← Chapters

တောင်ပေါ်မှဆင်းခြင်း....

Vol. 1 Ch. 8

တောင်ပေါ်မှဆင်းခြင်း....

Vol. 1 Ch. 8

" ဆရာ " လင်းယွမ်က တစ်ဖက်တွင် ရပ်နေသော မျက်ခုံးမွေးရှည်ဆရာတော်ကို ကြည့်လိုက်သည်။

မျက်ခုံးမွေးရှည်ဆရာတော်က လင်းယွမ်ကို နှစ်လသာ လမ်းညွှန်မှုပေးခဲ့သော်လည်း သူ၏ သဘောတူညီချက်ဖြင့် သိုင်းကျမ်းအဆောင်သို့ သွားနိုင်ခဲ့သည်။

" မဟာဆရာသခင်အဆင့်မှာ စိတ်ဝိညာဉ်ပဲရှိပြီး ပြင်ပခွန်အားတွေ ဝင်စွက်ဖက်လို့မရဘူး။ လွန်ခဲ့တဲ့ နှစ်တွေမှာ ကျွန်တော် သိုင်းကျမ်းအဆောင်က ယိကျင်ကျင်းကို လေ့လာပြီး နောက်ထပ် သိုင်းပညာတစ်မျိုးကို နားလည်နိုင်ခဲ့တယ်။ ဒါက ဆရာ မဟာဆရာသခင်အဆင့်ကို ချိုးဖျက်ရာမှာ ကူညီပေးနိုင်လောက်တယ်။ "

လင်းယွမ်ပြောသော သိုင်းပညာမှာ ယိကျင်းခန္ဓာသန့်စင်ခြင်းနတ်သိုင်းပင် ဖြစ်၏။ ထိုသိုင်းပညာက ခန္ဓာကိုယ်ကိုသာမက စိတ်ဝိညာဉ်ကိုလည်း အားဖြည့်ပေးလေသည်။

ဆရာသခင်အဆင့်မှ မဟာဆရာသခင်အဆင့်သို့ တက်ရောက်ရာတွင် စိတ်ဝိညာဉ်စွမ်းအားကို အာရုံခံပြီး စုစည်းနိုင်ရန် ဖြစ်သည်။ ထိုသိုင်းပညာကို ပြည့်စုံစည်အထိ လေ့ကျင့်ပြီးလျှင် ဆရာသခင်အဆင့်သို့ ချိုးဖျက်ရာတွင် ၂၀၊ ၃၀ ရာခိုင်နှုန်းလောက် သေချာသွားပြီဖြစ်သည်။

" ဗုဒ္ဓသားတော်ရဲ့ စွမ်းအားတွေကို ကျုပ်အပေါ်မှာ အသုံးပြုဖို့ မလိုပါဘူး။ မဟာဆရာသခင်အဆင့်ကို ချိုးဖျက်တာက ဉာဏ်အလင်းပွင့်ဖို့လည်း လိုအပ်ပါသေးတယ်။ " မျက်ခုံးမွေးရှည်ဆရာတော်က ချက်ချင်း ပြန်ပြောလိုက်သည်။

လင်းယွမ်မတိုင်မီ စွမ်းအားကြီးသိုင်းပ​ညာရှင်များ လက်ခံထားသည်မှာ မဟာဆရာသခင်အဆင့်ကို အတင်းအကျပ် တက်ရောက်လို့မရပေ။ မဟာဆရာသခင်တစ်ယောက်ပင် နောက်ထပ် မဟာဆရာသခင်တစ်ယောက် မွေးထုတ်ပေးရန် မဖြစ်နိုင်ပေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက မဟာဇင်ဘုရားကျောင်း၏ တည်ထောင်သူဘိုးဘေး ဗောဓိဓမ္မကလည်း ဘုန်းကြီး ၁၀၈ပါးကို ဦးဆောင်ပြီး မဟာဇင်ဘုရားကျောင်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဘုန်းကြီး ၁၀၈ပါးတွင် ဘယ်သူမှ မဟာဆရာသခင်အဆင့်သို့ တက်ရောက်နိုင်ခြင်းမရှိပေ။

