← Chapters

သိုင်းတာအိုပါရမီရှင်...

Vol. 1 Ch. 4

သိုင်းတာအိုပါရမီရှင်...

Vol. 1 Ch. 4

ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်ကဲ့သို့ ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ယောက်အတွက် သူ၏ ခံစားချက်များကို နှိုးဆွနိုင်ရန် ခက်ခဲလေသည်။ ဗုဒ္ဓသိုင်းပညာများကို ကျင့်ကြံသူများက တည်ငြိမ်သော စိတ်နှင့် ချီကို ပိုင်ဆိုင်ကြလေသည်။

ဗုဒ္ဓ၏ အဆုံးအမများတွင် နှစ် ၈၀ ၉၀လောက် နစ်မြှုပ်နေခဲ့သူတစ်ယောက်အတွက် တိုင်တောင်တန်းပြိုကျလျှင်တောင် မျက်တောင်တစ်ချက် ခတ်မည်မဟုတ်ပေ။

ယခု သူ၏ စိတ်က အံ့ဩတုန်လှုပ်နေခဲ့သည်။

" အဲ့ဒါ လောဟန်လက်သီးသိုင်းလား။ မဟုတ်ဘူး အဲ့ဒါ လောဟန်လက်သီးသိုင်းမဟုတ်ဘူး။ " ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်က ကိုရင်လေး လေ့ကျင့်နေသော လက်သီးသိုင်းကို သေချာလေ့လာနေသည်။

အရွယ်ရောက်နေသည့် ဘုန်းကြီးများ လေ့ကျင့်နေသော လောဟန်လက်သီးသိုင်းနှင့် ယှဉ်လျှင် ကိုရင်လေး လေ့ကျင့်နေသော လက်သီးသိုင်းက နက်နဲလှပေသည်။

ဟွေ့ဝမ်၏ မျက်လုံးများထဲတွင် သဘာဝဆန်သော အရာတစ်ခု ရှိနေလေသည်။

" အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကလေးတစ်ယောက်က ဒီလိုနက်နဲတဲ့ သိုင်းပညာကို ဘယ်လိုလုပ် သိမြင်နိုင်တာလဲ။ " ဟွေ့ဝမ်က မယုံကြည်နိုင်ဖြစ်နေသည်။

ဗုဒ္ဓ၏ အဆုံးအမများနှင့် သိုင်းပညာများ အပါအဝင် မည်သည့်သိုင်းပညာမဆို နားလည်ပြီး ကျွမ်းကျင်နိုင်ရန် အချိန်တစ်ခု လိုအပ်လေသည်။

လောဟန်လက်သီးသိုင်းက နက်နဲခြင်းမရှိသော်လည်း ၇နှစ် ၈နှစ် အရွယ်ရှိသော ကလေးတစ်ယောက် နားလည်ကျွမ်းကျင်နိုင်သော အရာတစ်ခု မဟုတ်ပေ။ သို့သော် ကိုရင်လေး ပြသနေသော သိုင်းပညာက လောဟန်လက်သီးသိုင်းထက် အဆင့်မြင့်ပြီး ကျွမ်းကျင်စွာဖြင့် လေ့ကျင့်နေလေသည်။

ဟွေ့ဝမ်ကို ပို၍ စိတ်ရှုပ်ထွေးစေသည်မှာ ကိုရင်လေး လေ့ကျင့်နေသော သိုင်းပညာက လောဟန်လက်သီးသိုင်း၏ အငွေ့အသက်များ ပါဝင်နေပြီး သာလွန်အဆင့်ဖြစ်သော မဟာဇင်ဘုရားကျောင်း၏ လျို့ဝှက်သိုင်း ၇၂မျိုးထဲသို့ ပါဝင်လုနီးပါး ဖြစ်နေလေသည်။

အသိပညာများမရှိဘဲ ဗုဒ္ဓသိုင်းပညာတစ်ခုကို ကျွမ်းကျင်နေခြင်းက ဟွေ့ဝမ်ကို မယုံကြည်နိုင်ဖြစ်စေလေသည်။

" ကျောင်းထိုင်ဆရာတော် " အခြားကိုရင်ငယ်လေးများက ဟွေ့ဝမ်၏ အကြည့်ကို သတိထားမိသွားကြပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။ ထိုအချိန်တွင် လင်းယွမ်က သူနားလည်ထားသော လောဟန်ဗုဒ္ဓလက်သီးသိုင်းကို လေ့ကျင့်နေခဲ့သည်။

ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်က ကိုရင်လေးများကို အာရုံစိုက်ခြင်းမရှိဘဲ သူ၏ လက်ကို ဝှေ့ရမ်းပြီး ထွက်သွားရန် အချက်ပြလိုက်သည်။ သူက လေ့ကျင့်ခြင်းတွင် စျာန်ဝင်နေသော လင်းယွမ်အပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။

" လောဟန်ဗုဒ္ဓလက်သီးသိုင်း " လင်းယွမ်က ထိုသိုင်းပညာကို လေ့ကျင့်နေစဉ် နွေးထွေးသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။

အချိန်မည်မျှကြာသွားသည်မသိ လင်းယွမ်က သူ၏ ဝမ်ဗိုက်အောက်ရှိ ဒန်တန်ထဲမှ စွမ်းအားကို တိတ်တဆိတ်စုစည်းနေသည်။

" ဒါ အတွင်းအားချီလား။ "

" အတွင်းအားချီက ရှန်ထျန်းအဆင့် သိုင်းပညာရှင်တွေပဲ အသုံးပြုနိုင်တာ မဟုတ်ဘူးလား။ " လင်းယွမ်က စဥ်းစားနေသည်။ သုံးနှစ်လေးနှစ်သာရှိသောကြောင့် သူ၏ အသိပညာက အကန့်အသတ် ရှိလေသည်။

အတွင်းအားချီဆိုသည်မှာ ရှန်ထျန်းအဆင့် သိုင်းပညာရှင်များသာ အသုံးပြုနိုင်သည်ကို သူသိလေသည်။

အတွင်းအားချီထွက်ပေါ်လာချိန်တွင် လင်းယွမ်က ဆာလောင်မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်သည်။ သို့သော် သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအချိန်တွင် ဘုန်းကြီးတစ်ရာကျော်နှင့် ကိုရင်ဆယ်ယောက်ကျော်က မရှိတော့သည်ကို တွေ့လိုက်ရသည်။

ထိုနေရာတွင် ဘုန်းကြီးအိုကြီး ခုနှစ်ယောက်သာ ရှိနေပြီး အလယ်မှ မျက်ခုံးမွှေးရှည်များနှင့် ဘုန်းကြီးက သူ့ကို စူးရှသော အကြည့်များနှင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

" ကျောင်း ကျောင်းထိုင်ဆရာတော် " လင်းယွမ်က အံ့ဩသွား၏။

ဘုန်းကြီးခုနှစ်ယောက်ကြားတွင် သူက သုံးယောက်သာ တွေ့ဖူးလေသည်။ သူတို့က သိုင်းလေ့ကျင့်အဆောင်နှင့် တပည့်အဆောင်တို့မှ အဆောင်မှူးနှစ်ယောက်နှင့် ကျောင်းထိုင်ဆရာတော်တို့ ဖြစ်ကြလေသည်။ ကျန်သော လေးယောက်ကို သူမသိပေ။

သို့သော် ကျောင်းထိုင်ဆရာတော်၊ အဆောင်မှူးများဖြင့် တန်းတူရပ်နေသောကြောင့် သူတို့၏ အဆင့်အတန်းမှာလည်း နိမ့်ကျမည်မဟုတ်ပေ။

အထူးသဖြင့် မျက်ခုံးမွှေးရှည် ဆရာတော်ပင် ဖြစ်ပြီး ကျောင်းထိုင်ဆရာတော်ပင် သူ၏ နောက်တွင် ကပ်၍ ရပ်နေလေသည်။

" ကလေး "

မဟာဇင်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်က နူးညံ့စွာ ပြုံးပြီး မေးလိုက်သည်။ " မင်းလေ့ကျင့်နေတဲ့ လက်သီးသိုင်းကို ဘယ်မှာသင်ခဲ့တာလဲ။ "

ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်က ကိုရင်လေးများကို အဝေးသို့ ပို့ပြီးသောအခါ မဟာဇင်ဘုရားကျောင်း၏ အဆောင်မှူးများနှင့် သိုင်းပညာရှင်များကို ဆင့်ခေါ်ခဲ့လေသည်။

