အခန်း (၂၃၃)
Vol. 16 Ch. 233
လင်းယုန်နက်ဂိုဏ်း၏ ဒုတိယ ခေါင်းဆောင်သည် အထက်အဆင့် ကျင့်ကြံခြင်းနည်းစနစ်နှင့် လက်သီးနည်းစနစ်တို့ကို ရရှိခဲ့သည်။
ကျင့်ကြံခြင်းနည်းစနစ်သည် သွေးမိစ္တာနည်းစနစ်ဟု ခေါ်ဆိုပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးလည်ပတ်မှုကို ပြောင်းပြန်လည်ပတ်စေသည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအား အဆင့်တိုးတက်အောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။
ထိုသို့သော ကျင့်ကြံခြင်း နည်းစနစ်ကြောင့် လင်းယုန်နက်ဂိုဏ်းမှ တပည့်များသည် လုံလောက်သည့် အရင်းအမြစ်များ မရရှိဘူးဆိုလျှင်တောင်မှ သူတို့၏ ကျင့်ကြံခြင်းအား အဆင့်တက်အောင် ပြုလုပ်နိုင်ကြ၏။
လဲ့ဟိုင်ရှ သည် သွေးမိစ္ဆာကျမ်းအား နက်နက်နဲနဲ နားလည်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် သိုင်းဆရာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
လက်သီးနည်းစနစ်မှာတော့ သွေးပေါက်ကွဲလက်သီး နည်းစနစ်ဟု ခေါ်သည်။
ထိုနည်းစနစ်သည် သွေးမိစ္ဆာကျင့်ကြံခြင်း နည်းစနစ်နှင့် ယှဉ်တွဲအသုံးပြုရခြင်း ဖြစ်ပြီး သွေးလက်သီးကြီးတစ်ခု ဖြစ်တည်စေကာ အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသော လက်သီးကြီးနှင့် ထိုးနက် တိုက်ခိုက်ခြင်း ဖြစ်၏။
အားနည်းချက်မှာ ထိုလက်သီးကို ထုတ်ဖော်နိုင်ရန်အတွက် စွမ်းအင်စုဆောင်းနိုင်ရန် အချိန် အနည်းငယ် လိုအပ်ခြင်းပင် ဖြစ်သည်။
တပည့်များ အသက်ခံနေရသည့် အချိန်၌ လဲ့ဟိုင်ရှ သည် သူ၏ စွမ်းအင်များကို စုစည်းနေခဲ့၏။ အခုနောက်ဆုံးမှာတော့ သူသည် ထုတ်ဖော် တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်၏။
သူ၏ ကျင့်ကြံခြင်း အထောက်အပံ့နှင့် သိုင်းနည်းစနစ်တို့ကြောင့် ကြီးမားလှသော သွေးလက်သီးကြီးသည် ဂျင်တစ်သိန်းလောက် အားဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုသို့သော အားအင်အဆင့်သည် သာမန်အဆင့်တစ် သိုင်းစစ်သူကြီးအဆင့်နှင့် နှိုင်းယှဉ်၍ ရလောက်သည်။
သံမဏိအရိုးဂိုဏ်းတပည့်များအား ထိမှန်သွားပါက အကုန်လုံး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားမှာ သေချာ၏။
ထိုသို့သော အခိုက်အတန့်၌ ရှောင်ကျီသည် သူ၏ သံမဏိဒိုင်းကာအား ထုတ်ယူ၍ သွေးလက်သီးအား ထိပ်တိုက် ရင်ဆိုင်ခုခံလိုက်သည်။
အမူအရာတွေ ပျက်ရွင်းသွားကြသော သံမဏိအရိုးဂိုဏ်းတပည့်များ အားလုံးသည် သူတို့၏ စီနီယာရှောင် တစ်ယောက် သူတို့ရှေ့မှ ကာကွယ်ပေးလိုက်သည်ကို မြင်တော့ စိတ်သက်သာရမိသွားကြသည်။
အလွန်တရာ အားကောင်းလှသော မီးနဂါးကြီး၏ တိုက်ခိုက်မှုကိုပင် ကြံကြံခံ ရင်ဆိုင်ခဲ့သော ရှောင်ကျီသည် သွေးလက်သီးအား အထင်အမြင်သေးသလို ကြည့်လိုက်၏။ သူသည် သူ၏အကာအကွယ် အတားအဆီးကိုပင် အသက်မသွင်းခဲ့ချေ။
တစ်ဖက်လူအား မလေးစားသည့် အပြုအမူပင် ဖြစ်လေ၏။
ဘုန်း။
နောက်ဆုံးမှာတော့ သွေးလက်သီးကြီးသည် သံမဏိဒိုင်းကာနှင့် ထိတွေ့သွားသည်။ မိစ္ဆာချီများအားလုံးသည် နေရာအနှံ့သို ပျံ့နှံ့သွား၏။
ရှောင်ကျီသည် တောင်ကြီးတစ်တောင်ကဲ့သို့ ခိုင်ခိုင်မာမာနှင့် ရပ်လျက်ရှိသည်။ ဤလက်သီးချက်သည် ဂျင်တစ်သိန်းကျော်သည့် အားအင်မျိုးကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ မီးနဂါးကြီးလောက်တော့ အားမကောင်းလှချေ။
ထို့ကြောင့်သူ့အား တုန်လှုပ်သွားစေဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
သူ၏ သွေးပေါက်ကွဲလက်သီးနှင့် ပတ်သက်၍ အလုံးစုံ ယုံကြည်ချက်ရှိသော လဲ့ဟိုင်ရှ သည် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများ ပြူးထွက်လာ၏။
သူ၏လက်သီးသည် သိုင်းစစ်သူကြီး အဆင့် အားအင်နှင့် နှိုင်းယှဉ်၍ ရလောက်သည်။
ယခု ထိုလက်သီးချက်အား ခုခံနေသည့် လူငယ်မှာ သိုင်းတပည့်အဆင့်မျှသာ ရှိသေး၏။ အဘယ့်ကြောင့် ဤကဲ့သို့ ခုခံနိုင်ရသနည်း။
ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်လိုက်၏။
သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားနှင့် သွေးကြောတို့သည် ဖောင်းကြွလာသည်။။
ရုတ်တရက်ဆိုသလိုပဲ သူသည် အားယူ၍ အလွန်ကြီးမာသော သွေးလက်သီးကြီးအား တွန်းလွှတ်လိုက်၏။
ဘုန်း….။
သွေးလက်သီးကြီးသည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားတော့သည်။
လဲ့ဟိုင်ရှ သည် အလုံးစုံဆွံ့အသွားမိ၏။
တစ်ဖက်လူငယ် သည် သူ၏ သွေးပေါက်ကွဲ လက်သီးချက်အား အလုံးစုံတားဆီးနိုင်ရုံမျှမက လက်သီးကြီးအားလည်း တစ်ခါတည်း ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်။
ဤကိစ္စသည် ထိပ်လန့်စရာ ကောင်းလွန်းလှ၏။
ဝှစ်။
ရုတ်တရက် သူ၏ နောက်ဘက်ဆီမှ ဓားအလင်းတစ်ခု ထွက်ပေါ်လာ၏။ သူ၏ မျက်စိသူငယ်အိမ်များ သည် ကျုံ့ဝင်သွားသည်။
သူသည် အမြန်ဆုံးနှုန်းဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်အား အသုံးပြုကာ ရှောင်ရှားလိုက်၏။
ရီရှင်းချန်သည် ဓားကို ကိုင်ဆောင်၍ ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာ၏ သူ၏ မျက်လုံးများသည် အေးစက်ပြီး ထက်ရှနေသည်။
"ကျုပ်က ခင်ဗျားရဲ့ ပြိုင်ဘက်ပါလို့ အစောကြီးကတည်းက ပြောခဲ့တယ်လေ။ ဘာလို့ ကျုပ်ကို မတိုက်ဘဲ တစ်ခြားသူတွေကို သွားတိုက်ရတာလဲ။ ကျုပ်ကို အထင်သေးလို့လား။"
ပြီးနောက် အေးစက်စက် ထပ်ပြောလိုက်၏။ “သေစမ်း…”
ဝှစ် … ဝှစ်။
သူသည် ဓားအား သုံးကြိမ်တိတိ ဝှေ့ယမ်းလိုက်၏။
ဓားအလင်းသုံးခုသည် ရုတ်တရက်ဆိုသလိုပဲ လဲ့ဟိုင်ရှ ဆီသို့ တိုးဝင်သွားတော့သည်။
ဟမ်။
ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်
ရီရှင်းချန်သည် ဓားနှင့် သုံးကြိမ်တိုင်တိုင် တိုက်ခိုက်လိုက်သည်။ သို့ပေမဲ့ တိုက်ခိုက်လိုက်သည့် နည်းစနစ်မှာ လခြမ်းဓားကွက် ဖြစ်လိုနေ၏။
အဘယ့်ကြောင့် ဖြစ်ရသနည်း။
ရီရှင်းချန်သည် လခြမ်း နည်းစနစ်အား ကျင့်ကြံသည့်အချိန်တွင် လက်ဖြင့် လခြမ်းဓားကွက်များကို ထုတ်ဖော်သည် ထက် ဓားဖြင့် ထုတ်ဖော်သည်က ပို၍ လိုက်ဖက်ညီကာ အားကောင်းမှန်း သတိပြုမိခဲ့၏။ ထို့ကြောင့်သူသည် သူ၏ အအေးဓားနှင့် ပေါင်းစပ်၍ ယှဉ်တွဲတိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်သည်။
"မကောင်းတော့ဘူး။"
လဲ့ဟိုင်ရှ ၏ အမူအယာသည် ပြောင်းလဲသွားသည်။
သူသည် အလောတကြီးဖြင့် သူ၏ သွေးများကို အသက်သွင်းပြီး ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာ ထပ်မံ ရှောင်ရှားလိုက်သည်။
မိစ္ဆာဂိုဏ်း၏ ပင်တိုင် မိစ္ဆာခြေလှမ်း ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်ကြောင့် သူသည် ရှောင်တိမ်းနိုင်နေ၏။ သာမန် လူတစ်ယောက်သာ ဆိုလျှင် ရှောင်တိမ်းနိုင်မည် မဟုတ်သောကြောင့် ထိပ်တိုက် ရင်ဆိုင်သော နည်းလမ်းတစ်ခုတည်း ကိုသာ အသုံးပြုရပေလိမ့်မည်။
ရန်သူကို သတ်ဖြတ်ပြီးသည့်နောက် ရီရှင်းချန်သည် ဂျူနီယာညီလေး ရီတစ်ယောက် ဓားချီအား ပုံစံတစ်မျိုးဖြင့် ပြောင်းလဲ အသုံးပြုလိုက်သည်ကို မြင်လိုက်ရ၏။ သူ၏ မျက်လုံးများထဲတွင် ရုတ်တရက် နားလည်သွားသော အရိပ်အယောင်များ ပေါ်လာသည်။ "လခြမ်းဓားကွက်ကို ဒီလိုလည်း သုံးလို့ရတာပဲ။"
ဝှစ်။
သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဓားအတွင်းသို့ ထည့်သွင်း၍ ရုတ်တရက်ဆိုသလိုပဲ လခြမ်းဓားကွက်၏ မန္တာန်အား ရွတ်ဖတ်လိုက်တော့သည်။ ပြီးနောက် အော်ဟစ်လိုက်၏။