" ကိစ္စမရှိပါဘူး။ နားထောင်ကြည့်လိုက်ပါ။ " လင်းယွမ်က အများကြီးမပြောတော့ဘဲ ယိကျင်းခန္ဓာသန့်စင်ခြင်းနတ်သိုင်းကို ရွတ်ပြလိုက်သည်။

၎င်းကို မြင်သောအခါ မျက်ခုံးမွေးရှည်ဆရာတော်က ဂရုတစိုင် နားထောင်လိုက်သည်။ အစတွင် လင်းယွမ်၏ စကားများက ခေါင်းဆောင်ဗောဓိဓမ္မ၏ အသိအမြင်များနှင့် ဆင်တူသောကြောင့် သူက တည်ငြိမ်နေသေးသည်။

သို့သော် သိုင်းပညာ၏ ငါးပုံတစ်ပုံကို ကြားပြီးနောက် သူက မျက်မှောင်ကြုတ်သွားပြီး သူ၏ စိတ်က ပြင်းထန်စွာ တုန်ခါသွားသည်။

" ဒါ..." ဆရာသခင်တစ်ယောက်ဖြစ်သကဲ့သို့ သူ၏ နားလည်နိုင်စွမ်းက မြင့်မားပြီး လင်းယွမ်၏ သိုင်းပညာကို ကြားလိုက်သည်နှင့် အဆင့်မြင့်မှန်းသိသွားခဲ့သည်။ ၎င်းက အမှန်တကယ် စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော သိုင်းပညာတစ်ခု ဖြစ်သည်။

စိတ်ဝိညာဉ်သိုင်းပညာများက ရှားပါးသော်လည်း သိုင်းကျမ်းအဆောင်၏ တတိယအထပ်တွင် ခေါင်းဆောင်ဗောဓိဓမ္မ ချန်ထားခဲ့သော သိုင်းပညာအချို့ ရှိနေလေသည်။ သို့သော် စိတ်ဝိညာဉ်သိုင်းပညာများကို ဆရာသခင်များသာ ကျင့်ကြံနိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားကို စုစည်းထားသော မဟာဆရာသခင်များကသာ အသုံးပြုနိုင်လေသည်။

လင်းယွမ်နားလည်ထားသော ယိကျင်းခန္ဓာသန့်စင်ခြင်းနတ်သိုင်းက ရှန်ထျန်းအဆင့် သိုင်းပညာရှင်များပင် လေ့ကျင့်နိုင်လေသည်။ မျက်ခုံးမွေးရှည်ဆရာတော်က အာခေါင်များ ခြောက်သွေ့လာသည်။

ထိုသိုင်းပညာသာ အပြင်သို့ပျံ့သွားလျှင် မဟာဇင်ဘုရားကျောင်းက တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်းကို ခံရပေလိမ့်မည်။ အခြားဂိုဏ်းကြီးများအပြင် တလီနိုင်ငံကပင် အရှက်မဲ့စွာဖြင့် လုယူပေလိမ့်မည်။

လင်းယွမ်က စကားဆုံးသောအခါ အံ့အားသင့်နေသော မျက်ခုံးမွေးရှည်ဆရာတော်ကို ကြည့်လိုက်သည်။

ကျောင်းထိုင်ဆရာတော်နှင့် အခြားသူများက ဘေးမှ နားထောင်နေကြသော်လည်း သိုင်းပညာ၏ တန်ဖိုးကို နားမလည်နိုင်ကြသေးပေ။ လင်းယွမ်ပြောသော သိုင်းပညာက နက်နဲပြီး နားလည်ရန် ခက်ခဲသည်ကိုသာ သူတို့က သိကြလေသည်။

" ကောင်းပြီ။ အားလုံးသွားလို့ရပြီ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ကောင်းပါပြီ။ " မျက်ခုံးမွေးရှည်ဆရာတော်က သူ၏ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ပြီး ရိုသေစွာ ပြောလိုက်သည်။

