အခန်း (၂၃၆)
Vol. 16 Ch. 236
နှစ်ရက်လောက်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တပည့်များအား ဂိုဏ်းဆီသို့ ပြန်ခေါ်လာခဲ့သည်။
ဟွာရင်နိုင်ငံမှာတော့ လင်းယုန်နက်ဂိုဏ်း တစ်ခုလုံး မီးလောင်ပြာကျသွားသည်ကို သိရှိသွားပြီးနောက် အားလုံးသည် အံ့အားသင့်သွားကြ၏။
အားလုံးသည် ထိုကိစ္စအား အပြင်းအထန် ဆွေးနွေးနေကြပြီး တော်တော်များများမှာတော့ ကြိတ်ပျော်နေကြသည်။
ဟွာရင်နိုင်ငံတွင် မိစ္ဆာဂိုဏ်းတွေ အများကြီး ရှိသည် ဆိုသော်လည်း အဆိုးယုတ်ဆုံးမှာ လင်းယုန်နက်ဂိုဏ်း ဖြစ်သည်။ ထိုဂိုဏ်းသည် ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းများအား ဂရုမစိုက်တတ်ဘဲ တစ်နေကုန် တခြားသူများဆီမှ လုယက်ဖို့ စဉ်းစားနေတတ်သော ဂိုဏ်းဖြစ်၏။
ယခု လင်းယုန်နက်ဂိုဏ်း မီးလောင်ကျွမ်းသွားခဲ့ပြီး ဂိုဏ်းချုပ်နှင့် ၎င်း၏ တပည့်များသည် ဘယ်ရောက်သွားမှန်းမသိပေ။ တစုံတယောက်သည် လောကကြီးအတွက် ဤမကောင်းသော လူ့အနတ္တများအား သုတ်သင်ခဲ့ခြင်း ဖြစ်လိမ့်မည်။
ထို့ကြောင့် လူကောင်းများအတွက် ပျော်ရွှင်စရာပင် ဖြစ်သည်။
မိစ္ဆာဂိုဏ်းများသည်လည်း ထိုကိစ္စကို ကြားတော့ လက်ခုပ်တီးကာ ဂုဏ်ပြုမိကြ၏။
လင်းယုန်နက်ဂိုဏ်းသည် မည်သူမှ မနှစ်သက်သည်အထိ ဆိုးယုတ်သော ဂိုဏ်းတစ်ခု ဖြစ်သည်။
အနှစ်ချုပ်ရလျှင် အားလုံးသော လူများသည် လွန်ခဲ့သော နှစ်တစ်ရာ က တည်ထောင်ခဲ့သော လင်းယုန်နက်ဂိုဏ်းသည် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ကြောင်း ဆွေးနွေးနေကြတော့၏။
ကံဆိုးစွာနှင့် ထိုကိစ္စအား မျက်မြင်တွေ့ရှိသူဟူ၍ မရှိကြချေ။
လင်းယုန်နက်ဂိုဏ်း အပြစ်ပြုမိသော ဂိုဏ်းများအကြောင်း စုံစမ်းကြည့်ရသည်။ သို့ပေမဲ့ တကယ်တမ်း စုံစမ်းကြည့်လိုက်တော့ လင်းယုန်နက်ဂိုဏ်း အပြစ်ပြုမိသော ဂိုဏ်းများသည် ရေတွက်၍ပင် မကုန်နိုင်ဖြစ်နေသည်။
သေမင်းတောင်ကြားတွင် လင်းယုန်နက်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်သည် သံမဏိအရိုးဂိုဏ်းနောက်သို့ လိုက်သွားကြောင်း တစုံတယောက် က ပြောဆိုခဲ့သည် ဆိုသော်လည်း မည်သူကမှ သိပ်ပြီး အလေးမထားကြချေ။
ချင်းယန်နိုင်ငံမှ အဆင့်ရှစ် ဂိုဏ်းတစ်ခုသည် ဟွာရင်နိုင်ငံမှ လင်းယုန်နက်ဂိုဏ်းအား အနိုင်ယူနိုင်လိမ့်မည်ဟု မည်သူမှ မထင်မှတ်ကြပေ။
