← Chapters

မိန်းကလေးနှစ်ယောက်အကြားက တိုက်ပွဲ

Vol. 013 Ch. 1239

မိန်းကလေးနှစ်ယောက်အကြားက တိုက်ပွဲ

Vol. 013 Ch. 1239

ကျန့်မုမြို့သည် ရှီကလန်၏ အခြေစိုက်နေရာတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ရှားရှင်းယွန်နှင့် အခြားလူများအတွက် အခွင့်မသာနိုင်ပေ။

ထိုသည်ကပင် ရှီကလန်က ဘာကြောင့် သူတို့ကို ဆက်လက် ဝိုင်းရံထိန်းသိမ်းထားရင်း အတင်းအဓမ္မ ဖိအားပေးရဲသည် ဆိုခြင်းပင် ဖြစ်ပေသည်။

သို့သော်လည်း အခြားရန်ဟောင်ဘုံများက သွေးနဂါးဘုံတွင် သူတို့ စိတ်တိုင်းကျ လုပ်ဆောင်နိုင်စွမ်း မရှိသကဲ့သို့ နယ်ခံအင်အားစုများကလည်း နိုင့်ထက်စီးနင်း ပြုမူရန်မရဲကြပေ။

ရှားရှင်းယွန်သည် တွန့်ဆုတ်မနေဘဲ ခွန်းတုံ့ပြန်လိုက်၏။ “ဘာတွေဖြစ်ခဲ့တယ်  ဆိုတာကို ကောင်းကင်မီးတောက်လမ်းက လူတွေ အများကြီး မျက်မြင်တွေ့ကြတယ်။ အဲဒီမီးတောက်တွေက အဘိုးကြီးတစ်ယောက် ငါတို့ကို လက်ဆောင်ပေးခဲ့တာပဲ။ နင်တို့က ဒီလို အင်အားသုံးပြီး လိုချင်တယ်ဆိုရင် အဲဒီအဘိုးကို ဒီနေရာခေါ်လာခဲ့လိုက်။ သူက ငါတို့ကို အဲဒီမီးတောက် လက်လွှဲပေးလိုက်ဖို့ ပြောတယ်ဆိုရင် ငါတို့ ဘာမှ မမေးဘဲ လိုက်လျောလိုက်မယ်။ ဒါပေမဲ့ ငါတို့ ဒီမီးတောက်တွေကို ရခဲ့တာ နင်တို့ လူတွေဆီက မဟုတ်ဘူးလေ။ အဲဒါကို ဒီမီးတောက်တွေက နင်တို့အပိုင်ပါလို့ ပြောနေရုံလေးနဲ့ ငါတို့က လက်လွှဲ ပေးလိမ့်မယ် ထင်နေလား”

အကယ်၍သာ ထိုလူတွေက မီးတောက်တွေကို သူတို့အပိုင်ဟု သက်သေပြ၍ ကောင်းမွန်စွာ ပြောခဲ့လျှင် ရီဖူရှင်းနှင့် သူ့လူများက ပြန်ပေးရန် ဆုံးဖြတ်ခဲ့လိမ့်မည်။ သို့ပေမဲ့ တစ်ဖက်လူများက ဤမီးတောက်များကို သူတို့အပိုင်ဟု ပြောရုံလေးမျှနှင့် သူတို့သည် ၎င်းတို့ကို ပြန်ပေးလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဤသူများသည် ရောက်ရောက်ချင်းပင် သူတို့ကို တိုက်ခိုက်ခဲ့သည့်အပြင် အင်အားသုံး၍ အလွန်ရိုင်းပျစွာ ပြုမူခဲ့သေးသည်။ သူတို့သည် သိသာထင်ရှားစွာပင် ရီဖူရှင်းတို့အဖွဲ့ကို ခက်ခဲစေလိုသည့် ရည်ရွယ်ချက်များကို ထုတ်ဖော်ခဲ့သေးသည်။

ထိုဖြစ်ရပ်များကြောင့် ရီဖူရှင်းတို့ အဖွဲ့သည် မီးတောက်များကို ရိုးရှင်းစွာ လက်လွှဲပေးလိုက်ရန် မဖြစ်နိုင်တော့ပေ။

နှစ်ဖက်လုံးသည် အချိန်အတော်လေး ကြာသည်အထိ တိတ်ဆိတ် တည်ငြိမ်စွာ ရှိနေကြပြီး မည်သူကမှ နောက်ဆုတ်မည့်ပုံ မပေါ်ကြပေ။

