← Chapters

Virtual World

Vol. 1 Ch. 19

Virtual World

Vol. 1 Ch. 19

လင်းယွမ်၏ နိုင်ငံသားအဆင့် ပြောင်းလဲသွားခြင်းနှင့်အတူ အီးမေးလ်အချို့က လင်းယွမ်ဆီသို့ ရောက်လာခဲ့သည်။

" အီးမေးလ်တွေလား။ " လင်းယွမ်က မျက်ခုံးများ ပင့်သွား၏။

အတွေးတစ်ချက်နှင့်အတူ သူက ကွန်ရက်နှင့်ဆက်သွယ်လိုက်ပြီး အလင်းမျက်နှာပြင်တစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။ စကြာဝဠာလူသားမျိုးနွယ်က နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးခဲ့ပြီး မိုဘိုင်းဖုန်းနှင့် ကွန်ပြူတာများကဲ့သို့သော ပြင်ပကွန်ရ​က်ချိတ်ဆက်မှုကိရိယာများကို အသုံးမပြုတော့သည်မှာ ကြာပြီဖြစ်သည်။

လူသားမျိုးနွယ်တစ်ယောက်ဖြစ်သည်နှင့် တိကျသော အတွေးလှိုင်းများနှင့်အတူ ကွန်ရက်အားလုံးကို ချိတ်ဆက်နိုင်မည်ဖြစ်သည်။ အဆင့်မြင့်သော AI များဖြစ်သည့် နတ်ဘုရားသုံးပါးက မည်သည့်နိုင်ငံသားကို မဆို အချိန်မရွေး ဆက်သွယ်နိုင်လေသည်။

" အဝင်စာပုံးကို ဖွင့်လိုက်။ " လင်းယွမ်က ပထမဆုံး အီးမေးလ်ကို စစ်ဆေးကြည့်လိုက်သည်။

ထိုအီးမေးလ်က စကြာဝဠာလူသားမဟာမိတ်မှ ဖြစ်၏။ စာထဲတွင် လင်းယွမ်ကို အဆင့်နှစ်နိုင်ငံသားဖြစ်လာသောကြောင့် ဂုဏ်ပြုထားပြီး လူသားမျိုးနွယ်၏ အကျိုးကို ဆက်လက်ဆောင်ရွက်သွားရန် အားပေးစကားပြောထားသည်။ လက်ဆောင်အနေဖြင့် ငွေငါးသန်းကိုလည်း ချီးမြှင့်ထား၏။

" သူတို့က တကယ်သဘောကောင်းတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။ ထို့နောက် သူ၏ ဘဏ်အကောင့်ထဲကို ကြည့်လိုက်သောအခါ ငါးသန်းရောက်နေသည်ကို တွေ့လိုက်ရသည်။

စကြာဝဠာလူသားမဟာမိတ်၏ ငွေကြေးလည်ပတ်မှုက အလွန်တည်ငြိမ်လေသည်။ ငါးသန်းက သာမန်မိသားစုတစ်ခု နှစ်နှစ်ရာ အသုံးစရိတ်နှင့် ညီမျှလေသည်။ လင်းယွမ်၏ အဖေ လင်းချောင်ချန်က တစ်သက်လုံးရှာလျှင်တောင် ငါးသန်းရနိုင်မည်မဟုတ်ပေ။

" အဆင့်မြင့်နိုင်ငံသားတွေက အဆင့်တူတဲ့ ဆင့်ကဲပြောင်းလဲသူတွေထက် ပိုနာမည်ကြီးမယ်ထင်တယ်။ " လင်းယွမ်က စဉ်းစားလိုက်သည်။

ဆင့်ကဲပြောင်းလဲသူဖြစ်လာရန် ဗီဇပြောင်းလဲခြင်းဆေး သို့မဟုတ် ခန္ဓာကိုယ်ဖွံ့ဖြိုးစေသော အရင်းအမြစ်များကို အသုံးပြခြင်း စသည်ဖြင့် နည်းလမ်းအမျိုးမျိုး ရှိလေသည်။ ၎င်းတို့က လူသားမျိုးနွယ်မဟာမိတ်နှင့် မသက်ဆိုင်သော ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြစ်လေသည်။