အားလုံး ထွက်သွားကြသောအခါ သိုင်းကျမ်းအဆောင်က တဖန် တိတ်ဆိတ်သွားသည်။ လင်းယွမ်က တတိယအထပ်သို့သွားပြီး ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်သည်။

စာအုပ်၏ မျက်နှာပြင်တွင် နတ်ဆိုးဖိနှိပ်ဉာဏ်ပညာကျမ်းဟု ရေးသားထားသည်။ ဉာဏ်ပညာကျမ်းက စိတ်ဝိညာဉ်နှင့် သက်ဆိုင်ပြီး စိတ်ဝိညာဉ်သိုင်းပညာတစ်ခု ဖြစ်လေသည်။ ၎င်းက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ခေါင်းဆောင်ဗောဓိဓမ္မ ချန်ထားခဲ့ခြင်းဖြစ်လေသည်။

မဟာဆရာသခင်အဆင့်သို့ မချိုးဖျက်နိုင်မီ လင်းယွမ်က စိတ်ဝိညာဉ်စွမ်းအားကို မပိုင်ဆိုင်ပေ။ သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းရှိလျှင်တောင် ထိုစိတ်ဝိညာဉ်သိုင်းပညာကို မလေ့ကျင့်နိုင်ပေ။ ယခု သူက မဟာဆရာသခင်အဆင့်သို့ ရောက်သွားပြီဖြစ်သောကြောင့် လိုအပ်ချက်များနှင့် ပြည့်စုံသွားပြီဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားခဲ့သည်။ နောက်ထပ်ဆယ်ရက်အတွင်း လင်းယွမ်က နတ်ဆိုးဖိနှိပ်ဉာဏ်ပညာကျမ်းကို လေ့လာခဲ့သည်။

[ သင်က နတ်ဆိုးဖိနှိပ်ဉာဏ်ပညာကျမ်းကို လေ့လာပြီး ကောင်းကင်မြေပြင်ပြောင်းလဲခြင်းသိုင်းပညာကို နားလည်သွားပါပြီ။ ]

လင်းယွမ်က စိတ်လှုပ်ရှားသွား၏။ သူ၏ နဖူးရှိ နီဝမ်နန်းတော်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားမျှင်များက ပုံစံအချို့ ဖြစ်ပေါ်နေလေသည်။

" ကောင်းကင်မြေပြင်ပြောင်းလဲခြင်းသိုင်းပညာ။ စိတ်ဝိညာဉ်သိုင်းပညာတစ်ခု..."

လင်းယွမ်က သူ၏ နီဝမ်နန်းတော်ထဲမှ စိတ်ဝိညာဉ်စွမ်းအားများနှင့် ထိုပုံစံကို အသက်သွင်းလိုက်သည်နှင့် သူက စိတ်ဝိညာဉ်နယ်ပယ်တစ်ခုကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။

ထိုနယ်ပယ်အတွင်း တစ်ဖက်လူက မဟာဆရာသခင်အဆင့် ဖြစ်နေလျှင်တောင် သူတို့၏ စိတ်များက ဖိနှပ်ခံရပြီး အသိစိတ်များ ပျောက်ဆုံးသွားနိုင်လေသည်။

" အံ့ဩစရာပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ ထိုနယ်ပယ်အတွင်း သူက ပြိုင်ဘက်ကင်းဖြစ်နေပေလိမ့်မည်။

အချိန်များက တရွေ့ရွေ့စီးဆင်းနေပြီး နောက်ထပ် ငါးနှစ် ကုန်ဆုံးသွားခဲ့သည်။ သိုင်းကျမ်းအဆောင်အတွင်း အလင်းတန်းများက ပျံ့နှံ့သွားသော်လည်း ဝင်ပေါက်ရှေ့တွင် အားလုံး ရပ်တန့်သွားသည်။

