အခန်း (၂၂၉)
Vol. 16 Ch. 229
အဖွဲခေါင်းဆောင်နှင့် ဒုတိယအဖွဲ့ခေါင်းဆောင်အပါအဝင် အမဲလိုက်အဖွဲ့၏ အဖွဲ့ဝင်တစ်ရာကျော်သည် နာရီဝက်အတွင်းမှာပဲ အသတ်ဖြတ်ခံလိုက်ရသည်။
အားလုံးမဟုတ်သေးပေ။ အသက်ရှင်ကျန်ရစ်နေသူမှာ တစ်ယောက်ကျန်နေသေး၏။
ထိုသူမှာ ဖင်မဲကြီး ဆိုသူဖြစ်သည်။ သူသည် အလွန်အမင်း နာကျင်သည့်ဝေဒနာကို ခံစားနေရသည်။
ဖြစ်နိုင်မည်ဆိုလျှင် သူ၏အပေါင်းအဖော်များအား လှမ်းအော်၍ အကူအညီတောင်းချင်မိ၏။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အသက်ဝင်နေသော ရေခဲရုပ်တစ်ခုကဲ့သို့ အေးခဲလျက်ရှိ၏။
ထိုကဲ့သို့ သူ့အား စည်းခတ်ထားသူမှာ လုချင်းချင်းဖြစ်ပြီး ဤနေရာသို့ သူ့အား သယ်ဆောင်လာသူမှာ လီယုဟွာပင် ဖြစ်တော့သည်။
လက်ရှိအချိန်တွင်တော့ သူသည် ကျောက်တုံးတစ်ခု၏ ဘေးနားတွင် ချထားခြင်းခံရပြီး သံမဏိအရိုးဂိုဏ်းတပည့်များက ဝန်းရံထားကြ၏။
"စီနီယာအစ်မကြီးက အရမ်းကြမ်းတယ်။ သက်ရှိလူတစ်ယောက်ကို ရေခဲတုံးတစ်ခုလိုမျိုး စည်းခတ်ထားတာပဲ။"
"ငါ့မျက်စိနဲ့သာ မမြင်ရင် ဒီကိစ္စကို ယုံမှာတောင်မဟုတ်ဘူး။ ဒီထဲမှာ စည်းခတ်ခံထားရတော့ ဒီကောင်ကြီးက တော်တော်အေးနေလိမ့်မယ်။ဟုတ်တယ်မလား။"
အေးသည်ဆိုသည်ထပ်ပင်ပိုလှ၏။ ဖင်မဲကြီးသည် ရေခဲများနှင့် ရစ်ပတ်ခြင်းခံထားရသောကြောင့် ရေခဲငရဲခန်းသို့ ရောက်ရှိနေသလို တဆစ်ဆစ်ဖြင့် အလွန်အမင်းနာကျင်သည့်ခံစားမှုမျိုးကို ခံစားနေရ၏။
သူ့၌ ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် ဓားထက်ထက်တစ်ချောင်းနှင့် ဦးခေါင်းကို ဖြတ်တောက်ခြင်းကိုသာ ခံလိုက်ချင်မိသည်။
လက်ရှိအခြေအနေမှာတော့ သူသည် လူမဆန်သည့် နှိပ်စက်မှုအား ခံစားနေရသည်ဟု ထင်မြင်မိသည်။ ဆိုးတာတစ်ခုမှာ သူ့အနေနှင့် ရွေးချယ်ခွင့် ဟူ၍ မရှိချေ။
အဘယ့်ကြောင့်ဆိုသော် သူသည် တောင်အဆင်းလမ်း၌ ပြောခဲ့သော စကားလုံးတစ်ခုစီတိုင်းအတွက် တာဝန်အပြည့်အဝယူရတော့မည် ဖြစ်၏။
"ဂိုဏ်းချုပ်"
လီလိုရှု၏ လှပသောမျက်လုံးများသည် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေ၏။ "ဒီကောင့်ရဲ့ပါးစပ်က ကျက်သရေမရှိဘူး။ သူ့ကို ကောင်းကောင်းမှ မနှိပ်စက်ရရင် စိတ်ကျေနပ်မှာမဟုတ်ဘူး။"
ဖင်မဲကြီး၏ ပိုးစိုးပက်စက် အပြောအဆိုများအား ကြားခဲ့သော ဟောခန်းသခင်လီသည် မည်သိုမှ စိတ်မထိန်းသလို ဖြစ်မိနေသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဒီကိစ္စကို ခင်ဗျား ပဲ ကြည့်ကြပ်လုပ်လိုက်တော့။"
"ဝှစ်"
လီလိုရှုသည် သူ၏လက်ကို ရမ်းခါလိုက်၏။ သူ၏လက်ထဲတွင်တော့ အလွန်တရာ ထက်မြက်လှသော ဓားမြောင်လေးတစ်ချောင်း ပေါ်လာသည်။ ပြီးနောက် သူသည် ရေခဲရုပ်နားဆီသို့ သွားရောက်၍ လက်အားဖြတ်တောက်လိုက်တော့သည်။
"ခရက်"
ရေခဲအပိုင်းအစတစ်ခု ကျဆင်းသွားချိန်မှာတော့ အထဲတွင် လူတစ်ယောက်၏ လက်က ရှိလို့နေ၏။
"ခရက် ခရက် ခရက်"
ဖင်မဲကြီး ဖြတ်တောက်ခံလိုက်ရသော လက်သည် အပြင်ဘက်သို့ ရောက်ရှိလာ၏။ သို့ပေမဲ့ သွေးတွေမထွက်လာခင်မှာပဲ ရေခဲနှင့် စည်းခတ်ခြင်း ခံလိုက်ရသည်။
ဤအရာသည် နာကျင်လေသလား။
အလွန်အမင်း နာကျင်သည်ဟု ဆိုရမည်။
ဖင်မဲကြီးသည် သူ၏နှလုံးသားအား အပ်တစ်ချောင်းနှင့် ဆက်ကာဆက်ကာထိုးနေသလို အလွန်အမင်း နာကျင်သည့် ဝေဒနာကို ခံစားလျက်ရှိ၏။
လီလိုရှုသည် သူ၏ ဓားမြောင်ကို ကြမ်းကြမ်းတမ်းတမ်း ရမ်းခါပြီး ရေခဲလွှာများအား အပိုင်းပိုင်း လှီးဖြတ်လျက်ရှိ၏။
လုချင်းချင်းသည် ဘေးတစ်ဖက်တွင် ရပ်တန့်ကာ ခံစားချက်ကင်းမဲ့သည့် အမူအရာမျိုးနှင့် ရှိနေသည်။
သို့ပေမဲ့ သူမသည် ဖင်မဲကြီး၏ ပြတ်တောက်သွားသော အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းအား ရေခဲစွမ်းအင်များ အသုံးပြု၍ ရေခဲတုံးများဖြစ်အောင် ပြုလုပ်လျက်ရှိသည်။
ထိုအမျိုးသမီးနှစ်ယောက်၏ ရှေ့မှာတော့ ဖင်မဲကြီးသည် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီဖြစ်နေ၏။
"အရမ်းရက်စက်လွန်းတယ်။"
သတ်ဖြတ်ခြင်းကို အတွေ့အကြုံယူခဲ့ရသော သံမဏိအရိုးဂိုဏ်းတပည့်များ အားလုံးသည် ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်ရချိန်မှာတော့ ဦးခေါင်းများ တစ်ဖက်သို့ လှည့်လိုက်မိ၏။
"ယွမ်ရွှယ်"
လီလိုရှုပြောလိုက်၏။ "မင်းဒီကိုလာပြီး တစ်ချက်လောက်ခုတ်။"
"အမ်"
လင်းယွမ်ရွှယ်သည် ဓားမြောင်အားထုတ်ယူ၍ ရေခဲရုပ်တုရှေ့သို့ ရောက်ရှိလာတော့သည်။ ပြီးနောက် သူမသည် မျက်လုံးကိုမှိတ်ကာ ဓားဖြင့်ဝှေ့ရမ်းလိုက်၏။
"ဖြောင်း"
ရေခဲလွှာများနှင့် ရစ်ပတ်ခြင်းခံရသော လူ့ခန္ဓာကိုယ် အပိုင်းအစများသည် အောက်သို့ ကျဆင်းသွားသည်။
အဆုံးသတ်မှာတော့ ဖင်မဲကြီးဟုခေါ်သောသူသည် အပိုင်းအစ တစ်ထောင်နီးပါးခန့် ခုတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့ပြီဖြစ်သည်။ ဖြစ်စဉ်တစ်ခုလုံးသည် မည်မျှနာကျင်မည်ဆိုသည်ကို စကားလုံးဖြင့် ဖော်ပြ၍ပင် မရနိုင်ချေ။
အဆုံးသတ်မှာတော့ သူသည် သူ၏အပေါင်းအဖော်များအား ပြောခဲ့သလို အမျိုးသမီးများ၏လက်တွင် အမှန်တကယ် သေဆုံးခဲ့ခြင်းဖြစ်၏။
ဟုတ်ပေသည်။ သူ၏တောင်းဆုများ ပြည့်စုံသွားခဲ့သည်ဟု ဆိုရမည်။
လှပသော မိန်းကလေးသုံးယောက်၏ အစိတ်အပိုင်း တစ်ထောင်နီးပါးခန့် ဖြတ်တောက်ခြင်းကို ခံလိုက်ရသည့်အတွက် သူသည် ဝိညာဉ်ဖြစ်သွားမည်ဆိုလျှင်တောင်မှ တော်တော်ကို ဆိုးရွားသည့် ဝိညာဉ်အဖြစ် ဖြစ်တည်ပေလိမ့်မည်။
သတ်ဖြတ်ပွဲတွင် ပါဝင်ခဲ့ကြသော သံမဏိအရိုးဂိုဏ်းတပည့်များ အားလုံးသည် လူတွေကို သတ်ဖြတ်ခဲ့မိ၏။ တစ်ချို့သည် လူတစ်ယောက်ထပ်ပင် ပိုမို၍ သတ်ဖြတ်ခဲ့သေး၏။
ဤရက်စက်လှသော လောကကြီးတွင် ထိုကဲ့သို့သော အရာကို အတွေ့အကြုံယူရသည်ဆိုသည်မှာ သာမန်ပင်ဖြစ်သည်။
အပြောင်းအလဲကြီး ပြောင်းလဲသွားသူမှာ လီထျန်းထျန်းပင်ဖြစ်သည်။
သူသည် မျက်ခင်းပြင်ပေါ်တွင် လဲလျောင်းရင်း သူသတ်ဖြတ်ခဲ့သော မြင်ကွင်းများအား ပြန်လည်မြင်ယောင်နေမိ၏။ အစပိုင်းတွင် ကြောက်ရွံ့စိတ်များ အနည်းငယ်ရှိသည် ဆိုသော်လည်း နောက်ပိုင်းတွင် ဤအရာသည် ကိစ္စကြီးတစ်ခုမဟုတ်မှန်း နားလည်သွားမိ၏။
"ဒီနေ့မှာ … "
လီထျန်းထျန်း သည် သူ့ကိုယ်သူပြောလိုက်သည်။ "ငါ လီထျန်းထျန်းက ကောင်းကင်ပေါ်ကို ပြန်တက်တဲ့နေ့ပဲ။"
လင်းယွမ်ရွှယ်သည်လည်း လူသတ်ခဲ့၏။
သို့ပေမဲ့ သူမသည် သူမ၏စီနီယာအစ်ကို၊ အစ်မ များ၏ အကူအညီဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူမသည် အလွန်အမင်း ကြောက်လန့်နေသည်ဆိုသော်လည်း ဘာမှန်းမသိဘဲ သတ္တိများတော့ရရှိခဲ့၏။ ထိုသတ္တိများသည် အနာဂတ်တွင် အကူအညီဖြစ်စေလိမ့်မည်။
"ဂိုဏ်းချုပ်"
လီလိုရှုကပြောလိုက်သည်။ "ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။"
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးတစ်ခုပေါ်တွင် လှဲလျောင်းရင်း အသာပြုံးလိုက်၏။
"တပည့်တွေအများကြီး သေသွားပြီဆိုတော့ ဘယ်သူကငြိမ်ခံနေမှာလဲ။ကျိန်းသေပေါက် ထွက်လာမှာပေါ့။"