ရှီချန် နှင့် ရှားရှင်းယွန် နှစ်ဦးလုံးသည် အလွန် စွမ်းအားကြီးမားသည့် အမျိုးသမီးများ ဖြစ်ကြသည်။

အဖွဲ့သစ်တစ်ဖွဲ့က သူတို့ အနီးသို့ ချဉ်းကပ်လာသည်။ သူတို့သည် အလွန်စွမ်းအားပြည့်လှသည့် အရှိန်အဝါများကို ထုတ်လွှတ်နေပြီး သွေးနဂါးဝတ်စုံများကို ဝတ်ဆင်ထားသည်။ ၎င်းသည် သူတို့ကို သွေးနဂါးစစ်တပ်မှ လူများ ဖြစ်ပြီး ကျန့်မုမြို့အတွင်းမှ မြို့တော် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန် ထမ်းဆောင်နေသူများ ဖြစ်ကြောင်း သိသာထင်ရှားစေသည်။

ကျန့်မုမြို့သည် သွေးနဂါးမြို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သွေးနဂါးမြို့၏ အကန့်အသတ်အတွင်း၌ သွေးနဂါးစစ်တပ်သည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးရသူများ ဖြစ်သည်။

တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် သူတို့၏ အာရုံစိုက်မှုကို ဖမ်းစားသွားခဲ့ခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်မု” ရှီချန်သည် အနည်းငယ် ဦးညွှတ်လိုက်ပြီး စစ်တပ်၏ ခေါင်းဆောင်ကို နှုတ်ဆက်သည်။ သိသာစွာပင် သူမသည် ဗိုလ်ချုပ်ကို သိနေ၏။ ကျန့်မုမြို့၏ သွေးနဂါးစစ်တပ်သည် ထိုနေရာတွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့ခြင်း ဖြစ်သည်။ သူတို့တွင် ဗိုလ်ချုပ်နှစ်ဦးနှင့် ဒုဗိုလ်ကိုးယောက် ရှိသည်။ ဗိုလ်ချုပ်မုသည် နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်၏။ သူသည် ကျန့်မုမြို့၏ အထက်ဒေသကို ထိန်းသိမ်းရန် တာဝန်ယူထားရသည်။

“ဘာဖြစ်ကြတာလဲ” ဗိုလ်ချုပ်မုသည် မျက်နှာချင်းဆိုင်အဖွဲ့နှစ်ဖွဲ့ကို ကြည့်ကာ မေးသည်။

ပုံရိပ်တစ်ခုက အလင်းအလျင်ဖြင့် ရောက်လာပြီး ဖြစ်ပျက်ခဲ့သမျှအား ဗိုလ်ချုပ်ထံ အစီရင်ခံလေသည်။

ဗိုလ်ချုပ်မုသည် ရီဖူရှင်းတို့အဖွဲ့ကို ကြည့်လိုက်ပြီး သူတို့အား မှတ်မိသိရှိသွားသည်။ ယူချင်းသည် ချန်ယဲ့မြို့မှ ဖြစ်ကာ ထိုမှ အင်အားကြီး တန်ခိုးရှင်များအားလုံးကို အလဲထိုး၍ ဒေသနန်းတော်ကို ဝင်ရောက်ခဲ့သည်။ သူသည် တစ်ချိန်တွင် သွေးနဂါးမြို့၏ ဗိုလ်ချုပ်များထဲမှ တစ်ယောက်ပင် ဖြစ်လာနိုင်သည်။

သူသည် တစ်နေ့တွင် သွေးနဂါးစစ်တပ်သို့ ဝင်ရောက်လာလျှင် ရာထူးမြင့်မြင့် ရလာရန် အခွင့်အလမ်းကြီးစွာ ရှိပေသည်။

“ရှီချန်၊ ဒီမီးတောက်တွေက ရှီကလန်အပိုင်ပါဆိုတာကို ဘယ်လို သက်သေပြနိုင်လဲ” ဗိုလ်ချုပ်မုက ရှီချန်ကို ကြည့်ကာ မေးသည်။ “ရှီကလန်က ဒီမီးတောက်တွေကို ဘယ်လိုပိုင်ဆိုင်ခဲ့တာလဲ”

“ဗိုလ်ချုပ်မု၊ အဲဒီ လမ်းစဉ်မီးတောက်တွေက တကယ်ကို ရှီကလန် အပိုင်ပါ” ထိုအခိုက်တွင် လေထုအလယ်မှာ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ အလျှံငြီးငြီး အရှိန်အဝါက လေထုကို ဖြတ်သန်းလွှမ်းခြုံလာ၏။ ကောင်းကင်တွင် တောက်ပနေသည့် နေတစ်စင်းကဲ့သို့ ထင်မှတ်ရသည့် ဒဏ္ဍာရီဆန်ဆန် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။

သူ၏ နောက်ကျောဘက်တွင် နေတစ်စင်း ရှိနေပုံပေါ်သည်။ သူသည် မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး အနီးကပ်ကြည့်ရန် မဖြစ်နိုင်ပေ။

၎င်းသည် ရှီကလန်၏ ရှန့်ထို အရှင်ကျိုယန် ဖြစ်ပေသည်။ သို့သော်လည်း ဤသည်မှာ သူ၏ အစစ်အမှန် မဟုတ်ဘဲ စွမ်းအားနှင့် ဖန်တီးထားသည့် ပုံရိပ်သာလျှင် ဖြစ်ပေသည်။

ဗိုလ်ချုပ်မုသည် ထွက်ပေါ်လာသည့် ပုံရိပ်ကို ကြည့်ကာ ပြောသည်။ “ကျိုယန်၊ ရှီကလန်မှာ ရန်ဟောင်အဆင့် တစ်ယောက်မှ မရှိဖူးဘူးလေ။ ဒီမီးတောက်တွေက ရန်ဟောင်အဆင့် ဖြစ်တာကြောင့် တခြားနေရာက ရလာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျုပ်ရဲ့ အမြင်အရတော့ ဘယ်သူကမှ ဒီလိုမီးတောက်တွေကို အကြောင်းပြချက်ကောင်းကောင်း မရှိဘဲ ရောင်းပစ်တာ မဟုတ်မှာပဲ စိုးမိတယ်”

ဗိုလ်ချုပ်မုသည် မီးတောက်များ၏ ဇစ်မြစ်နှင့် ပတ်သက်၍ ကောင်းကောင်း ခန့်မှန်းလိုက်နိုင်ပုံရသည်။

ရှန့်ထိုအရှင်ကျိုယန်က မျက်မှောင်ကျုံ့လိုက်၏။

ထို့နောက်တွင် ဗိုလ်ချုပ်မုက ရှားရှင်းယွန်ကို ကြည့်ကာ မေးသည်။ “ရှီကလန်က ဒီမီးတောက်တွေကို သူတို့ အပိုင်လို့ ပြောတယ်။ မင်းကရော သူတို့ကို ပြန်ပေးဖို့ ဆန္ဒရှိလား”

“မရှိဘူး” ရှားရှင်းယွန်သည် ပြတ်သားစွာ ပြန်ဖြေလိုက်၏။

“ကောင်းပြီ” ဗိုလ်ချုပ်မုက ခေါင်းညိတ်သည်။

“တစ်ဖက်က မီးတောက်တွေကို လိုချင်ပြီး တစ်ဖက်က လက်လွှတ်လိုက်ဖို့ ငြင်းဆန်နေတယ်။ ဒီလိုဆိုမှတော့ ရှီကလန်က မီးတောက်တွေကို ပြန်ယူဖို့ လွတ်လပ်စွာ လုပ်ဆောင်နိုင်တယ်။ ဒါပေမဲ့ ကျန့်မုမြို့မှာ အရှုပ်အထွေးတွေ မဖြစ်စေရဘူး။ မင်းတို့တွေက မီးတောက်အတွက် တိုက်ခိုက်ကြမယ်ဆိုရင် သွေးနဂါးစစ်တပ်က မင်းတို့နှစ်ဖက်ကြားက ကိစ္စတွေကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ မင်းတို့ အချင်းချင်း လွတ်လပ်စွာ ဖြေရှင်းကြလို့ရတယ်။

သွေးနဂါးမြို့ရှိ စည်းမျဉ်းများတွင် ရက်စက်စွာ သတ်ဖြတ်ခြင်းကိုသာ ဟန့်တားထားလေသည်။ အမှန်မှာတော့ သွေးနဂါးဘုံအတွင်း၌ သွေးနဂါးမြို့တစ်ခုတည်းသာ ချမှတ်ထားသည့် စည်းမျဉ်းများကို ခိုင်မာစွာ လိုက်နာဆောင်ရွက်စေသော တစ်ခုတည်းသော နေရာဖြစ်၍ အလုံခြုံဆုံးမြို့ဖြစ်လေသည်။ ထိုစည်းမျဉ်းများမှာ သွေးနဂါးအင်ပါယာ ကိုယ်တိုင် ချမှတ်ထားခြင်း ဖြစ်ပေသည်။ လူတိုင်းသည် ထိုစည်းမျဉ်းများကို လိုက်နာရန် လိုအပ်ပေသည်။