အားလုံးတွင် အမြင်အမျိုးမျိုး ရှိနေပြီး လင်းယုန်နက်ဂိုဏ်းတစ်ခုလုံး ဘာမှန်းမသိဘဲ ဖျက်ဆီးခံလိုက်ရခြင်းသည် နိုင်ငံ၏ သမိုင်းတွင် ရေးထိုးဖြစ်တည်သွားမည် ဖြစ်၏။
……
ချင်းယန်နိုင်ငံသည်လည်း ထိုသတင်းကို ရရှိကြသည်။
သို့ပေမဲ့ နိုင်ငံ၏ ပြင်ပမှ ကိစ္စဖြစ်သောကြောင့် မည်သူမှ အလေးအနက် မထားကြချေ။ သူတို့ စိတ်ဝင်စားသည်မှာ အိုက်မိသားစု ဆေးလုံး များနှင့် သံမဏိအရိုးဂိုဏ်း နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်မည့် ကိစ္စပင် ဖြစ်၏။
ဂိုဏ်းဆီသို့ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ ရရှိခဲ့သော သိုလှောင်လက်စွပ်များအား တပည့်တစ်ယောက်ချင်းစီအား ပေးလိုက်သည်။
လင်းယုန်နက်ဂိုဏ်းအား ဖျက်ဆီးပြီးသည့်နောက် သူသည် ထိုက်တန်သော ငွေကြေးနှင့် အရင်းအမြစ်များ ရရှိခဲ့သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် လောကကြီး၏ ကိုယ်စား မိစ္ဆာဂိုဏ်းများအား လိုက်လံရှင်းလင်းလျှင် ကောင်းမည်လော ဟုပင် အတွေးဝင်နေမိ၏။
မဖြစ်နိုင်ပေ။
ထိုကိစ္စသည် ကြီးကျယ်လွန်းသည်။ သိုသိုသိပ်သိပ် နေချင်သော သူ၏ ဆန္ဒနှင့် လုံးလုံး ဆန့်ကျင်လျက်ရှိသည်။
ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးနောက် ဂိုဏ်းချုပ်ကျွင်းသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား ဖျက်ဆီးခဲ့သည်။ ပြီးနောက် ဟောင်ချီဂိုဏ်းအား အနိုင်ယူခဲ့သည်။ ယခု လင်းယုန်နက်ဂိုဏ်းအားလည်း ဖျက်ဆီးခဲ့ပြန်သည်။
ထို့သို့ ပြုလုပ်ပြီးတာတောင်မှ သိုသိုသိပ်သိပ် နေချင်သူဖြစ်ကြောင်း ပြောဆိုနေပြန်၏။ သောက်ကျိုးနည်းလှချေသည် တကား။
“ဂိုဏ်းချုပ် …”
ဂိုဏ်းသို့ပြန်ရောက်ပြီး နောက်တစ်ရက်မှာတော့ စီနီယာဝေသည် သူ့အား လာရောက်တွေ့ဆုံသည် “ဒုတိယ အသုတ် ဆေးပင်တွေ ရပါပြီ။ ခူးလို့ရနိုင်ပြီ”
“တကယ်လား”
ကျွင်းချောင်ရှောင်း ပျော်သွားသည်။ သူသည် ဆေးဥယျာဉ်ရှိရာသို့ မြန်မြန် ချီတက်သွားလိုက်သည်။
စီနီယာဝေ၏ သေချာဂရုစိုက် ပျိုးထောင်မှုအောက်မှာတော့ ဆယ်ဧက ကျယ်ဝန်းသော ဥယျာဉ်သည် များပြားပေါကြွယ်လှသော စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်ဝနေပြီ ဖြစ်၏။
“ဟူး….”
ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှုလိုက်သည်။ သူ၏ စိတ်များသည် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
“စီနီယာဝေ …”
သူ အံ့အားတသင့်နှင့် ပြောလိုက်မိသည် “ခင်ဗျားရဲ့ ဂရုစိုက်မှုအောက်မှာ ဆေးဥယျာဉ်က ရတနာတစ်ခုလိုတောင် ဖြစ်လာပြီပဲ”
စီနီယာဝေ ပြောလိုက်သည် “ဂိုဏ်းချုပ် … ကျုပ်တို့ သံမဏိအရိုးတောင်က သာမာန်ဆန်လွန်းတယ်။ တည်နေရာတစ်ခုလုံးမှာ စိတ်ဝိညာဉ်အပင်တွေ စိုက်ပျိုးပြီး စိတ်ဝိညာဉ်စွမ်းအင်တွေ ပေါကြွယ်အောင် ပြုလုပ်ရမယ်။”
“ကောင်းတဲ့အကြံပဲ” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွားသည်။
သံမဏိအရိုးတောင်သည် ကြီးမားလွန်းသည် ဆိုသော်လည်း သာမာန်ဆန်နေ၏ စိတ်ဝိညာဉ်စွမ်းအင်များ နည်းပါးပြီး တခြားသော ဂိုဏ်းတစ်ခုခု၏ မူပိုင်တောင်များနှင့် ယှဉ်ရင် ဘာမှ ထူးခြားမနေပေ။
လင်းယုန်နက်ဂိုဏ်းကို မဆိုနှင့် စိတ်ဝိညာဉ်စမ်းချောင်ဂိုဏ်း၏ စိတ်ဝိညာဉ်စမ်းချောင်းတောင် သည်ပင် စိတ်ဝိညာဉ်အပင်များနှင့် ဝန်းရံထားပြီး ချီစုစည်းမှုသည် အားကောင်းလှသည်။
သံမဏိအရိုးဂိုဏ်းအနေနှင့် လှပပြီး ခန့်ညားလှသော အဆောက်အဦ တို့ တည်ဆောက်ထားသည် ဆိုသော်လည်း စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ရန် လိုအပ်နေသေး၏။ ထိုသို့ပေါကြွယ်မှသာလျှင် သူ နှင့် ဂိုဏ်းသားများ၏ အကျိုးကျေးဇူးသည် ပိုမိုတိုးတက်လာလိမ့်မည်။
သာမာန်အခြေအနေ ဆိုလျှင် စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ရန် ပြုလုပ်ရသည် ဆိုသည်မှာ အလွန်တရာ ခက်ခဲလှသည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတွင်တော့ စီနီယာဝေ ရှိနေသည်။
စိတ်ဝိညာဉ်အပင်များအား စိုက်ပျိုး၍ တည်နေရာ တစ်ခုလုံး စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နေစေရန် စီနီယာဝေ ပြုလုပ်နိုင်စွမ်းရှိ၏။
“ဒါပေမဲ့ …”
စီနီယာဝေ ထပ်ပြောလိုက်သည် “ဒါက အလုပ်ကြီးတစ်ခုပဲ။ ဒီတော့ နှစ်နှစ် ၊ သုံးနှစ် အတွင်း လုပ်လို့ရမှာ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း ကြိုးစားသွားရမှာ”
“အဆင်ပြေတယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သစ်ပင်တွေ စိုက်ဖို့ ကျွန်တော် ကောင်းကောင်း ထောက်ပံ့ပေးမယ်။”
အချိန်ကြာမြင့်သည်မှာ ကိစ္စတစ်ခု မဟုတ်ပေ။ သံမဏိအရိုးတောင်၏ ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲသွားအောင် ပြုလုပ်နိုင်ခြင်းဖြင့် အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ရလာဒ်ကို ရယူနိုင်ပေလိမ့်မည်။
“ဒီလိုဆိုရင် …”
စီနီယာဝေ ပြောလိုက်၏ “ဂိုဏ်းချုပ် … မျိုးစေ့တွေ ဝယ်ပေးပါအုံး.. အရည်အသွေးမြင့်မားလေ ကောင်းလေပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကိစ္စမရှိဘူး”
နောက်တော့ စီနီယာဝေသည် သူ၏ ဆေးပင်များကို ခူးဆွတ်တော့သည်။ သူသည် တခြားတပည့်များအား ကူညီရန် မစေခိုင်းချေ။ သူကိုယ်တိုင် ခူးမှသာ အရည်အသွေးမြင့် ဆေးပင်များ ရရှိမည် ဖြစ်ကြောင်း သိရှိပြီး ဖြစ်၏။
ဆေးပင်များ သိမ်းဆည်းပြီးနောက် ချီစုစည်းခြင်းဆေးလုံး နှစ်ထောင်ကျော် သန့်စင်နိုင်သော အရေအတွက် ရရှိကြောင်း သူ သတိပြုမိသည်။ အရင်တစ်ကြိမ် ဆေးပင်များထက် ပိုမို၍လည်း အရည်အသွေး ကောင်းမွန်နေသည်။
“စီနီယာဝေ ..”