………
လင်းယုန်နက်ဟောခန်း ……
"ဘန်း"
လက်ဖက်ရည်စားပွဲသည် လဲ့ဟိုင်ရှ ၏ လက်ဝါးရိုက်ချက်ဖြင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်အမင်းကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာ များနှင့် ပြည့်နှက်နေပြီး အနားကပ်လာသူတိုင်းအား သတ်ဖြတ်ချင်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေတော့၏။
သူသည် အမဲလိုက်အဖွဲအား ချက်ချင်းလှုပ်ရှားရန် အမိန့်ပေးခဲ့၏။ သို့ပေမဲ့ ရလာဒ်အရ တောင်ခြေသို့ မဆင်းရခင်မှာပဲ အမဲလိုက်အဖွဲ့မှ အဖွဲ့သားများအားလုံး သတ်ဖြတ်ခံလိုက်ရသည်။ ဤအရာသည် ကျိန်းသေပေါက် လက်သင့်ခံနိုင်သောအရာ မဟုတ်ပေ။
သာမန်တပည့်များဖြစ်မည်ဆိုလျှင် ကိစ္စမရှိ။ သူ အရင်းအမြစ်တော်တော်များများ အသုံးပြု၍ သေသေချာချာ လေ့ကျင့်ပေးထားခဲ့သော အမဲလိုက်အဖွဲဝင်များ သေဆုံးခဲ့သည်ဆိုခြင်းမှာ အလွန်အမင်းနစ်နာသည့် ကိစ္စပင်ဖြစ်၏။
"ဂိုဏ်းချုပ်"
ရန်ကျီ သည် မျက်မှောင်ကုတ် ကာ ပြောလိုက်၏။
"တောင်ခြေမှာ ပုန်းအောင်းပြီး တိုက်ခိုက်ခဲ့တဲ့လူတွေက ပေါ့သေးသေး တော့မဟုတ်ဘူး။"
အမဲလိုက်အဖွဲ့အား အချိန်တိုအတွင်း သတ်ဖြတ်ခဲ့ပြီး ခေါင်းဆောင်ကိုတောင်မှ တောင်၏ ဂိတ်တံခါးနားတွင် သတ်ဖြတ်ခဲ့၏။
ဤအရာသည် သာမန်ကျင့်ကြံသူများ ပြုလုပ်နိုင်သည့်အရာမဟုတ်ပေ။
"လူကြီးမင်းရန်"
လဲ့ဟိုင်ရှ သည် သူ၏ဒေါသကို ဖိနှိပ်ရင်း ပြောလိုက်၏။ "လင်းယုန်နက်ဂိုဏ်းရဲ့တောင်ခြေကို လာပြီးတော့ ဘယ်သူကရန်စရဲတာလဲ။"
"ဒါကပြောဖို့ခက်ပါတယ်။"
ရန်ကျီသည် ဖြစ်နိုင်ဖွယ်ရာလူများကို သေချာစဉ်းစားခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ အချိန်အတော်ကြာ စဉ်းစားပြီးသည့် နောက် မည်သူလုပ်သည်ဆိုသည်ကို အဖြေရှာ မရချေ။
ဒုတိယဂိုဏ်းခေါင်းဆောင်က ပြောလိုက်၏။ "မကြာသေးတဲ့အချိန်တုန်းက ကျုပ်တို့ မိုးကြိုးဂိုဏ်းက ပစ္စည်း တွေကို လုယက်ခဲ့သေးတယ်။သူတို့များ ဖြစ်နေမလား။"
"မဖြစ်နိုင်ဘူး။"
ရန်ကျီသည် ဘာမှမပြောချေ။
သို့ပေမဲ့ လဲ့ဟိုင်ရှ က အရင်ဆုံးငြင်းလိုက်၏။ "မိုးကြိုးဂိုဏ်းက လင်းယုန်နက်ဂိုဏ်းလို အဆင့်ခုနစ်ဂိုဏ်းတစ်ခု ဖြစ်တယ် ဆိုပေမဲ့ သူတို့မှာ အဲ့လိုလုပ်ဖို့ အရည်အချင်းမရှိဘူး။"
"ဖြစ်နိုင်တာက ….."
ဒုတိယဂိုဏ်းချုပ်သည် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်၏။ "အဆင့်ခြောက်ဂိုဏ်းတစ်ခုခု လုပ်တာလား။"
ရန်ကျီသည် သူ၏ဦးခေါင်းကို ခါရမ်းကာ ပြောလိုက်၏။
"ဒီသုံးနှစ်အတွင်း ကျုပ်တို့ရဲ့ပစ်မှတ်တွေအကုန်လုံးက အဆင့်ရှစ်နဲ့ အဆင့်ကိုး ဂိုဏ်းတွေချည်းပဲ။ ကျုပ်တို့ အဆင့်ခြောက်ဂိုဏ်းတစ်ခုကို ဘယ်တုန်းကမှ အပြစ်မလုပ်ဖူးဘူး။"
လဲ့ဟိုင်ရှ သည် ဒေါသတကြီးပြောလိုက်သည် "ဘယ်သူပဲလုပ်လုပ် ကိစ္စမရှိဘူး။ငါ့ရဲ့ လင်းယုန်နက်ဂိုဏ်း ကလူတွေကို သတ်ဖြတ်တဲ့အတွက် ကြီးမားတဲ့ပေးဆပ်မှုကို ပြန်ပေးဆပ်ရမယ်။"
"လူကြီးမင်းရန် … ခင်ဗျားဆီမှာ အကြံရှိလား။"
"တန်ပြန်တိုက်ခိုက်ကြရအောင်။"
ရန်ကျီပြောလိုက်သည်။ "ကျုပ်မြင်ခဲ့ရသလောက်ဆို သူတို့က လူခုနစ်ဆယ်ကနေ ရှစ်ဆယ်နီးပါးရှိတယ်။ ရန်သူတွေက အမှောင်ထဲမှာရှိပြီး ကျုပ်တို့က အလင်းထဲမှာရှိတယ် ။ ပြီးတော့ သူတို့ဆီမှာ အရမ်း အားကောင်းတဲ့ လက်နက်ပုန်းတွေလည်းရှိသေးတယ်။ ဒါကြောင့် ထိပ်တိုက်သွားပြီး တိုက်ခိုက်မယ်ဆိုရင် အကျိုးမရှိနိုင်ဘူး။"
"ညရောက်တဲ့ထိစောင့်ပြီး တောင်ရဲ့အနောက်ဖက်ကနေ တိတ်တဆိတ်ချောင်းမြောင်းပြီး တိုက်ခိုက်မယ်ဆိုရင် တစ်ခါတည်းနဲ့ သူတို့အားလုံးကို သတ်ပစ်နိုင်တယ်။"
"ဒါအဓိပ္ပာယ်ရှိတယ်။"
လဲ့ဟိုင်ရှ သည် ဒုတိယဂိုဏ်းချုပ်အား ကြည့်ကာပြောလိုက်သည်။
"စမ်းကျီ ဂိုဏ်းခွဲမှုး အနည်းငယ်နဲ့ ဖြတ်ဖြတ်လတ်လတ်ရှိတဲ့ တပည့်တွေကိုခေါ်ပြီး တောင်အနောက် ချောက်ကနေဆင်းသွားကြ။ ပြီးတော့ ခြုံခိုတိုက်ခိုက်သူတွေကိုရှာ။ ပြီးရင် အချက်ပြလိုက်။"
"ကောင်းပါပြီ။" ဒုတိယဂိုဏ်းချုပ်သည် မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွား၏။
……..
လင်းယုန်နက်ဂိုဏ်း၏ တောင်ခြေမှာတော့ ရှောင်ကျီသည် စနိုက်ပါသေနတ်ကို ကိုင်ဆောင်ပြီး ရှစ်ဆမှန်ဘီလူးမှတစ်ဆင့် လင်းယုန်နက်ဂိုဏ်း၏ တောင်ဂိတ်တံခါးအား ကြည့်ရှုလျက်ရှိ၏။
လီချင်းယန် နှင့် တစ်ခြားသူများအားလုံးသည် အနီးပတ်ဝန်းကျင်အားလုံးကို ဖြန့်ကျက်၍ သေချာဂရုစိုက် စောင့်ကြည့်နေကြသည်။
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင်ထိုင်ကာ ပြောလိုက်သည်။ "သူတို့ဒီလောက်ကြာတဲ့အထိ ထွက်မလာဘူးဆိုတော့ မိစ္ဆာဂိုဏ်းတစ်ခုရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း မဟုတ်တော့ဘူး။"
လီလိုရှုပြောလိုက်သည်။ "ကျွန်မတို့ရဲ့သေနတ်တွေက သူတိုကို ချက်ချင်း သတ်ဖြတ်ပစ်နိုင်တယ်။သူတို့က အရူးမှမဟုတ်တာ ။ ဘယ်လိုလုပ် ထင်းထင်းကြီး ထွက်လာမှာလဲ။"
"ဒါလည်းဟုတ်တာပဲ။"
ကျွင်းချောင်ရှောင်းသည် မြေတည်နေရာအား သေချာကြည့်ပြီး ချောက်တည်နေရာတစ်ခုအား လက်ညှိးထိုးပြကာ ပြောလိုက်သည်။ "သူတို့အဲ့ကနေ ဆင်းလာမယ်လို့ထင်တယ်။ ပြီးရင် ညဖက်ရောက်တာနဲ့ ငါတို့ကို အနောက်ဖက်ကနေ ခြုံခိုပြီးတိုက်ခိုက်လိမ့်မယ်။"
"မဖြစ်နိုင်ဘူး။" လီလိုရှုပြောလိုက်၏။
"ဒီချောက်က ပြောင်ချောကြီးပဲ ။ ပြီးတော့ အနည်းဆုံး ပေငါးရာလောက်မြင့်တယ်။ ဂရုမစိုက်ရင် အောက်ကိုပြုတ်ကျသွားနိုင်တယ်။ သိုင်းဆရာတစ်ယောက်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်တဲ့ နေရာပဲ။"
ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ခါရမ်းပြီးပြောလိုက်သည်။ "ဂိုဏ်းဌာနချုပ်တစ်ခုရဲ့ထွက်လမ်းက တစ်လမ်းပဲရှိတယ်ဆိုတာ သာမန်မဟုတ်ဘူး။ ဒီအန္တရာယ်ရှိတဲ့ တည်နေရာဆိုတာ သူတို့ရဲ့ ထွက်ပြေးလွတ်မြောက်နိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်နိုင်တယ်။ ခင်ဗျားဒီမှာနေပြီးစောင့်ကြည့်ထား။"
ကျွင်းချောင်ရှောင်းပြောလိုက်၏။ "လူတွေကိုခေါ်ပြီး တောင်အနောက်ဘက်ကို တစ်ချက်သွားကြည့်လိုက်မယ်။"
ပြောပြီးသည့်နောက် သူသည် ရှောင်ကျီနှင့် တစ်ခြားသူများကို ခေါ်ဆောင်၍ ချောက်နက်ကြီးရှိရာနေရာဆီသို့ သွားလိုက်၏။
အောက်တွင် ကြီးမားလှသော ကျောက်ဆောင်ကျောက်ခဲများ ရှိလို့နေသည်။ တစ်စုံတစ်ယောက်သည် အောက်သို့ပြုတ်ကျသွားပါက တစ်ခါတည်း အဆုံးသတ်သွားမှာ သေချာသည်။
ညရောက်လာခဲ့၏။
"ဂိုဏ်းချုပ်"
အထက်မှနေ၍ သေသေချာချာ စောင့်ကြည့်လျက်ရှိသော ရှောင်ကျီမှာ တီးတိုးပြောလိုက်၏။ "တစ်စုံတစ်ယောက် ဆင်းလာပြီ။"
ကျွင်းချောင်ရှောင်းသည် အသာ သေနတ်ကိုထုတ်ယူ၍ ရှစ်ဆမှန်ဘီလူးမှတစ်ဆင့် လှမ်းကြည့်လိုက်၏။
လရောင်အောက်မှာတော့ သူသည် လင်းယုန်နက်ဂိုဏ်းမှ တပည့်များအားလုံး ချောက်ကမ်းပါးနားတွင် စုဝေးနေသည်ကို မြင်လိုက်ရသည်။
ပြီးနောက် လူတော်တော်များများသည် တစ်ပြိုင်နက်တည်း အောက်သို့ ခုန်ဆင်းလိုက်၏။
"ချီးတဲ့မှ"
အမဲရောင်အရိပ်များ ချောက်ထဲသို့ ပြုတ်ကျသွားသည်ကို မြင်တော့ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွား၏။
"bungee jumping ခုန်မယ်ဆိုရင်တောင်မှ ခြေထောက်ကို ကြိုးချည်ထားသင့်တယ်မဟုတ်လား။"
မှတ်ချက် - bungee jumping ဆိုသည်မှာ ခန္ဓာကိုယ်၏ ခါး သို့မဟုတ် ခြေထောက်တွင် ကြိုးချည်၍ အမြင့်မှ ခုန်ချသည့် ကစားနည်းတစ်ခုဖြစ်သည်။