ချရမည့် သူမှာ ဂိုဏ်းချုပ်သာ ဖြစ်၏။ ထို့အပြင် သူမသည် အေးစက်ပြီး သီးသန့်နေတတ်သည် ဆိုသော်လည်း သံမဏိအရိုးဂိုဏ်း၏ တပည့်ကြီး ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်၏ အမိန့်ကို နာခံရပေလိမ့်မည်။

…..

ညနေခင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။ တပည့်များသည် ထုံးစံအတိုင်း လေ့ကျင့်လျက်ရှိ၏။

သူသည် ဝယ်ယူလာခဲ့သော ပစ္စည်းများအား လျှိုဝမ်ရှစ်ဆီသို့ သွားပေး၍ လီချင်းယန်အား ခေါ်ယူကာ လင်းယုန်နက် ဂိုဏ်းအား ဖျက်ဆီးမည့် အစီအစဉ်အား ပြောပြလိုက်သည်။

“ဂိုဏ်းချုပ်”

လီချင်းယန် လေးလေးနက်နက် ပြောလိုက်သည် “လင်းယုန်နက်ဂိုဏ်းကို ဖျက်ဆီးဖို့ အကြံက ရဲတင်းလွန်းတယ်။ ဒါပေမဲ့ …… မိစ္ဆာဂိုဏ်းဆိုတာက အန္တရာယ်ပေးနိုင်တဲ့ ဂိုဏ်းမျိုးပဲ။ ရန်ငြိုးလည်း ရှိနေပြီ ဆိုတော့ တစ်ခါတည်း ရှင်းလိုက်တာ အသင့်တော်ဆုံး ဖြစ်မယ်”

“သဘောတူတယ်မလား”

“ဂိုဏ်းချုပ် ပြောသမျှကို တပည့်လိုက်နာပါမယ်”

လီချင်းယန် နှင့် လုချင်းချင်းတို့သည် ဤအရာနှင့် ပတ်သက်၍တော့ တူညီကြသည်။ သူတို့သည် ဂိုဏ်းချုပ်၏ အမိန့်ကို မည်သို့သော အချိန်တွင်မှ ဖောက်ဖျက်လိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “သေမင်းတောင်ကြားမှ လေ့ကျင့်ခဲ့တဲ့ တပည့်တွေကို မနက်ဖြန်မနက် လေ့ကျင့်ရေးကွင်းမှာ စုစည်းထားကြဖို့ ပြောလိုက်”

“ကောင်းပါပြီ” လီချင်းယန် ထွက်ခွာသွားတော့သည်။

ကျွင်းချောင်ရှောင်းသည် လီလိုရှုအား ဆင့်ခေါ်ပြီး လင်းယုန်နက်ဂိုဏ်းအား ဖျက်ဆီးမည့် အကြောင်းအား အသိပေးလိုက်သည်။ ပြီးနောက် မိုးဆွေဟောခန်းမှ တပည့်များအား စုစည်းထားရန် ပြောလိုက်၏။

အဆင့်ခုနှစ် ဂိုဏ်းတစ်ခုအား ဖျက်ဆီးရသည်မှာ ကလေးကစားစရာ မဟုတ်ပေ။

မိုးဆွေဟောခန်းတစ်ခုလုံးကို ခေါ်ယူသွားမှသာ ပို၍ လုံခြုံ စိတ်ချရလိမ့်မည်။

လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ဖြစ်ခဲ့သော လီလိုရှုသည် လူသတ်ရသည့် အလုပ်အား အလွန်အမင်း စိတ်ဝင်စားသူ ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပဲပြောလိုက်သည် “အဖွဲ့သားတွေကို ခေါ်ပြီး အရင်သွားနှင့်လိုက်မယ်”

“ကောင်းပြီ” ကျွင်းချောင်ရှောင်း ခေါင်းညိတ်လိုက်သည်။

ညအချိန်မှာတော့ လီလိုရှုသည် မြွေဟောက်၊ တောကြောင် နှင့် အဖွဲ့သား ငါးဆယ်ကျော်တို့အား ခေါ်ဆောင်၍ ထွက်ခွာသွားတော့၏။

သူတို့တွေသည် ယခုတလောအတွင်း သတင်းစုံစမ်းသည့် အလုပ်များကိုသာ လုပ်ခဲ့ကြသည် ဆိုသော်လည်း ကျင့်ကြံခြင်းအားလည်း မပျက်မကွက် ပြုလုပ်ခဲ့ကြသည်။ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး နှင့် ကြွက်သား တည်ဆောက်ခြင်း အခန်းတို့ကြောင့် သူတို့၏ အားအင်များသည် သိသိသာသာ တိုးတက်လာခဲ့သည်။