ကျွင်းချောင်ရှောင်း ခံစားချက်အပြည့်နှင့် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက စီနီယာဝေ လို အရည်အချင်းရှိတဲ့သူကို လက်ခံရရှိတာ ကောင်းချီးတစ်ခုပဲ”
စီနီယာဝေ ပြုံးကာ ပြောလိုက်သည် “ကြင်နာမှုအတွက် ကျေးဇူးပါ ဂိုဏ်းချုပ် .. ဒီအဘိုးကြီးက မသေမချင်း ဂိုဏ်းအတွက် အလုပ်အကျွေး ပြုပါမယ်”
“ဒါက မဆိုးဘူး”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “စီနီယာဝေ အသက်ရှည်ရှည် နေမှ ဖြစ်မယ်”
“ဟားဟား …”
စီနီယာဝေသည် ရယ်မောလိုက်သည် “သိုင်းဘုရင် အဆင့်ကို ရောက်မှ နှစ်တစ်ထောင် သက်တမ်းကို ပိုင်ဆိုင်တာ။ ကျုပ်အရိုးတွေက ကျွတ်နေပြီ ။ မရတော့ဘူး”
“သိုင်းဘုရင်အဆင့်ကို ရောက်ရင် နှစ်တစ်ထောင် သက်တမ်းကို ပိုင်ဆိုင်မှာလား။ ဒါက မခက်ခဲဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“……..”
စီနီယာဝေ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် တုန်ရင်သွား၏။
သိုင်းဘုရင်အဆင့်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အဆင့်အမြင့်ဆုံး မဟုတ်ဘူး ဆိုလျှင်တောင်မှ သိုင်းဘုရင်များသည် လောက၏ အုပ်စိုးသူအဖြစ်တောင် သတ်မှတ်ရနိုင်သည့် ကျင့်ကြံသူများ ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် မခက်ခဲဘဲ ရောက်နိုင်သော အဆင့်ဖြစ်ကြောင်း ပြောဆိုနေသည်။
ဆေးပင်များကို စုဆောင်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဆေးလုံးဖော်စပ်ရန် ဆေးဥယျာဉ် မှ ပြန်လည် ထွက်ခွာလိုက်၏။
အကြီးအကဲဝေသည် သူ၏ တပည့်များနှင့်အတူ အရည်အသွေးမြင့် ဆေးပင်မျိုးစေ့များအား ထပ်မံ စိုက်ပျိုးလိုက်တော့သည်။
ဆေးပင် နှစ်သုတ်စာ စိုက်ပျိုး ခူးယူပြီးသည့် စိတ်ဝိညာဉ်စွမ်းအင်များသည် ဤနေရာ၌ ပေါများနေပြီ ဖြစ်သောကြောင့် တတိယ အသုတ်စာ အတွက် စိုက်ပျိုးချိန်သည် ပိုမို၍တိုတောင်းသွားမှာ သေချာ၏။
ထိုအရာကိုလည်း ကျွင်းချောင်ရှောင်းအလိုချင်ဆုံး ဖြစ်သည်။ အရည်အသွေးမြင့် ဆေးပင်များ ရရှိလေ သူ၏ တစ်နှစ်အတွင်း နတ်စမ်းချောင်းဂိုဏ်းအား စိန်ခေါ်သည့် ကိစ္စသည်လည်း အောင်မြင်နိုင်ချေ များလာမည်။ တပည့်များသည်လည်း ပိုမို၍ တိုးတက်လာလိမ့်မည်။
….
အခန်းထဲမှာတော့ …
ကျွင်းချောင်ရှောင်းသည် ခြေချိတ်ထိုင်ပြီး ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်အား လှည့်ပတ်လိုက်သည်။
ဆေးသန့်စင်ခြင်းခန်းဆောင် နှင့် ပန်းပဲဆောင်သည် အလုပ်လုပ်လျက်ရှိသည်။ ထို့ကြောင့် သူ၏ နားထဲတွင် တတောင်တောင် နှင့် အသံတွေ ဆူညံနေ၏။
အကြီးအကဲဝေ ယခုတစ်ကြိမ် ခူးပေးလိုက်သော ဆေးပင်များသည် အရည်အသွေး အလွန်ကောင်းမွန်သောကြောင့် အကျိုးသက်ရောက်မှုမှာလည်း ထူးခြားလှသည်။
အားလုံးကို သန့်စင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဆေးတစ်လုံးကို ထုတ်ယူ၍ သောက်လိုက်သည်။ ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်မှုနှုန်းသည် ဆယ့်ငါးဆ မြန်လာကြောင်း သူတွက်ချက်လိုက်မိ၏။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပလာသည် “အကြီးအကဲဝေ စိုက်ပျိုးတဲ့ ဆေးပင် က ဂိုဏ်းသားတွေရဲ့ အောင်မြင်မှုအတွက် အဓိက သော့ချက် ဖြစ်လာလိမ့်မယ်။”
နောက်တစ်ရက်မှာတော့ ..