"လခြမ်းဓားကွက်။"
ဝှစ်။
သိုင်းနည်းစနစ်နှင့် အအေးဓားသည် ရုတ်တရက်ဆိုသလိုပဲ ပြည့်စုံစွာ ပေါင်းစပ်သွားသည်။
ပြီးနောက် ဓားအလင်းများ ဖြစ်ပေါ်လာပြီး သူနှင့် မီတာနှစ်ဆယ်အဝေးတွင် ရှိနေသော ရန်သူအား တိုက်ခိုက်လိုက်နိုင်သည်။
"ချီးတဲ့မှ"
ထိုအရာကို မြင်တော့ စုရှောင်မိုလည်း ထအော်လိုက်မိ၏။ "အားကောင်းလိုက်တာ"
"လခြမ်းဓားကွက် …. လခြမ်းဓားကွက် ….. လခြမ်းဓားကွက် …. လခြမ်းဓားကွက်။"
သူသည်လည်း သူ၏ တိုက်ခိုက်ရေး နည်းစနစ်နှင့် အအေးဓားတို့အား ပေါင်းစပ်ကာ သုံးကြိမ်တိတိ ခုတ်ပိုင်းလိုက်သည်။
ရွှီ …… ရွှီ …… ရွှီ။
လင်းယုန်နက်ဂိုဏ်းမှ တပည့်သုံးယောက်တို့သည် မည်သို့မှ မရှောင်တိမ်းနိုင်တော့ဘဲ ဓားချီများကြောင့် သေဆုံးသွားခဲ့ကြသည်။
လီဖေး ၊ ထျန်းချီနှင့် တစ်ခြားသူများအားလုံးသည် ထိုအရာကို မြင်တော့ ချက်ချင်းပဲ လိုက်လံ ပြုလုပ်ကြတော့၏။
ခဏအတွင်းမှာပဲ သံမဏိအရိုးဂိုဏ်းတပည့်များသည် သူတို့၏ ဓားများကို ထုတ်ကာ အဝေးရောက်တိုက်ခိုက်ခြင်း နည်းစနစ် ကို အသုံးပြု၍ အားလုံးကို သတ်ဖြတ်ကြတော့သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဆန်းကြယ်လှတဲ့ ဆရာကြီးတစ်ယောက် ဖန်တီးထားတဲ့ သိုင်းနည်းစနစ်ကို ဒီလိုမျိုးလက်နက်နဲ့ ယှဉ်တွဲသုံးလို့ရလိမ့်မယ်လို ငါ မထင်ခဲ့မိဘူး။"
"တော်စမ်း။"
စနစ်မှ ပြောလိုက်သည်။ "ဘာသိတာရှိလို့လဲ။"
ကျွင်းချောင်ရှောင်းသည် သူ၏ မေ့စေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။
"ရှင်းချန်က တကယ့်ကို တော်တယ်။ ဒီလိုမျိုး လက်နက်နဲ့တွဲသုံးရမယ်ဆိုတာ သူမို့လို့ စဉ်းစားမိတယ်။"
တိုက်ခိုက်ရေး နည်းစနစ်နှင့် ပတ်သက်၍ ညအင်ပါယာသည် အလွန်းအမင်း အားကောင်းလှသူ ဖြစ်၏။
သူ၏ ခန္ဓာကိုယ် အကန့်အသတ်ကြောင့် သူသည် စိတ်ရှိသလောက် မတိုက်ခိုက်နိုင်ပေ။
သို့ပေမဲ့ အစစ်အမှန်တိုက်ခိုက်သည့် အတွေ့အကြုံနေရာမှာတော့ သူ့လောက် အားကောင်းသူဟူ၍ ဂိုဏ်း၌ မည်သူမှ မရှိချေ။
သူသည် တိုက်ခိုက်ပြီးသည့်နောက် နဂါးတစ်ကောင်ကဲ့သို့ လှစ်ခနဲ့ နေရာပြောင်းကာ ရှောင်တိမ်းနေသော လဲ့ဟိုင်ရှ အား ခုတ်ပိုင်းလိုက်တော့သည်။
မိစ္ဆာ သိုင်းနည်းစနစ်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းလှသည်ဆိုသော်လည်း ပြဿနာတစ်ခုရှိနေ၏။ စွမ်းအင်များကို စုဆောင်းရချိန် ကြာမြင့်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် အချိန်လုံးဝမပေးပဲ အနီးကပ်လိုက်၍ တိုက်ခိုက်မည်ဆိုပါက တစ်ဖက်လူသည် စွမ်းအင် စုစည်းခွင့် ရရှိနိုင်မည် မဟုတ်ချေ။