မြွေဟောက်နှင့် တောကြောင်တို့သည် သိုင်းတပည့် ထပ်ဆုံးအဆင့်မှသည် သိုင်းဆရာ ပထမအဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

သူတို့သည် လုပ်ကြံသတ်ဖြတ်သူများအဖြစ်သာ ရှိနေသေးလျှင် ယခုလို အချိန်တို အတွင်း ဤမျှ တိုးတက်ရန် မဖြစ်နိုင်ချေ။

“ဟောခန်းသခင်”

လမ်းမှာတော့ မြွေဟောက် ပြောလိုက်သည် “ညီအစ်ကိုတွေက ပျင်းလို့သေချင်နေကြတာ။ ဒီတစ်ကြိမ်တော့ အားလုံး ခြေဆန့်လက်ဆန့်နဲ့ စိတ်ကြိုက်သတ်ဖြတ်နိုင်ပြီ ထင်တယ်”

လီလိုရှုသည် လေးလေးနက်နက် ပြောလိုက်သည် “လင်းယုန်နက်ဂိုဏ်းက မိစ္ဆာဂိုဏ်းပဲ။ ကိစ္စသေးလေး မဟုတ်ဘူး။ အားလုံး ဂရုစိုက်ကြ”

“ကောင်းပါပြီ” မြွေဟောက် ပြောလိုက်သည်။

“ပြီးတော့ …”

လီလိုရှု ထပ်ပြောလိုက်၏ “ငါတို့က သံမဏိအရိုးဂိုဏ်းတပည့်တွေ ဖြစ်နေပြီ။ ဂိုဏ်းအတွက် လုပ်ရမှာ။ ဒီတော့ သေချာ အမိန့်ကို နာခံကြပါ”

“ကောင်းပါပြီ”

မိုးဆွေဟောခန်းအဖွဲ့သားများသည် သံပြိုင် ပြောဆိုလိုက်ကြသည်။

ညနက်ထဲမှာတော့ မိုးဆွေဟောခန်းအဖွဲ့သား ငါးဆယ်ကျော်တို့သည် အမြန်ဆန်ဆုံးနှုန်းဖြင့် ဟွာရင် နိုင်ငံဆီ ဦးတည်လိုက်ကြ၏။

“နောက်ဆုံးတော့ လှုပ်ရှားရပြီ”

လီထျန်းထျန်း ပြောလိုက်သည်။

သူသည် သိုင်းတပည့် အဆင့်နှစ် ကျင့်ကြံသူလေး တစ်ယောက် ဆိုပေမဲ့ ဟောခန်းသခင်လီ၏ လေ့ကျင့်ပေးမှုအောက်တွင် လုပ်ကြံသတ်ဖြတ်ခြင်းစွမ်းရည်များ တိုးတက်လာခဲ့သည်။

“ဂိုဏ်းချုပ် …” လီထျန်းထျန်း သည် ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြု၍ တီးတိုးပြောလိုက်သည် “ကျွန်တော့်ကို အတောင်ပံ တစ်စုံပေးခဲ့တယ်။ ကျွန်တော် .. လီထျန်းထျန်း .. ကောင်းကင်ထိ ပျံမယ်”

မြွေဟောက်သည် လှမ်းအော်လိုက်သည် “သောက်ကလေး .. ဘာတွေ စဉ်းစားနေတာလဲ။ မြန်မြန်လာ .. ပြတ်မကျန်ခဲ့စေနဲ့”

“အစ်ကိုမြွေ”

လီထျန်းထျန်း ရယ်ကျဲကျဲ ဖြင့် မေးလိုက်သည် “ညှင်ညှင်သာသာ ပြောလို့မရဘူးလား”

“လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် အနေနဲ့ အတွေးလွန်နေလို့ မဖြစ်ဘူး” မြွေဟောက် သတိပေးလိုက်သည်။

လက်ရှိအချိန်တွင် သူတို့အား အထူးလေ့ကျင့်သင်ကြားပေးသူမှာ အစ်ကိုမြွေဟောက်ပင် ဖြစ်၏ ထို့ကြောင့် မြွေဟောက်သည် သူ့အား ဆူဆဲနေသည် ဆိုလျှင်တောင်မှ စိတ်ထဲမှ ကျေးဇူးတင်မိ၏။

“အစ်ကိုမြွေ”

လီထျန်းထျန်း စပ်ဖြီးဇြီးနှင့် ပြောလိုက်သည် “လင်းယုန်နက်ဂိုဏ်းဆီ ရောက်ရင် ကျွန်တော် အစွမ်းပြမယ်။ ကြည့်နေနော် …”

“တော်စမ်း” မြွေဟောက် ငေါက်လိုက်၏ “ငါ့ကို ဒုက္ခတောထဲ ဆွဲမထည့်ရင်ကို ရပြီ”

All Chapters