သူသည် လင်းယုန်နက်ဂိုဏ်းအား ချေမှုန်းရာတွင် ပါဝင်ကြသော ဂိုဏ်းသားများအား ဆုလာဘ်အဖြစ် ချီစုစည်းခြင်းဆေးလုံးများ ပေးလိုက်သည်။
ပြီးနောက် သူသည် ဟွာရန်နိုင်ငံသို့ သွား၍ အိုက်မိသားစု ခေါင်းဆောင်နှင့် သွားရောက် တွေ့ဆုံလိုက်၏။
“ဘာ …”
အိုက်ရှန်ရီ တုန်လှုပ်သွားသည် “ဆေးမျိုးစေ့ သိန်းချီ ရှာပေးရမှာလား။”
“ရနိုင်လား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
အိုက်ရှန်းရီသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည် “အရေအတွက် က များတယ် ဆိုပေမဲ့ ရှာလို့ရနိုင်တယ်။ ဒါပေမဲ့ ဈေးကြီးလိမ့်မယ်။”
ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်တစ်ကွင်းအား စားပွဲပေါ် တင်ရင်း ပြောလိုက်၏ “ဒီထဲမှာ သန်းနှစ်ဆယ် ရှိတယ်။ ရှာပေးနိုင်တယ်မလား”
အိုက်ရှန်းရီ ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွားသည်။
များပြားလှသော ဆေးပင်မျိုးစေ့များ ဝယ်ယူရန် အလွန်များသော ပိုက်ဆံအား ထုတ်ပေးနေ၏။ ဤအရောင်းအဝယ်သည် ကြီးမားလာပြီ ဖြစ်သည်။
“မပူပါနဲ့ ဂိုဏ်းချုပ်ကျွင်း”
အိုက်ရှန်းရီ ပြောလိုက်သည် “အမြန်ဆုံးနည်းလမ်းနဲ့ ဆေးမျိုးစေ့တွေ ရှာထားမယ်။”
“အင်း”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ပိုက်ဆံတွေ ယူပြီးရင် လက်စွပ်ပြန်ပေး”
ဂိုဏ်းချုပ်ကျွင်းသည် ပိုက်ဆံသန်းနှစ်ဆယ်ကိုပင် အနှမျောမရှိ သုံးခဲ့သည်။ သို့ပေမဲ့ သိုလှောင်လက်စွပ်ကိုတော့ ပြန်တောင်းနေသေး၏။ အံချီးဖွယ်ရာ ပါတကား။
“ကောင်းပါပြီ ဂိုဏ်းချုပ်ကျွင်း …”
အရောင်းအဝယ် ကိစ္စဆွေးနွေးပြီးသည့်နောက် အိုက်ရှန်းရီသည် ပြုံးကာ ပြောလိုက်သည် “အနီးနားက ဖင်းယန် နိုင်ငံမှာ သိုင်းပြိုင်ပွဲတစ်ခု ကျင်းပလိမ့်မည်။ ခင်ဗျားတို့ ဂိုဏ်းပါအုံးမှာလား”
“မပါ ပါဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“ဒင် … သီးခြားတာဝန် အသက်ဝင် (အထူးတာဝန်) ….”
သူ စနစ်ကို ဖွင့်ကြည့်လိုက်တော့ ဖင်းယန်နိုင်ငံရှိ သိုင်းပြိုင်ပွဲသို့ တပည့်တစ်ယောက် စေလွှတ်ကာ ယှဉ်ပြိုင်စေရန် နှင့် ဗိုလ်ဆွဲရန်။
စနစ်ဆီမှ အချက်အလက်ကို မြင်တော့ ကျွင်းချောင်ရှောင်းချက်ချင်း ပြောလိုက်သည် “သိုင်းပြိုင်ပွဲလား။ ပြိုင်ရမှာပေါ့”