အခန်း (၂၃၅)
Vol. 16 Ch. 235
“ဒင် ……လက်ခံသူသည် ဖုံးကွယ်ထားသော တာဝန်ဖြစ်သည့် မိစ္တာဂိုဏ်းအား အမြစ်ပြတ်ချေမှုန်းခြင်းအား အောင်မြင်အောင် ပြုလုပ်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။”
“ဒင် ……ဂိုဏ်းစုဆောင်းမှတ် ၇၈၀/၁၀၀၀”
လင်းယုန်နက်ဂိုဏ်းအား မီးရှို့ပြီး တောင်ပေါ်မှ ဆင်းချိန်တွင် ကျွင်းချောင်ရှောင်း၏ စိတ်ထဲ၌ စနစ်၏ သတိပေးချက်များ ဖြစ်ပေါ်လာသည်။
အရင် တစ်ကြိမ် ဟေးဖေးခံတပ်အား ဖျက်ဆီးချိန်ကလည်း စနစ်၏ ဖုံးကွယ်ထားသည့် တာဝန်အား အောင်မြင်ခဲ့သေး၏။
ယနေ့အချိန်မှာတော့ လင်းယုန်နက် ဂိုဏ်းအား ရှင်းလင်းပြီးသည့်နောက်တွင် စနစ်သည် သူ့အား ဂိုဏ်းစုဆောင်းမှတ်များ ပေးစွမ်းခဲ့၏။
ကြည့်ရသည်မှာ စနစ်သည် သူ့အား ကောင်းကင်ဘုံကိုယ်စား အမှန်တရားအတွက် တိုက်ခိုက်ပေးသည့် လူတစ်ယောက် ဖြစ်ချင်နေပုံပေါ်သည်။
အပြန်လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စနစ်ဆီမှ ဖုံးကွယ်ထားသည့် တာဝန် ဘာတွေရှိဦးမည်နည်း ဆိုသည်ကို စဉ်းစားလျက်ရှိ၏။ သို့ပေမဲ့ ထိုအရာများသည် ဖြစ်နိုင်ဖွယ်ရာ များပြားသည့်အတွက်ကြောင့် မည်သည့်အရာကိုမှ စဉ်းစား၍ မရချေ။
ဟင်း …။
သူသက်ပြင်းချကာ ပြောလိုက်၏။ "စဉ်းစားလို့ မရတော့ဘူး။"
စနစ်မှ ပြောလိုက်သည်။
"ဖုံးကွယ်ထားတဲ့ တာဝန်ဆိုတာ ကံကြမ္မာနဲ့လည်း သက်ဆိုင်တယ်။ ဒါကြောင့် လက်ခံသူအနေနဲ့ စဉ်းစားနေစရာ မလိုပါဘူး။"
"ဟုတ်ပြီ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပြန်ရောက်ရင် ငါတို့ တပည့်သစ်တွေ လက်ခံရမယ်။ ဒါဆိုရင် ဂိုဏ်းစုဆောင်းမှတ်တွေ ရနိုင်တယ်။"
ခဏလောက် အနားယူပြီးသည့်နောက် သူသည် တပည့်များအား ခေါ်ဆောင်၍ ချင်းယန်နိုင်ငံဆီသို့ ဦးတည်လိုက်တော့သည်။
သူတို့ ထွက်ခွာသွားခဲ့သည်မှာ လေးနာရီမှ ခြောက်နာရီထိ ကြာမြင့်ပြီးသည့်နောက် အကြီးအကဲ ဝိညာဉ်သည် တိုင်လု၏ သိစိတ် မှတ်ဉာဏ်ထဲမှ တဆင့် အရာအားလုံးမှ သိရှိခဲ့ပြီးဖြစ်၏။
သူ၏ တပည့်များကို သတ်ဖြတ်ခဲ့သည်။ သူ၏ဂိုဏ်းကို ဖျက်ဆီးခဲ့သည်။ ထိုအရာများကို သံမဏိအရိုးဂိုဏ်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် သံမဏိအရိုးဂိုဏ်းနောက်သို လိုက်၍ အကြိမ် တစ်သောင်း ပြန်လည် ပေးဆပ်ခိုင်းမည်ဟု သံဓိဠာန် ချမှတ်လိုက်၏။