" မဟာဆရာသခင်အဆင့်ရဲ့အထက်..." လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် မှေးမှိန်သော လျှပ်စီးကြောင်းလေးများက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။

ဟင်းလင်းပြင်ကို ထိုးဖောက်သွားသော လျှပ်စီး။ ၎င်းက အလွန်စွမ်းအားကောင်းသော စိတ်ဝိညာဉ်၏ သရုပ်သကန်ဖြစ်၏။

မဟာဆရာသခင်တစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် လူတစ်ယောက်ကို သတ်ဖြတ်နိုင်သော်လည်း သိုင်းစည်းမျဉ်းများကို မချိုးဖျက်နိုင်ပေ။ ဥပမာ စိတ်ဝိညာဉ်ဖြင့် ကျောက်တုံးတစ်တုံးကို မ ရန် မဖြစ်နိုင်ပေ။ သို့သော် ယခု လင်းယွမ်က ထိုစည်းမျဉ်းကို ချိုးဖျက်သွားခဲ့သည်။

အကြောင်းမှာ လင်းယွမ်၏ အဆင့်က မဟာဆရာသခင်အဆင့်ထက် ကျော်လွန်ပြီး ဤကမ္ဘာတွင် မရှိသေးသော အဆင့်သို့ ရောက်သွားခဲ့သည်။ သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဟောက်ထျန်းအဆင့်၊ ရှန်ထျန်းအဆင့်နှင့် ဆရာသခင်အဆင့်တို့ကို ငါးနှစ်အတွင်းရောက်ရှိသွားခဲ့ပြီး မဟာဆရာသခင် ခန္ဓာကိုယ်ကို ရရှိခဲ့သည်။

ယခု နောက်ထပ်ငါးနှစ်ကြာပြီးသောအခါ သူက မဟာဆရာသခင်အဆင့်၏ အချုပ်အနှောင်များကို ချိူးဖျက်ပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့သည်။

" မဟာဆရာသခင်အဆင့်အထက်ကို ဒဏ္ဍာရီအဆင့်လို့ ခေါ်တာပေါ့။ " လင်းယွမ်က သူ့ဟာသူ တွေးလိုက်သည်။

" ငါ ဒီမှာနေဖို့ အချိန်ဆယ်နှစ်ကျန်သေးတယ်။ အပြင်ကမ္ဘာကို လျှောက်ကြည့်ရမယ့်အချိန်ပဲ။ " လင်းယွမ်က သူ၏ အော်ရာကို ထိန်းချုပ်ပြီး မဟာဇင်ဘုရားကျောင်း၏ အပြင်သို့ ကြည့်လိုက်သည်။

ဒဏ္ဍာရီအဆင့်သို့ ဝင်ရောက်ပြီးသောအခါ သူက မဟာဇင်ဘုရားကျောင်း၏ အခြေခံအုတ်မြစ် အားလုံးနီးပါးကို လေ့လာနိုင်ခဲ့သည်။ နောက်ထပ်ဆယ်နှစ်အတွင်း သူ၏ ကျင့်ကြံခြင်းအရှိန်ကို ဆက်လက်ထိန်းသိမ်းချင်လျှင် အပြင်ကမ္ဘာမှ သိုင်းပညာများကို လေ့လာရန် လိုအပ်လေသည်။

မဟာဇင်ဘုရားကျောင်းက ဤကမ္ဘာမှ သိုင်းဂိုဏ်းကြီးတစ်ခုသာ ဖြစ်၏။ မဟာဇင်ဘုရားကျောင်းအပြင် အခြားဂိုဏ်းကြီးအချို့လည်း ရှိနေသည်။ တလီနိုင်ငံက အားလုံး၏ အထက်တွင် ရပ်နေခဲ့သည်။

မဟာဇင်ဘုရားကျောင်းနှင့် ကွဲပြားသော သိုင်းပညာများကို လေ့လာပြီး လင်းယွမ်က အခြားလမ်းစဉ်များကိုလည်း နားလည်နိုင်ပေလိမ့်မည်။