ထင်ထားသည့်အတိုင်းပဲ လဲ့ဟိုင်ရှ သည် အလျင်အမြန်ရှောင်တိမ်းနေရ၏။ ထို့ကြောင့် သူသည် သူ၏ အားအင်များကို စုစည်းရန် အချိန်လုံးဝ မရရှိခဲ့ပေ။
ရီရှင်းချန်သည် ထိုအခွင့်အရေးကို အရယူပြီး အနီးကပ် ဆက်လက်တိုက်ခတ်လျက်ရှိသည်။
သူ၏ လက်ကောက်ဝတ်များသည် လှုပ်ရှားသွားပြီး ဓားချီများ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
ဘန်း …ဘန်း … ဘန်း။
ဓားချီများသည် နေရာအနှံသို ဖြတ်သန်းသွားပြီး လဲ့ဟိုင်ရှဆီသို့ တိုးဝင်လာတော့သည်။
လဲ့ဟိုင်ရှသည် သူ၏ လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြု၍ ရှောင်ရှား နေရသည်ဆိုသော်လည်း အလွန်တရာ ခက်ခဲသည့်အနေအထားမျိုးသို့ ရောက်ရှိလာ၏။
ထိုအချိန်မှာပဲ သံမဏိအရိုးဂိုဏ်း တပည့်များသည် သူတို့၏ လက်နက်များကို အသုံးပြု၍ လင်းယုန်နက်ဂိုဏ်းမှ တပည့်များ အားလုံးကို မြက်ခုတ်သလို ခုတ်ပိုင်း သတ်ဖြတ်နေတော့သည်။
သူတို့သည် စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်နှင့် အအေးဓားကို ပေါင်းစပ်အသုံးပြုပြီးနောက်မှာတော့ လင်းယုန်နက်ဂိုဏ်းသားများ အကုန်လုံးသည် မည်သို့မှ မရှောင်တိမ်းနိုင်တော့ဘဲ သေဆုံးကုန်ကြ၏။
ရီရှင်းချန်တစ်ယောက် လဲ့ဟိုင်ရှအား တိုက်ခိုက်နေစဉ်အတွင်း လင်းယုန်နက်ဂိုဏ်းမှ တပည့် တစ်ရာကျော်တို့သည် သေဆုံးသွားခဲ့ပြီဖြစ်သည်။
အား …. အား
လဲ့ဟိုင်ရှ ရှောင်တိမ်းနေရင်း အကဲဖြတ် ကြည့်ရှုလိုက်ချိန်မှာတော့ တပည့်သုံးရာကျော်တို့တွင် တစ်ရာကျော်သာ အသက်ရှိတော့ကြောင်း မြင်လိုက်ရ၏။
သူ ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်မိသည်။
ဤလူများအားလုံးသည် အဓိက တပည့်များ ဖြစ်သည်။ ဤကဲ့သို့ အများကြီး သေဆုံးသွားလျှင် ဂိုဏ်းသည် နလန်ထူနိုင်တော့မည် မဟုတ်ချေ။
ဝှစ်။
ဓားချီတိုက်ခိုက်မှူသည် အရင်တုန်းကထက် မြန်ဆန်လာသည်။
ဝှစ်။
လဲ့ဟိုင်ရှသည် ဤတစ်ကြိမ်မှာတော့ မရှောင်တိမ်းနိုင်တော့ပေ။ သူ၏ ညာဘက်ပုခုံးပေါ်တွင် ဓားဒဏ်ရာတစ်ခု ပေါ်လာ၏။
ထိုအချိန်မှာတော့ သူသည် ဂိုဏ်းအကြောင်း စဉ်းစားရမည်မဟုတ်ဘဲ သူကိုယ်တိုင် မည်သို့ အသက်ရှင်အောင် လုပ်ရမည်ကို တွေးတောရန် လိုအပ်ကြောင်း သိရှိသွားခဲ့ပြီဖြစ်သည်။
"နောက်ကိုဆုတ်။"
ထိုအတွေးတစ်ခုသည် သူ၏ခေါင်းထဲတွင် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်တည်း သူ ချက်ချင်း လှုပ်ရှားလိုက်မိ၏
သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးများသည် ရူးရူးမူးမူးနှင့် လှည့်ပတ်လျက်ရှိသည်။
သူသည် ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ်ကို အသုံးပြု၍ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။
တစ်ဖက်လူသည် လီချင်းယန်သာ ဖြစ်မည်ဆိုပါက သူ၏ အကြံအစည်အောင်မြင်သွားနိုင်သည်။
သို့ပေမဲ့ သူ လက်ရှိ ရင်ဆိုင်နေရသူမှာ ရီရှင်းချန်ဖြစ်နေ၏။
မိစ္တာအော်ရာများ ထွက်ပေါ်လာသည့် အချိန်မှာတော့ ရီရှင်းချန်သည် ချက်ချင်းဆိုသလိုပဲ ရှေ့သို့ လှမ်းတက်၍ သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားကာ လင်းကျန်ဓားသိုင်းကို ထုတ်သုံးလိုက်တော့သည်။
ဝှစ် … ရွှစ်။
ဓားချီများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ စုစုပေါင်း ဓားချီ သုံးဆယ့်ငါးခု ဖြစ်သည်။
သေမင်းတောင်ကြားထဲတွင် တိုက်ခိုက်ခဲ့စဉ်က ရီရှင်းချန်သည် အသက်တစ်ရှိက်စာအတွင်း ဓားချက်သုံးဆယ် ထွက်ပေါ်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ လက်ရှိအချိန်မှာတော့ ဓားချီငါးခု ပိုမို ထုတ်သုံးလာနိုင်ပြီဖြစ်၏။
ဆိုလိုသည်မှာ လဝက်အတွင်း သူသည် စမ်းသပ်မှုမျှော်စင်ထဲတွင် အချိန်ဖြုန်းနေခဲ့သည် ဆိုသော်လည်း လင်းကျန်ဓားသိုင်းအား လျစ်လျူမရှုခဲ့ပေ။
သူ၏သွေးများကို ရူးရူးမူးမူးလှည့်ပတ်ပြီး ထွက်ပြေးရန် ပြင်ဆင်နေသော လဲ့ဟိုင်ရှ သည် သူ၏နောက်တွင် ဓားချီများ ရောက်ရှိလာကြောင်း ခံစားမိလိုက်၏။ သူ၏ မျက်စိသူငယ်အိမ်များသည် ရုတ်တရက် ကြုံ့ဝင်သွားသည်။
ပြီးနောက် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်တော့သည်။ "မဟုတ်ဘူး။"
ရွှီ …. ရွှီ။
ဓားချီ သုံးဆယ့်ငါးခုတို့သည် သူ၏ ခန္ဓာကိုယ်အား ရစ်သိုင်းလွှမ်းခြုံသွား၏။
နောက်ဆုံးမှာတော့ လင်းယုန်နက်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အစိတ်အပိုင်း ရှစ်ခုအဖြစ် အပိုင်းပိုင်း ပြတ်တောက် သွားလေတော့သည်။
လဲ့ဟိုင်ရှ သေဆုံးသွားချိန်မှာတော့ လျိုဝှက်ခန်းတစ်ခု၌ တံခါးပိတ် ကျင့်ကြံလျက်ရှိသော အဘိုးအို တစ်ယောက်သည် ရုတ်တရက်ဆိုသလိုပဲ မျက်လုံးတွေ ပွင့်လာ၏။
သူ၏မျက်လုံးထဲမှာတော့ သက်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နက်သွားသည်။"ဘယ်သူက ငါ့ရဲ့ အချစ်ဆုံးတပည့်ကို သတ်ရဲတာလဲ။"