သို့ပေမဲ့ အကြီးအကဲ ဝိညာဉ် မထင်မှတ်ထားခဲ့သည်မှာ သူ မှတ်ဉာဏ်များ ဆွဲထုတ် ရယူလိုက်သောကြောင့် သေဆုံးမည့် ပုရွက်ဆိတ်ကဲ့သို့ အားနည်းလှသော လူငယ်လေးသည် မသေဆုံးခဲ့ခြင်းပင်။ ထို အစား ပြန်လည်၍ အသက်ရှင်လာခဲ့၏။
သူ၏ အသက်ဓာတ်များပြန်လည်အားကောင်းလာသည်ကို သိရှိပြီးသည့်နောက် တိုင်လုသည် မြေပေါ်မှာ ထိုင်၍ အူကြောင်ကြောင်နှင့် ဖြစ်နေမိသည်။
သူ အဘယ့်ကြောင့် ပြန်လည်၍ အသက်ရှင်နေသည်ကို နားမလည်သေးချေ။
သူ၏ အသက်ရှင်ချင်စိတ်သည် အလွန်ကြီးမားသောကြောင့် ကောင်းကင်မှ သူ့အား မကြည့်ရက်နိုင် ဖြစ်ခဲ့ပြီး လက်ဆောင်ပေးခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
တိုင်လုသည် သူ၏ လက်အား အသာမြှောက်ကြည့်လိုက်တော့ သူ့ရဲ့ အသားအရေများသည် အစိမ်းရောင်အဖြစ်မှ ပုံမှန်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီဖြစ်ကြောင်းကို သိရှိခဲ့ရသည်။ သူ မတွေးဘဲ မနေနိုင်တော့ချေ။ "ခုနက အစိမ်းရောင် အလင်းတန်းတွေက ဘာတွေလဲ"
ခုန်ထလိုက်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းမွန်နေသည်ကို အတည်ပြုလိုက်မိ၏။
သူသည် လင်းယုန်နက်တောင်ဆီမှ အလောတကြီး ထွက်ခွာလာခဲ့သည်။ လမ်းတစ်လျှောက်မှာတော့ သူသည် တိတ်တဆိတ် ကြိတ်ကာ ကြုံးဝါးလိုက်သည်။ "ကျွင်းချောင်ရှောင်းနဲ့ ဝိညာဉ်လိုကောင်တွေ ….. ခင်ဗျားတို့ စောင့်နေ။"
ဟူး ….။
ထိုအချိန်မှာပဲ အကြီးအကဲဝိညာဉ်သည် သူ၏ ရှေ့၌ ပေါ်လာသည်။ ပြီးနောက် အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။ "ငါ့ရဲ့ သိစိတ်ထုတ်ယူခြင်း နည်းစနစ်အောက်မှာ မင်း တကယ်ပဲ အသက်ရှင်နေသေးတာပဲ။ ကောင်လေး …. မင်းက မရိုးရှင်းဘူး။"
တိုင်လု ၏ အမူအရာသည် ပြောင်းလဲသွား၏။ ပြီးနောက် တစ်စက္ကန့်အတွင်းမှာပဲ သူသည် ချက်ချင်းဆိုသလိုပဲ ထွက်ပြေးတော့သည်။
သို့သော် သူ လှည့်လိုက်သည်နှင့် အကြီးအကဲ ဝိညာဉ်သည် သူ၏ လက်အား ဆွဲဆုပ်ထားပြီးဖြစ်၏။
ဤတစ်ကြိမ်မှာတော့ အကြီးအကဲ ဝိညာဉ်သည် သူ၏ လည်ပင်းအား ဆွဲဆုတ်ခြင်း မဟုတ်ပေ။ သူ၏ လက်အား ဆွဲဆုတ်ထားခြင်းပင် ဖြစ်သည်။
ပြီးနောက် အကြီးအကဲ ဝိညာဉ်သည် တိုင်လု၏ ဦးခေါင်းကို ဆွဲကိုင်လိုက်၏။ "မင်းဆီမှာ ဘာလျို့ဝှက်ချက်တွေ ရှိလဲဆိုတာ ဒီအဘိုးကြီး ကြည့်မယ်။"