​ဗောဓိခြံဝင်း၏ အပြင်ဘက်တွင် ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်နှင့် အခြားသူများက နောက်တစ်ကြိမ် စုစည်းနေကြသည်။

" ငါ ဆရာသခင်အဆင့်ရဲ့ အတားအဆီးကို ခံစားမိနေပြီ။ နောက်ထပ် ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်အတွင်း ဆရာသခင်အဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်။ " ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ပုံမှန်အားဖြင့် သူ၏ စွမ်းရည်များနှင့် ဆရာသခင်အဆင့်ကို ရောက်ရန် အခွင့်အလမ်း သိပ်မရှိပေ။ သို့သော် လင်းယွမ်၏ လမ်းညွှန်မှုအောက်တွင် သူက မျှော်လင်ချက်များ ရှိလာခဲ့သည်။

အခြားအဆောင်မှူးများကလည်း လင်းယွမ်၏ လမ်းညွှန်မှုမှ အကျိုးအမြတ်များ ရရှိထားသောကြောင့် စိတ်လှုပ်ရှားနေကြသည်။ သူတို့က ကျောင်းထိုင်ဆရာတော်လောက် ယုံကြည်မှုမရှိသောလည်း နှစ်နှစ်ဆယ်အတွင်း ဆရာသခင်အဆင့်ကို စိန်ခေါ်နိုင်ပေလိမ့်မည်။

ထိုအချိန်တွင် ဘုန်းကြီးတစ်ပါးက အလောတကြီး ပြေးလာသည်။

" ကျောင်းထိုင်ဆရာတော်၊ အဆောင်မှူးတို့ မကောင်းတော့ဘူး..." ဘုန်းကြီးက အလောတကြီးနှင့် တုန်တုန်ယင်ယင် ဖြစ်နေသည်။

" မလောနဲ့ ဖြည်းဖြည်းပြော။ " ကျောင်းထိုင်ဆရာတော်က ပြောလိုက်သည်။

" ဗုဒ္ဓသားတော် ဗုဒ္ဓသားတော်..." ဘုန်းကြီးက အသက်ပြင်းပြင်း ရှုလိုက်သည်။

" ဗုဒ္ဓသားတော် ဘာဖြစ်လဲ။ " ကျောင်းထိုင်ဆရာတော်နှင့် အခြားသူများက မတ်တပ်ထရပ်လိုက်ကြသည်။

သူတို့၏ မျက်လုံးထဲတွင် ဗုဒ္ဓသားတော်က နောက်ထပ်နှစ်ငါးရာအတွင်း မဟာဇင်ဘုရားကျောင်း၏ မျှော်လင့်ချက်ဖြစ်လေသည်။ ဗုဒ္ဓသားတော်နှင့် ပက်သက်သမျှက မဟာဇင်ဘုရားကျောင်း၏ အဓိကကိစ္စ ဖြစ်လေသည်။

" ဗုဒ္ဓသားတော် တောင်ပေါ်က ဆင်းသွားပြီ။ "

" ဘာ..."

" ဗုဒ္ဓသားတော် ​တောင်ပေါ်က ဆင်းသွားတာလား။ "

ကျောင်းထိုင်ဆရာတော် ဟွေ့ဝမ်က မှင်သက်သွားပြီး လျင်မြန်စွာ မေးလိုက်သည်။ " ဗုဒ္ဓသားတော်က တောင်ပေါ်က ဘာလို့ဆင်းသွားတာလို့ ပြောခဲ့လဲ။ "

" မှန်တယ် သူဘာပြောသွားလဲ။ " အားလုံးက အလောတကြီး မေးလိုက်ကြသည်။

" ဗုဒ္ဓသားတော် ​တောင်ပေါ်က ဆင်းသွားတာက..." ဘုန်းကြီးက လင်းယွမ်၏ လေသံကို အတုယူရန် သူ့ကိုသူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

" ဒီကမ္ဘာကြီးကို ကြည့်ရှုဖို့..."

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters