အခန်း (၂၂၆)
Vol. 16 Ch. 226
ပထဦးဆုံးတာဝန်ကို စတင်ထမ်းဆောင်သော လီထျန်းထျန်းသည် အလွန်တရာကြောက်လန့်နေ၏။ ထို့ကြောင့် သူ၏ ခြေထောက်များသည် အထိန်းကွပ်မဲ့စွာဖြင့် တုန်ခါလျက်ရှိသည်။
အထူးသဖြင့် များပြားလှသော အမဲလိုက်အဖွဲ့များ ဆင်းသက်လာသည်ကို မြင်ချိန်မှာတော့ သူ၏ ကြောက်လန့်ခြင်းများသည် တစ်ဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာသည်။ အဆုံးသတ်မှာတော့ သူ တည်ရှိနေကြောင်းအား တစ်ဖက်လူများ သိရှိစေခဲ့ပြီဖြစ်၏။
အနီးနားတွင် ပုန်းအောင်လျက်ရှိသော မြွေဟောက် သည် စိတ်ထဲမှ ဒေါသတစ်ကြီးဖြင့် အော်ဟစ်လိုက်မိသည်။ "ငါ ဘယ်လိုကောင်မျိုးကို လေ့ကျင့်ပေးခဲ့တာလဲ။ တစ်ဖက်လူကို မတိုက်ခိုက်ရသေးခင် သိသွားရတယ်လို့"
အမဲလိုက်အဖွဲ့ ခေါင်းဆောင်သည် လီထျန်းထျန်းကို ကြည့်ကာ ပြောလိုက်၏။ "သူ့ကိုသတ်လိုက်။"
ဝှစ် …. ဝှစ်။
သူပြောပြောပြီးချင်းမှာပဲ အမဲလိုက်အဖွဲ့များသည် သူတို့၏ လက်များကို ယမ်းခါလိုက်ကြ၏။ များပြားလှသော လက်နက်ပုန်းများသည် အလင်းတန်းများအဖြစ် ပြေးဝင်လာတော့သည်။
အစောကတည်းက ကြောက်ရွံ့လျက်ရှိသော လီထျန်းထျန်းသည် ရုတ်တရက်ဆိုသလိုပဲ မျက်လုံးတွေ ဖြူဖျော့သွားတော့သည်။ သူ၏ စိတ်တစ်ခုလုံးသည် အသိစိတ်ကင်းမဲ့ နေပြီး သစ်ပင်ပေါ်တွင် အရူးတစ်ယောက် ကဲ့သို့ မတ်မတ်ကြီးရပ်လျက်ရှိကာ ရှောင်ရှားခြင်းကိုပင် မပြုလုပ်နိုင်ချေ။
ဝှစ်။
မြွေဟောက်သည် တစ်ခြားသစ်ပင်တစ်ခုဆီမှ ပေါ်ထွက်လာပြီး တုန်ရင်နေသော လီထျန်းထျန်းအား အောက်သို ကန်ချလိုက်တော့သည်။
ရွှီ …. ရွှီ
လက်နက်ပုန်း ဆယ်ခုကျော်တို့သည် မြွေဟောက်၏ ခန္ဓာကိုယ်သို့ စိုက်ဝင်သွားတော့သည်။ ပြီးနောက် မြွေဟောက်သည် မျက်နှာတစ်ခုလုံး ရှုံ့မဲ့လျက် အောက်သို့ ပြုတ်ကျသွားတော့သည်။
မြွေဟောက်၏ ကန်ချက်ကြောင့် အောက်သို့ ပြုတ်ကျသွားခဲ့သော လီထျန်းထျန်းသည် ချက်ချင်းဆိုသလိုပဲ သတိပြန်ဝင်လာ၏။
သို့ပေမဲ့ သူ၏ ရှေ့သို့ ပြုတ်ကျလာသော မြွေဟောက်၏ ကျောဘက်တွင်လက်နက်ပုန်းများ စိုက်ဝင်လျက်ရှိပြီး သွေးများတစ်ပွက်ပွက် ထွက်နေသည်ကို မြင်တော့ ကြောက်လန့်တကြားနှင့် ပြောလိုက်သည်။ "အစ်ကို .. အစ်ကိုမြွေ။"
"ဘယ်လို သောက်ရူးကောင်လဲ ။"
မြွေဟောက်သည် သူ၏နာကျင်မှုများကို အောင့်ခံ၍ အော်လိုက်၏။ "သွားကြစို့"
ဤအသံသည် ပြာယာခတ်လျက်ရှိသော လီထျန်းထျန်းအား ဘာလုပ်ရမှန်းမသိဖြစ်စေ၏။ သူ မတ်တပ်ထရပ်ရန် ပြင်လိုက်ချိန်မှာတော့ တစ်ဖက်မှ ဒုတိယခေါင်းဆောင်သည် သူ၏လက်ထဲရှိ မဲနက်နေသော ကြာပွတ်တစ်ခုနှင့် ရိုက်နက်လိုက်တော့သည်။
"ငါတို့ လင်းယုန်နတ်ဂိုဏ်းရဲ့ နေရာထဲမှာ လာပြီး ပုန်းရဲတယ် ဟုတ်လား။မင်းတို့ အသက်ရှင်ရတာ ပင်ပန်းလွန်းနေပြီထင်တယ်။"
ရွှီ
ကြာပွတ်ရှည်ကြီးသည် လျှပ်တပြတ်ရောက်ရှိလာပြီး မြွေဟောက်၏ ကျောအား ထိမှန် သွားတော့သည်။
မြွေဟောက်၏ ဝတ်စုံတစ်ခုလုံးသည် စုတ်ပြတ်သတ်သွားပြီး ကျောပေါ်မှာတော့ နီရဲလှသော ကြာပွတ်ရာကြီး တစ်ခု ပေါ်လာ၏။
“ပြေး …. ပြေး။”
မြွေဟောက်သည် နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ သူ့တွင်ရှိသော နောက်ဆုံးအားအင်များကို အသုံးပြု၍ အော်ဟစ်လိုက်ခြင်းပင် ဖြစ်သည်။
အစ်ကိုမြွေ၏ ဒဏ်ရာတွေအပြည့်နှင့် နာကျင်နေသောပုံစံကို မြင်ရချိန်မှာတော့ လီထျန်းထျန်းသည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
မင်းတို့ ကောင်တွေ သေချာနားထောင်ထား။ လုပ်ကြံသူတစ်ယောက်အနေနဲ့ ဘယ်လောက်အန္တရာယ်များတဲ့ နေရာမှာပဲဖြစ်ဖြစ် အလုံးစုံတည်ငြိမ်နေရမယ်။ ကိုယ့်ရဲ့အဖော်က ဒဏ်ရာရရှိနေတယ်ဆိုရင်တောင်မှ ပထမဦးဆုံး ကိုယ့်ရဲ့ လုံခြုံရေးကိုပဲ ကိုယ်ဂရုစိုက်ရမယ်။အလျင်စလို ပြုလုပ်စရာမလိုဘူး။”
“ဒဏ်ရာရထားတဲ့လူကို ကယ်စရာမလိုဘူး။မဟုတ်ရင် နှစ်ယောက်လုံး ဆိုးရွားတဲ့အခြေအနေတွေကို သက်ရောက် သွားနိုင်တယ်။”
“ငါထပ်ပြီး ပြောမယ်။ လုပ်ကြံသူတွေရဲ့ စည်းမျဉ်းဥပဒေတွေအရ ကိုယ်ရှိတဲ့နေရာကို ပေါ်သွားပြီဆိုရင် တစ်ချက်ကလေးမှ မနှောင်းနှေးနဲ့။ ချက်ချင်း ထွက်ပြေးတော့။"
ဤအရာများသည် အစ်ကိုမြွေဟောက် သူနှင့် တစ်ခြားသူများအား သင်ကြားပေးခဲ့သော စကလုံးများဖြစ်သည်။
ထိုစကားသံများသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်သလိုမျိုး အကြိမ်ကြိမ် ပြန်ပေါ်လာ၏။
“မကြောက်နဲ့ … မကြောက်နဲ့။”
လက်ရှိတွင် တစ်ခုတည်းသော လုပ်နိုင်သောအရာမှာ ထွက်ပြေးခြင်းပင်ဖြစ်၏။
လီထျန်းထျန်း၏ ခြေထောက်များသည် မတုန်ရင်တော့ပေ။ သူသည် လှစ်ခနဲ ထရပ်လိုက်ပြီး ချက်ချင်းဆိုသလိုပဲ ဝိညာဉ်ခြေလှမ်းကွက်ကို အသုံးပြုကာ ပြေးလိုက်သည်။
ရွှီ
သို့ပေမဲ့ လီထျန်းထျန်းသည် လုပ်ကြံသတ်ဖြတ်သူများ၏ စည်းမျဉ်းအရ တခြားသို့ ထွက်ပြေးသွားခြင်း မဟုတ်ပေ။ ထိုအစား ကြာပွတ်နှင့် ရိုက်နက်နေသော အမဲလိုက်အဖွဲ့ ဒုတိယခေါင်းဆောင်ဆီသို့ ပြေးလွှား၍ မြွေဟောက်အား ပွေ့ချီလိုက်တော့၏။
ရှည်လျားလှသော ကြာပွတ်ကြီးသည် ရောက်ရှိလာ၏။ သို့ပေမဲ့ လေကိုသာ ရိုက်နှက်မိလေသည်။
လီထျန်းထျန်းသည် ဒဏ်ရာရရှိလာသော မြွေဟောက်အား အသာချီ၍ မြင်းရိုင်းတစ်ကောင်ကဲ့သို့ အလျင်အမြန် ပြေးလွှားသွားတော့သည်။ လမ်းတစ်လျောက်မှာတော့ သူ၏ မျက်ရည်များသည် မျက်လုံးအိမ်ထဲမှ ထွက်ပေါ်လာတော့၏ ။
သူသည် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ "အစ်ကိုမြွေ …. ကျုပ်မှားပါပြီ။ အစ်ကိုမြွေ မသေပါနဲ့။"
သူသည် အလွန်တရာ မြန်ဆန်အောင် ပြေးလွှားနေသောကြောင့် အစ်ကိုမြွေ၏ ဒဏ်ရာများကို ဂရုမစိုက်မိပေ။
ထို့ကြောင့် အစ်ကိုမြွေသည် လမ်းမှာရှိသော သစ်ပင် သစ်ကိုင်းများနှင့် ရိုက်မိ၍ သွေးတွေထွက်ကာ မျက်လုံးတွေ ချာချာလည်ပြီး မေ့မျောသွားတော့သည်။
"သူ့ကို မလွတ်စေနဲ့။" အဖွဲ့ခေါင်းဆောင်သည် အော်ဟစ်လိုက်၏။
ဝှစ် …. ဝှစ်။
အမဲလိုက်အဖွဲ့မှ အဖွဲသားဆယ်ယောက်ကျော်တို့သည် သူတို့၏ လက်နက်ပုန်းများအား အရူးအမူး ပစ်လွှတ်လိုက်ကြတော့သည်။
သိုင်းတပည့် ဒုတိယအဆင့်သာ ရှိသော လီထျန်းထျန်းသည် သူတို့အတွက်တော့ အလွန်သေးငယ်သော ကျင့်ကြံသူလေးတစ်ယောက်သာဖြစ်၏။
သို့ပေမဲ့ လီထျန်းထျန်းသည် အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် ကွေ့ဝိုက်ကာ ပြေးလွှားလျက်ရှိနေသည်။
လက်နက်ပုန်းများအားလုံးသည် သူ့အား ကျော်ဖြတ်သွား၏။
တစ်ချို့သည် သစ်ပင်ပေါ်တွင် စိုက်လျက်ရှိသည်။ တစ်ချို့မှာတော့ ကျောက်တုံးများအား ထိမှန်ပြီး လွင့်စင်ကာ အနောက်ဘက်သို့ ရောက်ရှိသွားတော့သည်။
"ချီးတဲ့မှ …"
အဖွဲ့ဝင်တစ်ယောက်သည် သူ၏ လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ လီထျန်းထျန်း၏ နောက်သို့ ပြေးလိုက်လာ၏။
သူ၏ လက်ထဲတွက်ရှိသော ချွန်ထက်လှသည့် ဓားသည် စိတ်ဝိညာဉ်စွမ်းအင်များကြောင့် လက်ကနဲ ဖြစ်သွားသည်။
“သေစမ်း …”
လီထန်းထန်းသည် ချောင်ပိတ်မိနေပြီဖြစ်သောကြောင့် ရုတ်တရက်ဆိုသလိုပဲ သူ၏ လက်ကို မြှောက်ကာ ခုတ်ပိုင်းလိုက်တော့၏။
ဘန်း။