ဟူး … ဟူး။
စိတ်ဖတ်ခြင်း နည်းစနစ်ကို အသုံးပြုပြီးသည့်နောက်မှာတော့ သူသည် တစ်ဖက်လူ၏ သိစိတ်တွေထဲသို့ ဝင်ရောက်လိုက်တော့သည်။
ပထမတစ်ကြိမ် တုန်းက ခံစားပြီးပြီဖြစ်သော တိုင်လုသည် ကြောက်လန့်တကြားဖြင့် အော်ဟစ် တောင်းပန်လိုက်တော့သည်။ “စီ …. စီနီယာ မသတ်ပါနဲ့ …. အား။"
ညနက်နက်ထဲမှာတော့ သွေးပျက်စရာ ကောင်းလှအောင် ခြောက်ခြားလှသည့် အော်သံကြီးသည် ထွက်ပေါ်လာခဲ့တော့သည်။
ဟူး။
သူ၏ ဒူးခေါင်းသည် မြေပေါ်သို့ ကျဆင်းသွား၏။ ပြီးနောက် ခန္ဓာကိုယ် တစ်ခုလုံးသည် တစ်ဖြည်းဖြည်း နှင့် မြေပေါ်သို့ လဲကျသွားတော့သည်။
သို့ပေမဲ့ ထိုသို့ မြေပေါ်သို့လဲကျသွားသူမှာ တိုင်လု မဟုတ်ပေ။ အကြီးအကဲ ဝိညာဉ်သာ ဖြစ်တော့သည်။
သူသည် မြေပေါ်မှာ လဲလှောင်းရင်း မျက်လုံး အပြူးသားနှင့်ဖြစ်နေ၏။
သူ၏ ခန္ဓာကိုယ်အား အစိမ်းရောင် အလင်းတန်းများ လွှမ်းခြုံလျက်ရှိသည်။ သူ၏ ခြေလက်များသည် တဆတ်ဆတ် နှင့် တုန်ရင်နေပြီး မကြာခင်မှာပဲ အသားအရေ တစ်ခုလုံး ညိုးခြောက်ကာ အရိုးနှင့် အရည်ပြားသာ ကျန်ရှိတော့သည်။
အစိမ်းရောင်အရည်များသည် ပျံ့နှံ့သွားပြီး တိုင်လု၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ပေါင်းစပ်သွားတော့သည်။
ဟူး။
ချက်ချင်းဆိုသလိုပဲ သူ၏ ဒန်ထျန်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလာသည်။
ဆယ့်တစ်ခုမြောက် မရီဒန်နှင့် ဆယ့်နှစ်ခုမြောက် မရီဒန်များ ဖွင့်လှစ်နိုင်ရုံသာမက ဒန်ထျန်ထဲတွင် ချီလေပွေများ ဖြစ်တည်လာပြီး သိုင်းတပည့် အဆင့်ခုနစ ်အထိပါ ရောက်ရှိသွားခဲ့၏။
အရာအားလုံးသည် အချိန်တိုအတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
အားလုံးပြီးဆုံးပြီးနောက်မှာတော့ သူ့ကို မသတ်ဖြတ်ရန် တောင်းဆိုခဲ့သည့် တိုင်လုသည် အသက်ရှင်လျက်ရှိပြီး သတ်ဖြတ်မှုကို ပြုလုပ်ခဲ့သည့် ညိုးခြောက်စွာဖြင့် သေဆုံးသွားပြီဖြစ်သော အဘိုးအိုအား ကြောင်အအနှင့် ကြည့်ရှုနေမိသည်။ ပြီးနောက် ကြောက်လန့်တကြားနှင့် မြေပေါ်သို့ ထိုင်ချလိုက်မိ၏။ "ဘာဖြစ်တာလဲ"
သူ၏ ခန္ဓာကိုယ်ထဲတွင် အားကောင်းလှသော စွမ်းအင်များ စုစည်းနေသည်ကို မြင်တော့ တွေဝေသွားမိ၏။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ တိုင်လုသည် ထိုစွမ်းအင်များနှင့် အသားကျလာသည်။
