အခန်း (၂၃၁)
Vol. 16 Ch. 231
ဇွိ …..။
အခြားတစ်ဘက်မှာတော့ ဒုတိယဂိုဏ်းချုပ်၏ ရင်ဘတ်ထဲသို့ အအေးဓား တစ်ချောင်းသည် စိုက်ဝင်သွားတော့သည်။
သူ၏ အားအင်အဆင့်သည် သိုင်းဆရာ အဆင့်နှစ် ဖြစ်သော်လည်း သိုင်းတပည့် အဆင့်ကိုး ကျင့်ကြံသူဖြစ်သော လီချင်းယန်၏ တိုက်ကွက်ကို နှစ်ကွက်သာ ခုခံနိုင်ခဲ့၏။
ထိုအရာသည် လီချင်းယန် အားလျော့ထားခြင်း ဖြစ်သည်။ တကယ်တမ်းဆိုလျှင် လီချင်းယန်သည် ဒုဂိုဏ်းချုပ် အား တစ်ကွက်တည်းနှင့် အပြီးသတ်ပစ်နိုင်စွမ်းရှိသည်။
ဘုတ် …
ဒုဂိုဏ်းချုပ်သည် မြေပေါ် ဒူးထောက်ထိုင်ကျသွားပြီး သူ၏ မျက်လုံးများသည် သိစိတ်ကင်းလွတ်သွားတော့၏။
ပြီးတော့ ဘေးတစ်ဖက်ရှိ ချောက်ထဲသို့ ကျဆင်းသွားတော့၏။ ထိုကဲ့သို့ သေဆုံးလိမ့်မည်ဟု သူ နည်းနည်းလေး မှ မထင်မိခဲ့ချေ။
တခြားသော ဂိုဏ်းခွဲမှုး သုံးယောက်မှာတော့ စုရှောင်မိုသည် တစ်ယောက် ၊ ထျန်းချီ သည် တစ်ယောက် နှင့် နောက်ဆုံး တစ်ယောက်ကိုမူ လုံကျိရန်သည် လှံဖြင့် ထိုးသတ်ခဲ့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့အား ပွတ်သပ်ပြီး ပြောလိုက်သည် “ဒီကလေးရဲ့ အားအင်က မဆိုးဘူး။”
လုံကျိရန်သာ ဤစကားအား ကြားလျှင် ထငိုမိပေလိမ့်မည်။
ဂိုဏ်းချုပ် .. ကျွန်တော်က တော်ပြီးသားလေ။ ဒါကို သေမင်းတောင်ကြားထဲမှာလည်း သက်သေပြခဲ့ပြီး သား မဟုတ်လား။ ကျွန်တော်က မတော်တာမဟုတ်ဘူး။ စီနီယာ အစ်ကိုတွေက တော်လွန်းလို့ အရိပ်အောက် ရောက်နေရတာ။
ဒုဂိုဏ်းချုပ် နှင့် ဂိုဏ်းခွဲမှုးများ အသတ်ခံလိုက်ရသည်ကို မြင်တော့ လင်းယုန်နက်ဂိုဏ်း တပည့်များ၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။ သူတို့၏ နှလုံးသားထဲတွင် နောက်ဆုတ် ထွက်ပြေးချင်စိတ်များ ဖြစ်တည်လာ၏။
နောက်ဆုတ်ချင်သည်လား။ မဖြစ်နိုင်ပေ။
သူတို့အနေနှင့် ချောက်ထဲသို့ ခုန်ဆင်းလာပြီးကတည်းက ပြန်လမ်းမရှိတောာ့ပေ။ တစ်ဖက်လူများအား သတ်လျှင်သတ်၊ မသတ်နိုင်လျှင် သေရန်သာ ရှိသည်။
ဇွိ ..။
ဇွိ …။
ကျန်းဝေ နှင့် တခြားသော တပည့် ဆယ်ယောက်တို့သည် အအေးဓား နှင့် လှံများအား ထုတ်ယူ၍ ကျားများ ၊ နဂါးများ ကဲ့သို့ အားကုန်ထုတ် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြတော့သည်။
လုချင်းချင်းသည် လက်ကောက်ဝတ်ဆင်ထားးသော သူမ၏ ညာလက်အား မြှောက်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ လေထုထဲတွင် အအေးလှိုင်းများ ဖြစ်တည်လာပြီး ရန်သူ တစ်ယောက်သည် အေးခဲသွားသည် “ဂျူနီယာ ညီမလေးလင်း .. သွားသတ်လိုက်”
“ဟုတ်ကဲ့ …”
လင်းယွမ်ရွှယ်သည် သူမ၏ ဓားကို ကိုင်ပြီး လျှောက်သွားလိုက်သည်။ ပြီးနောက် ဓားအား မြှောက်၍ သတ်ဖြတ်လိုက်တော့၏။
သူမသည် ဖင်မဲကြီးအား သတ်ဖြတ်ပစ်စဉ်က မျက်လုံးကို စုံမှိတ်ထားခဲ့သည် ဆိုသော်လည်း လက်ရှိအချိန်တွင်တော့ မျက်လုံးဖွင့်ကာ သတ်ဖြတ်နေနိုင်ပြီ ဖြစ်သည်။ ထိုအရာသည် တိုးတက်လာမှုပင် ဖြစ်တော့သည်။
ရက်စက်ပြီးအညှာအတာကင်းမဲ့သော သတ်ဖြတ်မှုတွေကို ပြုလုပ်ပြီးသည့်နောက် လင်းယုန်နက်ဂိုဏ်းသားများ အားလုံးသည် တစ်ယောက်မှ အသက်မရှင်ကြတော့ပေ။
ထုံးစံအတိုင်းပင် အားလုံသည် သိုလှောင်လက်စွပ်များအား ချွတ်၍ ရှာဖွေကြတော့သည်။
ပြောနေစရာပင် မလိုချေ။ လင်းယုန်နက်ဂိုဏ်းမှ လူများသည် ချမ်းသာကြသည်။ သူများဆီမှ လုယက်ထားသော ကြောင့် ဖြစ်မည် ထင်သည်။ အထူးသဖြင့် ဂိုဏ်းခွဲမှုများ၏ သိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းကောင်းများ ပေါများလှ၏။
ငွေလွှဲစာချုပ်တစ်မျိုးတင် ခုနှစ်သောင်းမှ ရှစ်သောင်းနီးပါးရှိပြီး သလင်းအမြူတေ တော်တော်များများလည်း ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် ပစ္စည်းအားလုံးအား သိမ်းဆည်းပြီးနောက် ပြောလိုက်သည် “ဒီမိစ္ဆာဂိုဏ်းက လုယက်ပြီး ငွေတွေ ရှာထားတာ ဖြစ်ရမယ်။”
“ဂိုဏ်းချုပ် …”
စုရှောင်မို သည် ဒုတိယဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ဆီမှ ဓာတ်မီးကဲ့သို့သော အရာတစ်ခု ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူ မေးလိုက်သည် “ဒါ ဘာကြီးလဲ”
ကျွင်းချောင်ရှောင်းသည် သေချာ စစ်ဆေးကြည့်ရှုလိုက်သည် “ဒါက အချက်ပြတဲ့ အရာတစ်ခုခု ဖြစ်မယ်”
ဒုတိယဂိုဏ်းချုပ် ပြောခဲ့သော စကားများကို ပြန်လည် ကြားယောင်မိတော့ အချက်ပြမှုကို စောင့်နေကြသော ဂိုဏ်းထဲရှိ လူများ အဆင်သင့်ရှိနေသည်ကို သတိရမိသွားသည်။ အချက်ပြမှုကို သိရှိသည်နှင့် လင်းယုန်နက်ဂိုဏ်းသားများသည် အလုံးအရင်းနှင့် ဆင်းသက်လာပြီး သူတို့အား တိုက်ခိုက်ပေလိမ့်မည်။
ထိုအရာသည် အခွင့်အရေးကောင်း ဖြစ်သည်။
သူ ကောင်းကောင်း အသုံးပြုနိုင်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ယောကျာ်းလေး တပည့်တွေ အင်္ကျီချွတ်ပြီး သူတို့ဝတ်စုံတွေနဲ့ လဲဝတ်လိုက်”
“ကောင်းပါပြီ”
သူတို့သည် ဂိုဏ်းချုပ် ဘာလုပ်ချင်မှန်းမသိသော်လည်း အမိန့်အတိုင်း ပြုလုပ်လိုက်သည်။
မကြာမီမှာပဲ လီချင်းယန် ၊ ရှောင်ကျီ နှင့် တခြားသူများသည် လင်းယုန်နက် ဂိုဏ်းဝတ်စုံများအာ လဲဝတ်လိုက်ကြသည်။ သူတို့ခန္ဓာကိုယ်နှင့် ကွက်တိ မတော်သော်လည်း ဝတ်ဆင်၍တော့ ရသေး၏။
“ဟမ့် …”
စုရှောင်မိုသည် နှာခေါင်းပိတ်ကာ ပြောလိုက်သည် “တော်တော်နံတဲ့ သူပဲ”
“သွားစို့ …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သွားကြစို့”
အားလုံးသည် လာရာလမ်းအတိုင်း ပြန်လှည့်လိုက်ကြသည်။
မိုးဆွေဟောခန်းအဖွဲ့သားများနှင့် တွေ့ဆုံပြီးသည့်နောက် ကျွင်းချောင်ရှောင်း ပြောလိုက်သည် “တောင်ဂိတ်တံခါးကနေ ထွက်လာတဲ့သူ ရှိလား”
“မရှိဘူး” လီလိုရှု ပြောလိုက်သည်။
လုချင်းယန် နှင့် တခြားသူများ လင်းယုန်နက်ဂိုဏ်း ဝတ်စုံများဝတ်ဆင်ထားသည်ကို မြင်တော့ သူမ ဇဝေဇဝါ ဖြစ်မိသွားသည် “ဂိုဏ်းချုပ် … သူတို့ကို အထဲ ဝင်စေမလို့လား”
“မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ပြီး ပြောလိုက်သည် “ဒီလူတွေ ဆင်းလာအောင် လုပ်ရမယ်။”
လီလိုရှု အူကြောင်ကြောင် ဖြစ်သွားသည်။
ကျွင်းချောင်ရှောင်းသည် တပည့်များအားလုံးကို ခေါ်ဆောင်၍ သူ ဆက်လုပ်မည့် အစီအစဉ်ကို အသေးစိတ် ပြောပြလိုက်သည်။
“နားလည်လာ”
“နားလည်ပါပြီ”
အားလုံးက သံပြိုင်ပြောလိုက်ကြ၏။
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးပေါ်မှ ခုန်ဆင်းပြီး အားလုံးအား တည်နေရာတစ်ခုဆီ ခေါ်ဆောင်သွားလိုက်သည်။ ပြီးနောက် ဓားမီးလို အရာကို ထုတ်ယူ၍ ဖင်နေရာအား ဆွဲဖွင့်လိုက်တော့သည်။
ဓာတ်မီးလို အရာဆီမှာ ထူးဆန်းသော အငွေ့များ ထွက်ပေါ်လာ၏။
သို့ပေမဲ့ အဆိပ်တွေ ဖြစ်နေမည်ကို ကျွင်းချောင်ရှောင်း မစိုးရိမ်ပေ။ အငွေ့များသည် အပေါ်သို့ လွင့်တက်၍ လင်းယုန်နက်ဂိုဏ်း ဋ္ဌာနချုပ် ရှိရာဆီ ဦးတည်သွားသည်။
လဲ့ဟိုင်ရှ သည် အငွေ့နံ့ကို ရတော့ ပျော်ရွှင်သွား၏ “ဒုဂိုဏ်းချုပ်တော့ အချက်ပြလာပြီ။ လူကြီးမင်းရန်. . ကျုပ်တို့လှုပ်ရှားလို့ရပြီလား”
“ရပြီ” ရန်ကျိ ပြောလိုက်သည်။
လဲ့ဟိုင်ရှ ရှေ့သို့ ထွက်လိုက်တော့ အတွင်းခြံဝန်းထဲသို့ တပည့်သုံးရာကျော် ထွက်လာကြ၏။
သူတို့အားလုံးသည် အဓိက ဂိတ်တံခါးဆီမှ မထွက်ကြဘဲ နံရံများအား ခုန်ကျော်ကာ လှေကားအတိုင်း တောင်အောက်သို့ အလျှင်အမြန်ဆင်းသက်ကြတော့သည်။
“ဒါ တကယ့်ကို အချက်ပြတဲ့ အရာပဲ”
သစ်ပင်ပေါ်တွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် နေကာမျက်မှန်အား တပ်ထားသည်မို့ အောက်သို့ ဆင်းသက်လာသော လူပေါင်းများစွာအား ထင်ထင်ရှားရှား မြင်နေရသည်။
အားအကောင်းဆုံးသူမှာ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ရှိသော သိုင်းဆရာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်ပြီး ထိုသူသည် ဂိုဏ်းချုပ်ပင် ဖြစ်ရမည်။
အဆင့်ခုနှစ် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်သည် သိုင်းဆရာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်နေသည်မှာ အလွန်တော်သည်ဟု သတ်မှတ်နိုင်သည်။
ထို့အပြင် အဆင့်ခြောက် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော ချင်ဟောင်ရန်သည်ပင် သိုင်းစစ်သူကြီး အဆင့် မဟုတ်လား။
သို့ပေမဲ့ လင်းယုန်နက်ဂိုဏ်းချုပ်၏ ကျွမ်းကျင်မှုသည် မိစ္ဆာနည်းစနစ်များ ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။ ထို့ကြောင့် တကယ်တမ်း ထိပ်တိုက်ရင်ဆိုင်ရမည် ဆိုလျှင် လေးလေးနက်နက် တိုက်ခိုက်မှ ဖြစ်မည် ဖြစ်ကြောင်း သူ တွေးထားသည်။
“ကျိုးဟုန် …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီလူတွေထဲမှာ သိုင်းဆရာ ထိပ်ဆုံးအဆင့် တစ်ယောက် ရှိတယ်။ မင်း ရှင်းလိုက်”
“ကောင်းပါပြီ” ကျိုးဟုန် ပြန်ပြောလိုက်၏။
ဤဓားသမားသည် ဂိုဏ်းသို့ ပြန်လည်ရောက်ရှိပြီးကတည်း က စမ်းသပ်မှုမျှော်စင်သို့ မသွားခဲ့ပေ။ လင်းကျန့် ဓားကျမ်းအပေါ်တွင်ပဲ အာရုံစိုက်ထားသည်။
လဝက်လောက်ကြာမြင့်ပြီးပြီ ဖြစ်သောကြောင့် သူသည် ဓားနည်းစနစ် အပေါ်တွင် ပိုမို၍ နားလည်လာလိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ ကျွင်းချောင်ရှောင်းသည် ကျိုးဟုန်အား ယုံကြည်မိသည်။
“ဂိုဏ်းချုပ်”
ရီရှင်းချန် ဝင်ပြောလိုက်သည် “ကျွန်တော် အဲလူကို သတ်လို့ရမလား”
“သူက မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ မိစ္ဆာနည်းစနစ်တွေကို တတ်မြောက်နိုင်တယ်” ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မင်း သေချာလို့လား”
“သေချာပါတယ်” ရီရှင်းချန် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
အဆင့်ခုနှစ် မိစ္ဆာဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် သူ့အတွက် ဘာမှမဟုတ်ပေ။ အရင်တုန်းကဆိုလျှင် သူသည် သိုင်းဘုရင် နှင့် သိုင်းစစ်သူကြီး အဆင့် မိစ္ဆာဂိုဏ်းချုပ်များကိုပင် သတ်ဖြတ်ခဲ့ဖူးသည်။
“ဒီလိုဆိုရင်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အဲဂိုဏ်းချုပ်ကို မင်းသတ်လိုက်”
သဘောတူညီမှုပြုလုပ်ပြီးသည့်နောက် သူ ပြောလိုက်သည် “အားလုံးပဲ .. အစီအစဉ်အတိုင်းလုပ်မယ်”
“ကောင်းပါပြီ”
မိုးဆွေဟောခန်းမှ အဖွဲ့သားများသည် လင်းယုန်နက်ဂိုဏ်း ဒုဂိုဏ်းချုပ်ဘေးတွင် သွားလှဲလိုက်ကြသည်။ သူတို့သည် အလောင်းများအား သံမဏိအရိုးဂိုဏ်း ဝတ်စုံများ ပြောင်းလဲ ဝတ် ဆင်ပေးထားပြီး ဖြစ်သည်။
သူတို့အားလုံးသည် သေချင်ယောင်ဆောင်နေကြခြင်း ဖြစ်၏။
သူတို့နှင့် တိုက်ပွဲဖြစ်သည် ဆိုမှတော့ နှစ်ဖက်လုံး သေဆုံးမှ ယုတ္တတန်ပေလိမ့်မည်။ ထို့ကြောင့် နှစ်ဖက်စလုံး အနည်းအများ သေဆုံးသလို ပြင်ဆင်လိုက်ကြသည်။
သရုပ်ဆောင် အကောင်းဆုံးမှာ လီထျန်းရှန် ဖြစ်သည်။ သူသည် ခေါင်းစောင်းကာ လျာထွက်၍ပင် သေနေလေ၏။
အကျွမ်းကျင်ဆုံးမှာ မြွေဟောက်တို့တွေဖြစ်သည်။ သူတို့အားလုံးသည် ဒုဂိုဏ်းချုပ် ဘေးနားတွင် လှဲ၍ သေချင်ယောင်ဆောင်နေကြပြီး မျက်နှာပေါ်တွင် သွေးတွေပင် သုတ်ထားလိုက်ကြသေးသည်။
လင်းယုန်နက် ဂိုဏ်းချုပ်သည် အလောတကြီးနှင့် လှေကားအတိုင်း ဆင်းသက်လာသည်။ လရောင်အောက်တွင်တော့ များပြားလှသော အလောင်းများ ပျံ့ကျဲနေကြောင်း မြင်လိုက်ရ၏။
ဘာတွေဖြစ်ကုန်သနည်း။
သူတို့လူတွေသည် တစ်ဖက်လူအား လွယ်လွယ်ကူကူ ချောင်းမြှောင်း သတ်ဖြတ်နိုင်မည် ဟု သူ ထင်မှတ်ထားသည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ သူ့လူများလည်း အများအပြား သေဆုံးနေကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် လဲ့ဟိုင်ရှ သည် ဒေါသတကြီး အော်ဟစ်လိုက်သည် “အဲအလောင်းတွေကို အပိုင်းပိုင်း ထပ်ပြီး ခုတ်ထစ်လိုက်ကြ”
“ကောင်းပါပြီ”
တပည့်သည် ရှေ့သို့ လှမ်းတက်လိုက်သည်။
သို့ပေမဲ့ ရန်ကျိသည် မျက်မှောင်ကုတ်သွား၏။
အခြေအနေသည် လွဲမှားနေကြောင်း သူ သတိပြုမိလိုက်သည်။
လဲ့ဟိုင်ရှသည် ရှေ့ဆုံးရှိ အလောင်းနားသို့ သွားလိုက်သည်။ ပြီးနောက် သူ၏ လက်နက်ကို ထုတ်ယူ၍ အလောင်းအား ထိုးစိုက်လိုက်၏။
ထပ်မံ သတ်ဖြတ်ပြီးသည့်နောက် အလောင်း၏ မျက်နှာအား ခြေထောက်နှင့် လှန်၍ ကြည့်ရှုလိုက်သည်။
လဲ့ဟိုင်ရှသည် ဇဝေဇဝါ နှင့် ရှေ့သို့ လှမ်းတက်လိုက်၏။
သို့ပေမဲ့ သူ ခြေတစ်လှမ်း လှမ်းလိုက်ချိန်မှာပဲ ရန်ကျိသည် ထအော်လိုက်သည် “ဂိုဏ်းချုပ် .. မဟုတ် …”
ဘန်း ..။
အလင်းတန်းတစ်ခုသည် သူ၏ ဦးခေါင်းအား ထွင်းဖောက်သွားတော့သည်။
ရန်ကျိသည် စကားပြော၍ မပြီးသေးခင်မှာပဲ သေဆုံးသွားခဲ့ရလေသည်။
အကြံပေးလူကြီးမင်းရန်ကို သတ်ဖြတ်ပြီးသည့်နောက် တပည့်များသည် သေဆုံးနေရာမှ တစ်ယောက်ပြီး တစ်ယောက် ခုန်ထလာကြ၏။ အနီးအနားတွင် ပုန်းအောင်းနေကြသော မိုးဆွေ ဟောခန်း တပည့်များသည်လည်း ရှေ့သို့ တိုးလာကြသည်။
“အားလုံးပဲ .. နားထောင်ကြ”
ကျွင်းချောင်ရှောင်း၏ အသံသည် တောင်တစ်ခုလုံး၌ ပြန့်နှံ့သွားတော့၏ “အားလုံးကို သတ်”