အလင်းတန်းတစ်ခု ရောက်ရှိလာပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးများသည် လီထျန်းထျန်း၏ မျက်နှာပေါ်သို့ လာစင်လေ၏။
"ပူပူကြီးပါ့လား။ အား ….အား။"
လီထျန်းထျန်းသည် အော်ဟစ်လိုက်မိ၏။ ပြီးနောက် သူသည် ရုတ်တရက်ဆိုသလိုပဲ ထပ်မံ ပြေးလွှားသွားတော့သည်။
ပုခုံးပေါ်တွင်ရှိသော မြွေဟောက်မှာတော့ အစောကြီးကတည်းက မေ့မျောနေပြီဖြစ်၏။ သို့ပေမဲ့ သူသည် သွေးတွေ အန်နေသေး၏။
သူတို့၏ ဦးခေါင်းအား လက်နက်ပုန်းထိမှန်သွားသည်ကို မြင်လိုက်ချိန်မှာတော့ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့သည် ဒေါသတကြီး အော်ဟစ်လိုက်ကြတော့သည်။
ဘန်း။
ထိုအချိန်မှာတော့ သူတို့၏ အဖွဲ့ထဲမှ တစ်ယောက်သည် ဦးခေါင်းအား ထိမှန်ပြီး မြေပေါ်သို့ လဲကျသွားတော့သည်။
ဝှစ် …ဝှစ် … ဝှစ်။
အဝေးတစ်နေရာမှာတော့ လီလိုရှုသည် သစ်ပင်ပေါ်၌ မတ်မတ်ရပ်ပြီး သေနတ်သုံးချက်ကို ဆက်တိုက်ဆိုသလိုပဲ ပစ်လွှတ်လိုက်၏။
ပြီးနောက် ပစ်မှတ် သုံးယောက်ကို ထိမှန်စေခဲ့သည်။
သူမ၏ ပစ်ခတ်ခြင်းစွမ်းရည်သည် ရှောင်ကျီနှင့် နှိင်းယှဉ်၍ ရနိုင်သည်အထိ ကောင်းမွန်လှ၏။ သူမသည် ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ခြင်းတွင် အလွန်ပါရမီရှိသူဟု ဆိုရမည်။
"အစ်ကိုကြီး"
ဒုတိယဂိုဏ်းခေါင်းဆောင်သည် ထအော်လိုက်၏။ "ဒါ ဘယ်လိုမျိုး လက်နက်ပုန်းမျိုးလဲ။"
ခေါင်းဆောင်သည် ဒေါသထွက်နေသည်ဆိုသော်လည်း သေချာအမိန့်ပေးလိုက်၏။ "အမှောင်ထဲမှာ လူတွေရှိနေသေးတယ်။ အားလုံးပဲ ဂရုစိုက်ကြ။"
ရွှီ …. ရွှီ …... ရွှီ။
ကျွင်းချောင်ရှောင်၏ အကြံသည် ထိုသူများ တောင်အောက်သို ဆင်းလာသည်အထိ အချိန်ယူကာ ခြုံခိုတိုက်ခိုက်ကြရန်ဖြစ်သည်။
သို့ပေမဲ့ လီထျန်းထျန်းရှိနေကြောင်းကို တစ်ဖက်မှ ကြိုတင်သိရှိသွားပြီဖြစ်သောကြောင့် သူတို့ ချက်ချင်းဆိုသလိုပဲ ထိုလူများအား တောင်တက်လမ်းမှာတင် သတ်ဖြတ်ရပေတော့မည်။
ဝှစ် … ဝှစ်။
အခြားတစ်ဖက်မှာတော့ ရှောင်ကျီသည် ဆက်တိုက်ဆိုသလိုပဲ သေနတ်မောင်းအား ဆွဲလျက်ရှိသည်။
လေတိုးသံများ ထွက်ပေါ်လာပြီးနောက် အမဲလိုက်အဖွဲ့မှ အဖွဲ့သားများသည် တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံနေရ၏။
သိုင်းစစ်သူကြီး အဆင့်ငါး နှင့် နှိုင်းယှဉ်၍ ရသော သားရဲကြီးနှင့် တိုက်ခိုက်ရာတွင် စနိုက်ပါသည် အစွမ်းအစမဲ့ခဲ့သည်ဆိုသော်လည်း သိုင်းဆရာကျင့်ကြံသူများနှင့် ယှဉ်ပြိုင်သည့်အခါမှာတော့ အလွယ်တကူ သတ်ဖြတ်ပစ်နေနိုင်သည်။
ရှောင်ကျီနှင့် လီလိုရှုတို့၏ ဆက်တိုက်သတ်ဖြတ်မှု အောက်မှာတော့ အမဲလိုက်အဖွဲ့မှ အဖွဲ့ဝင်များအားလုံးသည် ဝရုန်းသုန်းကား ဖြစ်ကုန်ကြ၏။
ထို့အပြင် လက်နက်ပုန်းသည် ပေါ်လာလိုက် ၊ ပျောက်သွားလိုက်နှင့် အချိန်တိုင်းဆိုသလိုပဲ သူတို့၏ လူများအား သတ်ဖြတ်ပစ်နေ၏။ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်။
"နောက်ကိုဆုတ်။"
ခေါင်းဆောင်သည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း နားလည်လိုက်မိ၏။ ထို့နောက် ချက်ချင်းဆိုသလိုပဲ ဆုံးဖြတ်ချက်ချလိုက်သည်။
သို့ပေမဲ့ နောက်ဘက်သို့ လှည့်ကြည့်လိုက်ချိန်မှာတော့ တောင်တက်လှေကားပေါ်တွင် ဗလတောင့်တောင့် နှင့် လူတစ်ယောက် ထိုင်နေကြောင်းကို မြင်လိုက်ရ၏။
ထိုသူသည် သူ၏လက်ချောင်းများအား ပိုက်၍ သက်တောင့်သက်သာ မေးထောက်လျက်ရှိနေသည်။
မဲနက်နေသည့် ဆံနွယ်များသည် လေထဲသို့ လွင့်စင်လျက်ရှိပြီး အလွန်တရာ အေးစက်၍ တင်းမာလှသော မျက်နှာထားအား ပေါ်လွင်နေစေသည်။ သူ၏ နောက်ဘက်တွင်တော့ ဓားတစ်လက်ရှိနေ၏။
ဓားအိမ်ထဲမှ မထုတ်ရသေးဘူးဆိုသော်လည်း အလွန်တရာ အေးစက်သည့် အော်ရာများ ထွက်ပေါ်လျက်ရှိသည်။
ဤသူသည် ရီရှင်းချန်ပင် ဖြစ်တော့၏။
သူသည် ကျောက်လှေကားပေါ်တွင် ငြိမ်ငြိမ်သက်သက် ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီမှ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အော်ရာများ ထွက်ပေါ်နေသည်။
ချလွမ် …… ချလွမ်။
တောင်ခြေနားဆီမှ ဓားထုတ်သည့်အသံများ ထွက်ပေါ်လာသည်။ လီချင်းယန်ဦးဆောင်သော သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် လက်နက်များကို ထုတ်၍ အပေါ်သို့ ပြေးတက်လာတော့သည်။
တစ်ဖက်လမ်းအား ရီရှင်းချန်သည် ပိတ်ဆိုထားပြီးဖြစ်၏။
ဘေးတစ်ဖက်တစ်ချက်တွင်လည်း မိုးဆွေဟောခန်းမှ လူများနှင့် ဂိုဏ်းချုပ်တို့ ရှိနေ၏။ ထို့ကြောင့် သူတို့သည် အောက်ဘက်မှပိတ်၍ တိုက်ခိုက်ရပေလိမ့်မည်။
အမဲလိုက်အဖွဲ့ဝင်များသည် အချိန်တိုအတွင်း ဝိုင်းပတ်ခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားကြ၏။
"လက်နက်တွေကို ထုတ်ကြ။" ခေါင်းဆောင်သည် အသံနက်ကြီးဖြင့် အော်လိုက်၏။