သူသည် ရုတ်တရက်ဆိုသလိုပဲ ပို၍ အားကောင်းလာသည်ကို ခံစားမိလိုက်၏။ ထို့အပြင် နည်းနည်းလေး အားကောင်းလာခြင်း မဟုတ်ပေ။ အလွန်အမင်း အားကောင်းလာခြင်း ဖြစ်၏။
ဟမ်။
သူ၏ လက်များသည် အစိမ်းရောင်အဖြစ် ပြန်လည်ပြောင်းလဲနေသည်ကို သတိပြုမိလိုက်သည်။
သူ့လက်ဝါးနှင့် ဖိမိသည့်အရာများသည် အသက်ဓာတ်များ ကုန်ဆုံးပြီး မြန်မြန်ဆန်ဆန်ပဲ ညိုးခြောက်သွားကြောင်းကို သူ သတိပြုမိလိုက်၏။
အချိန်အနည်းငယ်ကြာမှပဲ သူ၏ လက်ဝါးမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ဝင်ရောက်ကာ ပိုမိုတိုးပွားလာကြောင်း ခံစားလိုက်မိသည်။
အလွန်အမင်း များပြားလှသည် မဟုတ်သော်လည်း စိတ်ဝိညာဉ်စွမ်းအင်များ စုပ်ယူရရှိနေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။ တိုင်လုသည် ချက်ချင်းပဲ နားလည်သွားမိ၏။
ဤအားနည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ လက်နှင့်ဖိမိခဲ့သော ပန်းနှင့် မြင်ပင်များဆီမှ ဖြစ်သည်။ သူ ထိမိလိုက်သည် အရာတိုင်းဆီမှ စိတ်ဝိညဉ်စွမ်းအင်များကို သူ ရရှိနိုင်စွမ်း ရှိနေသည်။
သူ၏ ဘေးနားတွင် ညိုးခြောက်ပြီး သေဆုံးလျက်ရှိနေသော အဘိုးအိုအား ကြည့်ရှုသည်ကို မြင်တော့ သူ ပို၍ သေချာသွားသည်။။ "ငါက တစ်ခြားသူတွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ဝါးမြိုနိုင်တာလား။"
သူ၏ခန့်မှန်းချက်ကို အတည်ပြုရန်အတွက် တိုင်လုသည် ချက်ချင်းဆိုသလိုပဲ မတ်တပ်ထရပ်လိုက်သည်။ ပြီးနောက် သူသည် ကြီးမားလှသော သစ်ပင်ကြီးရှေ့သို့ လျှောက်သွားလိုက်၏။
သူ၏ လက်ဖဝါးသည် သစ်ပင်ကြီးပေါ်သို့ ရောက်ရှိသွားသည်။
ထင်မှတ်ထားသည့်အတိုင်းပဲ သူ၏ လက်ဝါးဆီမှ အစိမ်းရောင်အလင်းတန်းများသည် သစ်ပင်နှင့် ထိတွေ့မိချိန်၌မှာတော့ သစ်ပင်၌ ရှိသော အသက်ဓာတ် နှင့် စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလေတော့၏။
မူလက ဝေဆာလျက်ရှိသော သစ်ပင်ကြီးသည် အမြစ် နှင့် သစ်ကိုင်းတစ်ခုလုံး ညိုးခြောက်ကာ ချက်ချင်းဆိုသလိုပဲ ပိန်လှီသွားတော့သည်။
တစ်ချိန်တည်းမှာပဲ သူ စုပ်ယူလိုက်သော စိတ်ဝိညာဉ်စွမ်းအင်များသည် ခန္ဓာကိုယ်နှင့် ပေါင်းစပ်၍ သူ၏ ချီလေပွေထဲ၌ စိတ်ဝိညာဉ်စွမ်းအင်များအဖြစ် များပြားလာတော့သည်။