သို့သော် အဆင့်နှစ်နိုင်ငံသားတစ်ယောက်ဖြစ်လာရန် လူတစ်ယောက်က လူသားမျိုးနွယ်အတွက် ကောင်းကျိုးများ ပြုလုပ်ပြီး ဉာဏ်ပညာနတ်ဘုရားထံမှ ကောင်းမှုအမှတ်များကို ရယူရပေလိမ့်မည်။ သဘာဝအားဖြင့် လူသားမျိုးနွယ်မဟာမိတ်က အဆင့်မြင့်နိုင်ငံသားများကို တန်ဖိုးထားလေသည်။

လင်းယွမ်က သူ၏ ဘဏ်အကောင့်ထဲမှ ငွေငါးသန်းကို ကြည့်ပြီး ပျော်ရွှင်နေသည်။ ထိုပိုက်ဆံနှင့် သူက သူ၏ ခွန်အားကို ပြန်လည်ရရှိရန် ဆေးများနှင့် အရင်းအမြစ်များကို ဝယ်ယူရာတွင် စိတ်ပူစရာမလိုတော့ပေ။

လင်းယွမ်က အခြားအီးမေးလ်များကို စစ်ဆေးလိုက်သည်။ အဆင့်နှစ် နိုင်ငံသား ဖြစ်လာပြီးနောက် လင်းယွမ်က သာမန်လူများ မရနိုင်သော အခွင့်ထူးများကို ရရှိလေသည်။ အဓိကအားဖြင့် ကဏ္ဍငါးခု ရှိလေသည်။

ပထမတစ်ခုက နေထိုင်မှု လုံခြုံရေးဖြစ်၏။ အဆင့်နှစ်နိုင်ငံသားတစ်ယောက်က ဘာမှမလုပ်လျှင်တောင် ဗဟိုဘဏ်မှ လစဉ် ငွေတစ်သောင်းကို ထောက်ပံ့ကြေးအဖြစ် ရရှိလေသည်။

ဒုတိယအချက်မှာ စစ်မှုထမ်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အခြား​ေသာ လုပ်ဆောင်ချက်များမှ ကင်းလွတ်ခွင့်ရရှိလေသည်။လင်းယွမ်သာ ဆန္ဒမရှိပါက တိုက်ရိုက်ငြင်းပယ်နိုင်လေသည်။

တတိယအချက်မှာ အဆင့်နှစ်နိုင်ငံသားများက Virtual World ၏ ဒေသကွန်ရက်သို့ ဝင်ရောက်နိုင်လေသည်။

စတုတ္ထအချက်မှာ အဆင့်နှစ်နိုင်ငံသားတစ်ဦးက ပြစ်မှုကျူးလွန်ခဲ့လျှင်တောင် အစိုးရမှ သူတို့အား ဖမ်းဆီးပိုင်ခွင့်မရှိပေ။

ပဉ္စမအချက်မှာ ဝယ်ယူခွင့်အာဏာဖြစ်၏။ လူသားမျိုးနွယ်၏ အကန့်အသတ်ရှိသော အရင်းအမြစ်များကို ငွေရှိရုံသာမက နိုင်ငံသားအဆင့်မြင့်ရန်လည်း လိုအပ်လေသည်။

ကဏ္ဍငါးခုအပြင် အဆင့်နှစ်နိုင်ငံသားများက အခြားအကျိုးကျေးဇူးများလည်း ရရှိလေသည်။ ဥပမာ လူသားမျိုးနွယမဟာမိတ်၏ စည်းမျဉ်းများအရ လုပ်ငန်းကြီးတစ်ခုတွင် အဆင့်နိုင်ငံသား သတ်မှတ်ထားသော အရေအတွက် ရှိရလေသည်။

" အဆင့်မြင့်နိုင်ငံသားတွေ နည်းနေတာ အံ့ဩစရာမရှိဘူးပဲ။ " လင်းယွမ်က အနည်းငယ် အံ့ဩသွား၏။

" Virtual World ဝင်ရောက်ခွင့်..." လင်းယွမ်၏ အကြည့်က တတိယအချက်ပေါ်သို့ ကျရောက်သွားသည်။

သူက အဆင့်နှစ်နိုင်ငံသားများ၏ အခြားအခွင့်အရေးများကို နားလည်လေသည်။ သို့သော် Virtual World ဝင်ရောက်ခွင့်ကိုတော့.....