စည်းမျဉ်းများကို ချိုးဖောက်သည့် မည်သူမဆို သွေးနဂါးစစ်တပ်၏ ရှင်းပစ်ခြင်းကို ခံရပေလိမ့်မည်။ ယခုလက်ရှိတွင် သွေးနဂါးစစ်တပ်သည် နှစ်ဖက်အဖွဲ့များကြားမှ ပဋိပက္ခကို ရိုးရှင်းစွာ ဖျန်ဖြေပေးရန်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ နှစ်ဖက်လုံးက လက်လျှော့ရန် စိတ်ကူး မရှိသည်ကို ဗိုလ်ချုပ်က မြင်တွေ့လိုက်ရတာကြောင့် သူတို့၏ ပဋိပက္ခကို သူတို့ ကိုယ်တိုင်သာ ဖြေရှင်းရန် ခွင့်ပြုလိုက်လေသည်။

ရှန့်ထိုအရှင်ကျိုယန်သည် အောက်ဘက်မှာ ရှိနေသည့် လူများကို ငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးများက ရှားရှင်းယွန်ပေါ်တွင် တည်မြဲနေသည်။ “ကျုပ်တို့ အဖွဲ့တွေကြားမှာ ပဋိပက္ခတွေ ဖြစ်လာရင် ကျုပ်တို့ ဘယ်သူ့အတွက်မှ အကျိုးရှိလိမ့်မှာ မဟုတ်ဘူး။ မီးတောက်တွေ ပြန်ပေးဖို့အတွက် ဘာလုပ်ပေးရမလဲ”

ထိုမီးတောက်များသည် သူတို့အတွက် အလွန်  အရေးကြီးပေသည်။ ဤသည်မှာ ရန်ဟောင်တစ်ပါးမှ ချန်ရစ်ခဲ့သည့် မီးတောက်များ ဆိုသည်ထက် ပိုမိုသည့် အဓိပ္ပာယ် ရှိပေသည်။

အကယ်၍ ထိုမီးတောက်များသည် ရန်ဟောင်တစ်ပါး ချန်ရစ်ခဲ့သည့် အရာများသာ ဖြစ်ပါက ရှန့်ထိုအရှင်သည် အလုပ်ရှုပ်ခံပြီး ပေါ်လာနေမည် မဟုတ်ပေ။

“ရှင်တို့ဘက်က လူအင်အားသုံးပြီး ကျွန်မတို့ကို ဖိနှိပ်ဖို့ ကြိုးစားခဲ့ကတည်းက ဒီမီးတောက်တွေကို ပြန်ပေးဖို့ မဖြစ်နိုင်တော့တာ သဘာဝကျတာပဲ” ရှားရှင်းယွန်က ရှန့်ထို အရှင်ကျိုယန်ကို ကြည့်ကာ အေးစက်စက် ပြောသည်။ သူသည် မည်သည့်ဘက်ကမှ မဟုတ်သော ထိပ်တန်းပုဂ္ဂိုလ် ဖြစ်ခဲ့လျှင် ထို့အတွက် လိမ်လည်လှည့်ဖြား နိုင်ပေသည်။ သို့သော်လည်း သူသည် ထိပ်တန်းကလန် တစ်ခုမှ ဖြစ်နေသည့်အတွက် သူမကို ဆန့်ကျင်ရန် လှုပ်ရှားမှု ပြုရဲလိမ့်မည် မဟုတ်ပေ။

“လူအင်အားသုံးပြီး ဖိနှိပ်တယ် ဟုတ်လား” ရှန့်ထို အရှင်ကျိုယန်က ရှားရှင်းယွန်ကို ကြည့်ရင်း ပြောသည်။ “ရှီချန်”

“ဟုတ်ကဲ့၊ ဆရာ” ရှီချန်သည် ရှန့်ထိုအရှင်ကို မော့ကြည့်သည်။

“မင်းသမီးရှားက ငါတို့တွေ လူအင်အားသုံးပြီး ဖိနှိပ်တယ် ထင်နေမှတော့ မင်း သူနဲ့ တိုက်ခိုက်ကြည့်သင့်တယ်။ မင်းတို့နှစ်ယောက်လုံးက အဆင့် အတူတူပဲမလား” ထို့နောက် ရှန့်ထိုအရှင်က ဆက်ပြောသည်။ “မင်းသမီးရှား၊ တကယ်လို့ ရှီချန် နိုင်သွားခဲ့ရင် လမ်းစဉ်မီးတောက်တွေကို ပြန်ပေးပါ။ မင်းသမီးကသာ နိုင်သွားခဲ့မယ်ဆိုရင် ရှီကလန်က မီးတောက်တွေ ပြန်ပေးဖို့ ဘယ်တော့မှ ထပ်မပြောတော့ဘဲ ရှီချန်ကိုလည်း သူမရဲ့ ရိုင်းပျတဲ့ အပြုအမူတွေ အတွက် တောင်းပန်ခိုင်းပါ့မယ်။ အဲဒီလိုဆိုရင် မင်းသမီး ဘယ်လိုထင်ပါသလဲ”

ရှားရှင်းယွန်နှင့် အခြားလူများမှာ အင်ပါယာရှားဘုံကသာ မဟုတ်ခဲ့လျှင် ရှန့်ထိုအရှင်ကျိုယန်သည် ထိုမျှထိ အပင်ပန်းခံပြီး ယဉ်ကျေးပြနေမည် မဟုတ်ပေ။ သူသည် ထိုမီးတောက်ကို ချက်ချင်း ယူငင်သွားလိမ့်မည် ဖြစ်၏။

ထိုသို့သာဆိုလျှင် ရှားရှင်းယွန်နှင့် အခြားလူများသည် အစကတည်းက ဤကဲ့သို့ ဝင့်ကြွားလှသည့် စရိုက်ကို ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ဘဲ မီးတောက်များကို လက်လျှော့စေရန် ဖိအား အပေးခံရပေလိမ့်မည်။

ရှန့်ထိုအရှင်ကျိုယန်၏ စကားများကို ကြားပြီးနောက် ရှားရှင်းယွန်သည် မော့ကြည့်လိုက်၏။ ထို့နောက် ရီဖူရှင်းက ပြောသည်။ “ကျုပ် ပြိုင်လိုက်မယ်”

သူတို့သည် ရှန့်ထိုအရှင်၏ တောင်းဆိုချက်ကို မငြင်းပယ်ခဲ့ကြပေ။

ရှားရှင်းယွန်သည် ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှီချန်ကို ကြည့်သည်။ “အဲဒါက နင်နဲ့ မဆိုင်ဘူး” ထို့နောက် သူမသည် ရှန့်ထိုအရှင်ကို မော့ကြည့်ကာ ပြောသည်။ “သဘောတူတယ်”

ဘေးပတ်ဝန်းကျင်မှ လူများသည် သဘောတူညီချက်ကို ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားလာကြသည်။ အထူးသဖြင့် ထိုမြင်ကွင်းကို တစ်ချိန်လုံး စောင့်ကြည့်နေကြသူများ ဖြစ်သည်။

သူတို့သည် ရှီချန်၏ အရည်အချင်းနှင့် စွမ်းအားများအကြောင်း ကြားဖူးနားဝရှိကြသည်။ သူမသည် ရှီကလန်၏ လူငယ်မျိုးဆက်များတွင် စွမ်းအားအကြီးဆုံး ဖြစ်သည်။ သူမသည် ယန်ကိုးပါးမီးတောက်ကို ကြောက်မက်ဖွယ်အဆင့်ထိ ကျင့်ကြံပြီးဖြစ်ကာ သူမတူသည့် စွမ်းအားများ ထုတ်လွှတ်နိုင်ပေသည်။

အခြားတစ်ဖက်မှ ရှားရှင်းယွန်သည် အင်ပါယာရှားဘုံ၏ မင်းသမီးတစ်ပါး ဖြစ်သည်။ သူတို့သည် ရန်ဟောင်ဘုံမှ မင်းသမီးလေးတစ်ပါးက သွေးနဂါးဘုံမှ ပါရမီရှင်တစ်ဦးကို မည်ကဲ့သို့ ရင်ဆိုင်တိုက်ခိုက်မည်လဲ စူးစမ်းလိုကြသည်။

ကြည့်ရသည်မှာ ပြပွဲကောင်းကောင်း တစ်ပွဲ စတင်တော့မည် ထင်၏။

အမျိုးသမီးနှစ်ဦးသည် လေထဲတွင် ခြေချလိုက်ကြသည်။ ရှီချန်သည် နေနတ်ဘုရားမ တစ်ပါးကဲ့သို့ မီးတောက်များဖြင့် လွှမ်းခြုံထားသည်။ သူမသည် လေထဲတွင် ရပ်နေပြီး ပူပြင်းလောင်မြိုက်နေသည့် မွန်းတည့်နေက သူမအပေါ်သို့ ဖြာကျနေသကဲ့သို့ ဖြစ်သည်။ နေကိုးစင်းသည် သူမ၏ အနောက်မှ ပေါ်ထွက်လာပြီး လှည့်ပတ်နေသည်။ သူမ၏ အနောက်တွင် အော်မြည်နေသည့် မီးတောက်များ ထွက်ပေါ်လာ၏။ ထိုမီးတောက်များမှ အလင်းသည် ထိတွေ့လိုက်သမျှ အရာရာကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိပေသည်။ မီးတောက်များသည် မဟာလမ်းစဉ်၏ အဖျက်စွမ်းအားများနှင့် ပြည့်ဝနေသည်။

ကြောက်မက်ဖွယ် နေရောင်ခြည်တန်းများက ရှားရှင်းယွန်ထံသို့ တိုးဝင်သွားသည်။ ၎င်းတို့သည် သူမကို နေရာတွင် သေသည့်တိုင် လောင်ကျွမ်းပစ်တော့မလိုပင် ဖြစ်၏။

ရှားရှင်းယွန် တစ်ကိုယ်လုံးကို သန့်စင်သည့် အလင်းများက ဖုံးလွှမ်းထားပြီး သူမထံမှ လောကပျက်သုဉ်းခြင်းဓား အသိများ ထွက်ပေါ်လာသည်။ ၎င်းသည် လောကပျက်သုဉ်းခြင်း ဓားအလင်းများ အဖြစ် ပြောင်းလဲသွားကာ ဓားအသိရောင်စဉ်တန်းများ ထွက်ပေါ်လာပြီး နေရောင်ခြည်တန်းများနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။ ထိုထိပ်တိုက် တွေ့ဆုံမှုက အလွန်ကျယ်လောင်သည့် ဆူညံသံများကို ပြုလုပ်ခဲ့သည်။

ရှီချန်သည် တစ်ချက်ကလေး လှုပ်ရှားရုံနှင့် ရှားရှင်းယွန်ကို ရိုက်နိုင်မည်ဟု မျှော်လင့်မထားချေ။ သူမ၏ ခန္ဓာကိုယ်သည် လေထဲတွင် ရစ်ဝဲနေပြီး နေကိုးစင်းသည် သူမကို လှည့်ပတ်နေ၏။ နတ်ဘုရား ခန္ဓာများသည် လှည့်ပတ်နေပြီး အထက်သို့ တက်သွားသည်။ နေဝန်းများသည် မျက်စိတစ်မှိတ် အတွင်းမှာပင် အံ့သြဖွယ် အရေအတွက်များထိ ပေါ်ထွက်လာကာ နေရာတစ်ခုလုံးကို လွှမ်းခြုံ၍ ရှားရှင်းယွန်ကိုပင် ရစ်ပတ်သွားသည်။

နေမင်းတစ်စင်းချင်းစီတွင် အလွန် ကြောက်မက်ဖွယ် မီးတောက်များ ပျော်ဝင်နေ၏။ ၎င်းတို့သည် ယန်ကိုးပါးမီးတောက်များ ဖြစ်သည်။ သူမတို့ မိသားစု၏ တိုက်ရိုက်မျိုးဆက်တိုင်းသည် ယန်ကိုးပါးမီးတောက်ကို ကျင့်ကြံကြပေသည်။ သူတို့ကြားမှ ကွာခြားမှုတစ်ခုသည် ကျင့်ကြံခြင်းအဆင့်များပင် ဖြစ်တော့၏။

သူမ ဖန်တီးထားသည့် မီးတောက်များသည် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်၌သာ ရှိနေလျှင်ပင် ထိတ်လန့်တုန်လှုပ်ဖွယ် အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။

ရှားရှင်းယွန်၏ ပတ်လည်တွင် နေဝန်းများသည် လှည့်ပတ်နေပြီး ရောင်စဉ်တန်းများဖြင့် ပစ်ခတ်နေကာ သူတို့၏ ပစ်မှတ်ကို အရှင်လတ်လတ် ပြာချပစ်ရန် ကြိုးပမ်းနေလေသည်။ ရှီချန်၏ လှပသော မျက်လုံးများသည် နေဝန်းများကဲ့သို့ ထင်မှတ်ရပေသည်။ သူမသည် လက်ကို မ,လိုက်ပြီး ယန်မီးတောက်များ ရစ်ခွေနေသည့် လက်ဝါးကို ထုတ်ဖော်သည်။

ရန်ဟောင်ဘုံမှ မင်းသမီးက မည်ကဲ့သို့ ခံနိုင်ရည်ရှိနိုင်မည်လည်း သူမ တွေ့မြင်ချင်ပေသည်။

“လောင်ကျွမ်းစမ်း” ရှီချန်က ပြောသည်။ ရှန့်ထိုအဆင့် မန္တန်များသည် နေမင်းများမှ တောက်လောင်နေသည့် မီးတောက်ရောင်စဉ်တန်းများ အဆက်မပြတ် ထွက်ပေါ်လာစေသည်။ ၎င်းတို့သည် ကောင်းကင်ကို ဆုပ်ဖြဲဖြတ်သန်း၍ ရှားရှင်းယွန်ထံသို့ ဦးတည်သွားလေသည်။ ဆူညံနေသည့် အော်မြည်သံများကို လေထဲမှ ကြားနိုင်သည်။ နေမင်းမီးတောက်များတွင် အဖျက်စွမ်းအား မည်မျှပါဝင်သည်ကို ခန့်မှန်းရခက်ပေသည်။

ရီဖူရှင်းသည် အောက်ဘက်မှနေ၍ တိုက်ပွဲကို ကြည့်ရင်း ထိတ်လန့်အံ့အားသင့်နေ၏။ ရှီချန်သည် သူ ထင်ထားသည်ထက် ပို၍ အစွမ်းထက်လှပေသည်။

သွေးနဂါးဘုံရှိ မီးတောက်စွမ်းရည် ကျင့်ကြံသည့် ထိပ်တန်းကလန်များသည် မီးတောက်စွမ်းအားများ အသုံးပြုခြင်းနှင့် အလွန် ကျွမ်းကျင်သော မီးတောက် ထိန်းချုပ်မှုကို ပြသခဲ့ပေသည်။ သူတို့သည် သိုင်းပညာတွင် ဆရာများထဲမှ ဆရာများဟု ဆုံးဖြတ်နိုင်ပေသည်။

သန့်စင်တောက်ပသော အလင်းများသည် ရှားရှင်းယွန်ကို လွှမ်းခြုံနေပြီး မရေတွက်နိုင်သည့် ကြာပန်းများက သူမ၏ ပတ်လည်တွင် ပေါ်ပေါက်လာသည်။ ထိုကြာပန်းများသည် လေထဲတွင် ပွင့်လန်းလာပြီး ဒိုင်းသဖွယ် ဖြစ်ကာ သူမကို ကာကွယ်ပေးထားသည်။ မီးတောက်ရောင်စဉ်တန်းများသည် ပွင့်ချပ်များနှင့် ပြင်းထန်စွာ ထိခတ်မိသွားသည်။ သို့သော်လည်း ကြာပန်းများသည် လောင်မြိုက်ပျော်ကျ သွားရမည့်အစား အကောင်းပကတိအတိုင်း ကျန်ရစ်ခဲ့လေသည်။

နေမင်းများမှ လောင်ကျွမ်းနေသော ရောင်စဉ်များသည် ပို၍ပင် ပြင်းထန်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံလိုက်ကာ ရှားရှင်းယွန်ကို အပြီးတိုင် လောင်ကျွမ်းသွားစေရန် ကြိုးပမ်းလေသည်။ ရှီချန်သည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး လေထုထဲမှ နေဝန်းများကို ပေါင်းစပ်သွားစေသည်။ ၎င်းတို့သည် အရွယ်အစား ကြီးမားလှသည့် နေမင်းကြီးအသွင် ပြောင်းလဲသွားကာ ရှားရှင်းယွန်ကို လောင်ကျွမ်းပစ်လေသည်။

ပတ်ဝန်းကျင်ရှိ လေထုမှာ ခဏအတွင်းတွင် အလွန်အမင်း ပူပြင်းလာသည်။ အရာအားလုံးက လောင်ကျွမ်း ပျော်ကျလုမတတ် ခံစားရလေသည်။ ရှားရှင်းယွန်နှင့် ကြာပန်းများသည် နေမင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

ထိုအခိုက်တွင် ကြာပန်းများ၏ ပွင့်ချပ်များ အထူးသဖြင့် အလယ်ဘက်ဆီမှ တောက်ပသည့် ဓားအရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ် လောကပျက်သုဉ်းခြင်း ဓားစွမ်းအားများသည် နေမင်းကို ထုတ်ချင်းပေါက် ဖြတ်သန်း ထိုးဖောက်သည်။ အရှိန်အဝါ ပြင်းထန်မှုသည် ပို၍ တိုးပွားလာပြီး ယင်းတို့သည် အရာအားလုံးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် ကြိုးစားလေသည်။