ဤအချိန်မှာတော့ အရူးပင်လျှင် ဘာတွေ ဖြစ်နေသည်ဆိုသည်ကို နားလည်နိုင်၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ထပြီးရယ်လိုက်မိ၏။ “ဟား…… ဟား ….. ဟား”
သေတော့မည်ဟု ထင်မှတ်ထားသော တိုင်လုသည် အကြီးအကဲ ဝိညာဉ်ဆီမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ခဲ့ခြင်းကြောင့် အဆင့်တစ်ဆယ် စွမ်းအင်ဖွင့်ခြင်း အဆင့်မှသည် အဆင့်ခုနစ် သိုင်းတပည့်အဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားတော့သည်။
သူသည် အရာဝတ္ထုများ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဝါးမြိုနိုင်စွမ်းရှိနေ၏။
တိုင်လု၏ လက်ပေါ်ရှိ အစိမ်းရောင်အလင်းတန်းများသည် ပျောက်ကွယ်သွားသည်။ သူ မည်မျှပင် ကြိုးစား ကြိုးစား ထပ်မံ၍ မပေါ်ပေါက်တော့ချေ။
"ဘယ်ရောက်သွားတာလဲ။ ငါ အန္တရာယ်တစ်ခုခု ဖြစ်တဲ့ အချိန်မှ ပေါ်လာတာနဲ့တူတယ်။"
စိတ်ဓာတ်ကျသွားသည်ဆိုသော်လည်း တိုင်လုသည် သူ၏ စိတ်လှုပ်ရှားမှုကိုတော့ မဖုံးကွယ်နိုင်ချေ။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တမဟုတ်ချင်း အများကြီး တိုးတက်သွားခဲ့သည် မဟုတ်လား။
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ပြောလိုက်သည်။ "ကျွင်းချောင်ရှောင်း… မကြာခင်မှာ လက်စားလာချေမယ်။"
ပြောပြီးသည့်နောက် သူသည် မတ်တပ်ထရပ်၍ ထွက်ခွာလိုက်သည်။
သူ ခြေလှမ်းလှမ်းလိုက်ချင်းမှာပဲ သူ၏ လှမ်းလိုက်သော ခြေတစ်လှမ်းချင်းစီသည် အလွန်လျှင်မြန်ဆန်ပြီး အရိပ်ကဲ့သို့ ဖြစ်နေကြောင်း သတိပြုမိလိုက်၏
ကြည့်ရသည်မှာ တိုင်လုသည် အကြီးအကဲ ဝိညာဉ် ဆီမှ စိတ်ဝိညာဉ်စွမ်းရည်များကိုသာမက အကြီးအကဲ ဝိညာဉ် နားလည်ထားသော သွေးခြေလှမ်းနည်းစနစ်အား တခါတည်း နားလည်သွားခဲ့ခြင်း ဖြစ်ပုံပေါ်သည်။
သူ့အနေနှင့် အကြီးအကဲ ဝိညာဉ် ကဲ့သို့ ထုတ်ဖော်အသုံးမပြုနိုင်ဘူးဆိုသော်လည်း သိုင်းတပည့်အဆင့်ဖြင့် အလွန်တရာ မြန်ဆန်စွာ သွားလာနိုင်သည်။ နည်းစနစ်သည် မိမိ၏ ကျင့်ကြံခြင်းအဆင့်ပေါ်တွင် မူတည်၍ ထုတ်ဖော် အသုံးပြုနိုင်စွမ်း ကွာခြားသည်မှာ သဘာဝပင် ဖြစ်၏။
"အရမ်းကောင်းတယ် … အံ့အားသင့်စရာပဲ။"