" သင် Virtual World ထဲသို့ ဝင်ရောက်ချင်ပါသလား။ " လင်းယွမ်က တတိယအချက်ကို လေ့လာနေစဉ် ဉာဏ်ပညာနတ်ဘုရား၏ အသံက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။

" ဝင်မယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ သူက Virtual world အကြောင်း အနည်းငယ် သိချင်နေသည်။

" Virtual World နှင့် ချိတ်ဆက်နေပါပြီ..."

" ပထမဆုံးဝင်ရောက်ခြင်းအတွက် အထောက်အထားစစ်ဆေးခြင်း လိုအပ်ပါတယ်..."

" မျက်စိစစ်ဆေးခြင်း ပြီးဆုံးပါပြီ..."

" သွေးစစ်ချက် ပြီးဆုံးပါပြီ..."

" ကိုယ်ပွားနဲ့ DNA စစ်ဆေးခြင်း ပြီးဆုံးပါပြီ...."

" ထူးခြားသော သဘာဝအတက်အကျများကို စသ်ဆေးခြင်း ပြီးဆုံးပါပြီ..."

" နိုင်ငံသားလင်းယွမ် Virtual World ထဲမှာ သင့်ရဲ့ အတွေးတွေကို ထိန်းချုပ်ထားပေးပါ..."

ဉာဏ်ပညာနတ်ဘုရား၏ အသံပြီးဆုံးသည်နှင့် လင်းယွမ်၏ အမြင်များက မှောင်မိုက်သွားပြီး သူ၏ စိတ်အသိက လျင်မြန်စွာ နစ်မြှုပ်သွားသည်။

လင်းယွမ်၏ ခွန်အားနှင့် ထိုအခြေအနေမှ ရုန်းထွက်နိုင်သော်လည်း သူက Virtual World ထဲသို့ ဝင်ရောက်နိုင်ရန် သူ၏ စိတ်အသိကို လွှတ်ပေးထားသည်။

" ဒါဘယ်နေရာလဲ။ " လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ကြယ်ကောင်းကင်တစ်ခုကြားတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ၏ ခြေထောက်အောက်တွင် အပြာရောင်ဂြိုလ်တစ်ခုက ဖြည်းညင်းစွာ လှည့်ပတ်နေသည်။

"ဒါ ကန်လန်ကြယ်လား..." လင်းယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ သူက သူ၏ ခြေထောက်အောက်မှ ဂြိုလ်က ကန်လန်ကြယ်ဖြစ်သည်ကို ချက်ချင်း သိလိုက်သည်။

ကုန်းမြေများဖြစ်စေ ရေပြင်များဖြစ်စေ အားလုံးက ကန်လန်ကြယ်နှင့် တူညီနေသည်။

" လေးစားရပါသော နိုင်ငံသား လင်းယွမ်..." ထိုအချိန်တွင် တည်ငြိမ်သော အသံက ထပ်မံထွက်ပေါ်လာသည်။

လင်းယွမခက အဖြူရောင်ဝတ်စုံနှင့် ချောမောလှပသော အမျိုးသမီးတစ်ဦးက တိတ်ဆိတ်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

" ငါ ဉာဏ်ပညာနတ်ဘုရားပါ။ အခု ငါမင်းကို Virtual World ရဲ့ လုပ်ဆောင်ချက်တွေကို ပြောပြပေးမယ်။ " ဉာဏ်ပညာနတ်ဘုရားက ခနရပ်ပြီး ဆက်ပြောလိုက်သည်။

" အခု လင်းယွမ်နဲ့ ချိတ်ဆက်နေတဲ့ Virtual World က ကန်လန်ကြယ်ပဲ။ ဒါက လူနေဧရိယာ၊ ကုန်သွယ်မှုဧရိယာ၊ ပြိုင်ပွဲဧရိယာနဲ့ အလယ်ပိုင်းဧရိယာဆိုပြီး ခုနှစ်ပိုင်းခွဲခြားထားတယ်။ "

ဉာဏ်ပညာနတ်ဘုရားက ဧရိယာများကို ပြောလိုက်သည်နှင့် အောက်မှ ကန်လန်ကြယ်က တဖြည်းဖြည်း ကြီးမားလာသည်။

" ဒါ..." လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားပြောသော အလယ်ပိုင်းဧရိယာကို ကြည့်လိုက်သည်။

ထိုနေရာတွင် လူများစွာ စုဝေးနေကြပြီး အလယ်တွင် ကြီးမားသော ကျောက်ပြားကြီးတစ်ချပ် ရှိနေသည်။

" အဲ့ဒါ ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ပဲ။ ကန်လန်ကြယ်ရဲ့ သမိုင်းမှာ ထိပ်သီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာကျော်ကို မှတ်တမ်းတင်ထားတယ်။ " ဉာဏ်ပညာနတ်ဘုရားက ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

" ငါသိပြီ..." လင်းယွမ်က ခေါင်းငြိမ့်ပြီး လေးနက်စွာ မေးလိုက်သည်။ " သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်ဘယ်လောက်လဲ။ "

" နိုင်ငံသား လင်းယွမ် ဖန်တီးထားတဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့် ၉၃ပါ။ "

" အဆင့် ၉၃။ " လင်းယွမ်က မအံ့ဩပေ။

နှစ်ပေါင်းများစွာအတွင်း ကန်လန်ကြယ်တွင် ပါရမီရှင်များစွာ မွေးဖွားခဲ့သောကြောင့် အဆင့် ၉၃က ဆိုးရွားသည်ဟု ပြောလို့မရပေ။ ကန်လန်ကြယ်၏ နှစ်ပေါင်းသန်းချီ သမိုင်းတွင် ဘယ်သူမှ လင်းယွမ်နှင့် မနှိုင်းယှဉ်နိုင်ပေ။

" ကန်လန်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မနက်ဖြန် ပြောင်းလဲပြီး နိုင်ငံသားလင်းယွမ်ရဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြသမှာဖြစ်ပါတယ်။ နိုင်ငံသားလင်းယွမ်က နိုင်ငံသားမှတ်ပုံတင်နံပါတ်ကို လျို့ဝှက်ထားချင်ပါသလား။ " ဉာဏ်ပညာနတ်ဘုရားက မေးလိုက်သည်။

စကြာဝဠာလူသားမဟာမိတ်တွင် နိုင်ငံသားတစ်ဦး၏ အထောက်အထားကို အတည်ပြုရာတွင် သူတို့၏ နာမည်များမဟုတ်ဘဲ သူတို့၏ နိုင်ငံသားမှတ်ပုံတင်နံပါတ်ဖြစ်၏။ နာမည်တူများ ရှိနိုင်သော်လည်း မှတ်ပုံတင်နံပါတ်ကတော့ ကွဲပြားလေသည်။

" လျို့ဝှက်ထားလိုက်ပါ..." လင်းယွမ်က ခနစဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။

ထူးချွန်ထက်မြတ်ခြင်းက မနာလိုမှုကို ဖြစ်ပေါ်စေပြီး အသန်မာဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာကိုသာ ရွေးချယ်သည့် ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် ပါဝင်လာခြင်းက ကြီးမားသော ဂုဏ်သိက္ခာတစ်ခု ဖြစ်လေသည်။ လင်းယွမ်၏ လက်ရှိခွန်အားနှင့် နောက်ခံတို့ကြောင့် နိမ့်ချစွာ နေထိုင်ခြင်းက အကောင်းဆုံး ဖြစ်လေသည်။

Virtual World၏ လုပ်ဆောင်ချက်များကို နားလည်ပြီးနောက် လင်းယွမ်က အပြင်ကမ္ဘာသို့ ပြန်သွားခဲ့သည်။

" မိုးလင်းခါနီးပြီလား။ " လင်းယွမ်က အပြင်သို့ ကြည့်လိုက်သည်။

" ရှောင်ယွမ် အမေဝင်လာလို့ရလား။ " ထိုအချိန်တွင် အခန်းအပြင်မှ လုချုံး၏ အသံ ထွက်ပေါ်လာသည်။