ဝှစ် .. ဝှစ်။
သူ၏ နောက်လိုက်နောက်ပါ အကုန်လုံးသည် ဓားများကို ဆွဲထုတ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ အားကောင်းလှသော အော်ရာများ ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် သတ်ဖြတ်ခံလိုက်ရသော တပည့်များမှ လွဲ၍ တစ်ခြားသော သူများသည် အနည်းငယ် ကြောက်ရွံ့နေသည်ဆိုသော်လည်း အလွန်ပြင်းထန်သော တိုက်ပွဲများကို ရင်ဆိုင်ဖူးသူများ ဖြစ်သောကြောင့် အချိန်အနည်းငယ်အကြာတွင် ပြန်လည်၍ တည်ငြိမ်လာကြ၏။
"ဒုတိယအစ်ကို … အောက်ကလူတွေက အပေါ်ကို တက်လာကြပြီ။ အပေါ်မှာရှိနေတဲ့ ကြောင်တောင်တောင် ကောင်ကို အရင်သတ်လိုက်မယ်။ ပြီးတော့မှ"
"အပေါ်မှာ ရှိနေတဲ့ ကြောင်တောင်တောင်ကောင်ကို အရင်သတ်လိုက်။ ကျုပ်တို့က အောက်က လူတွေကို တားထားမယ်။"
"ကောင်းပြီ။"
ဒုတိယခေါင်းဆောင်သည် သူ၏ နောက်ပိုင်းနောက်ပါ နှစ်ဆယ်ကျော်တို့ကိုစုစည်း၍ ကျောက်လှေကားပေါ်သို့ ပြန်တက်လိုက်ကြသည်။
သူ၏ နောက်လိုက်နောက်ပါများသည် ရှေ့၌ ခြေတစ်လှမ်းဦးစွာ ချီတက်သွားကြသည်။ သူတို့သည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များအား လက်နှက်အတွင်းသို့ ထည့်သွင်းလိုက်ကြ၏။
"အမှိုက်ကောင်တွေ"
ရီရှင်းချန်၏ အကြည့်သည် အထင်အမြင်သေးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။
ထိုသူများ သူနှင့်နီးကပ်လာချိန်မှာတော့ သူ၏ ညာလက်သည် အအေးဓားအား ဆွဲထုတ်လိုက်တော့သည်။
ချလွမ်။
အေးစက်သည့် အလင်းတန်းများ ဖြတ်ပြေးသွားတော့၏။
ဝှစ် …. ဆွစ် … ဝှစ်။
ရီရှင်းချန်သည် အသက်တစ်ရှိက်စာအတွင်း ဓားချက်မည်မျှထုတ်ဖော်ခဲ့သည်ကို မြင်နိုင်ရန် ခက်ခဲလှသည်။
သို့ပေမဲ့ အလင်းတန်းများ ပျောက်ကွယ်သွားချိန်မှာတော့ အလျင်စလို ပြေးတက်လာကြသော အမဲလိုက်အဖွဲ့မှ အဖွဲ့ဝင်နှစ်ဆယ်ကျော်တို့အားလုံးသည် တည်နေရာတွင် မတ်မတ်ကြီးရပ်လျက် ရှိနေကြတော့၏။
ရီရှင်းချန်သည် ထိုသူများ ဘေးနားမှာကပ်၍ အသာ ဖြတ်လျှောက်လိုက်သည်။
ပြီးနောက် သိုင်းဆရာအဆင့်တစ် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ဒုတိယ ခေါင်းဆောင်အား ငုံကြည့်ကာ အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ "သေခြင်းတရားက ဘယ်လို ခံစားချက်ရှိလဲဆိုတာကို ခင်ဗျားသိလား။"