မဟာဇင်ဘုရားကျောင်း၏ သိုင်းပညာရှင်ဘုန်းကြီးများက ကိစ္စ၏ လေးနက်မှုကို ချက်ချင်း သိပြီး လုပ်လက်စများကို ရပ်၍ ချက်ချင်း ရောက်လာခဲ့ကြသည်။

အားလုံးက လင်းယွမ်လေ့ကျင့်သော လက်သီးသိုင်းမှာ နက်နဲပြီး အဆင့်မြင့်သော ဗုဒ္ဓလက်သီးသိုင်းတစ်မျိုးဖြစ်သည်ဟု ခန့်မှန်းခဲ့ကြသည်။

" ကျွန်တော် ဘယ်မှာသင်ခဲ့တာလဲဆိုတော့..." ၎င်းကို ကြားသောအခါ လင်းယွမ်က သက်ပြင်းချလိုက်သည်။

လောဟန်ဗုဒ္ဓလက်သီးသိုင်းကို လေ့ကျင့်ခြင်းက သူ၏ ပါရမီကို ပြသရာလည်း ရောက်လေသည်။ သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် ထိုကမ္ဘာမှ အဆင့်မြင့်သိုင်းပညာများကို သင်ယူနိုင်စွမ်းရှိလေသည်။

စာကလေးငှက်နှင့် တီကောင်တို့ကို လေ့လာခြင်းဖြင့် သူက နတ်စာကလေးကောင်းကင်ဖြတ်သန်းခြင်းနှင့် နဂါးမြေလူးသိုင်းပညာတို့ကို နားလည်နိုင်ခဲ့လေသည်။ ထို့အပြင် ဘုန်းကြီးများ လောဟန်လက်သီးသိုင်းအား လေ့ကျင့်သည်ကို လေ့လာခြင်းဖြင့် သူက သာလွန်အဆင့် သိုင်းပညာတစ်ခုဖြစ်သော လောဟန်ဗုဒ္ဓလက်သီးသိုင်းကို နားလည်ခဲ့လေသည်။

သူက သာလွန်အဆင့် သိုင်းပညာများကို လေ့လာခဲ့လျှင် ပိုအဆင့်မြင့်သော သိုင်းပညာများကို နားလည်နိုင်ပေလိမ့်မည်ဖြစ်သည်။ လင်းယွမ်က သာလွန်အဆင့် သိုင်းပညာများ၏ ရပ်တည်မှုကို မသိသော်လည်း သူက ကောင်းကင်သို့ ခြေတစ်လှမ်းတည်းဖြင့် တက်ပြီး အတွင်းအားချီကို စုစည်းနိုင်ခဲ့သည်။

သို့သော် သူက ပို၍ အဆင့်မြင့်သော သိုင်းပညာများကို ရရှိရန် သူ၏ ကိုရင်လေးအဆင့်က မလုံလောက်သေးပေ။

" ဆရာတော်ကို လျှောက်တင်ပါတယ်။ ကျွန်တော်က ညီအကိုတွေ လေ့ကျင့်တာကို ကြည့်ပြီး လိုက်လေ့ကျင့်ရင်းနဲ့ ဒီသိုင်းပညာကို နားလည်သွားတာပါ။ " လင်းယွမ်က တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

သူပြောသော စကားများကလည်း မမှားပေ။ စကြာဝဠာလူသားမဟာမိတ်တွင် သူက ထိုကဲ့သို့သော စွမ်းရည်မျိုး ပြသခဲ့ပါက သူ့ကို စောင့်ကြည့်လေ့လာကြမည်ဖြစ်သည်။

သို့သော် ဤနေရာက ရှေးခေတ်သိုင်းကမ္ဘာဖြစ်ပြီး အထူးသဖြင့် မဟာဇင်ဘုရားကျောင်းကဲ့သို့ ဗုဒ္ဓအဆုံးအမများ ပြည့်နှက်နေသောနေရာတွင် သူ၏ ထူးကဲသော အရည်အချင်းများကို ပြသခဲ့လျှင်တောင် သူတို့က သူ့ကို ဗုဒ္ဓပြန်လည်ဝင်စားခြင်း သို့မဟုတ် ဗုဒ္ဓကလေးအဖြစ်သာ သတ်မှတ်ကြပေလိမ့်မည်ဖြစ်သည်။