တစ်ခဏအတွင်း၌ အနန္တဓားစွမ်းအာများသည် နေမင်းကြီးကို တစ်စစီ ဆုတ်ဖြဲပစ်လိုက်ပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပွင့်လန်းနေသည့် ကြာပန်းများ၏ အလယ်ဗဟိုတွင် ထူးကဲသာလွန်ပြီး ထည်ဝါသည့် ပုံရိပ်တစ်ခု ရပ်နေသည်။ သူသည် အခြားမဟုတ်ဘဲ ရှားရှင်းယွန်သာ ဖြစ်ပေတော့သည်။

ရှားရှင်းယွန်သည် ကြာပန်းပေါ်တွင် မတ်တတ်ရပ်နေပြီး လေထဲတွင် မရေတွက်သည့် ကြာပန်းတို့ ပွင့်လန်းနေကြသည်။ လောကပျက်သုဉ်းခြင်း ဓားစွမ်းအားသည် ကြောက်မက်ဖွယ် ပေါက်ကွဲနိုင်သော စွမ်းရည်များကို သိုမှီးထားသည်။  ၎င်းတို့သည် ခဏချင်း အတွင်းမှာပင် ကောင်းကင် တစ်ခွင်လုံးကို ဖုံးလွှမ်းသွားပြီး ရှီချန်ထံသို့ တိုးဝင်သွားသည်။

“သွား” ရှားရှင်းယွန်သည် ရှီချန်ထံသို့ လက်ညှိုးညွှန်သည်။ အဆုံးမဲ့ဓားများသည် လောက၏ မဟာလမ်းစဉ်နှင့် ပေါင်းစပ်ထားပြီး ၎င်းတို့သည် ရှီချန်ထံသို့ ပြင်းထန်စွာ လွင့်ပျံလာသည်။

ရှီချန်သည် ဘေးသို့ ရွှေ့လိုက်ကာ အလွန် ပြင်းထန်သည့် အရှိန်အဝါများက သူမထံမှ ပေါက်ကွဲထွက်လာသည်။ နေမင်းသည် သူမအနီးတွင် ပေါ်ပေါက်လာပြီး ချက်ချင်းပင် သူမကို လွှမ်းခြုံသွား၏။ နေမင်းအနီး တစ်ဝိုက်မှ နေရာသည် ရဲရဲနီအောင် လောင်ကျွမ်းနေသည်။ ဓားများ သူမထံ ရောက်ရှိလာပြီး နေမင်းကို ဖြတ်သန်း ထိုးဖောက်လိုက်သည့်အခါ ၎င်းတို့သည် အစအန မကျန်ခဲ့အောင် လောင်ကျွမ်း ခံလိုက်ရလေသည်။

ဓားများသည် ချက်ချင်းပင် လောင်ကျွမ်း ပျော်ကျသွားခဲ့သည်။

ရှီချန်က ရှေ့သို့ ဆက်လက်ရွေ့လျားခဲ့ပြီး ရှားရှင်းယွန်ဆီသို့ တိုးဝင်သွားလေသည်။ နေမင်း၏မီးတောက်များသည် လောကရှိ အရာအားလုံးကို လောင်ကျွမ်း အရည်ပျော်ကျ သွားစေနိုင်စွမ်း ရှိပေသည်။ ဓားများသည် ယန်ကိုးပါးမီးတောက်များဖြင့် ဖျက်ဆီးခံလိုက်ရသည်။

ရှားရှင်းယွန်သည် မျက်မှောင်ကြုတ်လိုက်ပြီး အဆုံးမဲ့ဓားများကို ရှေ့သို့ ပစ်လွှတ်သည်။ ဓားများသည် နေမင်း၏ မျက်နှာပြင်နှင့် ရိုက်ခတ်မိသည့်အခါ လျင်မြန်စွာပင် ပျက်စီးသွားခဲ့သည်။

ဤသည်မှာ ဤအဆင့်၌ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ခြင်းမှာ သူမအတွက် ပထမဆုံးပင် ဖြစ်သည်။ သူမသည် မီးတောက်စွမ်းရည် ကျင့်ကြံထားသည့် သူများနှင့် မည်သည့်အချိန်ကမှ ရင်မဆိုင်ဖူးခဲ့ပေ။

ထို့အပြင် ရှီချန်သည် လူကိုယ်တိုင် အနီးကပ်တိုက်ခိုက်ရန် ရည်ရွယ်နေပုံရလေသည်။

***

All Chapters