လင်းယွမ် စိုးရိမ်နေမည်ကို သိသောကြောင့် သူ၏ မိဘများက သူ့ကို တစ်ညလုံး နှောက်ယှက်ခြင်းမရှိခဲ့ပေ။ ယခု သူ၏ အမေ လုချုံးက သေချာတွေးတောပြီးနောက် လင်းယွမ် မည်သို့ လုပ်ဆောင်မည်ကို မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

" အမေ ဝင်ခဲ့လေ။ တံခါး လော့မချထားဘူး။ " လင်းယွမ်က ထထိုင်လိုက်သည်။

" သားနိုးနေတာလား။ ညတုန်းက မအိပ်ဘူးလား။ " လုချုံး၏ အသံက နူးညံ့နေသည်။ သူမက ရိုးသားပုံပေါက်သော်လည်း သူမကို ကြည့်ရသည်မှာ နွေးထွေးသော ခံစားချက်ကို ဖြစ်ပေါ်စေလေသည်။

" ရှောင်ယွမ် တကယ်တော့ အမေတို့က အဲ့ဒီကိစ္စကို မနေ့ကတည်းက သိထားပြီးပြီ။ ဒါရိုက်တာက ချောင်ချန်ကို ဖုန်းဆက်တယ်။ သူက ချက်ချင်း ငြင်းလိုက်တယ်။ သားအဖေက မိသားစု အဆင်ပြေဖို့အတွက် သားရဲ့ လွတ်လပ်ခွင့်နဲ့ မလဲနိုင်ဘူး။ အမေလည်း အတူတူပဲ။ အမေတို့ မိသားစုက အဆင်ပြေနေတာ ဘာလို့ခွဲရမှာလဲ။ " လုချုံး၏ မျက်လုံးများက နီရဲလာသည်။

" အမေ အဲ့လောက်စိတ်မကောင်းဖြစ်နေဖို့ မလိုပါဘူး။ သားနားလည်ပါတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။

" သားကို အမေ့ဝမ်းနဲ့လွယ်ပြီးမွေးထားရတာ။ သားသာ စစ်မှုထမ်းထဲပါသွားရင် အမေဘယ်လိုနေရမှာလဲ။ "

စကြာဝဠာလူသားမျိုးနွယ်က နည်းပညာများ တိုးတက်နေပြီး ခန္ဓာကိုယ်ပြင်ပတွင် ကိုယ်ဝန်ဆောင်ခြင်းကဲ့သို့သော နည်းပညာများ အောင်မြင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် အိမ်ထောင်ရှင်အမျိုးသမီး ထက်ဝက်ကျော်က ဆယ်လကိုယ်ဝန်ဆောင်ပြီး ခက်ခဲစွာ မွေးဖွားနေကြဆဲ ဖြစ်သည်။

လုချုံးက သူတို့ထဲမှ တစ်ယောက်ဖြစ်၏။

" ရှောင်ယွမ် ဒီကဒ်ထဲမှာ အမေစုထားတဲ့ ပိုက်ဆံတွေရှိတယ်။ ဒါကို ချောင်ချန်တောင် မသိဘူး။ အခု ဒါကို ယူထားလိုက်။ လျို့ဝှက်နံပါတ်က သားရဲ့ မွေးနေ့ပဲ။ အဲ့ဒါက နည်းနည်းတော့ အသုံးဝင်လာနိုင်တယ်။ " လုချုံးက ဘဏ်ကဒ်တစ်ခု​ကို ထုတ်ပြီး လင်းယွမ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

" ဒါ..." လင်းယွမ်က အံ့ဩသွား၏။ ကဒ်ထဲမှ ပိုက်ဆံများက သူ၏ အမေ လုချုံး ခြိုးခြံချွေတာထားသမျှ အားလုံး ဖြစ်သည်ကို သူသိလေသည်။

" အမေ တကယ်တော့ သား ဒါကို မလိုတော့ဘူး။ " လင်းယွမ်က ခနတုန့်ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ " သား စစ်မှုထမ်း သွားစရာမလိုတော့ဘူး။ "

" သားက အမြဲတမ်း သိတတ်တယ်ဆိုတာ အမေ သိပါတယ်။ " လုချုံးက ပြောလိုက်သည်။

" ဟမ် သားဘာပြောလိုက်တယ်။ "

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters