အခန်း (၂၂၄)
Vol. 16 Ch. 224
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် အရာအားလုံးကို စီစဉ်ပြီးသည့်နောက် လီချင်းယန်တို့နှင့်အတူ စတင်၍ ထွက်ခွာလာခဲ့တော့သည်။
သုံးရက်တာခရီးသွားပြီးသည့်နောက်မှာတော့ သူတို့သည် ဟွာရင်နိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ပြီးနောက် ကျွင်းချောင်ရှောင်းသည် အားလုံးအား အမဲရောင်ဝတ်စုံများ ပြောင်းလဲဝတ်ဆင်ရန် အမိန့်ပေးလိုက်၏။
ဟောင်ချီဂိုဏ်းကဲ့သို့ အဖြူရောင်ဂိုဏ်းများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူတို့သည် ပွင့်ပွင့်လင်းလင်းဖြင့် စိန်ခေါ်တိုက်ခိုက်နိုင်ကြသည်။ သို့ပေမဲ့ လင်းယုန်နက်ဂိုဏ်းကဲ့သို့ မိစ္ဆာဂိုဏ်းများနှင့် ရင်ဆိုင်ရာတွင်မူ သူတို့သည် တစ်ခြားသောနည်းလမ်းများကို အသုံးပြုမှ ဖြစ်ပေလိမ့်မည်။
မည်ကဲ့သို့သော နည်းလမ်း ဖြစ်သနည်း ဆိုသော် လျှပ်တပြက် ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ အလစ်အငိုက် နောက်ကျောအား ဓားဖြင့်ထိုးခြင်းတို့ပင် ဖြစ်ပေလိမ့်မည်။
ဖြစ်နိုင်မည်ဆိုလျှင် သူသည် စည်းဖွင့်ခြင်းအဆောင်အား အသုံးမပြုချင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် အလွန်တရာ တန်ဖိုးကြီးမားလှ၏။ အကယ်၍သာ စည်းဖွင့်ခြင်းအဆောင်သည် လွယ်လွယ်ကူကူ ဝယ်ယူ၍ ရရှိသည့်အရာတစ်ခုဖြစ်မည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းသည် မည်သည့်ဒုက္ခကိုမှ ရှာဖွေနေလိမ့်မည် မဟုတ်ပေ။ ချက်ချင်းဆိုသလိုပဲ မီတာလေးဆယ်ခန့်ရှိသော ဓားမော့ကြီးအားဆွဲထုတ်၍ လင်းယုန်နက် ဂိုဏ်းတစ်ခုလုံး သတ်ဖြတ်လိုက်မှာ သေချာသည်။
"ဂိုဏ်းချုပ်"
အမဲရောင်ဝတ်စုံများအား လဲလှယ်ဝတ်ဆင်ပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် ပေါ့ပေါ့ပါးပါးပြောလိုက်၏။ "အဆင့်ခုနစ်ဂိုဏ်းသေးတစ်ခုကို ဖျက်ဆီးတာ ဘာလို့လူတွေအများကြီး ခေါ်လာတာလဲ။ ကျွန်တော် တစ်ယောက်တည်း နဲ့တောင် လုပ်လို့ရပါတယ်။"
ညအင်ပါယာသည် အလွန်အမင်း အားကောင်းလှ၏။
ယခုကဲ့သို့ အခြေအနေဆိုလျှင် ပို၍တောင် ဆိုးဝါးသေး၏။ သူ၏ခန္ဓာကိုယ်အားအင်သည် စမ်းသပ်မှု မျှော်စင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် အလွန်အမင်း တိုးတက်လာခဲ့၏။ သူ့ရင်ဘတ်တွင်ရှိသော ကြွက်သားများ၊ ဝမ်းဗိုက်နှင့်လက်မောင်းများရှိ ကြွက်သားများအားလုံးသည် ဖောင်းကြွလျက်ရှိပြီး အလွန်အမင်း အားကောင်းသည့် အသွင်သဏ္ဍာန်မျိုးကို ဖော်ပြလျက်ရှိသည်။
ခန္ဓာကိုယ်အားအင်တစ်ခုတည်းသာ သီးသန့်တိုးတက်နေသည်မဟုတ်ပေ။ ရီရှင်းချန်သည် သူ၏ကျင့်ကြံခြင်းအား ဘယ်သောအခါမှ လျစ်လျူမရှုခဲ့ပေ။ လဝက်အတွင်းမှာပဲ သူသည် သိုင်းတပည့် ထိပ်ဆုံးအဆင့် ကျင့်ကြံသူအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာစဉ်က လီချင်းယန်သည် ဂိုဏ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီးသည့်နောက် သိုင်းတပည့်အဆင့် ကျင့်ကြံသူအဖြစ် ဖြစ်နှင့်နေပြီဖြစ်ပြီး ယခု သူသည် သိုင်းတပည့်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် ဒုတိယ စီနီယာအစ်ကို လီချင်းယန်ကို အမှီလိုက်နိုင်ခဲ့ပြီဟု ဆိုရမည်။
ရီရှင်းချန်သည် လီချင်းယန်ထက် ကျင့်ကြံခြင်းအရာတွင် ပို၍ မြန်ဆန်နေ၏။ သိုင်းအင်ပါယာတစ်ယောက် ပြန်လည်မွေးဖွားလာသောကြောင့်ပဲ ဤကဲ့သို့ မြန်ဆန်ခြင်းလား။
နတ်ဘုရားအဆင့်၏ အထက် ထိုက်ရွှမ်ကျမ်းသည် အလွန်ပင် ဆန်းကြယ်လှ၏။ ထိုက်ရွှမ်အကြီးအကဲ ချန်ရစ်ခဲ့သော ကျမ်းနှစ်ခုထဲက တစ်ခုလည်း ဖြစ်သည်။
ရီရှင်းချန်သည် ပြန်လည်မွေးဖွားလာပြီးကတည်းက ဤကျင့်ကြံခြင်းနည်းစနစ်ကို ပိုမိုနားလည်အောင် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် သူသည် ဒုတိယအဆင့်ကိုသာ နားလည်ခဲ့သည်ဖြစ်သော်လည်း အလွန်အမင်း အကျိုးကျေးဇူးရရှိခဲ့၏။ မဟုတ်လျှင် ဤကဲ့သို့ မြန်မြန်ဆန်ဆန်နှင့် အဆင့်ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
လက်ရှိအခြေအနေကို အခြေခံ၍ တွက်ချက်ရမည်ဆိုလျှင် ထိုကျမ်းအတွက် သူသေဆုံးခဲ့သည်မှာ ထိုက်တန်သည်ဟု ဆိုရမည်။
ထို့အပြင် ပို၍ထိုက်တန်ခြင်းမှာ သံမဏိအရိုးဂိုဏ်းထဲသို့ဝင်ရောက်၍ အရင်းအမြစ်မျိုးစုံအား ရယူနေနိုင်ခြင်းပင် ဖြစ်တော့သည်။
သာမန်ဝတ္ထုများထဲမှ ဇာတ်လိုက်များ၏ အခြေအနေအရဆိုလျှင် သိုင်းအင်ပါယာသည် ပြန်လည် မွေးဖွားလာပြီးနောက် ကျောင်း သို့မဟုတ် ဂိုဏ်းတစ်ခုခုထဲသို့ ဝင်ရောက်ရပေလိမ့်မည်။ ပြီးနောက် သူသည် များပြားလှသော ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရမည်။ ထို့အပြင် ပါရမီရှင်လူငယ်များ၊ လူကြီးများအားလုံးကို ရိုက်နှက်ရမည်။ နေ့စဉ်နေ့တိုင်း အဓိကဗီလိန်များ၊ သခင်လေးများ၏ မျက်နှာကို တက်နင်း၍ ကျင့်ကြံခြင်း လမ်းကြောင်းအား ပိုမို၍ မြင့်မားစေရန် ကြိုးစားရပေလိမ့်မည်။
သို့ပေမဲ့ လက်ရှိ ညအင်ပါယာ၏ အခြေအနေမှာတော့ သံမဏိအရိုးဂိုဏ်းထဲကို ရောက်ရှိပြီးနောက် သာသာယာယာ ဆိုသလိုပဲ အရင်းအမြစ်များအား ရရှိနေ၏။ သူ့အနေနှင့် မည်သည့်ပြိုင်ပွဲကိုမှ ဝင်ရောက်ယှဉ်ပြိုင်စရာမလိုသလို မည်သည့်ဗီလိန်၏ မျက်နှာကိုမှ တက်နင်းစရာမလိုပေ။
ပျော်ပျော်ရွှင်ရွှင် နှင့် ကျင့်ကြံရင်း သက်တောင့်သက်သာ နေထိုင်နိုင်နေ၏။ ရှောင်ကျီသည်လည်း ထိုအတူပင်ဖြစ်သည်။
သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ပြီးနောက် ဂိုဏ်းချုပ်ပံ့ပိုးပေးသော အရင်းအမြစ်များအား ရရှိနေသည်မို့ သူတို့သည် အဓိကဇာတ်ကောင်များ၏ ခက်ခဲကြမ်းတမ်းလှသော ကျင့်ကြံခြင်းလမ်းကြောင်း အား လျှောက်လှမ်းစရာ မလိုအပ်တော့ပေ။ သူတို့အနေနှင့် ကျင့်ကြံခြင်းအရာကိုသာ အာရုံစိုက်၍ ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်နေ၏။
အမှန်တကယ်တမ်းတွင် ခက်ခဲနေသူမှာ ကျွင်းချောင်ရှောင်းပင်ဖြစ်၏။
ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်တဲ့အတွက်ကြောင့် သူသည် သူ၏ ဂိုဏ်းနှင့် တပည့်များအား ပိုမိုအားကောင်းလာစေချင်၏။
ထို့ကြောင့် သူ့အနေနှင့် ငွေကြေးများ ပံ့ပိုးပေးရမည် ဖြစ်သည်။
လောကကြီးရဲ့ အဓိကဇာတ်လိုက် ဒါမှမဟုတ် ဇာတ်လမ်းတစ်ခုရဲ့ အဓိကဇာတ်လိုက် ဖြစ်ဖို့ဆိုတာ အလွန်ခက်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ် ဖြစ်ရသည်မှာ ပို၍ပင် ခက်ခဲသေး၏။
သို့ပေမဲ့ ရီရှင်းချန်သည် လက်ရှိအခြေအနေနှင့် ပတ်သက်၍ စိတ်အလိုမကျနိုင်ခဲ့ပေ။ သူ့အနေနှင့် ပိုမိုများပြားသည့် အရင်းအမြစ်များကို လိုချင်နေသေး၏။
ထို့ကြောင့်ပင် သူသည် လင်းယုန်နက်ဂိုဏ်းအား ဖျက်ဆီးမည့်ကိစ္စတွင် အားတက်သရော ပါဝင်ချင်နေခြင်းပင်ဖြစ်သည်။
ညအင်ပါယာသည် တကယ်တမ်း အဆင့်ခုနစ်ဂိုဏ်းတစ်ခုကို ဖျက်ဆီးနိုင်သည့် စွမ်းအင်မျိုး ရှိသည်ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် သူ့အား တစ်ဦးတည်း စေလွှတ်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် တစ်ခြားသောတပည့်များ အားလုံးသည်လည်း တိုက်ခိုက်ရေး အတွေ့အကြုံ လိုအပ်နေသေးသည် မဟုတ်လော။
ဟွာရင်နိုင်ငံတွင်းမှာတော့ တောင်တစ်တောင် ရှိလို့နေ၏။
ထိုတောင်တွင် တစ်နှစ်ပတ်လုံး လင်းယုန်သားရဲများ ပျံသန်းလျက်ရှိနေသောကြောင့် ထိုတောင်အား လင်းယုန်နက်တောင်ဟု ခေါ်ဆိုကြသည်။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန့်က မိစ္ဆာကျင့်ကြံသူတစ်ယောက်သည် အမှတ်တမဲ့နှင့် ဤနေရာသို့ ဖြတ်သန်းသွားလာရင်း ဤနေရာ၌ စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်နေသည်ကို မြင်ခဲ့သည်။ ပြီးနောက် ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ကာ လင်းယုန်နက်ဂိုဏ်းဟူ၍ အမည်ပေးခဲ့၏။
သူသည် မိစ္ဆာလမ်းစဉ်ကို လျှောက်သောဂိုဏ်းတစ်ခု ဖြစ်သောအတွက်ကြောင့် အချိန်တိုအတွင်းမှာပဲ နာမည်မရှိသော ဂိုဏ်းတစ်ခု ၊ မည်သည့်အဆင့်သတ်မှတ်ချက်မှ မရှိသော ဂိုဏ်းတစ်ခုအဖြစ်မှသည် အဆင့်ခုနစ်ဂိုဏ်းတစ်ခုအဖြစ်သို့ လျင်လျင်မြန်မြန်ပဲ ရောက်ရှိခဲ့၏။
နှစ်တစ်ရာအတွင်း ဤကဲ့သို့ အခြေအနေမျိုး ရောက်ရှိခဲ့သည် ဆိုသည်မှာ အလွန်အမင်း တော်လွန်း၍သာ ဖြစ်ပေလိမ့်မည်။
လွန်ခဲ့သော ဆယ်စုနှစ်အကြာက ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အထက်နယ်မြေသို့ သွားရောက်ရန် ဂိုဏ်းမှထွက်ခွာသွားခဲ့၏။
ထို့ကြောင့် အကြီးဆုံးတပည့်ဖြစ်သော လဲ့ဟိုင်ရှ သည် ဂိုဏ်းအား ဆက်ခံခဲ့၏။
လဲ့ဟိုင်ရှ သည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှသော လူတစ်ယောက်ဖြစ်ပြီး သူသည် တစ်ခြားသောဂိုဏ်းများ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆီမှ ပစ္စည်းများအား လုယူတတ်သည်။
ထို့ကြောင့်ပင် လင်းယုန်နက်ဂိုဏ်း၏ ဖွံဖြိုးတိုးတက်မှု အရှိန်အဟုန်သည် မြန်ဆန်နေခြင်း ဖြစ်၏။။
"လင်းယုန်နက်တောင်"
ထိုတောင်သည် တောင်တန်းများနှင့် ချိတ်ဆက်လျက်ရှိပြီး အလွန်အမင်း လှပနေသည်။
တောင်၏ အလယ် ခါးနေရာတွင် တစ်စုံတစ်ယောက်မှ ပုဆိန်နှင့် ပိုင်းဖြတ်ထားသလိုမျိုး အက်ကွဲကြောင်းကြီးရှိနေပြီး ထိုထဲမှ မြစ်ရေများသည် တသွင်သွင်စီးကျလျက် ရှိနေ၏။
တောင်ကြီးထိပ်တွင်တော့ ကြီးမားလှသော အဆောက်အဦးများ စီစီရီရီတည်ရှိနေပြီး ထိုအရာသည် လင်းယုန်နက်ဂိုဏ်း၏ ဌာနချုပ်ပင် ဖြစ်တော့သည်။
လင်းယုန်နက်ဂိုဏ်း၏ အဓိကဟောခန်းအတွင်းမှာတော့ …..
"ဂိုဏ်းချုပ်"
လဲ့ဟိုင်ရှ သည် စားပွဲတစ်ခု၏ထိပ်တွင် ထိုင်နေပြီး သူ၏မျက်လုံးထဲမှာတော့ အလွန်တရာ အားကောင်းလှသော သတ်ဖြတ်လိုခြင်းဆန္ဒများ ပေါ်ထွက်လျက်ရှိနေ၏။
ဒုတိယခေါင်းဆောင် ဟယ်ချင်သည် တပည့်ခြောက်ဆယ်ကျော်အား ခေါ်ဆောင်၍ သေမင်းတောင်ကြားထဲသို့ သွားခဲ့၏။ သို့ပေမဲ့ လဝက်ကျော် ကြာမြင့်ပြီးသည့်အထိ ပြန်လည်ရောက်မလာခဲ့ပေ။ ထို့ကြောင့် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သူ ခံစားသိရှိသောကြောင့် လူတစ်ချို့ကို စေလွှတ်ကာ စုံစမ်းခိုင်းခဲ့သည်။
သတင်းအချက်အလက်များသည် ဤမနက်တွင် ပြန်လည်ရောက်ရှိလာ၏။
ဒုတိယဂိုဏ်းချုပ်ဟယ်သည် သေမင်းတောင်ကြားသို့ ရောက်ရှိခဲ့ပြီး သေမင်းတောင်ကြားထဲမှ ထွက်လာ၍ အရင်းအမြစ်များစွာရရှိခဲ့သည်ဆိုသော သံမဏိအရိုးဂိုဏ်းနောက်သို့ လိုက်သွားခဲ့သည်ဟု ဆိုသည်။
ပြီးနောက် သူတို့သည် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
"ဂိုဏ်းချုပ် …."
တစ်ခြားသော ဒုတိယဂိုဏ်းချုပ်တစ်ယောက်သည် သတင်းပေးပို့လာသောစာအား ဖတ်ရှုပြီးပြောလိုက်၏။
"ဒုတိယဂိုဏ်းချုပ်ဟယ်က ပြန်မရောက်သေးဘူး။ တစ်စုံတစ်ခုဖြစ်သွားမှာတော့ ကျုပ်စိုးရိမ်မိတယ်။"
"ဒီကိစ္စကို သံမဏိအရိုးဂိုဏ်းက တစ်စုံတစ်ခု လုပ်လိုက်တာပဲဖြစ်ရမယ်။"
"ခွက်"
လဲ့ဟိုင်ရှ ၏ လက်ထဲတွင်ရှိသော လက်ဖက်ရည်ခွက်သည် ကွဲကြေသွား၏။ သူသည် မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒတွေအပြည့်နဲ့ ပြောလိုက်၏။ "ညီအစ်ကိုတွေကိုစုစည်းထား။ငါနဲ့အတူ သံမဏိအရိုးဂိုဏ်းကို သွားမယ်။"
ကျွင်းချောင်ရှောင်း ထင်မှတ်ထားခဲ့သလိုဖြစ်၏။မိစ္ဆာဂိုဏ်းတစ်ခု၏ အမူအကျင့်အရ သူတို့သည် သံသယရှိသည်ဆိုသည်နှင့် သက်သေသာဓကများအား ရှာဖွေ စုဆောင်းနေလိမ့်မည် မဟုတ်ပေ။ ချက်ချင်းပဲ လူတွေခေါ်ဆောင်၍ သူ့အား လာရောက်သတ်ဖြတ်ပေလိမ့်မည်။
"ကောင်းပါပြီ။"
ဒုတိယဂိုဏ်းချုပ်သည် အလောတကြီးနှင့် ထွက်ခွာသွား၏။
လဲ့ဟိုင်ရှ ၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပိုမို၍ ပြင်းထန်လာတော့သည်။ ပြီးနောက် သူ ခပ်မာမာပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းက ငါ့လူတွေကို သတ်ရဲတယ်။ဒါဆိုရင် သူတို့ လောကကြီးမှာရှိဖိုမလိုတော့ဘူး။"
ဆိုလိုသည့်သဘောမှာ သူသည် ထိုဂိုဏ်းအား အစအဆုံးရှင်းလင်းပစ်မည်ဟု ဆိုလိုခြင်းပင်ဖြစ်၏။
"ခေါင်းဆောင်"
စားပွဲ၏ တစ်ဖက်ခြမ်းတွင်ရှိနေသော ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်သည် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။ "ဒီသံမဏိအရိုးဂိုဏ်းက မရိုးရှင်းဘူး။"
သူ၏နာမည်သည် ရန်ကျီဖြစ်၏။
သူ၏ကျင့်ကြံခြင်းအဆင့်သည် မမြင့်မားလှချေ။ သို့ပေမဲ့ လင်းယုန်နက်ဂိုဏ်း၏ အဓိကအကြံပေးတာဝန်ကို ယူဆောင်ထား၏။ ဂိုဏ်းမှပြုလုပ်သော လုယက်မှုများ နှင့် ပတ်သက်၍ အစီအမံများကို ရန်ကျီကိုယ်တိုင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး မအောင်မြင်သည့် လုယက်မှုဆိုတာ အလွန်တရာ ရှားပါးခဲ့သည် အထိ တော်လွန်းသူလည်း ဖြစ်သည်။
"ဟမ့်”
လဲ့ဟိုင်ရှ "ဘယ်လိုမရိုးရှင်းတာတုန်း။"
ရန်ကျီပြောလိုက်၏။ "ကျုပ်သိသလောက်ဆိုရင် သံမဏိအရိုးဂိုဏ်းက မကြာသေးခင်က ဟောင်ချီဂိုဏ်းကို စိန်ခေါ်ခဲ့သေးတယ်။"
လဲ့ဟိုင်ရှ ကြောင်သွား၏။ ပြီးနောက် အံ့အားတသင့်နှင့်ပြောလိုက်၏။ "အဲ့ဂိုဏ်းက အဆင့်ရှစ်ဂိုဏ်းတစ်ခု မဟုတ်ဘူးလား။သူတို့က ဘယ်လိုဖြစ်ပြီး အဆင့်ခြောက်ဂိုဏ်းတစ်ခုကို စိန်ခေါ်ရဲရတာလဲ။"
အဆင့်ခြောက်ဂိုဏ်းတစ်ခုအား သူတို့အနေနှင့် ဆိုလျှင်တောင် သတိပြုရပေလိမ့်မည်။ သူတို့အနေနှင့် အလျင်စလို စိတ်လိုက်မာန်ပါသွား၍ တိုက်ခိုက်၍ မဖြစ်ချေ။ နောက်ကွယ်မှာ လှည့်ကွက်များစွာ ကြံစည်ပြီးတော့မှ တိုက်ခိုက်နိုင်၏။
ရန်ကျီပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းက အဆင့်ကိုး ….. အိုး မဟုတ်ဘူး အခုလေးတင် အဆင့်တက်ထားတဲ့ အဆင့်ရှစ်ဂိုဏ်းတစ်ခုပဲ။"
လဲ့ဟိုင်ရှ သည် မျက်လုံးပြူးသွား၏။ "အဆင့်ရှစ်အဖြစ် အခုလေးတင်မှတက်ထားတဲ့ ဂိုဏ်းတစ်ခုက ဟောင်ချီဂိုဏ်းလို အဆင့်ခြောက်ဂိုဏ်းကို စိန်ခေါ်ရဲတယ်ဟုတ်လား။"
ရန်ကျီပြောလိုက်သည်။ "ကျုပ် မြို့ထဲကိုသွားပြီး ပစ္စည်းတွေဝယ်တဲ့အချိန်တုန်းက အဲ့သတင်းကို ကြားခဲ့ရတယ်။ ကြားကြားချင်း ယုံတောင်မယုံနိုင်ဘူး။"
လဲ့ဟိုင်ရှ ရယ်လိုက်၏။ "သူတိုက ချင်ဟောင်ရန်ကို သွားပြီးတော့ စိန်ခေါ်ရဲတယ်ဆို ဒီကောင်တွေ ပြာနှမ်းနေအောင် အရိုက်နှက်ခံရမှာပဲ။"
"ရလာဒ်က ဆန့်ကျင်ဘက်ပါပဲ။"
ရန်ကျီပြောလိုက်၏။ "ပြာနှမ်းနေအောင် အရိုက်ခံလိုက်ရတာက ချင်ဟောင်ရန်နဲ့သူရဲ့ တိုက်ရိုက်တပည့်တွေပဲ။"
အသေးစိတ်ကို သေချာမသိရှိဘူးဆိုသော်လည်း ဤသတင်းသည် ချင်းယန်နိုင်ငံတစ်ခုလုံးတွင် ပျံ့နှံ့နေပြီးသား ဖြစ်၏။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် ဤသတင်းအား ကြားရှိနိုင်၏။
"ပေါက်ကရ"
လဲ့ဟိုင်ရှ သည် စားပွဲကို ထုနှက်လိုက်သည်။ "ဘယ်လိုဖြစ်ပြီး အဆင့်ရှစ်ဂိုဏ်းလို သောက်တလွဲ ဂိုဏ်းလေးတစ်ခုက ချင်ဟောင်ရန်ကို ရိုက်နှက်နိုင်မှာလဲ။လူကြီးမင်းရန် … ခင်ဗျား ပေါက်ကရတွေ ကြားလာခဲ့ပြီထင်တယ်။"
"ခေါင်းဆောင်" ရန်ကျီလေးလေးနက်နက်ပြောလိုက်၏။
"ဒါက အခြေအမြစ်မရှိတာမဟုတ်ဘူး။ ဘာပဲပြောပြော ကျုပ်တို့က သံမဏိအရိုးဂိုဏ်းနဲ့ သွားပြီး ရင်ဆိုင်ရမယ်ဆိုတော့ သေချာသတိထားပြီး စဉ်းစားဖိုလိုတယ်။အလျင်စလို ပြုမူလို့မဖြစ်ဘူး။"
လဲ့ဟိုင်ရှ သည် ရန်ကျီအား အလွန်အမင်း ယုံကြည်လှ၏။ အဘယ့်ကြောင့်ဆိုသော် အချိန်တော်တော်များများတွင်လည်း ရန်ကျီ၏ အကြံဉာဏ်များသည် အလွန်အရေးကြီးခဲ့သည်မဟုတ်လော။
လင်းယုန်နက်ဂိုဏ်း ၏ ကြုံတွေ့ရနိုင်သော ကပ်ဘေးများအားလုံးကို ရန်ကျီ၏ အကြံဉာဏ်ဖြင့် ကြိုတင်ကာ ကာကွယ်နိုင်ခဲ့၏။
"လူကြီးမင်းရန်"
သူပြောလိုက်၏။ "ကျုပ်အထင် ခင်ဗျားရဲ့သဘောအရဆိုရင် ကျုပ်တို့ဘာလုပ်ရမလဲ။"
ရန်ကျီပြောလိုက်၏။
"အခုအတွက်ကတော့ သံမဏိအရိုးဂိုဏ်း လုပ်သလား၊ မလုပ်သလားဆိုတာ ကျုပ်တို့အနေနဲ့ မသေချာသေးဘူး။ဒီတော့ လူတွေလွှတ်ပြီး သွေးစစ်ဆေးမှု အတတ်ပညာကိုသုံးပြီး စမ်းသပ်ကြည့်ရမယ်။"
"တကယ်လို့ သူတို့လုပ်တယ်ဆိုရင်ကော။" လဲ့ဟိုင်ရှ ပြောလိုက်သည်။
ရန်ကျီ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ ပြီးနောက် သူသည် အေးစက်စက်ပြောလိုက်၏။ "ကျုပ်တို့ သံမဏိအရိုးဂိုဏ်းကို အပြင်ဘက်ကနေပြီးတော့ ပိတ်ဆိုထားမယ်။ပြီးတော့ ထွက်လာတဲ့ ဂိုဏ်းတပည့် တစ်ယောက်ချင်းစီတိုင်းကို သတ်ပစ်မယ်။"
ကျွင်းချောင်ရှောင်း ထိုစကားကိုသာ ကြားလျှင် ချက်ချင်းဆိုသလိုပဲ ကန္ဓာရလင်းယုန်သေနတ်အား ထုတ်ယူ၍ ထိုသူအား ပစ်မိလိုက်မှာ သေချာ၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ထိုသို့ ပြုလုပ်တတ်သည့်လူများကို အလွန်တရာ မုန်းတီးလှ၏။
"ကောင်းပြီ။"
လဲ့ဟိုင်ရှ ပြောလိုက်သည်။ "ဒါဆိုရင် အမဲလိုက်အဖွဲ့ကို လွှတ်လိုက်။ သူတို့ရဲ့ အားအင်အရဆိုလျှင် သံမဏိအရိုးဂိုဏ်းကို ကြိုက်သလို ပြုမူနိုင်စွမ်းရှိတယ်။"
သွေးစမ်းသပ်မှု အတတ်ပညာဆိုသည်မှာ မိစ္ဆာနည်းစနစ်တစ်ခုဖြစ်၏။ အမဲလိုက်အဖွဲ့ဆိုသည်မှာ လင်းယုန်နက်ဂိုဏ်း၏ လက်ရွေးစင်ဌာနတစ်ခုဖြစ်သည်။
ဂိုဏ်းချုပ် လဲ့သည် ထိုသူများကို စေလွှတ်၍ သွေးစမ်းသပ်မှုအား ပြုလုပ်ခိုင်းခဲ့၏။
အကယ်၍သာ သံမဏိအရိုးဂိုဏ်းမှ သူတို့၏ ဒုဂိုဏ်းချုပ်အား သတ်ဖြတ်ခဲ့သည်ဆိုလျှင် သူတို့သည် ရက်စက်လှသည့် နည်းလမ်းပေါင်းများစွာကို အသုံးပြု၍ ပြန်လည်ကလဲ့စားချေမှာ ဖြစ်သည်။
ကံဆိုးစွာဖြင့် သူတို့နှစ်ယောက် တိုင်ပင်နေတုန်းမှာပဲ လင်းယုန်တောင်၏ တောင်ခြေမှာတော့ ကျွင်းချောင်ရှောင်းသည် အစောကတည်းက ကြိုတင်ရောက်နှင့်နေသော လီလိုရှုနှင့် တွေဆုံခဲ့ပြီဖြစ်၏။
သူတို့သည် လင်းယုန်နက်ဂိုဏ်းအား မည်ကဲ့သို့ ဖျက်ဆီးမည် ဆိုသည်ကို စတင်၍ အစီအစဉ် ရေးဆွဲနေကြ တော့၏။