လက်ရှိအချိန်မှာတော့ တောနက်ထဲတွင် အလျှင်အမြန်ပြေးလွှားလျက်ရှိသော တိုင်လုသည် အလွန်အမင်း စိတ်လှုပ်ရှားလျက်ရှိသည်။
သူသည် သံမဏိအရိုးဂိုဏ်းတပည့်များ နောက်သို့ လိုက်၍ အားရပါးရ ဖြတ်ကန်ချင်စိတ်တွေပင် ပေါက်နေသည်။
"စိတ်ထိန်းထား … စိတ်ထိန်းထား ဒီကောင်နဲ့ သူ့တပည့်တွေက အရမ်းအားကောင်းလွန်းတယ်။"
သူသည် အလွန်အမင်း အားကောင်းလှသော စွမ်းအင်များကို ရရှိခဲ့ပြီ ဖြစ်သော်လည်း သူ့တွင် လက်သီး နှစ်လုံးသာရှိသည်။ များပြားလှသော လက်သီးများနှင့် ယှဉ်ပြိုင်၍ မည် မဟုတ်ချေ။
ထို့ကြောင့် နတ်စမ်းချောင်ဂိုဏ်းသို ပြန်၍ အစိမ်းရောင်အလင်း နှင့် ပတ်သက်သည့် အရာများကို သေသေချာချာ လေ့လာရန် စဉ်းစားလိုက်သည်။
ပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ယခုထပ်ပိုသည့် ကျင့်ကြံခြင်းအဆင့်ရအောင် ပြုလုပ်ပြီးမှ လက်စားချေရန် သံဓိဋ္ဌာန် ချလိုက်၏။
……..
လက်သီးနှစ်လုံးတည်း နှင့် လက်သီးများအား ယှဉ်ပြိုင်၍ မရနိုင်ဟု တိုင်လု တွေးထားခဲ့သည်။ တကယ်တမ်း မှာတော့ တိုင်လုသည် သူ့ကိုယ်သူ အထင်ကြီးနေခြင်းသာ ဖြစ်ပေလိမ့်မည်။
သူသည် တစ်ခြားသူများ၏ စိတ်ဝိညာဉ်စွမ်းအင် များကို ဝါးမြိုပြီး ကျင့်ကြံခြင်းအဆင့် အနည်းငယ် တိုးမြင့်လာခြင်းသာ ဖြစ်သည်။
သူသည် သိုင်းတပည့် အဆင့်သို့ ရောက်ရှိလာခဲ့သည်ဆိုသော်လည်း သံမဏိအရိုးဂိုဏ်း၏ အပြင်စည်း တပည့် လုံကျိရန်အားပင် အနိုင်ယူနိုင်မည် မဟုတ်ချေ။
တိုင်လု တစ်ယောက် အကြီးအကဲ ဝိညဉ်အား သတ်ဖြတ်လိုက်ခြင်းအား ကျွင်းချောင်ရှောင်း သိလျှင် အလွန်အမင်း ကျေးဇူးတင်မိလိမ့်မည် ဖြစ်သည်။
မဟုတ်ပါက သူ့အနေဖြင့် သိုင်းစစ်သူကြီးအဆင့် ရန်သူတစ်ယောက်အတွက် ခေါင်းကိုက်ဦးမှာ သေချာသည်။
ဘုတ်။
အိုက်ရား။
တိုင်လုသည် အရာအားလုံးကို မေ့ပြီး အားရပါးရ ပြေးနေသောကြောင့် ကြီးမာလှသော ကျောက်တုံးကြီးအား အမှတ်မထင် တိုက်မိတော့သည်။ ထို့ကြောင့် သူသည် မြေပေါ်သို့ လဲကျသွားတော့သည်။
လက်ရှိအချိန်တွင် တိုင်လုသည် ဝါးမြိုသူ တစ်ယောက်ဖြစ်နေ၏။
သို့ပေမဲ့ စနစ်ပိုင်ရှင်နှင့် ပြန်လည်မွေးဖွားလာသော လောကကြီး၏ ဇာတ်လိုက်များကိုတော့ ချိန်းခြောက်နိုင်မည် မဟုတ်သေးချေ။ အနိုင်ယူ တိုက်ခိုက်နိုင်ရန် ဆိုလျှင်ပင် အဝေးကြီး လိုအပ်နေပေသေးသည်။