" ဘုန်းကြီးတွေ လောဟန်လက်သီးသိုင်းလေ့ကျင့်တာကို ကြည့်ပြီး လောက်ဟန်လက်သီးထက် ပိုအဆင့်မြင့်တဲ့ သိုင်းပညာကို နားလည်ခဲ့တယ်။ " မဟာဇင်ဘုရားကျောင်း ကျောင်းထိုင်ဆရာတော်နှင့် အခြားဆရာတော်များက တိတ်ဆိတ်သွားကြသည်။

လင်းယွမ်ကို စူးရှသော မျက်လုံးများနှင့် စစ်ဆေးခဲ့သော မျက်ခုံးမွှေးရှည်နှင့် ဘုန်းကြီးအိုကြီးကလည်း တိတ်ဆိတ်သွား၏။

အခြားတစ်ယောက်သာ ထိုကဲ့သို့ ပြောပါက သူတို့ ယုံကြည်မည်မဟုတ်ပေ။ သာလွန်သိုင်းပညာတစ်ခုက ဟာသမဟုတ်ပေ။

ကမ္ဘာပေါ်မှ သာလွန်အဆင့် သိုင်းပညာအများစုက ဆရာသခင်အဆင့် သိုင်းပညာရှင်ကြီးများ ကြိုးစားအားထုတ်ပြီး ဖန်တီးထားကြခြင်း ဖြစ်သည်။

မဟာဇင်ဘုရားကျောင်းက ဗုဒ္ဓမြင့်မြတ်နယ်မြေတစ်ခုဖြစ်သကဲ့သို့ ဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်းလည်း ဖြစ်သည်။ အဓိကအားဖြင့် ရှန်ထျန်းအဆင့် သိုင်းပညာရှင်များကို မွေးထုတ်ရန် လျို့ဝှက်သိုင်းပညာ ၇၂မျိုးပေါ် မူတည်နေသည်။

သိုင်းပညာ ၇၂မျိုးက သာလွန်အဆင့် သိုင်းပညာများဖြစ်ကြလေသည်။ ယခု အသက်သုံးလေးနှစ်အရွယ်ကလေးတစ်ယောက်က သာလွန်အဆင့်သိုင်းပညာတစ်ခုကို နားလည်နိုင်နေသည်။

သို့သော် သေချာစဉ်းစားကြည့်လျှင် သူတို့က လင်းယွမ်ပြောသည်မှာ အမှန်ဖြစ်သည်ကို နားလည်ကြလေသည်။ လောဟန်ဗုဒ္ဓလက်သီးသိုင်းက သာလွန်အဆင့် ဗုဒ္ဓသိုင်းပညာတစ်ခု ဖြစ်၏။

လက်ရှိကမ္ဘာတွင် မဟာဇင်ဘုရားကျောင်းအပြင် အခြားဗုဒ္ဓဂိုဏ်းများလည်း ရှိနေသည်။ သို့သော် သံသယဝင်စရာမလိုဘဲ မဟာဇင်ဘုရားကျောင်းက ထိပ်ဆုံးတွင် ရပ်တည်နေသည်။ လျို့ဝှက်သိုင်း၇၂မျိုးထက် သာလွန်သော သိုင်းပညာများလည်း ရှိနေလေသည်။

သူတို့က လင်းယွမ်လေ့ကျင့်သော သိုင်းပညာကို ပထမဆုံး မြင်ဖူးကြခြင်းဖြစ်သော်လည်း ထိုသိုင်းပညာက လောဟန်လက်သီးသိုင်းနှင့် နက်ရှိုင်းစွာ ဆက်စပ်နေသည်ကိုတော့ မြင်နိုင်ကြလေသည်။

လောဟန်လက်သီးသိုင်းကို လေ့လာပြီး လောဟန်ဗုဒ္ဓလက်သီးသိုင်းကို နားလည်သည်ဟူသော လင်းယွမ်၏ စကားနှင့် ကိုက်ညီနေသည်။

ကျောင်းထိုင်ဆရာတော်နှင့် အဆောင်မှုများ၏ အကြည့်များက ပြောင်းလဲသွားကြပြီး အတွေးတစ်ခုက သူတို့၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

မဟာဇင်ဘုရားကျောင်း၏ လက်ရှိလက်ခံထားသော တပည့်များကြားတွင် လူတစ်သိန်းတွင် တစ်ယောက်သာတွေ့နိုင်သည့် သိုင်းတာအိုပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတာလား။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters